Lustrum Studio

Lustrum Studio Lustrum is an online-based fiction publishing studio.

"ဘယ်သူ သတ်တာလဲ..""သူတို့သုံးယောက်လေ..""ဘယ်ကသုံးယောက်လဲ..""သူတို့သုံးယောက်လေ..တိုက်သုံးလုံးအတွက် မိန်းမသုံးယောက်"ဟုဆိုကာ ...
10/01/2024

"ဘယ်သူ သတ်တာလဲ.."
"သူတို့သုံးယောက်လေ.."
"ဘယ်ကသုံးယောက်လဲ.."
"သူတို့သုံးယောက်လေ..တိုက်သုံးလုံးအတွက် မိန်းမသုံးယောက်"
ဟုဆိုကာ တိုက်မြင့်ကြီးသုံးလုံးရှိရာသို့လက်ညိုးညွှန်ပြခဲ့သည်။

- Maryland (Astra)

https://m.facebook.com/story.php?story_fbid=409138504959869&id=100075911695478&mibextid=Nif5oz


" Maryland "Author - Astraဟိုးအဝေးတနေရာက ဆောက်လက်စတိုက်မြင့်ကြီးတွေ၊ဆောင်းဦးဝင်ခါစ မှ ဖွေးကနဲနေအောင် ပွင့်လာကြတဲ့ ကိုင်...
05/01/2024

" Maryland "
Author - Astra

ဟိုးအဝေးတနေရာက ဆောက်လက်စတိုက်မြင့်ကြီးတွေ၊
ဆောင်းဦးဝင်ခါစ မှ ဖွေးကနဲနေအောင် ပွင့်လာကြတဲ့ ကိုင်းပန်းလေးတွေ၊ လေတိုက်လိုက်တိုင်းမှာ လှိုင်းထနေသယောင် ယိမ်းခါနေသော မြက်ပင်ရှည်လေးတွေ...

ဒါကတော့ကျွန််တော်သိတဲ့ Maryland ရဲ့ အလှတရားတွေပေါ့။ မြို့ပြရဲ့အနီးမှာရှိ ကွန်ကရစ်တွေရဲ့ဒဏ်မှကင်းဝေးတဲ့ တစ်ခုတည်းသောနေရာလေးဖြစ်သလို..၊ ကျွန်တော်ရဲ့စိတ်တည်ငြိမ်ရာကိုဖော်ဆောင်နိုင်သော တစ်ခုတည်းသောနေရာလည်းဖြစ်ပေသည်။ အခြားနေရာများနှင့်မတူတာက Maryland ကိုဖြတ်သန်းတိုက်ခတ်နေတဲ့လေနုလေညှင်းလေးတွေက ဒီနေရာရဲ့အေးချမ်းမှုကိုပိုပြီးပြည့်စုံနေစေခဲ့သည်။

A4 စာရွက်လေးတွေညှပ်ထားသော Paper Clipboard လေးကိုကိုင်ပြီး Maryland တည်ရှိရာသို့ လမ်းကလေးလျှောက်ရင်းထွက်လာခဲ့သည်။ အသစ်တည်ထားသော မြို့ကွက်အသစ်လေးများမှာနေရတဲ့ အားသာချက်က သဘာဝတရားနဲ့ ခေတ်စနစ်ရဲ့ တိုးတက်လာသောအရာတွေကိုရောယှက်ခံစားနိုင်ခြင်းပင်ဖြစ်သည်။

အခုမှအသစ်ဖောက်ထားသော ကားအသွားအလားနည်းပါးသည့် လမ်းမပြီးတွေနှင့် လူသူခြောက်သွေ့နေတဲ့ပလက်ဖောင်းတွေက မြို့ကြီး ပြကြီးတွေရဲ့အလွန် မြို့သစ်ကလေးတွေရဲ့ ဆိတ်ငြိမ်မှုကိုဖော်ပြနေ၏။
October လကိုစဝင်ပြီဆိုတာနဲ့ ဖွေးကနေဖြစ်နေတဲ့ကိုင်းပန်းလေးတွေကို လမ်းမတစ်ဖက်ဆီမှာတွေ့မြင်နေရတာလည်း စိတ်ကျေနပ်စရာပင်..

သဘာဝတရားကြီးကိုခံစားရင်းလျှောက်လာခဲ့တာ အခုဆို Maryland ကိုတောင်ရောက်လာခဲ့ပြီလေ..။ Maryland ဆိုပြီးအပေါ်မှာ ဖွဲ့နွဲ့ခဲ့လို့တအားကြီးကျယ်တဲ့နေရာလို့တော့မထင်ပါနဲ့။ အိမ်ရာသစ် ဆောက်လုပ်ရေးနေရာနှင့် လူနေရပ်ကွက်ကြားက ကိုင်းပင်တွေကြားက ရေကန်ငယ်လေးနဲ့လွင်ပြင်ငယ်လေးတစ်ခုပါ။ ရေကန်ဘေးက သစ်ပင်ငယ်လေးကတော့ Maryland ရဲ့ မျက်မှန်းတန်းမိစေမဲ့အရာ တစ်ခုဆိုမမှားပါဘူး..။

သစ်ပင်ကြီးရဲ့အရိပ်အောက်မှာထိုင်ကာ Paper Clipboard လေးကို ပေါင်ပေါ်တင်ပြီး အဝေးတနေရာက ဆောက်လက်စတိုက်အမြင့်ကြီးသုံးလုံး ကိုငေးကြည့်ပြီး တိုက်ခတ်လာသောဆောင် အငွေ့အသက်ပါသည့် လေနုလေးတွေကို ခံစားနေမိသည်။ Maryland မှာတိုက်ခတ်တဲ့ လေပြေလေးကို ခံစားလိုက်ရုံနဲ့ပင် တနေ့တာပင်ပန်းသွားတာတွေက ပြေပျောက်ကာသွားသလိုပင် ခံစားရသည်။

October လရဲ့သဘာဝအတိုင်း ကောင်းကင်ထက်မှာ နေရာအပြည့်ယူထားကြတဲ့တိမ်ဖြူဖြူများကြောင့် စိတ်ကွန့်မြူးရန်ပိုပြီးအားဖြစ်စေ သည်။ စာရေးဆရာဖြစ်တဲ့ ကျွန်တော်အတွက်ကတော့ ဒီနေရာလေးက အဖိုးမဖြတ်နိုင်သော စိတ်ကူးစိတ်သန်းများတွေးတောကာ ဇာတ်လမ်း ရေးဖွဲ့နိုင်အောင်ပံ့ပိုးပေးနေသောကြောင့် တန်ဖိုးမဖြတ်နိုင်ခဲ့ပါဘူး။

ဘောပင်ကိုစကိုင်ပြီး စိတ်ကူးထဲ၌စဥ်းစားထားသောဇာတ်လမ်းလေးကို စာရွက်ပေါ်မှာ စတင်ချရေးလိုက်ပြီး လုပ်ငန်းစတင်ခဲ့သည်။ ဇာတ်လမ်း မှာလည်းရေးရင်းရေးရင်းနှင့်ပင် အရှိန်ကရလာသလို တိုက်ခတ်လာ သောလေပြေညှင်းများကလည်း ပိုမိုအေးစိမ့်လာခဲ့သည်။ နားထဲ၌လည်း ပွတ်ခနဲ့ ပွတ်ခနဲ့နှင့် အသံများကြားကိုကြားနေရသော်လည်း အာရုံမစိုက် နိုင်အောင်ပင်ဖြစ်နေရသည်။ "ပွတ်ပွတ်ပွတ်" ဟူသော ရေပွတ်သံများမှာ တဖြေးဖြေးနှင့် စိပ်လာသလိုအသံမှာလည်းကျယ်လာပြီး နောက်ဆုံးတွင် ကျွန်တော်၏ခြေဖျားသို့ရေစင်သွားမှသာ စျာန်ဝင်နေရာမှအရှိန်သတ်ပြီး ခေါင်းထောင်ကြည့်လိုက်လေတော့ ရေကန်ငယ်လေးထဲမှ ရေများမှာ အောက်မှတစ်ခုခုနှင့် အားကုန်တွန်းထုတ်ခံရသည့်အလားပင် ရေပြင်ပေါ်သို့ တစ်ထောင်ခန့်အားကောင်းကောင်းနှင့်ရေပွတ်ထနေတော့သည်။

Clipboard ကိုပစ်ချပြီး ထသွားကာကြည့်တော့မှာ တဖြေးဖြေးနှင့်ရေပွတ်နေသည်မှာငြိမ်ကြသွားပြီး ရေမျက်နှာပြင်မှာလည်းတဖြေးဖြေးငြိမ် သက်သွားခဲ့တော့သည်။ ကျွန်တော်လည်းရေမျက်နှာပြင်ငြိမ်ကြသွားသောအခါမှသာ ရေထဲသို့လက်ချောင်းကလေးများထည့်ကာ ပြန်ဆယ် ယူကြည့်ပြီးဘာများရှိနေလဲဆန်းစစ်ကြည့်မိသည်။ ဘာမျှမဟုတ် လောက်ပါဘူးဟုသာတွေးကာ ခြေဖျား၌ပေသွားသောရေကန်ထဲမှ ရွှံ့ဗွက်များကို သစ်ရွက်ခြောက်နှင့်သုတ်ချိန်မှာ ရွှံ့ဗွက်များမဟုတ်နေပဲ ခပ်ကြမ်းကြမ်းဆံပင်စများသာဖြစ်နေကြောင်းတွေ့လိုက်ရသည်။ ထိုဆံစများ၏ အနံကိုရှုကြည့်မိရာ အနှစ်နှစ်အလလ ပုတ်သိုးထားသော အနံဆိုးကြီးတစ်ခုစွဲနေတာကိုခံစားလိုက်ရသောကြောင့်လက်ထဲမှ အမြန်ပစ်ချလိုက်ရပြီး တံတွေးများပင် တပစ်ပစ်ထွေးချခဲ့မိသည်။

စာရေးချင်စိတ်လည်းဆက်မရှိတော့သောကြောင့် လတ်ပတ်နာရီကြည့် မိတော့အချိန်က ညနေစောင်းသည်မှာလွန်လို့ နေဝင်ချိန်ပင်ကပ်နေပြီ ဖြစ်သောကြောင့် ထိုနေရာမှပြန်လာခဲ့သည်။ ကိုင်းပင်ရှည်များကိုဖြတ် ပြီးအရင်ကလည်းပြန်လာနေကြဖြစ်သောကြောင့် ကိုင်းပင်များရဲ့ရိုက် ခတ်သံမှာရင်းနှီးနေသော်လည်း ယခုကြားနေရသောအသံမှာ ကိုင်းပင် များ၏ရိုက်ခတ်သံအပြင် ခြေဖွဖွနင်းကာလိုက်လာနေသောအသံပင် ကြားနေရသောကြောင့် ကျောမလုံဖြစ်ကာထိုနေရာမှ ခပ်သုတ်သုတ် ပြန်လာခဲ့သည်။

