05/09/2025
Annabelle ရဲ့ တကယ့် ဖြစ်ရပ်မှန် ဇာတ်လမ်း
*************************************
(Annabelle Creation Spoiler မပါလို့ မကြည့်ခင် ဖတ်သွားလဲ အဆင်ပြေပါတယ်။ Annabelle ပထမကား မကြည့်ဖူးရင်တော့ Spoiler နဲနဲ မိပါမယ်။)
အဖြစ်အပျက်က ၁၉၇၀ ကပါ...
Donna ဆိုတဲ့ အမျိုးသမီး တစ်ယောက်ဟာ သူ့အခန်းဖော် Angie နဲ့အတူ တိုက်ခန်းတစ်ခုမှာနေပါတယ်။ နှစ်ယောက်လုံးဟာ Nurse သင်တန်းသူတွေပါ။ တစ်ရက်မှာတော့ Donna ဟာ သူ့အမေဆီနေ မွေးနေ့လက်ဆောင် အဖြစ် Raggedy Ann အရုပ်လေးလက်ဆောင်ရပါတယ်။ Raggedy Ann ဆိုတာက အမေရိကန် ကလေးဖတ်စာအုပ်စီးရီးထဲက ဇာတ်ကောင် တစ်ကောင်ပါ။ ဘာမှ မထူးခြား ကြောက်စရာလဲ မကောင်းတဲ့ သာမာန်အရုပ်တစ်ခုပေါ့။ ဒါနဲ့ တိုက်ခန်းထဲက သူ့အိပ်ရာပေါ်တင်ထားပြီး မေ့မေ့ပျောက်ပျောက်ပဲထားလိုက်ပါတယ်။ အစမှာတော့ သူတို့ သူငယ်ချင်းနှစ်ယောက်ဟာ ဒီအရုပ်က လန့်စရာ ကောင်းတယ်လို့ပဲ စပြီး တွေးမိကြတယ်။ နောက်ပိုင်းမှာတော့ အရုပ်ဟာ ထားတဲ့ နေရာမှာ ရှိမနေတော့ပဲ ကုတင်ပေါ်ကနေ ခုံပေါ် စသည်ဖြင့် ရောက်နေတတ်တာရယ်... အဲ့ထက်ပိုလာတော့ ထားခဲ့တဲ့ အခန်းမှာ မရှိတော့ပဲ အခြား အခန်းကိုရောက်နေတတ်တာ ရယ်တွေ အထိ ဖြစ်လာပါတော့တယ်။
တစ်ခါတစ်လေ အရုပ်ဟာ ခုံပေါ်မှာ တင်ပလင်ချိတ် လက်ပိုက်ပြီး ထိုင်နေတာ တွေ့ရတတ်သလို ထမင်းစားခန်းကကုလားထိုင်နောက်မှီကို မှီပြီး မတ်တပ်ရပ်နေတာပါ တွေ့ရတတ်ပါတယ်။
ခနခန ကြုံရတာ တစ်ခုက Donna ဟာ အလုပ်မသွားခင် အရုပ်ကို အိပ်ခန်းအပြင်က ခုံပေါ်တင်ထားခဲ့ တဲ့အခါမျိုး ရှိတတ်ပါတယ်။ သို့သော် အိမ်ပြန်ရောက်ချိန်မှာတော့ အရုပ်ဟာ အိပ်ခန်းထဲကို ပြန်ရောက်နေပါပြီ။ Donna ရဲ့ အိပ်ခန်း တံခါးကတော့ အလုပ်မသွားခင်က သော့ခတ်ထားခဲ့တဲ့အတိုင်း ခြေရာလက်ရာမပျက် ရှိနေဆဲပါ။
အရုပ်ရဲ့ ထူးခြား ဖြစ်စဉ် လှုပ်ရှားတာ နေရာပြောင်းတာတွေ ဖြစ်ပြီး တစ်လလောက် အကြာမှာတော့ ခဲတံ နဲ့ရေးထားတဲ့ စာရွက်အပိုင်း အစလေးတွေ တွေ့လာရပါတယ်။ စာရွက်ပေါ်မှာတော့ ''Help us'' လို့ကလေး လက်ရေးနဲ့ ရေးထားပါတယ်။
အရုပ်ဟာ နေရာပြောင်းရုံတင် မကတော့ပဲ စာပါရေးလာတာပါ
ထိုအခါမှာတော့ တစ်ခုခု လုပ်ဖို့ လိုအပ်လာပြီလို့ ယူဆလိုက်ကြပြီး တတ်ကျွမ်းသူ တစ်ယောက်ရဲ့ အကူအညီ နဲ့ အရုပ်ထဲက ဝိညာဉ်(Donna တို့အထင် Ghost) ကို စကားပြောခွင့်ရခဲ့ကြပါတယ်။
ဇာတ်ကားထဲက အတိုင်းပါပဲ...
