13/06/2026
ကမ္ဘာ့ဖလားဘောလုံးပွဲတွေ ပြခွင့်ရတဲ့ Mytel TV360 ရဲ့ Facebook စာမျက်နှာ ဖယ်ရှားခံရ
BAP၊ ဇွန် ၁၃။
၂၀၂၆ ကမ္ဘာ့ဖလားဘောလုံးပွဲစဉ်တွေ တိုက်ရိုက်ပြသခွင့်အတွက် မြန်မာမှာ တဦးထဲ မူပိုင်ခွင့်ရရှိထားတဲ့ စစ်တပ်ပိုင် Mytel TV360 ရဲ့ Facebook စာမျက်နှာကို Meta က ဖယ်ရှားလိုက်တယ်လို့ Justice For Myanmar က ယနေ့ ထုတ်ပြန်ပါတယ်။
မြန်မာစစ်တပ်နဲ့ ၎င်းတို့ရဲ့ စီးပွားရေးလုပ်ငန်းတွေကို Meta ပလက်ဖောင်းတွေပေါ်မှာ အသုံးပြုခွင့် တားမြစ်ပိတ်ပင်ထားတဲ့မူဝါဒအရ Justice For Myanmar က TV360 စာမျက်နှာကို သောကြာနေ့ အစောပိုင်းမှာ Facebook ထံ အသိပေးတိုင်ကြားပြီးနောက် ဖယ်ရှားခံလိုက်ရတာလို့ဆိုပါတယ်။
Facebook ရဲ့ မိခင်ကုမ္ပဏီဖြစ်တဲ့ Meta ဟာ Mytel ပိုင်ဆိုင်တဲ့ TV360 Facebook စာမျက်နှာကို သောကြာနေ့မှာ ဖယ်ရှားလိုက်တာဖြစ်ပြီး အဆိုပါ စာမျက်နှာကို Mytel က ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ ထုတ်လွှင့်ပြသမှု ကြော် ငြာဖို့ အသုံးပြုနေတာလို့လည်း JFM က ဖော်ပြပါတယ်။
ဒဏ်ခတ်ပိတ်ဆို့ခံထားရတဲ့ စစ်တပ်ပိုင်စီးပွားရေးလုပ်ငန်းစုကြီးဖြစ်တဲ့ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) က ပူးတွဲပိုင်ဆိုင်တဲ့ Mytel ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ မြန်မာနိုင်ငံအတွက် တဦးတည်းမူပိုင် ထုတ်လွှင့်ခွင့်ကို ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) ထံမှ ရရှိခဲ့တာဖြစ်ပြီး၊ ဖီဖာဟာ လူ့အခွင့်အရေးအပေါ် ဆိုးဆိုးရွားရွား လျစ်လျူရှုသည့် လုပ်ရပ်ဖြစ်သည်ဟု JFM က ပြောထားပါတယ်။
ဓာတ်ပုံ-JFM
Burma Associated Press