ညနေကဖြစ်ခဲ့သော ထိုကိစ္စကိုစိတ်စွဲ၍လားပင်မသိပေ..ညရောက်ချိန်မှာ လည်းထူးထူးဆန်းဆန်းအိမ်မက်တစ်ခုကိုမက်ခဲ့သေးသည်။ ကျွန်တော် ရဲ့အိမ်မက်ထဲမှာ Maryland ကိုတွေ့ခဲ့ရပြီး ရေကန်ငယ်လေးထဲကနေ လူတစ်ကိုယ်စာနီးနီးမြင့်သော လူနှင့်အလားတူသော ခပ်မဲမဲအရာ သုံးခုကထိုးထောင်ထွက်နေသေးသည်။ ကောင်းကင်က အလင်းရောင် မှိန်ပြလို့ Maryland ရဲ့အရောင်အဆင်းတွေဟာလည်း မှေးလို့မှိန်နေပြီး နားထဲ၌လည်း တဝီဝီအသံများကိုကြားနေရသေးသည်။ ထို့အပြင် ရေကန်ထဲမှာ ခပ်မဲမဲသုံးခုအနက်မှ အလယ်မှတစ်ခုမှာ ဟိုးအဝေးမှာရှိ နေသောတိုက်မြင့်ကြီးသုံးလုံးကို လက်ညိုးညွှန့်ပြခဲ့သည်ကို မြင်လိုက်ရ ပြီးနောက် ကျွန်တော်ရဲ့အိမ်မက်လည်းအဆုံးသတ်ခဲ့သည်။ စိတ်ထဲမှာတော့ သာမန်ကာလျှံကာ အိမ်မက်ဟုသာတွေးပြီးနေလိုက်ခဲ့တာပေါ့။

နောက်နေ့မနက်ကျတော့ အိမ်ဘေးနားက မိသားစုမှ ကျွန်တော်ထံသို့ သူတို့ရဲ့သားဖြစ်သူပျောက်သွားတဲ့အတွက် တွေ့မိသေးလားကိုလာ၍ မေးကြသည်။ အိမ်နီးချင်းရဲ့ သားကိုကျွန်တော် ကောင်းကောင်းမှတ်မိပါသည်။ သေသေချာချာပြန်စဥ်းစားကြည့်လေမှ ကျွန်တော်မနေ့က Maryland ကပြန်လာချိန်မှာ ထိုကောင်လေးမှာ စက်ဘီးကလေးနှင်းရင်း Maryland ရှိရာသို့သွားသည်ကို ကျွန်တော် အမှတ်မထင်တွေ့ခဲ့မိသေးသဖြင့် ထိုကိစ္စကိုသာပြောပြလိုက်ခဲ့ရာ အိမ်နီးချင်းမိသားစုမှာ ကျွန်တော်ထံမှ စကားကိုလည်းကြားလေသော်ပြာသလဲလဲတွေဖြစ် ကုန်ကြလေပြီး ရပ်ကွက်ထဲကလူအချို့နှင့် Maryland ရှိရာသို့ သူတို့မိသားစု ထွက်သွားကြလေသည်။ ကျွန်တော်ကတော့ ကိစ္စရှိတဲ့ အတွက်မလိုက်သွားခဲ့သော်လည်း ပြန်ကြားမိတဲ့သတင်းကတော့ ထိုကောင်လေးရဲ့အလောင်းကို Maryland က ရေကန်ထဲမှာ ရေနစ်ကာ သေဆုံးနေသည်ကို တွေ့ခဲ့သည် ဟူ၍ပင်ဖြစ်သည်။

Maryland မှာရှိတဲ့ ကန်လေးက ရေသိပ်မနက်သောကြောင့် ရေနစ်သည် ဆိုသော်အကြောင်းက ယုတ္တိမရှိဟုတော့တွေးမိပေမဲ့လည်း အိမ်နီးချင်း မိသားစုအတွက်စိတ်မကောင်းဖြစ်မိပါသည်။ သို့ပေမဲ့ ထူးဆန်းတာက ထိုကောင်လေးသေဆုံးပြီးနောက် ထွက်လာသော စကားတစ်ခုပင်ဖြစ်ပြီး ရပ်ကွက်ထဲက လူတွေပြောကြတာကတော့ လူစားလဲလိုက်ကြသည် ဟူ၍ပင်ဖြစ်သည်။

Maryland လိုသာယာတဲ့နေရာလေးကို သရဲတစ္ဆေယုံတမ်းစကားတွေ ပြောပြီး ခြောက်ခြားဖွယ်နေရာဟုထင်မှတ်လောက်အောင် သတင်း စကားတွေကပွားနေသော်လည်း ကျွန်တော်မယုံကြည့်နိုင်ပါ.. အခြားသောနေရာဆိုလျှင်တော့ ကျွန်တော်အတန်အသင့် ယုံကြည့်မိလိုက်မည်ဖြစ်သည်။ ကျွန်တော့်စိတ်ထဲမှာတော့ Maryland ဆိုတာက ကျွန်တော့်ရဲ့ စိတ်ကူးဉာဏ်တို့ကွန့်မြူးရန်အကောင်းဆုံးနေရာဟု ယူဆထားသောကြောင့် သွားမြဲအတိုင်းသွားခဲ့သည်။

Maryland မှာ တိုက်ခတ်တဲ့လေပြေ၊ အငွေ့အသက်တို့က ကျွန်တော့်အား ဉာဏ်ရွှင်စေရန် ဦးနှောက်ထဲသို့ တဆေး ထည့်လိုက်သလားပင် ဆွဲဆောင် လွန်းလှပေသည်။ ထုံးစံအတိုင်းပဲ ကျွန်တော်လည်း ထိုနေရာလေးမှာ ကျွန်တော်ရဲ့ဝတ္ထုတွေကို ဆက်ရေးရန် ဦးနှောက်အပန်းဖြေဖို့ရာ ထပ်မံသွားရောက်ခဲ့သည်။

စိတ်ပျော်မွေ့ရာ၌ အလုပ်လုပ်ရသောကြောင့်လားပင် မသိပေ..အစစ အရာရာက အဆင်ပြေချောမွတ်လို့ပင်နေသေးသည်။ Clipboard တွင် ညှပ်ထားသော စာရွက်များပေါ်တွင်ပင် စာတွေအပြည့်ဖြစ်သွားခဲ့သည်။ ကျေနပ်စွာပြုံးလို့ ခေါင်းထောင်ကာအရှေ့သို့ကြည့်မိတော့..ကျွန်တော် အံ့သြသွားခဲ့သည်။ လူတစ်ရပ်စာအမြင့်ရှိ ကိုင်းပင်ဖြူဖြူလေးတွေကြားမှာ မိန်းမတစ်က မပေါ်တပေါ်လေးပုန်းကာ မလှမ်းမကမ်းကနေ ကျွန်တော့်အား ကြည့်နေသည်ကိုတွေ့လိုက်ရသည်။ ထိုမိန်းမက ခန္ဓာကိုယ်တစ်ခုလုံး ဗလာနတ္တိနှင့် မိမွေးတိုင်းဖမွေးတိုင်းဖြစ်နေပြီး သူ၏ ခန္ဓာကိုယ်မှာလည်း ရွံတွေက အထပ်လိုက်ကိုပေကျံနေသေးသည်။ မျက်ကွင်းများမှာ ညိုမဲကာ ပါးချောင်ပင်ကျနေသော ထိုမိန်းမရဲ့ အသွင်မှာ ကျွန်တော်ရဲ့ကျောရိုးတစ်လျှောက်ကို စိမ့်ထွက်သွားစေသည်။

ထိုမိန်းမက အသေအချာကြည့်ပြီး ကျွန်တော့်ကို ကျောခိုင်းလို့ကိုင်းပင်
တွေကြားထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားသည်နှင့် တစ်ပြိုင်နက်
တနေ့က ဖြစ်ခဲ့သည့်အတိုင်း ရေကန်ငယ်လေးမှာ စတင်ပွက်ထလာခဲ့ပြီး ရေပွက်မှာ ရေပြင်မှာတစ်တောင်ခန့်သို့ပင် မြင့်တက်လာခဲ့သည်။
ကျွန်တော်မျက်လုံးနှစ်ဖက်ကို မှိတ်ကာခေါင်းပြီး တစ်ဖန်ပြန်ကြည့် လေတော့လည်း ထိုရေပွက်ငယ်လေးမှာဆက်လက်၍ရှိနေသေးပေသည်။ အချိန်ကညနေစောင်းလို့ နေဝင်ခါနီးနေပြီဖြစ်ပြီး နေမင်းက ကိုင်းခင်းကြီးထဲသို့ တဖြေးဖြေးနစ်ဝင်လာလေ ထိုတပွက်ပွက် ဟူသောမြည်သံက ပိုမိုကျယ်လောင်လာသည်။ ကျွန်တော်လည်း ထိုနေရာမှာ နေရသည်မှာ စိတ်မချမ်းမမြေ့ဖြစ်လာသောကြောင့် ကိုင်းပင်တွေကိုတိုးဝေ့ကာ ကားလမ်းမထံသို့ အလျင်အမြန်ပင်ပြန်ထွက်လာခဲ့၏။ ကားလမ်းမကိုတွေ့မှ လူလည်းသက်ပြင်းချနိုင်ပြီး အသက်ဝဝရှုနိုင်ခဲ့တော့သည်။

"အကိုလေး..အဲ့နေရာကိုမသွားတာကောင်းမယ်" ဆိုသော အသံလာရာကိုကြည့်တော့ PPE ဝတ်ထားသော ဆောက်လုပ်ရေးခွင်မှပြန်လာသည့် လူငယ်လေးကိုတွေ့လိုက်ရသည်။

"ဘာလို့လဲ.."
"ဘာလို့လဲ ဆိုတော့..သွားဖို့မသင့်တော်လို့" ဟုသာပြောပြီး ကျွန်တော်
ရှေ့မှခေါင်းငုံကာထွက်သွားခဲ့သည်။

ကျွန်တော်ကပဲ စိတ်စွဲတတ်သည်ပဲလားပင်မသိပေ..ထိုနေ့ညမှာလည်း ထူးထူးဆန်းဆန်းအိမ်မက်တစ်ခုကိုထပ်မက်သေးသည်။ ကျွန်တော်က ကိုင်းပင်တွေကိုတိုးဝေ့ပြီး Maryland ရှိရာသို့သွားနေမိသည်ဟုပင်ဖြစ်ပြီး...ပထမဆုံးမက်ခဲ့သောအိမ်မက်နှင့်အလားသဏ္ဍာန်တူ၏။ သို့သော် ယခု တစ်ခေါက်မှာတော့ ရေကန်ထဲမှာထိုးထွက်နေသော အရာသုံးခုထဲက အနက်မှာ တစ်ခုကတနေ့ကသေဆုံးသွားသော အိမ်နီးချင်းမိသားစု၏ သားဖြစ်သူဖြစ်နေပြီး တစ်ခုက ကျွန်တော်ညနေကတွေ့ခဲ့သော ကိုယ်လုံးတီးနှင့် အမျိုးသမီးပင်ဖြစ်သည်။ သူတို့က သစ်ပင်အောက်ရပ်နေသောကျနော့်ကိုကြောက်မက်ဖွယ်ရာကောင်းလောက်အောင် ပြုံး၍ကြည့်နေကြသည်။