သူဟာ Annabell Higgins လို့အမည်ရတဲ့ ကလေးမလေးဖြစ်ကြောင်း....
ဒီတိုက်ခန်းနားမှာနေတာ ဖြစ်ကြောင်း....
Donna တို့နဲ့ နေရတာ ပျော်ကြောင်း....
လှုံခြုံမှုကို ခံစားရကြောင်း.....
ဆက်လက်ပြီးလဲ အချစ်ခံချင်ကြောင်း....
ပြီးတဲ့အခါ....
သူတို့နဲ့ အတူသူ့ကို ''နေခွင့်ပေးဖို့'' ကိုပါ
တောင်းဆိုပါတော့တယ်........
Nurse မလေး နှစ်ယောက်ကလဲ သနားစရာ ကလေးသရဲလေးကို အရုပ်မှာ ဝင်နေရင်း သူတို့နဲ့ အတူ နေပါ...ဆိုပြီး ခွင့်ပေးလိုက်ပါတယ်.....
ထို့နောက်မှာတော့ Annabelle ဟာ သူတို့ထင်သလို မဟုတ်ကြောင်း သိကြရပါပြီ..
Donna ရဲ့ အခန်းဖော်
Angie မှာ Lou လို့ခေါ်တဲ့ ချစ်သူတစ်ယောက်ရှိပါတယ်။
Donna နဲ့လဲ မိတ်ဆွေတွေပါပဲ။
Lou ဟာ Annabelle အရုပ်ကို အစကတည်းက ကြည့်မရခဲ့ပါဘူး။ သူ့သူငယ်ချင်း Donna ကိုလဲ ဒီအရုပ်ကို စွန့်ပစ်ဖို့ နားချလေ့ရှိပါတယ်။ အဲ့လိုတွေ ကြောင့်ပဲ Annabelle ဟာ Lou ကို မကျေနပ်တာလေလားမသိ တစ်ညမှာ Lou ကိုယ်တွေ့ကြုံပါတော့တယ်။
Lou တစ်ယောက် နှစ်နှစ်ချိုက်ချိုက် အိပ်နေရင်း လန့်နိုးလာပါတယ်။ လန့်နိုးပြီး အလန့်တကြားသိလိုက်ရတာကတော့ သူ့တစ်ကိုယ်လုံး လှုပ်မရတော့တာကိုပါပဲ။ သူ့ခြေထောက်ဘက်ကို လှမ်းကြည့်လိုက်ချိန်မှာတော့ Annabelle ရောက်နေတာ တွေ့လိုက်ရပါတယ်။ Annabelle ဟာ Lou ရဲ့ ခြေထောက်နားကနေ ရင်ဘက်ပေါ်ထိတက်လာပြီး
စက္ကန့် အနည်းငယ်အကြာမှာတော့ Lou ကို လည်ပင်းညစ်ပါတော့တယ်။ လှုပ်လို့လဲမရ အော်လို့လဲမရ တဲ့အပြင် အသက်ရှုပါ ရပ်သွားတဲ့ အတွက် Lou လုံးဝ သတိမေ့သွားပါတယ်။ မနက်နိုးတဲ့အခါမှာ အိမ်မက်လား တကယ်လား မသဲကွဲနိုင်ပေမယ့် Lou ကတော့ အိမ်မက် လုံးဝ မဟုတ်ဘူးလို့ပဲ ယုံကြည်ပါတယ်။
ဒါတင်မပြီးပဲ နောက်တစ်ခါမှာတော့ အိမ်မက် လုံးဝ မဟုတ်တဲ့ အဖြစ်အပျက်တစ်ခု ထပ်ဖြစ်လာပါတော့တယ်.....
