26/11/2025
ရိုးမပေါ်မှာကျတဲ့မျက်ရည် ............................................
အပိုင်း(၇)
လူမှားလို့တဲ့
ကျောင်းလွှတ်သော် ကျွန်တော်က ရွာထဲသွားပြီး ဖယောင်းတိုင်နှင့် မီးခြစ်သွား ဝယ်သည်။ မဖြူတို့ဆိုင်တွင်ဖြစ်သည်။
“ဆရာ လာပါ ... ဒီကို ကြွပါ။ ညီမလေးကတော့ သူတို့ ဒီနေ့ ကလေးတွေကို စာသင်ခဲ့ရတာ ပြောမဆုံးဘူး”
“ဘယ်လိုလဲ သမီး … အဆင်ပြေရဲ့လား။ ဆရာက မနက်မှ မေးမလို့”
“ပြေတော့ ပြေတယ်ဆရာရဲ့ … ဒါပေမဲ့ ကလေးတွေက ကြောင်တောင်တောင်လေးတွေ”
“သူတို့မှာ ဆရာနဲ့ ဝေးနေတယ်လေကွယ်။ စိတ်ရှည်ရမှာပေါ့"
“ဆရာ ဘာကိစ္စလဲဟင်”
“ဖယောင်းတိုင်တစ်ထုပ်နဲ့ မီးခြစ်တစ်လုံးပေးပါ မဖြူ''
ထိုစဉ် ကိုဝင်းချစ်က ဆိုင်ထဲဝင်လာသည်။ ကျွန်တော့်ကို တွေ့ လိုက်သော်လည်း မမြင်ချင်ယောင်ဆောင်ပြီး အိမ်ပေါ်တက်သွားသည်။ မဖြူက
“ဟဲ့...ဝင်းချစ် ... ဒီမှာ ဆရာရောက်နေတယ်လေ … လာဦး ''
ကိုဝင်းချစ်က အပေါ်မှ
“ကျုပ်က ဘာလာလုပ်ရမှာတုံး”
“လာခဲ့ … ဆရာနဲ့ မိတ်ဆက်ပေးမလို့"
“မလိုပါဘူး”
မဖြူက မျက်နှာပျက်သွားသည်။ ပြီးတော့ ကျွန်တော့်ကို
“အဲဒါပဲဆရာရေ … တစ်မျိုးလုံးရိုင်းတာ။ ဒီလိုပညာတတ်လေးဖြစ်အောင် ကျွန်မကပဲ ပညာသင်ပေးထားတာ။ မြို့တက်ပြီး ပညာတတ်လာ၊ ကျောင်းဆရာလုပ်ဖို့လည်း ကျွန်မကပဲ တိုက်တွန်းရတယ်။ ခက်တော့တာပဲ။ ဟဲ့ ....ဝင်းချစ် ဆင်းမလာသေးဘူးလား”
“နေပါ မဖြူ ကျွန်တော်တို့ ကျောင်းမှာ တွေ့ပြီးပါပြီ။ သူမလာချင်လို့ နေမှာပေါ့”
“အလကားကောင်၊ လူတောမတိုးဘူး။ ကျွန်မကလေ ကျောင်းဆရာဆို သိပ်သဘောကျတာ။ သူ့ကို ကျောင်းဆရာလုပ်ခိုင်းတာ အဲဒါပါတယ်။ လူရိုသေ ရှင်ရိုသေဖြစ်အောင်။ ဆရာ့လိုဆိုရင် ဘယ်လောက်ကောင်းလိုက်မလဲ။ အလကားကောင် …. သုံးစားလို့မရပါဘူး။ ဒီလိုပဲ ကုပ်ချောင်းချောင်းနဲ့နေမှာ”
“ဒီလို မပြောပါနဲ့ဗျာ။ သူ့အကြောင်းနဲ့သူတွေပါ။ သူလည်း ဘွဲ့ရ ပညာတတ်ဆိုတော့ သိပ်ခေမယ် မထင်ပါဘူး”
“ပြောရဦးမယ်ဆရာရေ … အဲဒီလို ဘွဲ့ ရအောင်လည်း ကျွန်မကပဲ ထောက်ပံ့ပေးထားတာ။ သူ့မိဘလိုကတော့ ဒီလိုကောင်မျိုး တောထဲမှာ ခွေးတိုး တိုးပြီး လူမွေးလူတောင်ပြောင်မှာ မဟုတ်ဘူး”
“မဖြူရေ … လူတစ်ယောက်ကို အဲဒီလောက် မပြောသင့်ပါဘူး။ အထူးသဖြင့်တော့ သူလည်း ကျောင်းဆရာတစ်ယောက်ပေပဲ။ ကျွန်တော်
သွားမယ်။ ဘယ်လောက်ကျသလဲ”
“မပေးပါနဲ့ဆရာ ယူသွားပါ”
“မဟုတ်တာဗျာ... ကျွန်တော် အခွင့်အရေးမယူပါဘူး။ ခင်မင်တာနဲ့ လုပ်ငန်းနဲ့က တစ်ပိုင်းစီပါ။ ရော့ပါ"
ကျွန်တော်က ၁၀ တန်တစ်ရွက်ထုတ်ပေးပြီး ပြန်အမ်းငွေကိုယူကာ ဆိုင်ထဲမှ ပြန်ထွက်လာသည်။ ကော့ချန်ဘက်ထွက်လာရင်း ကိုထွန်းလှိုင်တဲရှေ့ ရောက်လာသည်။
“ကိုထွန်းလှိုင် …. ဗျိုး … ကိုထွန်းလှိုင်” ...
