23/10/2025
ငါ့အတွက်ငါရှိတယ်
တစ်စုံတရာ အပေါ်မှာ
အမြဲတမ်း မှီခိုချင်စိတ် မထားပါနဲ့ ။
တစ်နေ့နေ့ကိုယ် မှီခိုနေတဲ့အရာ
မရှိတော့တဲ့အခါ
သင် လဲကျသွားရပါလိမ့်မယ် ။
တစ်စုံတစ်ယောက် အပေါ်မှာ
မျှော်လင့်ချက်တွေ အများကြီးမထားပါနဲ့ ။
တစ်နေ့နေ့ ကိုယ်မျှော်လင့်ထားသလိုဖြစ်မလာတဲ့အခါ
သင် ဝမ်းနည်းမှုနဲ့ ကြုံရပါလိမ့်မယ် ။
ကိုယ်လျှောက်နေတဲ့ ဘဝ လမ်းခရီးမှာ
ဘယ်သူမရှိရင် မဖြစ်ဘူးဆိုတဲ့
အတွေးမျိုး တွေးမထားပါနဲ့ ။
တစ်နေ့နေ့ အကြောင်းကြောင်းကြောင့် အနားမွာ
ဘယ်သူမှရှိမနေတာ့တဲ့ အခါ
သင် တစ်ယောက်ထဲ လျှောက်ရပါလိမ့်မယ် ။
ယုံကြည်မှုတွေ ယူသွားပြီး
မေတ္တာတရား ပြန်မလာ တော့တဲ့အခါ
ဝမ်းနည်းစိတ်တွေ ဖြစ်မနေပါနဲ့ ။
ကိုယ့်ကို တန်ဖိုးမထားသူနဲ့ ကြုံတဲ့အခါ
သင့်ကို နောင်တတွေပဲ ပေးသွားပါလိမ့်မယ် ။
ကိုယ့် စိတ်တွေ မပျော်ရွှင်နိုင်တဲ့ အခါ
တစ်ခြား တစ်ယောက်ဆီက
ပျော်စရာတွေကို မတောင်းတပါနဲ့ ။
စိတ်ညစ်စရာတွေ ပြည့်နှက်နေတဲ့အခါ
စိတ်ထဲက အမှိုက်တွေ ဖယ်ထုတ် ပစ်ဖို့
သင် ကိုယ်တိုင်ပဲ တာဝန်ယူရပါလိမ့်မယ် ။
တစ်ခါတရံမှာ...
ဖြစ်ချင်တာတွေအနောက် လိုက်ရင်း
ဖြစ်သင့်တာတွေကို မေ့လျော့နေတတ်သလို ။
လိုချင်တာတွေအနောက် လိုက်ရင်း
လိုအပ်နေတာတွေကို မေ့လျော့နေတတ်တယ် ။
တစ်ခါတရံမှာ...
တစ်ခြားသူတွေ ပျော်နေတာကို ငေးမောရင်း
ကိုယ်တိုင်ပျော်စရာ ဖန်တီးဖို့ မေ့လျော့နေတတ်သလို ။
သူတစ်ပါးကို နားလည်ပေးနိုင်ဖို့ ကြိုးစားရင်း
ကိုယ့်ကိုယ်ကို နားလည်ပေးနိုင်ဖို့
မေ့လျော့နေတတ်ပါတယ်
နောက်ဆုံးတော့လည်း...
ကိုယ် နေချင်တဲ့ ဘဝကို လိုက်ရှာရင်း
ကိုယ် နေသင့်တဲ့ နေရာမှာ
မပျော်လည်း...
နေသားတစ်ကျ ဖြစ်အောင်
နေလိုက်ကြရတာပါပဲ...။
Credit:Original writer