10/09/2024
🙏🏻☸️🙏🏻
မေထုန်ငယ် (၇) ပါး
••••••••••••••••••••••••••
``မေထုနဓမ္မ´´ = ''ဖိုဖစပ်ယှက်မှု''
ဆိုတာက ယောက်ျား+မိန်းမ ကာမဆက်ဆံမှု
လောက်ကိုသာ ဆိုလိုတာ မဟုတ်သေးဘူး။
တခြားတခြား သာယာမှု မေထုန်ငယ်(၇)ပါး
ဆိုတာကိုလည်း ထည့်သွင်းပြီး
🙏🏻မြတ်ဗုဒ္ဓ🙏🏻က ရည်ညွှန်းဆုံးမထားပါတယ်။
မြတ်ဗုဒ္ဓ လက်ထက်က တစ်ချိန်မှာ ဆိုကြစို့ ...
ဇာနုသောဏိ ပုဏ္ဏားကြီးက မြတ်ဗုဒ္ဓ
သီတင်းသုံးတော်မူရာသို့ ချဉ်းကပ်လာပြီး
" အရှင်ဂေါတမ ... အရှင် သည်
``ဗြဟ္မစာရီ = မြတ်သော အကျင့်´´ ကို
ကျင့်နေတဲ့ သူတော်ကောင်းအဖြစ်
၀န်ခံပါသလား " ဆိုတဲ့ ဒီမေးခွန်းကို မေးတယ်။
မေးလိုက်တဲ့ အချိန်အခါမှာ
" ဒကာတော်ပုဏ္ဏား... ငါဗုဒ္ဓ သည်
မကျိုးမပေါက် မပြောက်မကျား တဲ့
ပြည့်စုံလှ၍ အဖြူစင်ဆုံး ``ဗြဟ္မစရိယ´´
အကျင့်ကို ကျင့်နေတဲ့ ပုဂ္ဂိုလ် ဖြစ်ပါတယ်။
မကျိုးမပေါက် မပြောက်မကျား အောင်
ပြည့်ပြည့်စုံစုံ စင်စင်ကြယ်ကြယ်ဖြင့်
``ဗြဟ္မစရိယ´´အကျင့်ကို ကျင့်နေတဲ့ ပုဂ္ဂိုလ်ဟာ
ဘယ်ပုဂ္ဂိုလ်လဲလို့ မေးခဲ့လျှင် ငါဗုဒ္ဓ ကိုသာ
ရည်ညွှန်းပြီး ပြောဆိုရမှာ ဖြစ်ပါတယ် "
ဆိုပြီးတော့ ဖြေကြားတော်မူလိုက်တယ်။
ဒီအခါမှာ ပုဏ္ဏားကြီးက နည်းနည်း
မကျေနပ်ဘူး။ မကျေနပ်တဲ့အတွက်
" အရှင်ဂေါတမ ... မကျိုးဘူး, မပေါက်ဘူး,
မပြောက်ဘူး, မကျားဘူး ဆိုတာက ဘာကို
ပြောဆိုတာလဲ? " လို့ ဒီလို သူက ထပ်ပြီးတော့
မေးခွန်းတစ်ခုကို မေးမြန်းတယ်။
ဒီအပိုင်းကလေးကို ဘုန်းကြီး အကျယ်တဝင့်
ပြောချင်ပါသေးတယ်။ အဲဒီလို မေးမြန်းတဲ့
အခါမှာ မေထုန်ငယ် (၇)ပါးကို မြတ်ဗုဒ္ဓ က
ဟောကြားပေးတော်မူပါတယ်။
မေထုန်ငယ် (၇) ပါး ဆိုတာဟာ
ယောကျာ်း နဲ့ မိန်းမ ကာမဆက်ဆံတာတော့
မပြုလုပ်ဘူး။ ဒါပေမဲ့လို့ သူတို့က
ဘာဖြစ်နေကြသလဲ? ဆိုရင် အခုခေတ်
အဘိုးကြီးတွေ အဘွားကြီးတွေ ဆိုကြပါစို့။
ဒီက ဒကာကြီးတွေ ဒကာမကြီးတွေကိုတော့
မပြောလိုပါဘူး။ ဘုန်းကြီး မနှစ်က အမေရိက
LA ဆိုတဲ့ လော့စ်အိန်ဂျယ်လိစ်မြို့ရောက်တော့