"ဟာ ဆရာ ... လာဗျာ။ ကျွန်တော့်ဆီလား။ အပေါ်ကို လာထိုင်ဗျာ”
“ဘာတွေလုပ်နေသလဲ”
“လွှသွေးနေတာ … သမီးရေ … နင့်ဆရာလာတယ်။ ရေနွေးယူခဲ့”
"နေ...သမီး … ဒါနဲ့ သမီး ကိုတိုးဆီ မသွားဘူးလား”
“တော်ကြာသွားမှာဆရာရဲ့ …. ခု အဖေပြန်ရောက်နေတယ်ဆိုလို့ ထမင်းလာချက်ပေးတာ။ ဆရာ့အတွက်လည်း အိမ်မှာ ထမင်းချက်ပေးခဲ့ပြီးပြီ”
“အတော်ပဲကွယ် လာထိုင်ပါဦး။ ကိုထွန်းလှိုင်လည်းလာ။ ကျွန်တော် တစ်ခုလောက် ပြောချင်တယ်ဗျာ”
“ဘာများလဲဆရာ”
“ကိုထွန်းလှိုင် ဘယ်တော့ အိမ်ထောင်ပြုမလဲ”
“ဝါကျွတ်ရင်ဆရာ”
“ခင်ဗျား လက်ထပ်ပြီးရင် တောင်ကွဲကြီးဘက်ပြောင်းမယ်ဆို”
“ဟုတ်တယ်ဆရာ မပြုံးက အဲဒီမှာ ဆိုင်ဖွင့်မယ်လို့ ပြောတယ်။ဒါကြောင့် ကျွန်တော်တို့ ပြောင်းမှာ “
"ပြောင်းရင် မိချစ်ကို ခေါ်သွားမယ်ဆို”
“ဟုတ်ကဲ့”
“နေဦး … တောင်ကွဲကြီးမှာ ကျောင်းရှိသလား”
“မရှိဘူး”
“ဒါဆိုရင် ကလေးပညာရေးက ဘယ်လိုလုပ်မလဲ”
“ဆရာရယ် မတတ်နိုင်ဘူးပေါ့။ ကျွန်တော်တို့နဲ့ ဒိုးတူပေါင်ဖက် လုပ်စားရတော့မှာပေါ့”
"ခင်ဗျား သမီးကို တောမှာမွေးပြီး သူများတကာတွေလိုပဲ လင်ယူ ကလေးမွေးဆိုတဲ့အတိုင်း ထားပေးမှာပေါ့”
“ဘာပြောတာလဲဆရာ”
“ခင်ဗျား သမီးက ကျောင်းမနေချင်တော့ဘူး။ တောလိုက်ပြီး စျေးရောင်းမယ်လို့ပြောသလား၊ သမီးလာစမ်း။ နင့်အဖေနဲ့ လိုက်သွားပြီး တောထဲမှာပဲ နှင့်ဘဝကို ဒီအတိုင်းထားလိုက်မယ်ပေါ့ ။ နင့်မှာ ပညာသင်ပြီး တခြားဘာမှ လုပ်ချင်တဲ့စိတ်မရှိဘူးပေါ့ "
“သမီးက သူနာပြုဆရာမ လုပ်ချင်တယ်ဆရာ”
"အေး … သူနာပြုဆရာမလုပ်ဖို့ဆိုတာ ဆယ်တန်းလောက်တော့ အောင်မှရမှာကွ။ နင် တောထဲလိုက်လို့ကတော့ ကလေးအမေပဲဖြစ်လာမှာ”
“အဖေ … သမီး တောထဲမလိုက်ဘူးနော် ... ပြောထားတယ်”
“နင့်ကို ငါ … ဟိုသောက်ကောင်မနဲ့လည်း မထားခဲ့နိုင်ဘူး”
"နေဦး ကိုထွန်းလှိုင် … ကျွန်တော်တစ်ခုလောက် မေးပါရစေ။ ခင်ဗျားမှာ ကိုတိုးနဲ့ မိချစ်ကို မထားခဲ့နိုင်စရာ အကြောင်းများ ရှိနေသလား။ ကိုတိုးက သူ့ကို လက်မခံနိုင်ဘူးလို့ ပြောနေလို့လား။ မိချစ် ... ကိုတိုးက နင့်ကို ခေါ်မထားဘူးလို့ ပြောသလား”
“မပြောဘူးဆရာ”
“ကိုထွန်းလှိုင် ... ခင်ဗျား ကိုတိုးကို ဘာကြောင့်မုန်းမှန်းတော့ ကျွန်တော်မသိဘူး။ သိလည်း မသိချင်ပါဘူး။ ဒါပေမဲ့ ခင်ဗျား မိဘတစ်ယောက် အနေနဲ့ စဉ်းစား။ ကိုယ့်သမီးလေးကို ဘာဖြစ်စေချင်သလဲ။ သူဘာဖြစ်ချင်သလဲ။ ခင်ဗျား ဘာလုပ်ပေးနိုင်သလဲ။ သားသမီးကို ချစ်တယ်ဆိုတာ စဉ်းစားပြီး ချစ်ရင်ကောင်းပါတယ်။ သမီးကို ခေါ်သွားတာနဲ့ ဒီမှာထားမှာ ဘာတွေဖြစ် သွားစေနိုင်သလဲ။ မိချစ်ကို မေးရဦးမယ်။ သမီးဆန္ဒက”
“သမီး … မမနဲ့ပဲ နေခဲ့မယ်။ ပညာကြိုးစားမယ်။ သူနာပြုဆရာမ လုပ်မယ်”
“ကိုထွန်းလှိုင် … ခုဆိုရင် ခင်ဗျားတို့ရွာမှာ တွဲဖက်လည်းရှိလာပြီ။ သမီးက နောက်နှစ်ဆိုရင် ကိုးတန်း၊ ဆယ်တန်း အဆင့်ဆင့်တက်သွားတော့မှာ။ သမီးဘဝရှေ့ရေးကို ထည့်စဉ်းစားပေးပါ။ ခင်ဗျား စီးပွားသွားရှာတာ ရှာပေါ့။ ရှာလို့ရတာ သမီးလေးကို ထောက်ပံ့တော့ ပိုပြီး အထောက်အကူ ဖြစ်တာပေါ့။ ကျွန်တော်သွားမယ်။ မှောင်လာပြီ။ ဓာတ်မီးလည်းမပါဘူး။ သမီး မသွားသေးဘူးလား”
“သမီးရေချိုးဦးမယ်ဆရာ”
“ကဲ … ကိုထွန်းလှိုင် ကျွန်တော်ပြန်မယ်”
“မှောင်နေပြီဆရာ … လလည်းမရှိဘူး။ ကျွန်တော် လိုက်ပို့မယ်”
“အေး … လိုက်ပို့လည်း ညောင်ပင်ကြီး အလွန်ထိ လိုက်ပို့ဗျာ၊ ကျွန်တော် မြွေကြောက်လို့ ”
ကိုထွန်းလှိုင်က လက်နှိပ်မီးဆွဲပြီး ကျွန်တော့်နောက်က မီးထိုးကာ လမ်းပြလာသည်။
“ကိုထွန်းလှိုင် သမီးအနာဂတ်အတွက် ခင်ဗျားမှာ ကူညီစောင့်ရှောက်ပေးမယ့်သူတစ်ယောက် ရှိနေတာ ခင်ဗျား ကံကောင်းလိုက်တာဗျာ။ ကျွန်တော် လည်း ဝိုင်းပြီး စောင့်ရှောက်ပေးပါ့မယ်။ စိတ်ချပါ။ သမီးလေးကို သူနာပြုဆရာမ ဝတ်စုံလေးနဲ့ မြင်ကြည့်စမ်းဗျာ။ ဘယ်လောက် စိတ်ချမ်းသာစရာ ကောင်း လိုက်သလဲ”