တစ်ဆက်တည်းမှာပဲ..ကျောင်းစိမ်းအင်္ကျီနှင့်ကျောင်းသူလေးတစ်ဦးက ကျွန်တော်၏ဘေးမှဖြတ်သွားပြီးရေကန်ငယ်ထဲသို့ဆင်းကာ သွားသဖြင့် ကျွန်တော်လည်း ထိတ်လန့်တကြားနှင့် ထိုမိန်းကလေးအားမသွားရန် အော်ဟစ်တားမြစ်နေရင်းမှာပင် အိမ်မက်မှ ထပ်မံနိုးထလာခဲ့မိသည်။

ယခုမက်သောအိမ်မက်မှာ အပြင်၌လက်တွေ့ဖြစ်နေသလိုပင်ခံစားရပြီး အာခေါင်တွေပင်ခြောက်နေမိသည်။ နာရီကြည့်လိုက်မိတော့..မနက် ၃နာရီပင်ရှိသေးသောကြောင့် ပြတင်းပေါက်မှနေ၍ လမ်းမီးတိုင်အောက်မှ ကတ္တရာလမ်းကို ငေးကြည့်မိသည်။ ဆောင်းပရစ်အော်သံများ၏ တကျွီကျွီ အော်သံများက ပတ်ဝန်းကျင်တစ်ခုလုံးကို ကာရံမိမိ အသံပေးနေပြီး ပိုးဖလံများကလည်း လမ်းမီးတိုင်မှ မီးသီးဝါဝါနားမှာ ဝေ့ပတ်နေကြသည်။ ညရဲ့ငြိမ်သက်မှုအငွေ့အသက်တွေကို ခံစားပြီး အသက်ကိုအဝရှုကာ နှာခေါင်းအတွင်းမှ လေကိုစိုးရိမ်ကြောက်ရွံစိတ် များပါထပ်လောင်းထည့်ကာ မှုတ်ထုတ်လိုက်သည်။ အဝေးတစ်နေရာမှ ဆောက်လက်စတိုက်ကြီးသုဲးလုံးမှာလည်း ညရောင်မှိန်မှိန်နှင့်မြင်ကွင်းမှာ ကွက်ကွင်းကာမှောင်မိုက််နေသည်။ တိုက်ကြီးသုံးလုံးနှင့် မလှမ်းမကမ်းမှ ကိုင်းပင်ဖြူဖြူတွေနှင့်ကိုင်းခင်းကြီးမှာလည်း လေပြေကြောင့်ယိမ်းနွဲ့နေပြီး ခပ်ဖြူဖြူကိုင်းပင်ထိပ်ဖြားများယိမ်းနွဲ့နေသည်မှာ ဝိညာဥ်တို့ ကခုန်နေကြ သလိုပင်.. စိတ်ကိုကောင်းစွာအနားပေးပြီးနောက် အိပ်ယာပေါ်လှဲကာ အိပ်ပျော်ရန်ကြိုးစားသော်လည်း မျက်လုံးမှိတ်လိုက်တိုင်းပင် ကိုင်းခင်းဖြူဖြူက မျက်ဝန်းထဲပြန်ဝင်လာသောကြောင့် ကောင်းစွာအိပ်မရခဲ့ပေ..၊ နေထွက်ခါနီးအချိန်မှာ မှေးခနဲ့အိပ်ပျော်သွားသော်လည်း အိမ်အောက်ထပ်မှ တံခါးမကြီးကိုလာခေါက်သံကြောင့် မထချင်ထချင်နှင့်ပြေးဆင်းပြီး တံခါးဖွင့်ပေးလိုက်ရာ လူအချို့တွေ့ပြီးသူတို့ ကျောင်းသူကောင်မလေးတစ်ယောက်ရဲ့ပုံကို ထုတ်ပြပြီး..

"ဒီကလေးမလေးကိုတွေ့မိသေးလား..အကိုမနေ့က Maryland ကနေပြန်လာတာတွေ့လို့"
"ဗျာ.. Maryland ကပြန်လာတာနဲ့ဘာဆိုင်လို့လဲ.."
"သူ့ရဲ့အလောင်းကို ကိုင်းခင်းနားမှာတွေ့လို့.."

ကျွန်တော်လည်း အံ့သြသွားပြီး ထိုလူများနှင့် အတူ Maryland သို့ လိုက်သွားခဲ့တော့..ကိုင်းခင်းကြီးရဲ့တနေရာမှာ ကျောင်းစိမ်းထဘီနဲ့
ကျောင်းသူလေးသေဆုံးနေသည်ကိုတွေ့ရပြီ ထိုကျောင်းသူလေးကို
သေချာကြည့်မိကာမှ ညက အိမ်မက်ထဲတွေ့ခဲ့ရသော ကျောင်းသူလေး
ပင်ဖြစ်မှန်းသတိထားမိခဲ့သည်။

ကျွန်တော်လည်းစိတ်ထဲ နေသာထိုင်သာမရှိတော့သောကြောင့် ထိုနေရာ
မှထွက်ခွာကာ ရေကန်ငယ်လေးရှေ့မှ သစ်ပင်အောက်တွင်သာထိုင်နေလိုက်တော့သည်။ အခင်းဖြစ်ထားသောနေရာဖြစ်သောကြောင့် တိတ်ဆိတ်ငြိမ်သက်နေသော Maryland မှာ ယခုအခါ အုံအုံကြွကြွဖြစ်နေတော့သည်။ သစ်ပင်အောက်မှာ ထိုင်နေရင်း လှမ်းကြည့်မိမှ အခင်းဖြစ်နေရာမှာ မနေ့က ကျွန်တော်တွေ့ခဲ့သော ကိုယ်လုံးတီးနှင့် မိန်းမကျွန်တော့်ကိုရပ်ကြည့်ခဲ့ရာနေရာပင်ဖြစ်နေတော့သည်။

"မနေ့ကညနေခင်းထဲသေနေတာကွ.." ဟူသော ကျယ်လောင်သောအသံ တစ်ခုကိုလူစုထံမှကြားလိုက်ရချိန်မှာတော့ မျက်လုံးများပင်ပြူးကျယ် သွားခဲ့ရသည်။ ထိုမိန်းမ ကျွန်တော့်ကိုရပ်ကြည့်နေသောအချိန်မှာလည်း ညနေခင်းပင်ဖြစ်ပြီး..ထိုအချိန်မှာထိုကောင်မလေးသေဆုံးခဲ့သည်ဆိုလျှင်..လူသတ်သမားက မည်သူလည်းကျွန်တော်စိတ်ဝင်စားခဲ့မိသည်။

"ဘယ်သူ သတ်တာလဲ.."ဟူသောစကားကို ခပ်တိုးတိုးရေရွတ်ရင်း ထိုနေရာမှထွက်ခွာလာခဲ့ရာ ကိုင်းခင်းအစပ် ကားလမ်းမသို့ရောက်သော်
မနေ့က ကောင်လေးကိုတွေ့လိုက်ရသည်။ ထမင်းချိုင့်လေးကိုင်ကာ PPE ဝတ်စုံလေးနှင့် ဆောက်လုပ်ရေးခွင်မှကောင်လေး..သူ့ကိုတွေ့တွေ့ချင်း ကျွန်တော်ပါးစပ်မှ အလိုလိုနေ၍ "ဘယ်သူသတ်တာလဲ.." ဆိုသော စကားကို သတိလက်လွှတ်မေးလိုက်မိသည်။

"သူတို့သုံးယောက်လေ.." ဟူသောကောင်လေးထံမှ ပြန်ဖြေသံကြားလိုက်ရတော့ ကျွန်တော်အံ့သြသွားခဲ့သည်။

"ဘာလဲ..အခုလူသေပြန်ပြီလား" ဟူသော သူ၏အမေးကိုခေါင်းငြိမ့်၍ သာဖြေကြားပေးလိုက်သည်။

"ဒါဆိုနှစ်ယောက်ရှိပြီပေါ့..နောက်တစ်ယောက်ပဲလိုတော့တယ်။ သူတို့သုံးယောက်က ဒီနေရာမှာဆက်မနေချင်တော့လို့ထင်တယ်"
"ဘယ်ကသုံးယောက်လဲ.."
"သူတို့သုံးယောက်လေ..တိုက်သုံးလုံးအတွက် မိန်းမသုံးယောက်"
ဟုဆိုကာ တိုက်မြင့်ကြီးသုံးလုံးရှိရာသို့လက်ညိုးညွှန်ပြခဲ့သည်။

ထိုကောင်လေးပြောပြခဲ့သော စကားကိုမှတ်ကာ စိတ်ထဲတထင့်ထင့် နှင့်တွေးကာ အိမ်သို့ပြန်ခဲ့ပြီး နောက်တွက် Maryland ကို ထပ်မလာရန်ဆုံးဖြတ်ခဲ့သည်။ ပတ်ဝန်းကျင်ကလူတွေကလည်း သေသွားခဲ့သော လူနှစ်ယောက်မှာ မူမမှန်သောကြောင့် "လူစားလဲ" သည်ဟုပြောသော သတင်းအချို့ကိုလည်းကြားခဲ့သည်။ သတင်းစကားတွေက အခြေအမြစ်ရှိမရှိဆိုတာထက်..စိတ်ထဲ၌စိုးရိမ်စိတ်ကရှိနေသည့်အတွက် ကြောင့် မသွားရန်ဆုံးဖြတ်ခဲ့သည်။

ရေးလက်စဇာတ်လမ်းမှာလည်းပြီးပြတ်တော့မည်ဖြစ်ပြီး..ဇာတ်လမ်းပြီးပြတ်လျှင် တစ်နေရာကိုသွားတော့မည်ဖြစ်သောကြောင့် လက်ကျန်ရက်လေးများကို Maryland သို့မသွားရန်ဆုံးဖြတ်ပြီး အိမ်ထဲ၌နေရင်းစာလေးရေးလိုက်..နိစ္စဓူဝတာဝန်တွေကိုလုပ်လိုက်နှင့်တဖြေးဖြေးအချိန်ကုန်ဆုံးရန် စိတ်ပိုင်းဖြတ်ခဲ့သည်။

Maryland နဲ့ ကင်းရှင်းအောင်နေခဲ့ပေမဲ့..သူက ကျွန်တော်နဲ့ကင်းရှင်းချင်ပုံမရှိ..။ ညတိုင်းဆက်တိုက်ကို Maryland ကရေကန်ကြီးကို အိမ်မက် မက်မိသလို ထိုရေကန်ထဲမှနေ၍ ကျွန်တော့်အားပြုံး၍ကြည့်နေကြသော ကျောင်းသူလေးနှင့် အိမ်နီးချင်းမိသားစုက ကောင်လေး၊ တစ်ခုတည်းသာကျန်ခဲ့သောလူအရပ်သာသာရှိသည့် ခပ်မဲမဲအရာကြီးနှင့် တိုက်ကြီးသုံးလုံးရှိရာသို့ လက်ညိုးညွှန်ပြနေတဲ့သူ၏ပိန်ခြောက်ခြောက်လက်ကြီးကိုလည်း ကျွန်တော်ညတိုင်းနီးပါးလိုလို မြင်မက်ခဲ့မိလာရသည်။ ထိုအိမ်မက် မြင်မက်ပြီးနိုးထလာမိတိုင်းလည်း ကျွန်တော်ရဲ့ ခန္ဓာကိုယ်က အားအင်တွေယုတ်လျော့နေတာကိုခံစားရသလို ကျွန်တော်ရဲ့စိတ်တွေဟာလည်းရက်ဆက်လာတာနဲ့အမျှ အားငယ်လာသလို၊ သတ်သေချင်စိတ်များပေါက်လာတာကို ခံစားမိသည်။