ဒကာမကြီး တစ်ယောက်က လျှောက်တယ်။
" အရှင်ဘုရား... ဒီမှာ အဘိုးကြီးတွေ
အဘွားကြီးတွေကို သနားလို့ သူဌေး
တစ်ယောက်က နေပြီးတော့ သူတို့အတွက်
အခန်းကလေးတွေ လုပ်ပေးထားတယ်တဲ့။
အဲဒီအခန်းမှာ အတူနေကြတဲ့ အဘိုးကြီး
တစ်ယောက် နဲ့ အဘွားကြီးတစ်ယောက်
ဘယ်လိုဖြစ်သွားလဲဆိုတော့ အဘွားကြီး
မှာလည်း ခင်ပွန်း အဘိုးကြီးက သေသွားတယ်၊
အဘိုးကြီးမှာလည်း ဇနီး အဘွားကြီးက
သေသွားတယ်။ အသက်ရှစ်ဆယ် ကျော်နေ
ကြပြီတဲ့။ အဲဒါ ခု လက်ထပ်မယ်လို့
သူတို့ပြင်ဆင်နေတယ်တဲ့။ အဲဒါပဲ။
ဒီတော့ ``မေထုနဓမ္မ´´ဆိုတာဟာ
တစ်ယောက် နဲ့ တစ်ယောက် ကာယကံမြောက်
ဖိုမဆက်ဆံမှုတင် မ,ကပါဘူး။
မြတ်ဗုဒ္ဓ ဟောကြားရာမှာ
မေထုန်ငယ် (၇)ပါး ဖြစ်ကြတယ်။
🙏🏻☸️🙏🏻
ဒီမေထုန်ငယ် (၇)ပါးက ..........
နံပါတ် (၁) မေထုန်ငယ်က ဘာလဲလို့မေးတော့၊
`` ဥစ္ဆာဒန = နံ့သာရည်ဖြင့်လိမ်းပေးတယ်။
ပရိမဒ္ဒန = ဆီလေးနဲ့ လိမ်းပေးတယ်၊
နှိပ်နယ်ပေးတယ်။
နှာပန = ရေချိုးပေးတယ်။
သမ္ဗာဟန = ပွတ်သပ်ပေးတယ်။ အဲဒါကို
သဘောကျတယ်။ ´´
ဒါလည်း မေထုန်တစ်ခုပဲ။
🙏🏻 မြတ်ဗုဒ္ဓ ဟာ ဒါမျိုး ဘယ်တော့မှ
မပြုလုပ်ဘူး။ 🙏🏻
ဒါက တစ်ခု။
နံပါတ် (၂)ကျတော့
`` သဉ်ဇဂ်ဃတိ သံကီဠတိ သံကလောယတိ =
တစ်ယောက်နဲ့တစ်ယောက် ပြောလိုက်ဆိုလိုက်
ရယ်လိုက်မောလိုက် နောက်လိုက်ပြောင်လိုက်
နေတယ်။ ပြုံးပြုံး ပြုံးပြုံးနဲ့ ထိုင်ပြီး စကား
ပြောနေကြတယ်။ အဲဒါကို သဘောကျတယ်။ ´´
အဲဒါလည်း မေထုန်ငယ်တစ်ခုပဲ။
နောက် နံပါတ် (၃)ကတော့
`` စက္ခုနာ စက္ခုံ ဥပနိဇ္ဈာယတိ ပေက္ခတိ =
သူ့မျက်စိနဲ့ ကိုယ့်မျက်စိ တည့်တည့်လေး
ကြည့်ပေးတယ်။ မကြည့်ရလျှင် မမြင်ရလျှင်
မနေနိုင်ဘူး။ ဘာမှတော့ မလုပ်ပါဘူး။
တစ်ယောက်နဲ့တစ်ယောက် ကြည့်နေရလျှင်
ကျေနပ်နေတယ်။ ´´
ဒါလည်း မေထုန်ငယ်တစ်ခုပဲ။
နောက်တစ်ခု နံပါတ် (၄)က
`` တစ်ယောက်နဲ့ တစ်ယောက်တော့
မမြင်ဘူးပေါ့။ ဒါပေမဲ့ အသံလေးကြားရလျှင်
သဘောကျနေတယ်။ သူငိုတဲ့အသံပဲဖြစ်စေ၊
သီချင်းဆိုတဲ့ အသံပဲဖြစ်စေ၊ ပြောဆိုနေတဲ့