“အင်း”
သူ့ဆီက အင်းတစ်လုံးသည် လုံလောက်သော အဖြေဖြစ်နိုင်ပါစေဟု ကျွန်တော် ဆုတောင်းလိုက်မိသည်။
“ကျွန်တော် ကိုတိုးကို စိတ်ချမ်းသာတော့လို့ ပြောလိုက်မယ်နော်”
“သူက … သမီးကို ဆယ်တန်းအောင်တဲ့အထိ စောင့်ရှောက်နိုင်လို့လား "
“စောင့်ရှောက်နိုင်တာထက်တောင် လွန်သေးတယ်။ စောင့်ရှောက်ပါရစေလို့ ကျွန်တော့်ကို ပြောခိုင်းနေတာဗျ”
“သောက်ကောင်မ သူကိုယ်တိုင်တော့ လာမပြောဘဲနဲ့များ "
“ခင်ဗျားနဲ့ သိပ်အဆင်မပြေလို့နေမှာပါ။ ပြီးတော့ ဆရာမလေဗျာ။ ခင်ဗျား နားလည်ပေးရမှာပေါ့။ ကျွန်တော် ပြောလိုက်တော့မယ်နော်။ ခင်ဗျား မိချစ်ကို သူနဲ့ ထားခဲ့မှာပါလို့”
“ဆရာလည်းရှိနေတော့ ကျွန်တော် စိတ်ချမယ်နော်"
“ကိုထွန်းလှိုင် … ကျွန်တော်လည်း သမီးလေးတစ်ယောက်လို စောင့် ရှောက်ပါ့မယ်”
ထိုအချိန်တွင် ရှေ့ကလျှောက်လာသည့် တစ်ယောက်က ကျွန်တော့်မျက်နှာတည့်တည့် လက်နှိပ်ဓာတ်မီးနှင့် ထိုးလိုက်ရာ ကျွန်တော်မျက်လုံးတွေ ပြာသွားပြီး ဘာမှ မမြင်ရတော့။ မျက်လုံးစူးခနဲ ဖြစ်သွားသောကြောင့် ကျွန်တော်က လက်ကို မြှောက်ကာလိုက်ပြီး
“ဘယ်သူလဲ” ဟု မေးလိုက်သည်။
“ဟိတ်” ဆိုသည့် အော်သံကြားပြီး ကျွန်တော့်လက်ကို ရိုက်ချသံနှင့် အတူ တုတ်က ထက်ပိုင်းကျိုးသွားသည်။ ကိုထွန်းလှိုင်က ကျွန်တော့်ကို တွန်းလိုက်ပြီး
“ဘယ် … ငါရိုးလဲကွ”
ဆိုကာ ကျွန်တော့်ကို ရိုက်ပြေးသောသူနောက်ကို လိုက်သည်။
“ဆရာ …. ဒီမှာ မိထားပြီ … လာ … လာ … ဘာဖြစ်သွားသလဲ”
ကျွန်တော်က နာသောလက်ကို ရင်ဘတ်တွင် ကပ်လိုက်ပြီး ညောင်ပင်အောက်တွင် မှောက်ခုံမှောက်ကာ ချုပ်ထားသောသူဆီ ရောက်လာသည်။
“ဘယ်သူလဲ … ဘယ်သူလဲ .. ကျွန်တော့်ကို ဘာလို့ ရိုက်သွားတာလဲ ကိုထွန်းလှိုင်က မျက်နှာကို မီးနှင့်ထိုးလိုက်ပြီး”
“ဟာ .. ယောက်ဖ”
ဟုအော်လိုက်သည်။ သူက မျက်နှာကို မီးနှင့်
ထိုးပြထားသည်။ ကိုဝင်းချစ်
“ကိုဝင်းချစ်ပါလား … ဘာဖြစ်လို့လဲ … ဘာဖြစ်လို့ ကျွန်တော့်ကို ရိုက်တာလဲ”
“ကျွန်တော် လူမှားသွားလို့”
“ယောက်ဖရာ ... မင်းက လက်နှိပ်ဓာတ်မီးထိုးပြီးတော့ လူမှားရသလား။ ဆရာ ဘာဖြစ်သွားသလဲ”
“လက်နာသွားတယ် … တော်သေးတယ် တုတ်က ကျိုးသွားလို့”
“ဟေ့ကောင် ယောက်ဖ … ပြော ... မင်းဆရာ့ကို ဘာဖြစ်လို့ ရိုက်တာလဲ”
“ကိုထွန်းလှိုင် … တိုးတိုးပြော... လူတွေ ထွက်လာလိမ့်မယ်။ ကိုဝင်းချစ် .. လူမှားသွားတယ်ပဲထားလိုက်။ တော်သေးတယ် ကျော်မကောင်း ကြားမကောင်းဖြစ်တော့မလို့။ ဓားဆိုရင်တော့ ကျွန်တော်သေပြီပေါ့။ ခင်ဗျားနှယ် ကျွန်တော့်ကိုမှ လူမှားရတယ်လို့။ ကိုထွန်းလှိုင် ဒီကိစ္စ ခင်ဗျားရယ်၊ ကျွန်တော် ရယ်၊ ကိုဝင်းချစ်ရယ် သုံးယောက်ပဲသိစေ။ ဘယ်သူ့ကိုမှ မပြောနဲ့။ ရွာက လူကြီးတွေ သိသွားရင် တစ်မျိုးထင်သွားနိုင်တယ်။ ကိုဝင်းချစ် ကျွန်တော်ဘာမှ မဖြစ်ဘူး။ သွားတော့နော်။ မနက်ဖြန် ကျောင်းလာတက်။ ကိုထွန်းလှိုင် ကိုဝင်းချစ်ကို ခေါ်သွား။ ဘယ်သူ့မှ မပြောနဲ့နော်။ ကျွန်တော် သွားတော့မယ် ရတယ်။ နေဦး ကျွန်တော့် ဖယောင်းတိုင်ထုပ်လေး ပြန်ရှာပေးဦး"
သူတို့ထွက်သွားချိန်တွင် ကျွန်တော်က ကိုတိုးတို့အိမ်ဝင်းဆီကို လျှောက်လာသည်။ လက်က အတော်လေးနာလာသည်။
“ကိုတိုး .. ကိုတိုး”
“ဟေ့ကောင် … မင်းကလည်း နောက်ကျလိုက်တာ … ဆာနေပြီကြ "
ကျွန်တော်က အိမ်ပေါ်တက်ထိုင်လိုက်ပြီး လက်က နာလွန်းသဖြင့် အင်္ကျီကို ပင့်ပြီးကြည့်လိုက်ရာ ရောင်ကိုင်းနေသည်။
“ဟေ့ကောင် ဘာဖြစ်လာတာလဲ”
“ကျွန်တော် ချော်လဲလာလို့”
“ပြစမ်း ... ဟာ မင်းဟာက ဘယ်လိုဖြစ်တာလဲ”