ခရီးထွက်စရာ ရှိလို့ Angie နဲ့ Lou နှစ်ယောက်ထဲ ပြင်စရာရှိတာတွေ ပြင်နေကြချိန်... Donna ရဲ့ အခန်းကနေ အသံတွေ ကြားရပါတယ်။
Lou တစ်ယောက် အသံမထွက်အောင် Donna ရဲ့အခန်းနားကို ကပ်သွားပါတယ်။ အခန်းထဲက အသံတွေရပ်သွားတော့မှာ ဝင်ပြီး မီးဖွင့်လိုက်ပါတယ်။
အခန်းထဲမှာ ဘယ်သူမှရှိမနေပါဘူး။ Annabelle အရုပ်ကတော့ တစ်ယောက်ယောက်က လွှင့်ပစ်ထားသလို ပုံစံမျိုးနဲ့ အခန်းထောင့် မှာရှိနေပါတယ်။
Lou လဲ အခန်းထဲက ပစ္စည်းတွေ ဘာများဖြစ်သလဲ လိုက်စစ်ဆေးရင်း Annabelle နားကို ရောက်သွားပါတယ်။
Annabelle နားကို ရောက်သွားချိန်မှာ သူ့ရဲ့နောက်ကနေ တစ်ယောက်ယောက် သူ့ကို ကြည့်နေတယ်လို့ သေသေချာချာကြီးကို ခံစားသိရှိလိုက်ရတဲ့အတွက် Annabelle ကို ကျောခိုင်းပြိး နောက်ဘက်ကို လှည့်ကြည့်လိုက်ပါတယ်။ Annabelle အရုပ်ကို တကယ်သာ တစ်ယောက်ယောက်က လွှင့်ပစ်ထားတာဆိုရင် ထို လွှင့်ပစ်လိုက်တဲ့သူ ရှိနေမယ့် ဘက်ကို Lou လှည့်ကြည့်လိုက်တာပါ။
ဘယ်သူမှ ရှိမနေပါဘူး...
Lou အံ့သြလို့မှ မဆုံးသေးခင် ရက်ဘက် တစ်ခုလုံးပူခနဲ ဖြစ်သွားလို့ လက်နဲ့ ကိုင်မိရင်း ရှေ့ကို လဲကျမလိုဖြစ်သွားပါတယ်။
သူ့လက်မှာလဲ သွေးတွေနဲ့ပါ။
ရင်ဘက်ကို သေချာကြည့်လိုက်ချိန်မှာတော့ ထင်ရှားတဲ့ လက်သည်းရာ ခုနှစ်ခု တွေ့ရပါတယ်။
ဒေါင်လိုက်သုံးခု.. အလျားလိုက်လေးခုပါ..
ဒဏ်ရာတွေကလဲ မီးနဲ့ ထိထားသလို ပူနေပါသေးတယ်။.....
နောက်ဆုံးမှာတော့ သူတို့အားလုံးဟာ Annabelle ဟာ
၇ နှစ်အရွယ် မိန်းကလေးတစ်ယောက် မဖြစ်နိုင်တာ သေချာပြီမို့ Father Cooke ကို အကြောင်းကြားပါတယ်။
Father ကလဲ ချက်ချင်းပဲ Warren တို့ လင်မယားကို အကြောင်းကြားပေးပါတယ်။ Ed နဲ့ Lorraine Warren တို့ဟာ Donna တို့ နဲ့ စကားပြောအပြီးမှာ
အခုလို ကောက်ချက်ချပါတယ်....
အရုပ်မှာ ဘာသရဲမှ မရှိပါ။
Annabelle ဆိုတဲ့ ကလေးမလေး ရှိမနေပါ။ နတ်ဆိုးတစ်ကောင်ရဲ့ လှည့်ကွက်တစ်ခုသာဖြစ်ပါတယ်။
နတ်ဆိုးဟာလည်း အရုပ်ကို ဝင်ပူးကပ်ချင်တာမဟုတ်ပဲ သူတစ်ကယ်ပူးကပ်ချင်တာဟာ Donna တို့ တစ်ယောက်ယောက်ထဲကို ပဲ ဖြစ်ပါတယ်။ (သူ့အကြံအစည်ကို ဖျက်နေလို့ Lou ကို တိုက်ခိုက်တယ်လို့ တွေးလို့ရပါတယ်)
နတ်ဆိုးရဲ့ လိမ်ပုံကတော့ သူဟာ ပထမဆုံး Annabelle ခေါ် Raggedy Ann အရုပ်ကို နေရာတွေရွှေ့ပါတယ်။ အိမ်ရှင်တွေ သတိထားမိအောင်လုပ်ပါတယ်။