အသံပဲဖြစ်စေ၊ ရယ်မောနေတဲ့ အသံပဲဖြစ်စေ
ကြားနေရလို့ရှိလျှင် သဘောကျတယ်။
ယခုကာလ ရေဒီယိုတို့ ဖုန်းတို့
နားထောင်တဲ့အခါ ကြားတဲ့အသံကို
သဘောကျသာယာတဲ့ ပုံစံမျိုးပေါ့။ ´´
ဒါလည်း မေထုန်ငယ်တစ်ခုပဲ။
နောက်တစ်ခု နံပါတ် (၅)က ဘာလဲ၊
`` မြင်လည်း မမြင်ရဘူး။ ကြားလည်း
မကြားရဘူး။ ဒါပေမဲ့လို့ တစ်ချိန်တုန်းက
တစ်ယောက် နဲ့ တစ်ယောက် ပြောဖူးတယ်,
ဆိုဖူးတယ်, ပြောင်ဖူးတယ်, နောက်ဖူးတယ်။
အဲဒါလေးတွေကို ပျော်ပါးခဲ့ဖူးတာလေးတွေကို
အမှတ်ရပြီးတော့ ပြန်ပြီး ပြုံးပြုံး ပြုံးပြုံးနဲ့
သဘောကျနေကြတယ်။ ´´
ဒါလည်း မေထုန်ငယ်တစ်ခုပဲ။
နောက် နံပါတ် (၆)ကတော့
အဲဒါမျိုးတွေ ဘာမှမဖြစ်ဘူး။ ဒါပေမဲ့လို့
`` ကိုယ့်မှာ ဘာမှတော့ မရှိဘူး။ မရှိတဲ့အခါ
ကျတော့ သူတစ်ပါးတွေ အိုးအိမ်နဲ့ တိုက်တာနဲ့
ကားအကောင်းစားတွေနဲ့ ကာမဂုဏ် ၅ ပါး
ခံစားပြီး ပျော်ပျော်ပါးပါး နေတာကို
သွားမြင်လိုက်တဲ့အခါ သဘောကျတယ်။
သူတို့လို နေချင်တဲ့ စိတ်ထားလေးတွေ
ပေါ်လာပြန်တယ်။ ´´
ဒါလည်း မေထုန်ငယ်တစ်ခုပဲ။
နောက် နံပါတ် (၇)ကတော့
`` အဲဒီလို ပြောခဲ့တဲ့သဘောတရားတွေလည်း
မဖြစ်ပြန်ဘူး။ ဒါပေမဲ့ ဘာဖြစ်နေသလဲ?
နတ်ပြည်/နတ်လောက တစ်ခုခုကို
ရည်မျှော်ပြီးတော့ သီလကျင့်စဉ်
သမာဓိကျင့်စဉ် ပညာကျင့်စဉ်တွေကို
ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်
နေပြန်တယ်။ နတ်ဘဝမှာ ရရှိမည့်
ကာမဂုဏ်ကာမသုခတွေကို လှမ်းမျှော်ပြီး
သဘောကျနေတယ်။ ´´
အဲဒါလည်း မေထုန်ငယ်တစ်ခုပဲ။
ဒီမေထုန်ငယ် (၇)မျိုး တစ်မျိုးမျိုးနဲ့
မွေ့လျော်နေတဲ့ ပုဂ္ဂိုလ်ဟာလည်း
အိုနာသေရေး ဒုက္ခဘေးကနေ ဘယ်နည်းနဲ့မှ
မလွတ်မြောက်နိုင်ဘူးလို့ မြတ်ဗုဒ္ဓက
ပုဏ္ဏားကြီးရဲ့ အမေးကို ဖြေကြားရင်း
ဟောကြားဆုံးမတော်မူပါတယ်။
🙏🏻☸️🙏🏻
ပါမောက္ခချုပ်ဆရာတော်ကြီး
ဒေါက်တာဘဒ္ဒန္တနန္ဒမာလာဘိဝံသ မထေရ်မြတ်
🙏🏻☸️🙏🏻
မေတ္တာဖြင့် ထပ်ဆင့်မျှဝေရေးသား ဓမ္မဒါန
ပြုအပ်ပါ၏ ။
ဓမ္မဒါနရှင် U Phyo Thiha Zaw { ဓမ္မဆောင်လူပုဂ္ဂိုလ် }
🙏🏻☸️🙏🏻
#ဓမ္မဒါန
🙏🏻☸️🙏🏻