“လက်နှိပ်ဓာတ်မီးမပါလို့ စမ်းတ၀ါးဝါးလျှောက်လာရင်း ချော်လဲတာဗျာ။ လက်ထောက်လိုက်လို့။ နာလိုက်တာ။ လက်ကယောင်တောင်နေတယ်”
“နေဦး ပရုတ်ဆီလိမ်းရအောင်”
ကိုကိုးက အိမ်ထဲဝင်သွားပြီး ပရုတ်ဆီဘူးကိုင်ကာ ထွက်လာသည်။မိချစ်ရောက်လာသည်။
“မမ ထမင်းစားပြီးပြီလား"
“မစားရသေးဘူး။ ဒီမှာဆရာ ချော်လဲလာလို့တဲ့ လာစမ်း။ မီးခွက်ပြစမ်း ကိုတိုးက ကျွန်တော့်လက်ကို ပရုတ်ဆီလူးပြီး နှိပ်ပေးသည်။
"ဖြည်းဖြည်းလုပ်ပါဗျာ...နာလိုက်တာ"
ကိုတိုးက နှိပ်ပေးပြီး
“မိချစ် … လက်ကိုင်ပုဝါသွားယူ"
သူက ကျွန်တော့်လက်ကို လက်ကိုင်ပဝါနှင့် ပတ်ပေးလိုက်ပြီး
“ဟေ့ကောင်…. မှန်မှန်ပြောကွာ .. မင်းဟာက လဲကျတာရောဟုတ်ရဲ့လား”
“ခင်ဗျားကလည်း ကျုပ်က ဒီရွာမှာ ရန်ဖြစ်စရာလား။ ကျုပ်ကို ရန်လုပ်မယ့်သူ ရှိပါ့မလား"
“အင်း …. ငါ့စိတ်ထဲ တစ်မျိုးကြီးပဲ။ ငါတစ်ခုခု သိနေသလိုပဲ”
“အလိုလေး နတ်ဆရာလား .. ကဲပါ ... ထမင်းထည့် ... ဆာနေပြီး"
လက်က ညာလက်ကို ထိထားသဖြင့် ညာသန်ဖြစ်နေသော ကျွန်တော့် အတွက် အတော်လေး ခက်နေတော့သည်။ ထမင်းကိုစားရသည်မှာ ဒုက္ခရောက် သည်။ ဇွန်းနှင့်စားသည့်အပြင် ဘယ်လက်နှင့် ကိုင်နေရသေးသည်။ တို့စရာက ကျွန်တော်ကြိုက်သော လယ်ကန်စွန်းရွက်တွေကို မန်ကျည်းသီးနှင့် ပြုတ်ထား ခြင်းဖြစ်သည်။ ကိုတိုးကို
“ကိုတိုး ... အလိုက်သိစမ်းပါဗျာ … တို့စရာလေးဘာလေးများထည့်ပေးပါဦး”
“ဪ...အေး.... မေ့နေလို့”
ကိုတိုးက ကန်စွန်းရွက်လေးတွေကို ခေါက်ပြီး ထမင်းထဲ မြှုပ်ပေး သည်။ ငါးပိရည်ကို အပေါ်က ဖြူးပေးသည်။ ဇွန်းနှင့် ထမင်းကို ကော်လိုက်ရာပြုတ်ကျကုန်ပြန်သည်။
“ခက်ပြီဗျာ ... အဆင်ကိုမပြေပါဘူး”
“ကဲပါ ငါ ခွံကျွေးပါ့မယ်”
“နေပါဗျာ … ခင်ဗျား ခွံကျွေးတာ စားရအောင် ခင်ဗျား သားမှမဟုတ်တာ”
“ဟေ့ကောင် စေတနာနဲ့ ပြောတာ။ မခွံကျွေးရလည်းနေပေါ့"
“အဲဒီလိုကြီး မစားတတ်ပါဘူးဗျာ။ နောက်ပြီးတော့ ခင်ဗျားခွံကျွေးမှာ ဖီးလ်မလာပါဘူး”
“အေရိုး … ငါက အကောင်း စေတနာနဲ့ လုပ်ပေးမှာကို …. ဒီနေရာမိဖြူသာဆို သွားကြီးကို ဖြီးနေမယ့်ကောင်”
“မဖြူဆိုလို့”
ကျွန်တော်က စကားကိုဖြတ်လိုက်ပြီး ဆက်မပြောတော့။
“ဘာလဲကွ … ဘာလဲ”
“ဘာမှ မဟုတ်ပါဘူး။ ခင်ဗျားကို ဝမ်းသာစရာပြောမလို့”
“ကိုထွန်းလှိုင်နဲ့တွေ့ ခဲ့ပြီးပြီ။ မိချစ်ကို ထားခဲ့မယ်တဲ့”
“ဒါပဲပေါ့ … ဒါပဲပေါ့”
သူကပြောပြောဆိုဆို ကျွန်တော့်လက်ကို ဆွဲလိုက်ရာ
“အား .. နာလိုက်တာဗျာ ...ကိုတိုးရာ သေပါပြီဗျာ … ခင်ဗျားကလည်း လုပ်လိုက်ရင် အရမ်းပဲ”
“ဆောရီးကွာ … ငါက မင်းလက်နာနေတာ မေ့သွားတယ်”
“ဒါပေမဲ့ သူက ကတိတောင်းတယ်”
“ဘာလဲကွ”
“မိချစ်ကို ခင်ဗျားတစ်ယောက်တည်းနဲ့ မရဘူးတဲ့။ ကျွန်တော့်ကိုပါ အပ်မယ်တဲ့။ အဲဒါ ကျွန်တော်လည်း တာဝန်ခံခဲ့ရတယ်ပေါ့။ ဒီတော့ ခင်ဗျားပေးထားတဲ့ ကတိအတိုင်းပဲ”
“ဘာလဲကွ”
“ခင်ဗျား အရက်မသောက်နဲ့တော့ပေါ့”
“တင်မောင်ဝင်းရာ ငါတကယ်ပြောတာ။ ဝမ်းသာလိုက်တာ၊ အဲဒီစကားကြားချင်နေတာ။ ဟဲ့ .. မိချစ် ထွက်ခဲ့ဦး ဆရာပြောတာ ကြားလား။ နင် ငါနဲ့နေရတော့မယ်တဲ့"
“ဟုတ်တယ်သမီး … သမီးအဖေက လမ်းမှာ ဆရာ့ကို ကတိပေးတာ"
“ဒါဆို ငါ့ဆီကိုလာတာ ထွန်းလှိုင်ပါတယ်ပေါ့”
“ပါတယ်လေ”
“သူပါသားနဲ့ မင်းချော်လဲတာ မသိဘူးလား"
“ဟိုဗျာ .. ကျွန်တော်က မြွေကြောက်လို့ ညောင်ပင်အလွန်အထိပဲ လိုက်ပို့ခိုင်းတာ။ ညောင်ပင်အလွန်မှ ချော်လဲတာ"
“ငါ သိပ်ပြီး မသင်္ကာချင်ဘူးကွာ … ညောင်ပင်ဒီဘက်မှာ မင်းလဲကျစရာ အကြောင်းကို မရှိဘူး”
“ခင်ဗျားကလည်း အရာရာကို သံသယနဲ့ပဲ။ ကဲ ကျွန်တော့်ကို လက်နှိပ်ဓာတ်မီးငှားလိုက်။ ပြန်တော့မယ်။ သမီး စိတ်ချမ်းသာတော့နော်”
"အေးလေ....လူကြီးတွေကတော့ ပြောလိုက်ရ အာပေါက်ပေါ့။ ကောင်မနော် … စာမကြိုးစားဘဲ ရည်းစားထားလို့ကတော့ နင်းဖြဲပစ်မယ်”