အမြင်တွေမှားပြီး ထင်ယောင်ထင်မှားတွေမြင်လာမိသလို၊ တီးတိုးစကားပြောသံလေးတွေကိုလည်း ကျွန်တော့်နားထဲမှာ တချက်တချက်ကြားလာမိသလို ကိုယ့်အိမ်ထဲမှာနေရာတကိုပင် ကြောက်စိတ်ကဝင်လာမိ၏။ တစ်ခါတရံ စဥ်းစားမိတာက..ကျွန်တော်လူစားလဲခံရတော့ မှာလားဆိုတာကိုပင်ဖြစ်သည်။ ကျွန်တော်နှစ်သက်တဲ့နေရာလေးက ကျွန်တော့်ကိုဒုက္ခပြန်ပေးတော့မှာလားကို တွေးပြီးလည်းကြောက်ရွံမိသည်။

ခြောက်ခြားစိတ်တွေနဲ့ နေလာရင်း ကျွန်တော်အတွက်် နောက်ဆုံး ရွေးချယ်ရမဲ့နေ့တစ်ခုက ကျွန်တော်ထံသို့ရောက်လာခဲ့သည်။ ကျွန်တော်ကိုယ်တိုင်လည်း ဘာကိုရွေးချယ်မှုပြုရမည်ကို မသိခဲ့ပါဘူးလေ..

ထုံးစံအတိုင်းအိပ်ယာဝင်နောက်ကျခဲ့ပြီး ညတိုင်းမက်နေကျထိုအိမ်မက် ကိုထပ်မြင်မက်ပြီး ကျွန်တော်နိုးထလာခဲ့သည်။ ခါတိုင်းနှင့်မတူသည်က ယနေ့ညမှာ ပို၍အားအင်ကုန်ခမ်းနေခြင်းပင်ဖြစ်ပြီး..ခန္ဓာကိုယ်ကို အားယူကာ သယ်ပိုးထပြီးလျှင် ပြတင်းပေါက်မှနေ၍ အဝေးတစ်နေရာ မှာရှိနေသော ကိုင်းပင်ဖြူဖြူများနှင့် Maryland ကိုငေးကြည့်မိနေသည်။

Maryland ဘက်မှတိုက်ခတ်လာသော လေပြေနှင့်အတူ တီးတိုးစကားသံလေးများက ကျွန်တော်ရဲ့နားထဲသို့ ဝင်ရောက်လာခဲ့သည်။ ဆူညံ့ပလုံစီနေသော စကားသံလေးများအနက်သေချာကြည့်မိတာ တစ်လုံးက "လာခဲ့.." ဟူသော အသံလေးပင်ဖြစ်သည်။

"ဟေ့.." ဟူသောအသံကြားလို့ အိမ်ရှေ့လမ်းကိုကြည့်မိတော့ PPE ဝတ်ထားသော ဆောက်လုပ်ရေးခွင်မှကောင်လေးကို တွေ့လိုက်ရပြီး
သူကသူ့ဆီလာရန်လက်ယက်ခေါ်နေသည်ကိုတွေ့သောအခါ ကျွန်တော် ရဲ့စိတ်မှာ အလိုလိုနေရင်း ပြတင်းပေါက်မှခွာကာ အိမ်အောက်သို့ ဖြေးဖြေးချင်းဆင်းသွားကာ တံခါးဖွင့်ပြီး အိမ်အပြင်ထွက်ခဲ့မိတော့
ဘယ်သူ့ကိုမှမတွေ့တော့ပေ..။ ဘေးဘီဝဲယာကိုကျွန်တော်လှည့်ပတ်
ကြည့်သော်လည်း ဘာကိုမျှမတွေ့သောကြောင့် လက်လျော့ပြီးပြန်ဝင်ရန်ပြင်လေတော့ လေအေးများကိုကျွန်တော်ရဲ့ခန္ဓာကိုယ်ကိုဝေ့ပတ်တိုက်ခတ်ပြီး ကျွန်တော်၏ကျောထဲစိမ့်ခနဲ့ဖြစ်သွားမိသည်။ လေအေးထဲပါလာသော တီးတိုးသံလေးများက နားထဲ၌ပလုံစီပြီး ကျွန်တော့်ရဲ့စိတ်ကို မထိန်းချုပ်နိုင်ဖြစ်သွားခဲ့သည်။ ထိုပလုံစီနေသော တီးတိုးသံလေးက ကျွန်တော့်ကိုတစ်ခုခုပြောနေပြီ ကျွန်တော်လည်းထိုအသံတိုင်း လိုက်လုပ်မိတော့သည်။

ကျွန်တော့်ရဲ့ခြေလှမ်းများကိုထိန်းချုပ်နိုင်ခြင်းမရှိတော့ပဲ နေရာတစ်ခုကိုသာဦးတည်၍သွားနေခဲ့တော့သည်။ ထိုနေရာက ဘယ်နေရာမှန်းကို ကျွန်တော်ရိပ်စားမိသော်လည်း..စိတ်ထဲမှာမဟုတ်ပါစေနဲ့ဆုတောင်းနေခဲ့သည်။ ကျွန်တော်ရဲ့စိတ်က ကျွန်တော့်ရဲ့ခန္ဓာကိုယ်ကိုမထိန်းချုပ်နိုင်
တော့ပဲ..ကျွန်တော်ရဲ့ ခန္ဓာဟာ စိတ်ကခိုင်းစေချက်မပါဘဲနဲ့ အလိုလိုရွေ့လျားသွားနေမိသည်။ ကျွန်တော်ရဲ့စိတ်ဝိညာဥ်ဟာ လေဟာပြင်ထဲမှာ မျောနေသလိုပင်ဖြစ်နေပြီး တစ်စုံတစ်ရာက ကျွန်တော်ရဲ့ကိုယ်ကို ထိန်းချုပ်ထားနေတာကို ခံစားမိသည်။ အမြင်တွေဟာလည်းဝေဝါးနေ ပြီး အရာရာဟာမှုန်မှိုင်းနေခဲ့ပြီး ကျွန်တော့်ကိုဘေးကနေ အလင်းရောင် အားကောင်းသော ဓာတ်မီးနှင့်လှမ်းထိုးခံလိုက်ရသည်ကိုသာ မှတ်မိပြီး
ကျန်တာတွေကိုမမှတ်မိပေ။

အခုလိုဖြစ်နေတာကြီးရပ်တန့်သွားပါစေဟုသာ ကြိတ်၍ဆုတောင်းရင်း
အမည်မသိအရာတစ်မျိုးရဲ့ထိန်းချုပ်ခြင်းကို ခံရင်းကျွန်တော်ရဲ့ကိုယ် ဟာသူ့အလိုလို ရွေ့လျားခဲ့သည်။ နားထဲ၌လည်းမြက်ခြောက်များကို နင်းခြေသံများကို ကျွတ်ကျွတ်ဂျက်ဂျက်မြည်သံထအောင်ကြားနေရပြီး နူးညံသော အမွှေးများ၏ထိတွေ့မှုကိုလည်းကောင်းကောင်းခံစား မိသလို..ဆောင်းလေအေး၏တိုက်ခတ်မှုကြောင့် တစ်ချက်တစ်ချက် ကျောစိမ့်သွားသည်ကိုလည်း ထပ်ပေါင်းသိနေခဲ့သည်။ ပုရစ်တို့၏ တကျွီကျွီအော်သံကလည်း နားထဲမှာ စည်းချက်မိမိကိုဖြစ်တော့သည်။

ပုရစ်အော်သံတွေရဲ့ကြားမှာ ကျွန်တော်ရဲ့အန္တရာယ်အငွေ့အသက်တွေ
ကိုလည်း ပိုမိုခံစားလာမိသည်။ ကျွန်တော့်ရဲ့ခန္ဓာကိုယ်ဟာတဖြေးဖြေးနဲ့ ကျွန်တော်ရဲ့စိတ်ဝိညာဥ်ထံမှ စွန့်ခွာလာသည်ကိုပိုပြီးသတိထားလာမိ
သည်။ ကျွန်တော်ရဲ့ စိတ်ဝိညာဥ်နဲ့ ခန္ဓာကိုယ်မှာ တဖြေးဖြေးဝေးကွာလာမိပြီး ကျွန်တော်ရဲ့မျက်ဝန်းထဲမှ အမြင်အာရုံမှာလည်း ကျွန်တော်တစ်ခါမှမခံစားဖူးသော အမြင်အာရုံမျိုးကိုပါခံစားရစပြုလာပေသည်။ ထိုစဥ် ကျွန်တော်ရေရွတ်မိတာက..

"မဟုတ်သေးဘူး"

ကျွန်တော့်ရဲ့စိတ်က တဖြေးဖြေးအရှုံးပေးလာခဲ့တာ..ဒီတစ်ကြိမ်တော့ ကျွန်တော် အာခံပြီးအတင်းအနိုင်ယူမှရမည်ကိုဆုံးဖြတ်လာမိသည်။ စိတ်ထဲမှာရှိသမျှအားကိုတင်းကာ အသိနှင့်သတိကို စိတ်မှာစွဲကပ်ကာ
စိတ်ဝိညာဥ်နှင့်ကိုယ်နှင့် တစ်သားတည်းကျအောင် အတန်ကြာ
အားယူပြီး စူးစိုက်အာရုံပြုထားလိုက်လေတော့မှ ကျွန်တော်ရဲ့ခြေလက်
များကိုစတင်ထိန်းချုပ်လာနိုင်ပြီး ကျွန်တော့်ရဲ့ကိုယ်ခန္ဓာမှာ စိတ်ရဲ့ စေခိုင်းရာအောက်သွတ်သွင်းနိုင်ခဲ့ ပြီးသည်နှင့်တပြိုင်တည်းမှာ လေကိုအဝရှုလိုက်မိရာ လေအစားရေတွေကျွန်တော့်နှာခေါင်းထဲဝင်လာ
သသောကြောင့်မျက်လုံးဖွင့်တော့မှ ရေအောက်သို့ရောက်နေမှန်းသတိ ထားမိခဲ့သည်။ ရေအောက်ကြမ်းပြင်ပေါ်သို့ကျခါနီးဖြစ်နေသော အနေ
အထားမှနေ၍အတင်းအားယူကာ ရေမျက်နှာပြင်ပေါ်သို့ကုန်းရုန်းကာ ကူခတ်ပြီး ကမ်းစပ်သို့မေးတင်နိုင်ခဲ့လေသည်။