အရုပ်ဟာ အသက်ရှိတယ် သို့မဟုတ် အရုပ်မှာ တစ်ခုခု ပူးကပ်နေတယ်လို့ ထင်ရအောင် လုပ်ပါတယ်။ အိမ်သားတွေ သတိထားမိချိန်မှာ သို့လော သို့လော ဖြစ်အောင် စာရွက်အပိုင်းအစတွေအပေါ်မှာ စာတွေရေးပါတယ်။ ထို့နောက် ပရလောက နဲ့ စကားပြောနိုင်သူ တစ်ယောက် ရောက်လာချိန်မှာတော့ နတ်ဆိုးရဲ့ အကွက်ထဲကို လုံးဝ ဝင်သွားပါပြီ။ ဘာအန္တရယ်မှ မပေးနိုင်တဲ့.. အရုပ်ကို နေရာ ရွှေ့ရုံသာ လုပ်တတ်တဲ့.. သနားစရာ နေစရာ မရှိတဲ့ 7 နှစ်အရွယ် သရဲကလေးမလေး ပုံစံ ဖမ်းပါတော့တယ်။ သနားစရာ ကလေးမလေးကို ကြင်နာတတ်တဲ့ Nurse မလေးနှစ်ယောက် ဟာ အတူနေဖို့သဘောတူမိလိုက်တဲ့ အချိန်မှာ တစ်အိမ်လုံးရော Donna နဲ့ Angie နှစ်ယောက်လုံးကိုရော နတ်ဆိုးလက်ထဲ အပ်မှန်းမသိ အပ်မိလိုက်တာပါပဲ။ (Warren တို့ အယူအဆအရ ခွင့်မပြုရင် နတ်ဆိုးတွေဟာ လူကို ဘာမှလုပ်မရပါ။ မြန်မာပြည်မှာလဲ လူတစ်ယောက်စိတ်ဓာတ်ကျ သေချင်စိတ်ပေါက်နေတဲ့ အခုမျိုးမှာ ငါတို့နဲ့ လိုက်မလား ဆိုပြိး လာခေါ်တတ်တဲ့ ဖြစ်ရပ်မှန် ဇာတ်လမ်းအချို့ရှိပါတယ်။) .....
Warren တို့ လင်မယား ဟာ ထိုအဆင့်ကနေ နောက်တစ်ဆင့်ဟာ လူသားကို လုံးဝ ပူးကပ်တဲ့ အဆင့်ဖြစ်မယ်လို့ ယုံကြည်ပါတယ်။ အဲ့ဒီ ပူးကပ်တဲ့ အဆင့်သာ နှစ်ပတ် ကျော်သုံးပတ် ကြာမယ်ဆိုရင် နတ်ဆိုးက လုံးဝ အနိုင်ရသွားပါလိမ့်မယ်။ အပူးခံရသူ သို့မဟုတ် တစ်အိမ်လုံး သေဆုံးတဲ့ အဆင့်ထိ ရောက်နိုင်တယ်လို့ ကောက်ချက်ချပါတယ်။
(Amityville Horror ဆိုတဲ့ ဇာတ်ကား တစ်ကားထဲမှာ နတ်ဆိုးပူးကပ်လို့ ဖခင်လုပ်သူက မိန်းမရော ကလေးတွေရော ကို သတ်ပစ်ခဲ့ပါတယ်။ အဲ့ဒီဇာတ်ကားကလဲ ဖြစ်ရပ်မှန်စာအုပ်ကို အခြေခံထားတာ ဖြစ်ပြီး ထိုဖြစ်ရပ်မှန်စာအုပ်ထဲက Amityville နတ်ဆိုး Case ကိုလဲ Ed နဲ့ Lorraine Warren တို့ ကိုင်တွယ်ခဲ့ဖူးပါတယ်)
ပြီးနောက်မှာတော့ တိုက်ခန်းတစ်ခုလုံးကို လိုအပ်တဲ့ အစီအရင်တွေ လုပ်ဆောင်ပေးပါတယ်။ အားလုံးသိပြီးကြတဲ့ အတိုင်း Donna ရဲ့ တောင်းဆိုမှုအရရော နောက်ထပ် ပြသနာ ထပ်မဖြစ်စေရန်ရော Annabelle အရုပ်ကို Warren တို့ လင်မယားကပဲ ယူသွားပါတယ်။ ထို့နောက်တော့ အထူးစီမံထားတဲ့ မှန်သေတ္တာထဲမှာ ထည့်ပြီး
ဒီနေ့အထိ သိမ်းလိုက်ပါတော့တယ်.............
နောက်ဆုံး Conjuring အကြောင်းက
Digital ထွက်မှ ရုံချမှရေးပါမယ်
The Nun လဲ ပါပါမယ်
ဒီလိုသဘာဝလွန်တွေ ဆက်ရေးပါ
ဖတ်ချင်တယ် ဆိုရင် Yes လို့တော့ မန့်ခဲ့ပေး
ကျတော်ဆက်ရေးပေးပါမယ်
အမြင်တွေလဲပြောခဲ့ပါ