“ကိုတိုး အပြောအဆိုကြီးကလည်း ကြောက်စရာ .. သွားတော့မယ်”
ကျွန်တော်လက်က နာသော်လည်း ဟန်လုပ်ပြီး ပြန်လာရသည်။ ကျောင်းထဲကို လက်နှိပ်ဓာတ်မီးထိုးပြီး ဝင်လိုက်သည်။ ကျောင်းရုံးခန်းရှေ့တွင် ငုတ်တုတ်ကြီး
“ဟေ့ … ဘယ်သူလဲ”
“ဆရာ … ပြန်လာပြီလား”
“ဘယ်သူလဲ”
“ကျွန်တော်မိုးဝင်းလေဆရာ ... ကျောင်းစောင့်”
“ဪ … ကိုမိုးဝင်းလား … ရောက်နေတာကြာပြီလား"
“ကြာပြီ … ဆရာကလာဆိုလို့.. ဆရာနဲ့ အဝင်အထွက်ပဲ"
“ကဲ … ခင်ဗျားလည်း ကျောင်းရုံးထဲမှာ ကျွန်တော်နဲ့အတူ အိပ်ကြတာပေါ့ ။ အရင်က ကျောင်းမှာ လာစောင့်အိပ်ဖူးလား"
“တစ်ခါမှ လာမအိပ်ဖူးဘူး”
“ကျောင်းစောင့်လုပ်ပြီး တစ်ခါမှ မရောက်တာလား။ ဆရာကြီးက ဘာမှ မပြောဘူးလား”
“ဆရာကြီးကို ကျွန်တော့်အိမ်မှာ အိမ်လခမယူတဲ့အပြင် ထမင်းပါကျွေးထားတာဆရာ။ ဒါကြောင့် ဆရာကြီးက လာစရာမလိုဘူးတဲ့။ ဆရာ့လက်က ဘာဖြစ်တာလဲ”
“ချော်လဲတာ”
“မှန်းစမ်း ကျွန်တော်ကြည့်စမ်းမယ်။ ကျွန်တော် အကြောလေးဘာလေး ပြင်တတ်ပါတယ်”
“အေးဗျာ ကြည့်စမ်းပါ။ ပရုတ်ဆီလူးထားတယ်။ လက်လည်း ရောင်နေတယ်။ အတော်နာတယ်”
ကိုမိုးဝင်းက ကျွန်တော့်လက်ကို ထပ်နှိပ်ပေးသည်။
“ဘာမှ မဖြစ်ပါဘူးဆရာ။ ဒါလဲကျတာ မဖြစ်နိုင်ဘူးထင်တယ်။ဒီမှာ ညိုနေတယ်။ ဆရာ တစ်ခုခုနဲ့ ရိုက်မိသလိုပဲ”
“လဲကျတာပါဗျာ။ ကဲ .. အိပ်ရာခင်းရအောင် တံမြက်စည်းလှည်းဗျာ”
++++++++
#နှစ်ဖက်ချွန်
“ကိုမိုးဝင်း ခင်ဗျား သရဲကြောက်တတ်သလား"
“မကြောက်ဘူး ဆရာကြီး”
“အေးဗျာ လူတွေကတော့ ပြောတာပဲ။ သရဲရှိတယ်လို့”
“ဟို တွဲဖက်ဆောင်က ညောင်ပင်မှာတော့ ဂျပန်ခေတ်က လူသတ် ကုန်းတဲ့ဆရာ။ အဲဒီဘေးကလမ်းကို ညဆိုရင် ဘယ်သူမှ မဖြတ်ရဲဘူး”
“အေးဗျာ …. ရတနာသုံးပါးရှိတာပဲ။ ရုံးခန်းထဲက ဘုရားစင်လည်း ပန်းထိုး၊ ဆီမီးကပ်၊ ရေလေးကပ် လုပ်ပါဦး”
“ဟုတ်ကဲ့ဆရာ ... မီးမှုတ်လိုက်တော့မယ်နော် ... လက်နာသေးလား”
“သိပ်မနာတော့ဘူးဗျ”
ကျွန်တော်လည်း ဘုရားရှိခိုးပြီး အိပ်ရာဝင်သည် ဆိုသော်လည်း တောင်တွေး မြောက်တွေး။ ကိုဝင်းချစ် ကျွန်တော့်ကို မုန်းလို့လား၊ ဘာကြောင့်လဲ။ ကျောင်းပြန်တက်ခိုင်းတာနှင့် ရိုက်စရာလား။ လူမှားသည်ဟု ပြောခြင်းကတော့ မဖြစ်နိုင်။ ကျွန်တော့်ကို မုန်းနေပြီဆိုလျှင် ရွာကိုရောက်လာပြီး ကျွန်တော် လုပ်ဆောင်နေသည့် အလုပ်တွေက မုန်းလောက်စရာတွေ ဖြစ်နေပြီလား။
“ဆရာ … ဆရာ … အိပ်ပြီလား"
“ဘာလဲဗျ … မအိပ်သေးဘူး”
“ရေလောင်းသံတွေ ကြားနေသလားလို့"
“အင်း ကြားလိုက်သလိုပဲ"
“ဗြန်း …. ဗြန်း …. ဗြန်း”
“ဆရာ … ကြားလား”
"အေး ....ဖြည်းဖြည်းချင်းထ သွားကြည့် ရအောင်၊ တံခါးဖွင့်မှ မီးထိုး။ ကျွန်တော် တံခါးဖွင့်မယ်”
ဤအနီးတစ်ဝိုက်တွင် ရေလောင်းနိုင်စရာမှာ ရုံးခန်းရှေ့က မိုးရေလှောင် ကန်သာရှိသည်။ ကျွန်တော်က တံခါးကို အသာလေးဖွင့်လိုက်ပြီး
“ထိုး”
ဟု ပြောလိုက်သည်။
ကိုမိုးဝင်းက မီးထိုးလိုက်သည်။ ဘာမှမတွေ့။ သို့သော် အောက်ခင်း ပြင်တွင် ရေတွေရွှဲနေသည်။ ကန်ကလည်း လူကြီးတစ်ရပ် ခါးလောက်မြင့်သည်။ ခွေးလည်း မဖြစ်နိုင်။ ဘုန်းကြီးကျောင်းဘက်က ခွေးအူသံတွေ ကြားရသည်။ ခွေးတွေက လိုက်ဟောင်သည်။ ကိုမိုးဝင်းက
“ဘယ်သူလဲ … အူကြောင်ကြောင် လာမလုပ်နဲ့ … ငါ့ကိုဘာမှတ်သလဲ .. ဆွဲနင်းလိုက်မယ်”
ကျွန်တော်တို့ ပြန်အိပ်ကြသည်။ ဘုန်းကြီးကျောင်းက တုံးမောင်းခေါက်မှ နိုးတော့သည်။ ကိုမိုးဝင်းက
“ဆရာ … ကျွန်တော်ပြန်ဦးမယ်။ မိန်းမ ပဲပြုတ်ရောင်းဖို့ထွက်တော့မှာ အိမ်မှာ ကလေးပြန်ထိန်းရဦးမယ်" "
“သွားဗျာ … သွားပါ"