ရေကန်ထဲမှနေ၍မြေပြင်ပေါ်သို့ရောက်မှ ခြေပစ်လက်ပစ်ထိုင်ချနိုင်ခဲ့ပြီး ရေတွေကိုလည်းအန်ထုတ်ကာ အသက်အဝပြန်ရှုနိုင်ခဲ့သည်။ ဘေးဘီဝဲယာသို့ကြည့်မိလေမှ မြင်လိုက်ရသောနေကြောင့် ကျွန်တော်ကြက်သီးထမိခဲ့ရသည်။ ဒီနေရာကကျွန်တော်မရောက်ချင်ခဲ့ဆုံးသော အကြိုက်ဆုံးဖြစ်ခဲ့သောနေရာတစ်ခု Maryland ပေါ့…

ကြောက်စိတ်ဝင်မိလို့ အော်မယ်မကြံရသေးပေ ကျွန်တော်ရှေ့မှရေကန်
ငယ်လေးထဲမှရေပွက်ကလေးတစ်ခုက ပလုံစီအောင်ထလာသောကြောင့် အသည်းအသန်ကုန်းရုန်းထကာ သစ်ပင်ကြီးအနားသို့သွားကာ ဘာဆက် ဖြစ်မလဲကိုသာပုန်း၍ ကြည့်နေမိသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ရေပွက်များနှင့်အတူ ရေကန်ထဲမှာ ရေအထပ်ထပ်ပေကျံနေသောကိုယ်နှင့် ကိုယ်လုံးတီးဖြစ်နေသောမိန်းမတစ်ယောက်မှာ ကိုယ်တစ်ပိုင်းအထိ ရေပြင်ပေါ်သို့ပေါ်လာခဲ့ပြီး သစ်ပင်ကြီးရှိရာကို မျက်မှောင်ကြီးကျုံကာ ဝါးစားမတတ်ကြည့်နေလေသည်။ ထိုမိန်းမက သစ်ပင်နောက်မှာပုန်းနေသော ကျွန်တော့်ကိုမြင်သွားဟန်တူလေသည် ရေကန်ထဲမှနေ၍ဗလာနတ္တိခန္ဓာကိုယ်နှင့် တက်လာတာကိုတွေ့သည်နှင့် ကျွန်တော်လည်း လက်ကျန်အား ကိုသုံးကာကိုင်းခင်းများထဲသို့ထွက်ပြေးခဲ့တော့သည်။

ကိုင်းပင်များကိုလက်နှင့်တွန်းဖယ်ကာကျွန်တော်က ပြေးသလို အနောက်မှလည်း ထိုမိန်းမလိုက်လာသော အသံများကိုလည်းကြားနေရသဖြင့် နောက်သို့ပင်လှည့်မကြည့်ရဲ့ပေ။ ကိုင်းပင်တွေရှဲခနဲ့ ရှဲခနဲ့လဲကျသွားတဲ့အသံကလည်းနားထဲ၌ ကျွန်တော့်ကိုအသက်ဘေးကလွှတ်အောင်ပြေးရန် ဆော်သြနေသလိုပင်။

"သေပေး..သေပေး..သေပေး.."ဟူသော အသံစူးစူးလေးကလည်းနောက်ကနေထပ်ကြပ်မကွာလိုက်နေခဲ့သည်ကိုလည်းသတိထားမိသည်။ ပြေးသာပြေးနေရသည် ကိုင်းခင်းထဲမှထွက်လမ်းမှာလည်း အရင်ကထက်ပို၍ ရှုပ်ထွေးနေသလားပင် ခံစားနေမိသည်။ ကျွန်တော်လည်း..ဒီထက်ပို၍ မပြေးနိုင်တော့ပေပြီ၊ အနောက်မှ လိုက်လာသော ခြေသံကလည်း ပို၍နီးကပ်ဘာသည်ကိုခံစားနေရသဖြင့် ထွက်လမ်းကိုအမြန်ရောက်ချင်ခဲ့မိသည်။

ကံကောင်းသည်လားပင် မသိပေ..ဓာတ်မီးအရောင်စူးစူးထိုးသည်ကို ကိုင်းပင်များကြားကနေလှမ်းမြင်လိုက်ရသောကြောင့် ကားလမ်းမရှိရာ ဘက်ပဲဟုယူဆကာ အသားကုန် ရှိသမျှအားသုံးလို့ပြေးထွက်ခဲ့ရာ နောက်ဆုံးမှာ ကတ္တရာလမ်းမပေါ်သို့ရောက်ခဲ့သည်။ မီးရောင်ကိုကြည့်
ပြီး မျက်ရည်များပင်ဝဲသွားပြီး မီးရောင်ထိုးထားသောလူမည်သူ လည်းဆိုတာ လှမ်းကြည့်တော့..ဆောက်လုပ်ရေးခွင်မှကောင်လေးကို
တွေ့လိုက်ရသည်။

"လမ်းမှာအကိုလေးကိုတွေ့လို့လိုက်လာတာ..အဆင်ပြေရဲ့လား" ဟူသော သူ၏ အမေးကိုပင်မဖြေနိုင်ပဲ လမ်းမအလယ်မှာ သူ့ကိုကြည့်ကာခေါင်း ငြိမ့်ပြလိုက်မိသည်။

"အ..အနောက်မှာ..ဟိုမိန်းမသုံးယောက်ထဲကတစ်ယောက်"

သူ၏တုန်ရီနေသောအသံကြောင့် ကျွန်တော်လည်း ကြက်သီးများထလာသော်လည်း အမှတ်မထင်ဘဲနောက်သို့ဖြေးဖြေးချင်းလှည့်ကြည့်မိလေတော့ ရွံအလိမ့်လိမ့်နဲ့မိန်းမက ကိုင်းခင်းအစပ်မှာရပ်ကာ မျက်ဝန်းဖြူဖြူကြီးများနှင့် ပါးစပ်ကြီးကိုနားရွတ်ချိတ်မတတ်ဖြဲကာပြုံး၍ရပ်ကြည့်နေသည်။ ဒွါရကိုးပေါက်ကိုအကုန်မြင်နေကသော ထိုကိုယ်တုံးလုံးနှင့် ခြောက်ခြားဖွယ်အသွင်ရှိသော မိန်းမကိုမြင်လိုက်ရချိန်မှာ ကျွန်တော့် တစ်ကိုယ်လုံးကြက်သေသေသွားခဲ့တော့သည်။ ကားဟွန်းသံအကျယ်ကြီးကလည်း ကျွန်တော်နားထဲတွင်ရုတ်တရပ်ဆိုသလိုကျယ်လောင်စွာ ကြားလိုက်ရပြီးနောက် ကျွန်တော်လည်းအသိစိတ်ပြန်ဝင်လာချင်းနှင့် အတူ နာကျင်မှုပေါင်းများစွာနှင့် ကားလမ်းမပေါ်သို့ပစ်ကျသွားတော့သည်။ မျက်ဝန်းများမမှိတ်ခင်မှာနောက်ဆုံးတွေ့လိုက်တာက ထိုမိန်းမရဲ့ ကျေနပ်သွားသောအပြုံးနှင့် နောက်ထပ်ကားဟွန်းသံအကျယ်တစ်ခုဖြစ်၏။
ဘယ်လောက်ကြာအောင် ကျွန်တော်အိပ်ပျော်သွားခဲ့မှန်းမသိပေ။ ကျွန်တော့်ရဲ့ခန္ဓာကိုယ်ပလာစတာရာတွေနှင့် ပတ်တီးအချို့ကိုမြင်လိုက်
ရပြီးခန္ဓာကိုယ်မှာလည်း နာကျင်ကိုက်ခဲ့နေသောကြောင့်ကောင်းစွာမလှုပ်နိုင်ခဲ့ပေ။ မျက်လုံးပွင့်ပွင့်ချင်းမှာပဲ နောက်ထပ်မြင်လိုက်ရတာက သူနာပြုတစ်ယောက်နှင့် ကျွန်တော့်အနားဝိုင်းနေသော စိုးရိမ်နေကြ
သောမိသားစုဝင်များပင်ဖြစ်သည်။

တဖန့်လိုက်ကာခြားထားသော တစ်ဖက်တစ်ခြမ်းမှလည်း မိန်းမတစ်ယောက်ရဲ့ ကျယ်လောင်စွာအော်ငိုသံကို ကြားလိုက်ရပြန်သေးသည်။ ထိုမိန်းမကြီးက "ငါ့ယောကျာ်းလူစားလဲခံရတာ.." ဆိုသော စကားကို ထပ်ခါတလဲလဲပြောနေသောအသံကိုကြားလိုက်ရသောကြောင့် ကျွန်တော်ခေါင်းထဲမှာ အတွေးတစ်ခုပေါ်လာခဲ့ပြီး တစ်ဖက်ခြမ်းကဘာဖြစ်နေမှန်းသိချင်သောကြောင့် လိုက်ကာကိုဆွဲဖယ်ပေးဖို့
ပြောကြားပြီးခေါင်းလေးစောင်းကာကြည့်မိတော့ ဒဏ်ရာဒဏ်ချက်များနှင့်ပြည့်နှက်နေသော ကျွန်တော်မျက်မှန်းတန်းမိရှိသည့် ဆောက်လုပ်ရေး ခွင်မှကောင်လေးပင်ဖြစ်သည်။

"စောစောကထိတော့အခြေနေကကောင်းပါသေးတယ်..အခုတော့သူလည်း ဒီအခြေနေကိုထပ်မတောင့်ထားနိုင်တော့လို့နေမှာပါ။"
"ကျွန်တော်တို့လည်း အထူးစိတ်မကောင်းဖြစ်မိပါတယ်အမ"ဟူသော ဆရာဝန်ထံမှ စကားကိုကြားလိုက်ရသောအခါ ကျွန်တော်အရာရာကိုနားလည်သွားခဲ့သည်။ သူလည်းအဲ့ဒီညက ကျွန်တော်လိုပဲ လမ်းမပေါ်မှာ ဖြစ်ခဲ့တာကိုဟု သဘောပေါက်မိသွားခဲ့သည်။

ထိုကောင်လေးမျက်နှာကို အဝတ်နှင့်ဖုံးပြီး သူ၏ကုတင်ကိုဆွဲပြီး လူနာ
တွေထားရာအခန်းမှဆွဲခေါ်ထုတ်သွားသည်။ ထိုကောင်လေး၏ဇနီးဖြစ် သူမှာလည်း တရှုံရှုံငိုပြီး မိသားစုဝင်များနှင့်အတူ ကောင်လေး၏ အလောင်းကိုယူဆောင်သွားရာနောက်သို့လိုက်သွားခဲ့သည်။

ထိုစဥ်ကျွန်တော်သတိပြုမိလိုက်တာက တံခါးနောက်ကွယ်မှ ထွက်လာသော ရွံအလိပ်လိပ်ပေကျံနေသော ကိုယ်တုံးလုံးနှင့် မိန်းမပင်ဖြစ်ပြီး သူကကျွန်တော့်ကို မချိပြုံးလေးပြုံးကာ ကြည့်ပြီး ကျောခိုင်းကာ
ထိုကောင်လေး၏ အလောင်းကိုသယ်ဆောင်သွားရာ လူများအနောက်သို့လိုက်သွားတော့သည်ကို ကျွန်တော်ကုတင်ပေါ်မှနေ၍ အစအဆုံးတွေ့လိုက်ရသည်။

သို့သော်လည်း တွေ့သာတွေ့ခဲ့သည်..ကျွန်တော်ဘာမှမလုပ်ပေးနိုင်ခဲ့ပေ။ အပြစ်မကင်းစိတ်များနှင့်သာ ထိုမြင်ကွင်းကိုကြည့်နေရုံနှင့် ဝမ်းနည်း အားနာစိတ်အတွက်ကျဆင်းလာသော မျက်ရည်စက်ကို ကျွန်တော့်ပါးပေါ်သို့ နေရာယူစေရုံမှတပါး အခြားမတတ်နိုင်တော့ပေ…။ ကိုယ်စားစတေးခံ၊ လူစားလဲခံပေးလိုက်ရသူဖြစ်သွားသည့်အတွက် ကိုယ့်ကိုကိုယ်အပြစ်တင်ရင်းနှင့်..

The End

(စာကို Copy ယူပြီးပြန်တင်ခွင့်မပြုပါ)

Copyright © 2024 All Rights Reserved By Lustrum
Distributed By Lustrum Fiction Production


မနက်ဖြန်မှာ Lustrum Studio ရဲ့ ပင်တိုင် Author ထဲက တစ်ယောက်ဖြစ်တဲ့ Astra ရဲ့ Maryland အမည်ရတဲ့ One shot လေးတင်ပေးမှာ‌မို...
04/01/2024

မနက်ဖြန်မှာ Lustrum Studio ရဲ့ ပင်တိုင် Author ထဲက တစ်ယောက်ဖြစ်တဲ့ Astra ရဲ့ Maryland အမည်ရတဲ့ One shot လေးတင်ပေးမှာ‌မို့ ၀င်ဖတ်ပေးကြပါအုံးဗျ။ 2024 ကစပြီး ကျတော်တို့ အရင်ကထက် post တွေ ပြန်တင်နိုင်အောင်စီစဉ်ထားပါတယ်။

ကဲ...ဒါဆိုရင် မနက်ဖြန် တွေ့ကြမယ်နော် 🤫

" Dream Catcher "Author - Q.Mဆယ်နှစ်ပြည့်မွေးနေ့အတွက် သူရရှိခဲ့တဲ့ လှပတဲ့အရာလေးတစ်ခု ။ အဲ့နောက်ပိုင်း မကြိုဆိုခြင်းတွေလည...
09/12/2023

" Dream Catcher "
Author - Q.M

ဆယ်နှစ်ပြည့်မွေးနေ့အတွက် သူရရှိခဲ့တဲ့ လှပတဲ့အရာလေးတစ်ခု ။

အဲ့နောက်ပိုင်း မကြိုဆိုခြင်းတွေလည်း အများကြီးရောက်လာခဲ့တယ် ။

_ _ _ _ _

''ဟီး ကြိုက်တယ်''

သူ့မိခင်ပေးသော Dream catcher လေးကို သူ့ကိုယ်ပိုင်အခန်း ပြတင်းပေါက်မှာ ချိတ်လိုက်ရတဲ့ ကလေးငယ်ဟာပြုံးပျော်နေခဲ့တယ် ။ ဒါပထမဆုံး မိဘနဲ့ခွဲအိပ်ရခြင်းမို့လည်းပါမယ် ။ ကောင်လေးမျက်လုံးထဲက အပျော်ကို သူ့မိဘနှစ်ပါးလည်းရှာဖွေနိုင်ခဲ့မယ်ထင်တယ် ။ ခဏလောက်ဖြစ်ဖြစ်ပေါ့ ။ တကယ်ကိုခဏလောက်စာလေးကိုပေါ့ ။

အခန်းထဲမှာ သူအိပ်ဖို့ကုတင်ရှိတယ် ။ စာကြည့်စားပွဲရှိတယ် ။ ဗီဒိုတစ်လုံးရှိတယ် ။ မျက်နှာကျက်မှာ မီးတစ်လုံးနဲ့ နံရံမှာညအိပ်မီး တစ်လုံးရှိတယ် ။ ပြတင်းပေါက်တစ်ပေါက်ထဲပါပြီး အဲ့ပြတင်းပေါက်က အပြင်ဖက် ယာတောတွေကိုလှမ်းမြင်နေရတယ် ။ မြို့မကျတကျနယ်မြို့လေးရဲ့ အစွန်ဟာ တိတ်ဆိတ်စရာတွေနဲ့ စိတ်ချမ်းမြေ့စရာတွေကြီးဖြစ်နေတတ်တယ် ။ ဆိုးရွားတဲ့အရာတွေမရှိခဲ့ရင်ပေါ့ ။

_ _ _ _ _

ပထမဆုံးည ကိုယ့်ကိုယ်ပိုင်ခုတင်နဲ့ ကိုယ်ပိုင်အခန်းနဲ့ ကိုယ့်ကိုယ်ပိုင်အရာတွေနဲ့ နေနေရတဲ့ကလေးတစ်ယောက် ။

သူငေးနေခဲ့တာက ပြတင်းပေါက်က သူရခဲ့တဲ့မွေးနေ့လက်ဆောင်လေး ။ လှတယ်လားဆိုရင်တော့ အပြာရောင်လေး ၊ အောက်မှာ ငှက်မွှေးတွေ ကြယ်တွေ လတွေ ၊ ဂြိုဟ်တွေ စကြဝဋာတွေ ။ လှပါတယ် ။

အဲ့နေ့ညကို သူပြတင်းပေါက်ဖွင့်အိပ်ခဲ့တယ် ။

အဲ့နေ့ညကို သူပြတင်းပေါက်ဖွင့်အိပ်ခဲ့တယ် ။

အဲ့နေ့ညကို သူပြတင်းပေါက်ဖွင့်အိပ်ခဲ့တယ် ။

_ _ _ _ _

တစ်စုံတစ်ခုကကြည့်နေတယ်လို့ခံစားရတဲ့နောက် သူမျက်လုံးအစုံကိုဖွင့်ဖို့ကြိုးစားကြည့်တယ် ။ မရ ။ ကိုယ်ကားလှုပ်မရ ။ အော်သည် မထွက် ။ ဇောချွေးတွေရွဲနေပြီ ။

မှောင်အတိ ဘာကိုမှမမြင်ရ ။ သို့သော် တစ်ခုခုက သူ့ကိုကြည့်နေတယ်လို့ သူခံစားနေရတုန်း ။

အချိန်တစ်ခုကြာတော့ သူပြန်အိပ်ပျော်သွားတယ် ။ ဒါမှမဟုတ် သူနိုးလာတယ် ။ လှုပ်မရတာကအိမ်မက်လား တကယ်လား သူခွဲမရခဲ့ဘူး ။

ညကအဖြစ်အပျက်တွေက မိဘတွေပါးစပ်ထဲရောက်တော့ ဘီလူးစီးတာဆိုပြီးနဲ့သာ ပြီးသွားပြန်တယ် ။ ဘာမှရေရာခြင်းမရှိတဲ့ ကြောက်စိတ်တွေ အလကားပဲလို့ ရေရွတ်ရင်း ဒီညလည်း သူပြတင်းပေါက်ဖွင့်အိပ်ခဲ့သေးတယ် ။

_ _ _ _ _

''ဒေါက် ဒေါက်''

''ဘာလဲကွ''

''ပါပါး သားအိမ်မက်ဆိုးမက်လို့ ဟင့်''

''မင်းကလဲကွာ အိမ်မက်ပဲကို''

''သား သား ကြောက်တယ် ပါး''

အဖေဖြစ်သူနဲ့သား တံခါးတစ်ခုခြားပြီး စကားဆက်ပြောနေတယ် ။ အဖေကလည်းတံခါးဖွင့်မပေး ။ သားဖြစ်သူကလည်း လောခ့်ချထားတဲ့တံခါးကိုဖွင့်မရ ။ တဖက်မှာငိုနေတဲ့ ကလေးငယ် ။ တဖက်မှာ အိပ်မှုန်စုံမွှားနဲ့လင်မယားတစ်တွဲ ။

''သား မားနဲ့လာအိပ်လို့ရလားဟင်''

''အာ မင်းကလည်းကွာ မနေ့ကပဲ ၁၀ နှစ်ပြည့်ထားတာကို မင်းပဲ တစ်ယောက်ထဲခွဲအိပ်မယ်ဆို မင်းပဲ အသက်ကြီးပါပြီဆို''

ကလေးတွေရဲ့မခံချင်စိတ်ကပြင်းတယ် ။

''ဟုတ်''

ငိုသံမပါတဲ့ စကားကိုတစ်ခွန်းထဲပြောပြီး ကလေးငယ်က အခန်းထဲပြန်ဝင်သွားတယ် ။

သူမက်ခဲ့တဲ့အိမ်မက်ထဲက မျက်လုံးပြာပြာကြီးတစ်စုံ သူ့အခန်းထောင့်ကိုအခုရောက်နေပြီ ။ ခြောက်လားလန့်လားမလုပ်ပေမယ့် သေချာကိုစိုက်ကြည့်နေခဲ့တာ ။

ညသန်းခေါင် ကောင်လေးတစ်ယောက် ခုတင်ပေါ်မှာ ၊ အခန်းထောင့်ကနေကြည့်နေတဲ့ မျက်ထောင့်ပြာပြာတွေကို လျစ်လျူရှုပြီး ပြူတင်းပေါက်က အပြာရောင် Dream catcher လေးကိုသာအာရုံတစိုက်ကြည့်ရင်း အိပ်ပျော်သွားဖို့ ဆုတောင်းနေလိမ့်မယ် ။

_ _ _ _ _

ပူလိုက်တာ ၊ အိုက်လိုက်တာ ၊ တဆက်ထဲမှာပဲ အေးစက်နေတယ် ။ အပြင်ရာသီဥတုက အေးတာလားပူတာလားမသိဘူး ။ သူကိုယ်တိုင်က အေးစက်လိုက် ပူစပ်လာလိုက်နဲ့ ဖျားနေသလိုပဲ ။ နောက်ပြီး ခဏကျ လွင်တီးခေါင် ကန္တာရထဲရောက်သွားတယ် ။ ခဏအတွင်းမှာ ရေခဲပြင်တွေပေါ်လာတယ် ။

နောက်ပြီး သူနိုးလာတယ် ။

နှစ်ပတ်လောက်ကြာအောင်ဖျားခဲ့တယ် ။ ဖျားတဲ့အတောအတွင်း အိမ်မက်ဆိုးတွေမမက်ဘူး ။

ပြတင်းပေါက်တွေဖွင့်မအိပ်ဘူး (တကယ်ကမိဘတွေကပိတ်ထားခဲ့တာ)

သူလည်း Dream catcher ကို ကြည့်မနေခဲ့ရဘူး ။

_ _ _ _ _

၁၀ အရွယ်ကလေးတစ်ယောက်ရဲ့ စဥ်းစားနိုင်စွမ်းက ဘယ်လောက်ပိုနိုင်မှာလဲ ။ အဖျားသက်သာတဲ့တစ်ရက်ကျ ပြတင်းပေါက်ကိုဖွင့်လို့ ကောင်းကင်က လနီနီကြီးက ပြူးလို့ ။