ကျွန်တော်က လက်ကိုလှုပ်ကြည့်သည်။ အခြေအနေကောင်းသည်။ သိပ်မနာတော့။ သို့သော် ရောင်နေသေးသည်။ မိုးလင်းတော့မည်ဖြစ်သဖြင့် ကျောင်းဘေးက လမ်းအတိုင်း ရွာဦးစေတီဘက်သို့ လမ်းလျှောက်ထွက်ခဲ့သည်။ ကျောင်းနှင့် စေတီက အတော်လေးဝေးသေးသည်။ လက်ကချထားလျှင် ကိုက်ချင်သလိုလို။ ကျွန်တော်က ပတ်တီးဖြင့် လည်ပင်းတွင် သိုင်းလာခဲ့သည်။ ကျွန်တော်က လယ်တဲလေးတစ်ခုအနီးဖြတ်သွားရာ ကန်သင်းရိုးကို ပေါက်ကူးဖြင့် ပေါက်နေသူတစ်ဦးက “ကျောင်းက ဆရာကြီးထင်တယ်” ဟုအော်ပြောသည်။ ကျွန်တော်က
“ဟုတ်ကဲ့ ... ဘယ်သူများလဲဗျာ"
"ဆရာ . …တဲထဲ ကြွပါဦး။ ရေနွေးလေးများ ဝင်သောက်ပါဦး"
လူကြီးက အသက် ၇ဝ လောက်တော့ရှိမည်။ ခမောက်ကိုဆောင်း ထားပြီး ပိန်ပိန်ရှည်ရှည် ခါးကိုင်းကိုင်း ဖြစ်သည်။ ကျွန်တော်ကလည်း မိတ်ဆွေဖြစ်ရခြင်းကို သဘောကျသဖြင့် လယ်ကန်သင်းရိုးအတိုင်း လျှောက် လာခဲ့မိသည်။ လယ်ထဲ ဖို့မြေကုန်းလေးပေါ်တွင် တဲလေးက သပ်ရပ်စွာဆောက် ထားသည်။ တဲပိုင်းကြီးဖြစ်ပြီး နွားတွေလည်း တဲထဲတွင်ရှိသည်။ မြေပြင်ပေါ်တွင် ထန်းပက်လက်ကုလားထိုင်နှစ်လုံး ချထားသည်။
"ထိုင်ပါဆရာ ... မြေးရေ ... ကျောင်းက ဆရာကြီးလာတယ်ဟေ့ . တင်မေ ... ဟေး … တင်မေ … ရေနွေးအိုးလေး ဆွဲခဲ့ဟ။ ကောက်ညှင်းပေါင်းနဲ့ ငါးခြောက်ဖုတ်လေးလည်း ယူခဲ့။ ဝမ်းသာလိုက်တာ ဆရာကြီးရာ”
"ဘာလဲခင်ဗျာ ... ဘာကြောင့်လဲ”
“ကျွန်တော့်တဲကို အစိုးရဘက်က အရာရှိမင်းများ တစ်ခါမှ မလာဖူးဘူးဗျာ။ ဆရာကြွလာတာ ပထမဆုံးပဲ”
“ဦးလေး … ကျွန်တော် အစိုးရဝန်ထမ်းတော့ ဟုတ်တယ်။ အရာရှိမင်း တော့ မဟုတ်ပါဘူး။ အဲဒီလောက်ကြီးလည်း မလုပ်ပါနဲ့။ ဒါနဲ့ ဦးလေး
နာမည်က"
“ဘမြင့်တဲ့ ဆရာကြီး ... ဟဲ့ မလာကြသေးဘူးလား”
အဘွားကြီးတစ်ယောက် ထွက်လာသည်။
“တင်မေရယ် ကြာလိုက်တာ။ မာလာရော
ဒီမှာလေ ဆရာကြီးကွယ် … ထွက်တွေ့ ပါဦး”
မြေးလေးရေ အဘွားအိုက ကျွန်တော့်ရှေ့တွင် ရေနွေးကြမ်းဗန်းနှင့် ကောက်ညှင်းပေါင်း၊ ငါးခြောက်ဖုတ်များကို ချလိုက်သည်။
“မာလာ … မြေးလေး … ထွက်လာဦးလေ။ ခေါ်နေတာကို”
ကောင်မလေးတစ်ယောက်က အိပ်ခန်းထဲမှ လက်ထောက်ပြီး ထွက် လာသည်။ တဲစွန်းအရောက်တွင် ထောင်ထားသည့် ချိုင်းထောက်ကိုလှမ်းယူ လိုက်ပြီး ချိုင်းထောက်အကူဖြင့် မတ်တတ်ရပ်နေသည်။ ကျွန်တော်က မတ်တတ်ရပ်ပေးလိုက်ပြီး
“လာလေ … ဒီမှာလာထိုင်ပါ”
ဟုပြောလိုက်ရာ
“အို မဟုတ်တာ ဆရာရယ် ထိုင်ပါ။ ကျွန်မ ဟိုတုံးပေါ်မှာပဲ ထိုင်ပါ့မယ်”
ကောင်မလေးက သစ်သားတုံးကို ထိုင်ခုံအဖြစ် လုပ်ထားသည့်ပေါ်တွင် ထိုင်ပြီး ချိုင်းထောက်ကို တဲအစွန်းတွင် ထောင်ထားလိုက်သည်။ ခြေထောက် လေးကို ဖုံးလိုက်သော်လည်း ကျွန်တော်က မြင်လိုက်သည်။ ခြေတစ်ဖက် သေးသေးလေးနှင့်ဖြစ်နေသောကြောင့် ချိုင်းထောက်ဖြင့် သွားနေရခြင်းဖြစ်သည်။
“ကျွန်တော့်နာမည်က ဦးတင်မောင်ဝင်းပါ ဦးလေး။ ဒီက အဒေါ်က ဒေါ်တင်မြ၊ ဒီက ညီမလေးက မာလာ ... ကျွန်တော်ပြောတာ ဟုတ်ပါတယ်နော်”
“ဟုတ်ကဲ့ဆရာ .. ဆရာက ချက်ချင်းသိတာပဲ”
“အဲဒါကြောင့် ကျောင်းဆရာဖြစ်နေတာပေါ့ မြေးလေးရ”
“စားပါဦးဆရာ။ ကြုံကြိုက်လို့ ကျွေးရတာ။ နောက်များ မနက်ခင်း လမ်းလျှောက်ရင် တဲဘက်ဝင်ပြီး စားနိုင် သောက်နိုင်ပါတယ်”
“ဦးလေး ဦးဘမြင့်ရယ် သိရတာ ဝမ်းသာပါတယ်။ ကျွန်တော်က ကျောင်းရောက်တာ မကြာသေးပါဘူး"
“ဆရာ့အကြောင်းတွေ ကြားတယ်။ ညက ကျောင်းဘက်ကို လှမ်းကြည့်တော့ မီးရောင်လေးတွေ တွေ့ နေတာနဲ့ ထူးဆန်းနေလို့တောင် ကျွန်တော့် မိန်းမကို ပြောနေသေး။ ဒါက ကျွန်တော့်ဇနီး။ ဟိုဟာက မြေးလေးပါဆရာ … မာလာက မြေးလား၊ မြေးအဘိုးသုံးယောက်ပဲ နေတာလား "
"ဟုတ်တယ်ဆရာ ကျွန်တော်တို့ သုံးယောက်ပဲ ဒီမှာနေကြတာ”
"မာလာက ဒီကျောင်းထွက်လား"
“မဟုတ်ဘူးဆရာ … မာလာက မှော်ဘီ အ.ထ.က မှာကျောင်းတက်ခဲ့တာ"
“ဘယ်နှတန်းအထိနေခဲ့သလဲ”
“ဆယ်တန်းအထိဆရာ။ ဆယ်တန်းကို (ခ) နဲ့ပဲ အောင်ထားတာ”
“ဆက်ဖြေဦးပေါ့”