အိမ်မောမကျခင် သူ့မျက်လုံးတစ်စုံဟာလဲ ပုံမှန်လည်ပတ်နေကျ Dream catcher ဆီသို့ ။

_ _ _ _ _

အမေ့ကို သူရှာနေတယ် ။ မရှိဘူး ။ အဖေ့ကိုတွေ့ပြီးပြီ ။ ဆရာမတွေကိုလည်း သူနှုတ်ဆက်ခဲ့ပြီးပြီ ။ သူငယ်ချင်းတွေလည်း သူတို့မိဘကိုယ်စီနဲ့ ပျော်လို့ပါးလို့ ။ ကျောင်းပွဲရဲ့ အဓိပ္ပါယ်နဲ့မဆိုင်ပေမယ့် သူ့အတွက်ပျော်စရာမရှိဘူး ။ အမေဘယ်မှာလဲ ။

အဖေကလည်းနှုတ်ဆိတ်နေတယ် ။ ငြိမ်ငြိမ်လေး မလှုပ်မရပ် ။ အဲ့တာကြောင့် သူ့အဖေကိုကျောခိုင်းပြီး သူ့အမေကိုဆက်ရှာနေခဲ့တယ် ။

ကျောင်းအခန်းတွေကုန်ပြီ ။ ကျောင်းမုန့်ဆိုင်တန်းလည်းကုန်ပြီ ။ တဝန်းလုံးလည်းကုန်ပြီ ။

လမ်းတွေကိုသူဆက်လျှောက်တယ် ။ အရောင်မဲ့နေတဲ့ ပတ်ဝန်းကျင်အပြောင်းအလဲတွေကိုသူမသိဘူး ။ အမေဘယ်မှာလဲဆိုတာသာ သူစိတ်ထဲရှိနေတယ် ။

လမ်းဘေးကမဟောင်တဲ့ခွေးတွေ ။ အလှူခံအသံမထွက်တဲ့ အလှူခံတွေ ။ ဓမ္မတေးတောင်မဖွင့်တော့တဲ့ ရပ်ကွက်ဓမ္မာရုံတွေ ။ မမြည်တော့တဲ့ ကားဟွန်းသံတွေ ။ နောက်ပြီး မတိုက်ခတ်နေတဲ့လေ ။ ဘယ်မှာမှသူ့အမေမရှိနေခဲ့ဘူး ။

သူအိမ်ကိုပြန်ရောက်လာတယ် ။

''အမေ....''

အော်ပြီး ခြံထဲပြေးဝင်သွားပေမယ့် ဘာတုန့်ပြန်မှုမှမရှိဘူး ။ နောက်ပြီး ဘာကမှ သာမန်နဲ့မတူတာကိုသူသတိထားမိလာတယ် ။

လေတွေစတိုက်လာတယ် ။ ကားသံတွေကြားရလာတယ် ။ အရောင်တွေစပေါ်လာတယ် ။ ခွေးဟောင်သံ ၊ ကားသံ ၊ ရပ်ကွက်ထဲက ရန်ဖြစ်သံ ၊ ၂၄ နာရီ ပဋ္ဌာန်း တရားရွတ်ဖတ်သံ ၊ လေတိုက်သံ ။

တဖက်လမ်းကိုသူပြန်ကူးတယ် ။ ရပ်နေတဲ့ လူကြီးကို ''ဒါအိမ်မက်လားဟင်'' လို့မေးတယ် ။

တစ်ခဏအတွင်း လမ်းပေါ်ကမျက်ထောင့်နီတွေကိုသူမြင်လိုက်တယ် ။ ခွေးတွေ လူတွေ အကုန် မဲမှောင်ကုန်ကျပြီး မျက်စိတွေနီရဲနေကြတယ်လို့ သူထင်တယ် ။ ကြောက်စိတ်ကိုလိုက်ပြီး သူပြေးတယ် ။ အိမ်ထဲကိုပြေးဝင်တယ် ။ သူအိမ်ခန်းထဲကိုပြေးဝင်သွားတယ် ။

အပေါ်ထပ်ကိုတက်တယ် ။ အပေါ်ထပ်မှာ ... ။

_ _ _ _ _

''အမေ...''

သူ့အမေပေါ်မှာ ခုနကမဲမဲကောင်ကြီးကတက်ထိုင်နေတယ် ။ အလောင်းဘေးမှာ သူ့အမေလို့ထင်ရတဲ့အရိပ်ဖြူဖြူလေးတစ်ခု ။ အလောင်းပေါ်မှာ မကောင်းဆိုးဝါးကောင်ကြီးတစ်ကောင် ။

တစ်ကိုယ်လုံးမည်းမှောင်နေပြီး ဂျိုနှစ်ခုနဲ့ အမြီးပါတယ် ။ အဲ့အရာကဒီဖက်ကိုလှည့်ပြီး ပြုံးပြတယ် ။ ပြုံးပြတာထက် ဖြဲခြောက်တာလို့ပြောရမယ် ။

ပါးစပ်ကြီးကိုဖြဲလိုက်တာ သွေးတွေထွက်ကျလာတယ် ။ မျက်နှာကအပျော်လွန်နေပြီး နတ်ဆိုးဆန်တယ် ။ မျက်လုံးတွေက သွေးလို့ထင်ရတဲ့ အနက်ရောင်အရည်တွေကျဆင်းနေတယ် ။ နှာခေါင်းမပါဘူး ။

အကုန်ရပ်တန့်သွားတယ် ။ သူအသိစိတ်လွတ်သွားတာလား ၊ အသိစိတ်ကပဲ အစထဲက ဒိီမှာမရှိနေတာလား မသိဘူး ။

'' အ.. ရ.. သာ.. ရှိ.. လိုက်.. တာ.. ''

သူ့နားထဲကို အသံစူးနက်နက်ကြီးက တစ်လုံးခြင်းစီဝင်လာတယ် ။ ပြီးတော့ ။

_ _ _ _ _

ဧည့်ခန်းထဲကဆိုဖာပေါ်မှာ သူအိပ်ပျော်သွားတာ ။ နောက်ပြီး သူ့ Dream catcher က သူ့ခေါင်းပေါ်တည့်တည့်မှာ ။

ဘယ်လိုရောက်လာတာလဲ ။

အမေ အမေကော ။

သူ့အမေအခန်းရှေ့ကိုသွားပြီး တံခါးခေါက်တယ် ။

''မေမေ မေမေ''

အထဲကအသံမကြားရ ။ သူတံခါးဖွင့်ဝင်ကြည့်တယ် ။ ထူးထူးဆန်းဆန်း တံခါးကခတ်မထား ။

အခန်းထဲမှာ သူ့အမေကတော့အိပ်မောကျနေပြီ ။ ခဏလောက်ကြည့်ပြီး သူ့အခန်းထဲပြန်လာခဲ့တယ် ။ အိမ်မက်ကိုအတွေးထဲက ထုတ်မရ ။

ရေသောက်ဖို့ မီးဖိုချောင်ထဲသူထွက်လာတယ် ။ ရေခဲသေတ္တာကိုဖွင့်တယ် ရေဗူးကိုယူပြီး ရေခဲသေတ္တာကိုပြန်ပိတ်တယ် ။ အခန်းပြန်မယ်လုပ်တော့ ခုနကအနက်ရောင်အကောင်လိုလို နတ်ဆိုးလိုလိုအရာကြီးက အပေါက်ဝမှာ သူ့ကိုကြည့်နေတယ် ။

ရင်ခုန်သံတွေမြန်လာတယ် ။ အချိန်တွေရပ်တန့်နေသလိုခံစားရနေတုန်း အဲ့အရာက သူ့ကိုပြုံးပြတယ်။ ခုနကသူမြင်ခဲ့ရတဲ့ ကြောက်စရာကောင်းတဲ့ နတ်ဆိုးအပြုံးမျိုး ။ ပြီးတော့ အဲ့အရာက လှည့်ထွက်ပြီးပြေးတယ် ။

အမေ ။

သူသတိဝင်လာပြီးလိုက်ပြေးတယ် ။ သေချာမမြင်ရ သူ့အမြီးကိုတော်မြင်နေရတယ် ။ မြန်လိုက်တာ ။ သူ့အမေအခန်းထဲကို သူကော အဲ့အရာကောပြေးနေတယ် ။

''ဒုန်း''

သူမမှီလိုက် ။ အရှေ့ကပြေးတဲ့အရာကသာ အခန်းထဲအရင်ရောက်သွားတယ် ။

အခန်းတံခါးကိုသူထုတယ် ။ ထုတယ် ။ မရ ။

အမေ့အသံလည်းမကြားရ ။ ဘာမှကိုမမြင်ရမကြားရ ။

''မား မား''

''ဒုန်း ဒုန်း''

''မားရေ..''

ငိုသံကြီးနဲ့ သူဆက်ထုတယ် ။ ဘာဖြစ်လာမလဲကို သူသိနေပြီကိုး ။

''အား....''

ခဏအကြာ အိပ်ခန်းထဲကနေ မိန်းအသံစူးစူးတစ်ခုထွက်လာတယ် ။ ပြီးတော့ တံခါးပွင့်လာတယ် ။

_ _ _ _ _

ကလေးတစ်ယောက်ကသူ့အမေကို ဓားနဲ့ သေကြောင်းကြံလိမ့်မယ်လို့ မထင်ကြောင်းတွေ သူအမြဲကြားခဲ့ရတယ် ။ တရားခွင်အပြီးထိပေါ့ ။

သူ့အဖေကတော့ ပေါ်ကိုမလာခဲ့ဘူး ။ သူ့စိတ်ထဲလည်းဗလာကျင်းနေတုန်း ။ စိတ်ဒါဏ်ရာတွေနဲ့ပြည့်နေတာလည်းဖြစ်နိုင်တယ် ။ ဒါမှမဟုတ်လည်း ဗလာကျင်းနေတုန်းပေါ့ ။

_ _ _ _ _

တစ်လကြာပြီးတော့ လူငယ်ထိန်းသိမ်းရေးကျောင်းကို ပစ္စည်းတစ်ခုရောက်လာတယ် ။ ဘယ်သူ့နာမည်မှမတပ်ထားဘူး ။ အဲ့အရာက အဆောင်အဝင်ဝကိုရောက်သွားတယ် ။ ဝင်တာနဲ့တန်းမြင်ရတဲ့ အိမ်မက်ဖမ်းတဲ့ လှပတဲ့ အပြာရောက် ပစ္စည်းလေးတစ်ခုပေါ့ ။

မြင်မြင်ခြင်းသူနားလည်လိုက်ပါတယ် ။ ဒုက္ခပဲ ဆိုပြီးတော့ ။

ဒါမယ့် ဘယ်လူကြီးကမှ သူ့လို ရာဇဝတ်သားစကားကိုနားမထောင်ကြပါဘူး ။

(စာကို Copy ယူပြီးပြန်တင်ခွင့်မပြုပါ)

Copyright © 2022 All Rights Reserved By Lustrum
Distributed By Lustrum Fiction Production


" စာမျက်နှာ ၄၉ (Page Number 49) "Author - Astraကျောင်းကအပြန်စာကြည့်တိုက်ဝင်ပြီး စာအုပ်ငှားဖတ်နေတာကတော့ ငယ်ငယ်ကတည်းကပါလာတ...
21/08/2023