“ဖြေလည်း အလကားပါပဲ ဆရာရယ်။ မာလာတို့လိုလူတွေမှာ ဘာအခွင့်အရေးမှ မရှိပါဘူး။ ခုလည်း ဖေဖေက တိုက်ပွဲကျ၊ မေမေက နောက်အိမ်ထောင်ပြု၊ ခိုကိုးရာမဲ့ပြီး နောက်ဆုံးတော့ ရွာက ဘိုးဘိုးတို့ဆီကို လာကပ်နေရတော့တာပဲ”
“ဒီလို ဘယ်ဟုတ်မလဲမာလာ .. လောကကြီးမှာ မသန်ပေမယ့် စွမ်းသူတွေ အများကြီးပဲ။ ကျောင်းဆရာမ လုပ်ချင်ကိုင်ချင်စိတ်များ မရှိဘူးလား”
“ကျောင်းဆရာမ သိပ်ဖြစ်ချင်တာဆရာရဲ့။ ကလေးတွေကို စာသင် ပေးချင်တာ”
“စာဖတ်တာ ဝါသနာပါပုံရတယ်။ ဘုရားစင်အောက်မှာ စာအုပ်တွေ အများကြီးပါလား”
“ဟုတ်တယ်ဆရာရေ.. စာကြမ်းပိုး … မြို့ကိုသွားတဲ့ လူကြုံကို သနပ်ခါး မိတ်ကပ်မှာတာ မဟုတ်ဘူး။ စာအုပ်တွေချည်း မှာဖတ်နေတော့တာပဲ”
“စာဖတ်တာကောင်းတာပေါ့။ စာဖတ်ဝါသနာပါတယ်ဆိုတာသိရလို့ ဝမ်းသာတယ်။ ငါ့ဆီမှာလည်း စာအုပ်တွေ ရှိပါတယ်။ မာလာဖတ်ဖို့ လူကြုံနဲ့ ပို့ပေးမယ်လေ”
“ကျေးဇူးပဲဆရာရေ … ဒီမှာက အရမ်းပျင်းစရာကောင်းတာ”
“စပ်စုတယ်လို့တော့ မထင်ပါနဲ့... မာလာ့ ခြေထောက်က"
“ငယ်ငယ်လေးတုန်းက ပုခက်ပေါ်က လိမ့်ကျတာလေဆရာ။ တောထဲ မှာနေတော့ ကောင်းကောင်းလည်း မကုရဘူး။ ဒီလိုနဲ့ ခြေတစ်ဖက်သိမ်ပြီး ချိုင်းထောက်နဲ့ သွားနေရတော့တာပဲ။ ဒါနဲ့ ဆရာ့ လက်ကရော ဘာဖြစ်တာလဲ”
“ညက ချော်လဲပြီး ထောက်မိလို့ နာသွားတာပါ .. ပျောက်နေပါပြီ”
ကျွန်တော်က စာအုပ်မြင်လျှင် မနေနိုင်သောကြောင့် တဲပေါ်တက်ပြီး စာအုပ်တွေကို လျှောက်လှန်ကြည့်နေမိသည်။ တက္ကသိုလ်ဘုန်းနိုင်၊ မြသန်းတင့်၊ ဗန်းမော်တင်အောင်၊ သော်တာဆွေ၊ ရွှေဥဒေါင်း စာအုပ်တွေဖြစ်နေသည်။
“မာလာ အံ့တယ်ဟာ ... ဒီလိုနေရာမျိုးမှာ ဒီလိုစာဖတ်တဲ့သူတွေ ရှိမယ်လို့ မထင်ဘူး”
“ဖေဖေက ပြန်ကြားရေးနဲ့ ပြည်သူ့ဆက်ဆံရေးတပ်မှာ လုပ်တာဆရာ။ စာလည်းရေးတယ်။ နာမည်ကျော်ကြီးတော့ မဟုတ်ပါဘူး။ တပ်ကြပ်ကြီးနောင်ရွှေ တဲ့။ ဖေဖေ့ဆီက ရလိုက်တဲ့ အမွေတွေပေါ့”
“ဘာဖြစ်ဖြစ်ပါဟယ် … နင်စာဖတ်တာ ဝါသနာပါတယ်ဆိုတော့ ငါ စာအုပ်တွေ အကူအညီပေးမယ်။ ဒါနဲ့ ဆယ်တန်းကို ဘီနဲ့အောင်ထားတာ ဘယ်နှနှစ်ရှိနေပြီလဲ”
“သုံးနှစ်ရှိနေပြီဆရာ”
“ငါအတိအကျတော့ မပြောနိုင်သေးဘူးပေါ့ဟာ .. နင် … စာသင်ဆိုရင် သင်မလား …. မူလတန်းလောက်ပေါ့။ ရွာက ဆွဲခန့်အနေနဲ့ လူကြီးတွေကို ပြောကြည့်မယ်။ တို့ (က.စ.သ.ဖ) အဖွဲ့ဆိုတာ ဖွဲ့ထားတယ်။ ကျောင်းအကျိုး ဆောင်အဖွဲ့ပေါ့။ ကျောင်းမှာကလည်း မူလတန်းဆရာတွေ လိုနေတယ်။ နင့်ကို လုပ်အားပေးအနေနဲ့ ခေါ်ထားဖို့ ငါလူကြီးတွေနဲ့ တိုင်ပင်ကြည့်မယ်။ နင်လုပ်နိုင်ပါ့မလား”
“အို … ဆရာကြီးရယ် … ဒါကြောင့် ညက အိပ်မက်တွေ မက်တာ ကျုပ်တို့တဲကို နတ်သား တစ်ပါးကြွလာပြီးတော့ ကျုပ်ကို ရေတစ်ခွက်တိုက် သွားတာ။ အဲဒါ ဆရာကြီးပဲဖြစ်မှာ။ အိပ်မက်က ထူးလှထင်နေတာ။ တင်မြ ငါတို့မြေးလေးတော့ ဆရာမဖြစ်တော့မယ်နဲ့တူတယ်။ ကျေးဇူးကြီးလှပါတယ် ဆရာရယ်။ သူတော်ကောင်းနဲ့ တွေ့တာပါပဲ”
"ဦးလေး အတိအကျ မပြောနိုင်သေးပါဘူး။ ကျွန်တော့် စိတ်ထဲမှာ ချက်ချင်းဖြစ်လာတာကို စီစဉ်ကြည့်တာပါ။ ရွာကလူကြီးတွေ သဘောတူဖို့ လိုသေးတယ်။ ဥပုသ်နေ့မှာ ဆွေးနွေးပြီး အကြောင်းပြန်ပါ့မယ်။ မာလာကရော လုပ်ချင်ပါ့မလား။ ငါကချည်းပြောနေတာ”
“ဆရာ ... စိတ်ရင်းအတိုင်းပြောရရင် သိမ်ငယ်နေတာ။ ရွာထဲတောင် သွားဝံ့တာ မဟုတ်ဘူး။ ဆရာက ဒီလို စာခေါ်သင်ခိုင်းရင် ဦးချကန်တော့ချင်ပါ တယ် ”
"ဟဲ့....မြေးလေး … ဆရာ့ကို ကန်တော့လေ …. ကန်တော့လိုက်"
“အို … မဟုတ်တာ မလုပ်ပါနဲ့ … အလုပ်က ဘယ်လိုမှန်း မသိသေးဘူး။ ကျွန်တော်က အပြောသက်သက်ပဲ”
"ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ … ကျွန်တော်တို့လို အနုပ်စုတ်ကုပ်စုတ်တွေကို လာပြီး စကားပြောပေးတာပဲ ကျေးဇူးကြီးပါတယ်။ ကန်တော့ခံပါ"
“နေ … နေ … ကျွန်တော် သွားတော့မယ်” ...
ကျွန်တော်က တဲထဲက အပြေးလေးထွက်ခဲ့ရသည်။ ကလေးမလေးကို တွေ့တွေ့ချင်း သနားစိတ်ကြောင့် ပြောသာပြောလိုက်ရသည် အဆင်ပြေပါ့မလား။
ကျွန်တော်ကျောင်းဘက်ကို ပြန်လာခဲ့သည်။ ကျောင်းရုံးခန်းရှေ့တွင် ကိုထွန်းလှိုင်ရောက်နေသည်။
“ဆရာ ဘယ်သွားနေတာလဲ။ လက်က ဘယ်လိုနေသေးလဲ”
“သက်သာတယ် ကိုထွန်းလှိုင်။ လာဗျာ ညက ကိုဝင်းချစ်ကို ကောင်းကောင်းမွန်မွန် လိုက်ပို့လိုက်ရဲ့လား”
“ဆရာ … ဝင်းချစ်က ကျွန်တော့် ယောက်ဖပါ။ မိချစ်အမေရဲ့ မောင်လေးပေါ့။ ညကအဖြစ်ကတော့ ဆရာရယ် အားနာလိုက်တာ”
“သူ ဘာဖြစ်လို့ ကျွန်တော်ကို ရိုက်ရတာလဲဗျာ”
“ဆရာ လူမှားတာမဟုတ်ဘူး။ သက်သက်ရိုက်တာ။ ဒီလိုဆရာ။ မနေ့က ဆရာ့ရှေ့မှာ မဖြူက သူ့ကို ချိုးချိုးနှိမ်နှိမ်ပြောတော့ သူရှက်သွားတယ်။ ဆရာက ဈေးဝယ်ပြီး ပြန်သွားတော့လည်း မဖြူက သူ့ကိုဆူတာ ရစရာမရှိဘူးတဲ့။ နောက်ပြီး ကျောင်းဆရာအလုပ်ကလည်း ထွက်ခိုင်းနေတယ်။ တကယ်တော့ ဝင်းချစ်က စိတ်ရင်းလေး ကောင်းပါတယ်ဆရာ။ ကြွပ်ဆတ်ဆတ်တော့နိုင်တယ်။
အဖေ ကျွန်တော့် ယောက္ခမကြီးအတိုင်းပဲ။ မသောက် မစားတတ်ပါဘူးဆရာ။ မိုက်ခံလေးတော့ရှိ တယ်။ မဖြူကိုလည်း ကြိုက်နေတာ။ လက်ထပ်ရအောင် ပြောလည်း ဟိုကမလှုပ်တော့ စိတ်တိုနေတာပေါ့။ အဲဒီနေ့က နင့်လိုကောင်နဲ့ ယူမယ့်အစား ဆရာ့ကိုပဲယူမယ်လို့ မဖြူ ကပြောလိုက်တာကို ပေါက်ကွဲပြီးမဖြူကို ဘာမှမလုပ်နိုင်တော့ ဆရာ့ကို ပြဿနာလာရှာတာပဲ”
“အေးဗျာ ... ခင်ဗျားယောက်ဖက တုတ်နဲ့ မဟုတ်ဘဲ …. ဓားဆိုရင် ကျွန်တော် မခက်ပါလား"
“တုတ်ကလည်း ဆရာ့အနားက ခြံတိုင်ကိုချွတ်ရိုက်တာပါ။ စီစဉ် လာတာမဟုတ်ပါဘူး။ ဒါကြောင့် ဆရာသက်သာတာပေါ့”
“ဒါနဲ့ သူ ဒီနေ့ ကျောင်းလာရမယ်နော်”
“အဲဒါ လာပြောတာဆရာ … သူ မနက်အစောကြီး သစ်ကွက်တွေ ဘက်ကို ပြန်တက်သွားတယ်ဆရာ။ ညကလည်း ကျွန်တော်နဲ့ အတော်ကြာကြာစကားပြောဖြစ်တယ်။ ဆရာတိုင်မှာ တောမှာ ကြောက်နေတယ်”
“ကျွန်တော် ဘယ်သူ့ကိုမှ မတိုင်ပါဘူးဗျာ။ ညကတည်းက ပြောလိုက်ပြီးပြီပဲ။ ခင်ဗျားသာ ဘယ်သူ့ကိုမှ မပြောဖို့ အရေးကြီးတာ”
“ဆရာ့ကို ညက ဒီကောင်ရိုက်တာ ဘိုးဒေါင်း သိလိုက်လို့ကတော့ ပါးခေါ်ရိုက်တာနဲ့တင် သေလို့ရတယ် ဆရာ။ ဘိုးဒေါင်းက ဆရာမှ ဆရာ ဖြစ်နေတာ။ ရွာကိုရောက်တဲ့ဆရာ ဘယ်သူ့မှ အထင်ကြီးတာမဟုတ်ဘူး။ စကားတောင် မပြောဘူး။ ခုတော့ ငါ့မြေး … ငါ့မြေးနဲ့ ဖြစ်နေတော့တာ”
“ခင်ဗျားက ဘယ်မှာ ကြားခဲ့လို့လဲ"
“ဘိုးဒေါင်းအိမ်က နွားတဲကို ကျွန်တော်သွားဆောက်ပေးနေတာလေ "
“ခင်ဗျား လက်သမားလည်းရတာပဲလား”
“ရတာပေါ့ဆရာ”
“ဒါနဲ့ ခင်ဗျား ယောက်ဖ ဒီနေ့ ကျောင်းမလာတော့ဘူးပေါ့”
“ဆရာ … သုံးရက်လောက် စောင့်ကြည့်ပေးပါ။ သူပြောသွားပါတယ်။ သုံးရက်အတွင်း ပြန်လာပါ့မယ်တဲ့။ ဟိုမှာ လုပ်ငန်းတွေ သွားဖြတ်တာပါ။ မဖြူနဲ့လည်း အပြတ်ပဲနဲ့တူတယ်"
“ဘာပြတ်တာလဲဗျ”
“အလုပ်လေဆရာရဲ့”
*******
ကျောင်းတက်သည့်အခါတွင် ကျွန်တော် ကိုးတန်းကို စသင်သည်။
ယနေ့အတွက် အပ်ကြောင်းထပ်နေသည့် စကားမှာ “ဘာဖြစ်တာလဲ”
“ချော်လဲတာ”
တစ်နေကုန်ဖြေရှင်းနေရသည်။ ကိုးတန်းတွင် သင်သည်ဆိုသော်လည်း လက်မမြှောက်နိုင်သဖြင့် ထိုင်သင်နေရသည်။ ကလေးတွေကို မူလတန်းဘက် ခေါ်ပြီး လက်တွေ့သင်နေသည်များကို သွားကြည့်သည်။ မိန်းကလေးတွေကမဆိုး
စာသင်တတ်သည်။ ယောက်ျားလေးတွေကတော့ စိတ်မရှည်ချင်။ ရှစ်တန်းကို စာသင်ပြီးထွက်အလာ ကိုတိုးနှင့် ရုံးခန်းထဲတွင်ဆုံသည်။
“ဟေ့ကောင် မနက်က အစောကြီး လာသေးတယ်။ မင်းကို မတွေ့လို့”
“ဘုရားဘက် လမ်းလျှောက်နေတာဗျ”
“ဟိုမှာ ထမင်းချိုင့်ပါလာတယ်။ နေ့လယ်စာ စားကွာ”
“ကိုတိုးရယ် … လုပ်မနေပါနဲ့”
“ဟေ့ကောင် အပိုတွေ ပြောမနေနဲ့။ မင်းလက်ဘယ်လိုနေသလဲ”
“သက်သာတယ်ဗျ။ ကျွန်တော် ဒီမှာပဲချက်စားပါ့မယ်”
“တင်မောင်ဝင်းရာ မင်းအဆင်မပြေနိုင်ပါဘူး။ ဒီလိုလုပ်ကွာ မင်းငါ့ဆီမှာပဲစား။ လပေးစားပေါ့”
“ကျွန်တော် ရေရှည်မှာ ရွာကူးပြီး လျှောက်သွားဖို့ အဆင်မပြေဘူးဗျ။ညရေးညတာ အပြင်လည်း သိပ်မထွက်ချင်ဘူး။ ဒီမှာပဲချက်စားမယ်”
“မင်း ကျေးဇူးတွေ ငါ့မှာ ရှိပါတယ်ကွာ။ ဒီလိုလုပ်ပါ။ မင်းလစဉ်ရတဲ့ ဆန်ခွဲတမ်း ငါ့ကို ပေးကွာ။ လစဉ် ဟင်းဖိုးကတော့ မင်းကြိုက်သလောက်ပေး ပေါ့။ မပေးလည်း ကိစ္စမရှိပါဘူး။ မနက်ဆိုရင် ငါထမင်းချိုင့်ယူလာပေးမယ်။ ညလည်း လူကြုံနဲ့ ပို့ခိုင်းမယ်"
“အေးဗျာ … လောလောဆယ်တော့ ဒီလိုပဲ စားရဦးမှာပေါ့။
********
အပိုင်း(၈)ဆက်ရန်>>>>
#ရိုးမပေါ်မှာကျတဲ့မျက်ရည်
#တပင်ရွှေထီး