" စာမျက်နှာ ၄၉ (Page Number 49) "
Author - Astra

ကျောင်းကအပြန်စာကြည့်တိုက်ဝင်ပြီး စာအုပ်ငှားဖတ်နေတာကတော့ ငယ်ငယ်ကတည်းကပါလာတဲ့အကျင့်တစ်ခုဖြစ်နေသောကြောင့် ယခုဆောင်းရာသီ ကျောင်းပိတ်ရက်ရှည်မတိုင်ခင်မှာ ကောင်းကောင်းဆိုတဲ့ ကျောင်းသားလေးက ကျောင်းစားကြည့်တိုက်ထဲမှာ ပိတ်ရက်မှာအပျင်းပြေဖတ်ဖို့ စိတ်ဝင်စားစရာကောင်းမဲ့ စာအုပ်တွေကိုမွှေနှောက်ကာရှာနေခဲ့မိသည်။ ရှာနေပေမဲ့လည်း ငရှာသာဖြစ်ပါလိမ့်မည်။ ကျောင်းစာကြည့်တိုက်ထဲက စာအုပ်တော်တော်များများက သူမဖတ်ဖူးတာဆိုလို့မရှိသလောက်ရှားနေလေပြီဖြစ်၏။ ခပ်လေးလေး ပျင်းတွဲတွဲခေါင်းစဥ်တွေနဲ့ ခေါက်ရိုးကျိုးနေတဲ့ ဆုံးမစာ၊ သင်ခန်းစာတွေပါတဲ့စာအုပ်တွေကိုကြည့်ရတာက စာဖတ်စိတ်ဝင်စားသော်လည်း ကြည့်ရင်းနဲ့ကို စိတ်တွေကုန်နေမိသည်ကတော့အမှန်ပင်။

တစ်တန်းပြီး တစ်တန်း..တစ်ကန့်ပြီးတစ်ကန့်သာကုန်သွားသည် လိုချင်သည့်စာအုပ်မှာ သုံးအုပ်လောက်သာထွက်လာခဲ့သည်။ စာအုပ်သုံးအုပ်လုံးကတော့ မတူညီတဲ့ အကြောင်းအရာနဲ့ စိတ်ကိုအရသာတစ်မျိုးစီပေးစွမ်းနိုင်တာတော့အမှန်ပင်ဖြစ်သည်။ တစ်အုပ်က ရိုးရာပုံပြင်စာအုပ်..၊ နောက်တစ်အုပ်က..သမိုင်းနဲ့ပတ်သတ်တဲ့စာအုပ်..၊ နောက်ဆုံးတစ်အုပ်ကတော့ အသစ်ထွက်ထားတဲ့ လူငယ်ကြိုက် သရဲဝတ္ထုပင်ဖြစ်သည်။ ထိုအသစ်ထွက်ထားသောသရဲစာအုပ်၏ ဆွဲဆောင်မှုကောင်းသော အဖုံးပါပန်းချီကြောင့် ထိုစာအုပ်ကိုရွေးချယ်ခဲ့မိသည်။ ကျောင်းစာကြည့်တိုက်က စာအုပ်တွေကိုအမြဲလိုလို အလှူခံနေကြဖြစ်ပြီး ယခုစာအုပ် အသစ်ကိုလည်းမည်သူလှူဒါန်းသလဲကို သိချင်မိသောကြောင့် စာအုပ်အဖုံးကလှန်ဖွင့်ပြီး အတွင်းကဗလာစာမျက်နှာအလယ်တွင်ထိုးထားသောလက်မှတ်တစ်ခုကို တွေ့ရလေသည်။

ထိုလက်မှတ်ကို ကျောင်းစာကြည့်တိုက်ထဲရှိစာအုပ်တိုင်းအလိုလိုမှာမြင်ဖူးနေကြဖြစ်သောကြောင့် ကောင်းစွာမှတ်မိသည်။

ကောင်းကောင်းမှာ အကျင့်တစ်ခုရှိတာက စာအုပ်မဖတ်ခင်မှာ လှူဒါန်းတဲ့လူရဲ့ နာမည် ဒါမှမဟုတ် လက်မှတ်ကို အမြဲရှာလေ့ရှိသည်။ အခုတွေ့ရတဲ့လူရဲ့ လက်မှတ်ပါတဲ့စာအုပ်တွေက စိတ်ဝင်စားဖို့ကောင်းတဲ့ စာအုပ်တွေများတာကိုတော့ သတိထားမိသည်။ ဘာပဲ ပြောပြော အခုလိုစိတ်ဝင်စားဖို့ကောင်းတဲ့စာအုပ်တွေကို အမြဲလှူပေးလို့ စိတ်ထဲမှာတော့ကျေးဇူးတင်နေမိသည်။ ပိတ်ရက်မှာဖတ်ဖို့ စာအုပ်အချို့ရလာတော့လည်း ကျေနပ်ရတာပေါ့လေ..

တစ်လက်စတည်းမှာပဲ ထိုစာအုပ်အလှူရှင်ရဲ့နာမည်ကိုလည်း သူသိချင်သလို၊ ထိုလူ၏အကြောင်းကိုပါသိချင်မိသောကြောင့် စာကြည့်တိုက်မှူးထံမေးကြည့်တော့..

"ကျောင်းအနောက်က ဆိတ်ငြိမ်ရပ်ကွက်ထဲမှာ စာအုပ်ဆိုင်လေးတစ်ခုဖွင့်ထားတယ်လေ..သူက အမြဲလှူနေကြ အလှူရှင်ပေါ့ကွ။ အဲ့ရပ်ကွက်ထဲမှာ စာအုပ်ဆိုင်ဆိုလို့ သူတစ်ဆိုင်တည်းရှိတာလေ"

ထိုရပ်ကွက်က လူချမ်းသာတွေများပြီး ခြံအကျယ်ကြီးတွေနဲ့ သိပ်ကိုလှတဲ့ရပ်ကွက်ကြီးတစ်ခုဖြစ်သည်။ စာအုပ်လေးသုံးအုပ်ကိုပိုက်ကာ အိမ်သို့ပြန်ခဲ့ပြီး ဆောင်းရာသီကျောင်းပိတ်ရက်ရှည်ကို အပြည့်အဝခံစားအနားယူဖို့စတင်ခဲ့သည်။

သို့ပေမဲ့နားရက်ရှည်ပင်မဆုံးလိုက်ပေ ကောင်းကောင်းကပဲ စာဖတ်အားကောင်းလို့လားပင်မသိပေ စာအုပ်သုံးအုပ်လုံးက ကျောင်းပိတ်ရက်ရှည်မပြည့်ခင်မှာ ဖတ်လို့ပြီးဆုံးခဲ့သည်။ ကျောင်းစာကြည့်တိုက်ကသွားငှားဖို့ရာမှာလည်း ကျောင်းနှင်အတူစာကြည့်တိုက်ပါပိတ်နေပြီဖြစ်သောကြောင့် အခွင့်အရေးကမရ..။ ဖုန်းနဲ့စာဖတ်ရတာကိုလည်း စိတ်သိပ်မပါသောကြောင့် ဖတ်ပြီးသားတွေကိုသာပြန်ဖတ်ရန် စာအုပ်လှန်လိုက်တော့ သူရင်းနှီးနေသောလက်မှတ်ကလေးကိုတွေ့လိုက်ရသောအခါပြုံးမိသွားသည်။ သူ့စိတ်ထဲမှာတွေးမိတာကတော့ "ငါအဲ့လူရဲ့စာအုပ်ဆိုင်ကိုရအောင်သွားမယ်"ဟုပင်ဖြစ်ပြီး စက်ဘီးကလေးကိုဆွဲယူကာ ညနေစောင်း ဆောင်းငွေ့ဝင်ချိန်မှာ ထိုဆိပ်ငြိမ်ရက်ကွက်ရှိရာသို့နင်းလာခဲ့လေသည်။

ဆောင်းငွေ့နဲ့ အအေးဓာတ်စိမ့်စိမ့်လေးကို လေပြေဝှေ့တိုင်းမှာခံစားမိသလို လေပြေကြောင့် မြေပြင်ပေါ်တွင် ကြွေကျနေသော သစ်ရွက်ကလေးများမှာလည်း လေအဝှေ့မှာ ပျံတက်နေကြသည်။ သစ်ရွက်ခြောက်များပေါ် စက်ဘီးတာယာနှင့်နင်းဖြတ်သွားတိုင်း "ဂျလျွတ်..ဂျလောက်" မြည်သံလေးများက စိတ်ထဲမှာစိုးမိုးနေစေသည်။

စက်ဘီးကလေးကိုတအိအိနင်းလာခဲ့ရာ ထိုရပ်ကွက်ထဲသို့ပင်ရောက်လေပြီ..၊ ခြံစည်းရိုးခပ်မြင့်မြင့်ကြီးများနှင့် အပွင့်နည်းနေပြီးဖြစ်သော သူဌေးတွေအလှပြစိုက်ထားသောပန်းပင်တွေက ထိုရပ်ကွက်ရဲ့သင်္ကေတဖြစ်ပါလိ့်မ်မည်။ ဆိတ်ငြိမ်ရပ်ကွက်တို့ရဲ့ထုံးစံအတိုင်း တိတ်ဆိတ်ငြိမ်သက်နေသောလည်း ဆောင်းအငွေ့အသက်တွေလွှမ်းခြုံနေသောကြောင့် လွှမ်းသလိုလို၊ ဆွေးသလိုလို..ကြောက်သလိုလိုနှင့် ခံစားချက်တွေရောထွေးနေတာထိုရပ်ကွက်ထဲကိုစဝင်လိုက်ကတည်းကပင်ဖြစ်၏။ သေချာအကွက်ချပြီးဆောက်ထားသောရပ်ကွက်ဖြစ်သဖြင့် လမ်းသိပ်မရှုပ်သောကြောင့် စာအုပ်ဆိုင်ကိုအလွယ်တကူရှာနိုင်ခဲ့သည်။

မှိိုင်းထိုင်းထိုင်းနှင့် အပြင်ပိုင်းပုံကြည့်ရတာပျင်းဖို့တော့ကောင်းနေတာပေါ့လေ။ ဒါပေမဲ့မှန်တံခါးမှာထောင်ထားတဲ့စာအုပ်ကလေးတွေကတော့ အဖုံးကြည့်ရုံနှင့်ပင် လူကိုဆွဲဆောင်နေလေသည်။ ဆိုင်နာမည်လေးကလည်း "Coven Book Shop" ဟုမှည့်ထားသောကြောင့် စိတ်ဝင်စားစရာပင်.. ဆိုင်တံခါးကိုဖွင့်ဝင်မိလေတော့ "ကလင်" ဟုမြည်သွားသော ခေါင်းလောင်းသံလေးက ဆိုင်ထဲကိုပျံလွှင့်သွားခဲ့သည်။ စာအုပ်နံသင်းသင်းနဲ့ ရေမွှေးနံပြင်းပြင်းတို့က နှာခေါင်းထဲသို့တိုးဝင်လာသောကြောင့် ခံစားချက်တို့ကိုဒွိဟဖြစ်စေခဲ့သည်။ စာအုပ်ဆိုင်ရဲ့ကောင်တာမှာ စတိုင်ပင်ဘောင်းဘီအနက်ရောင်နှင့် အကျီလက်ရှည်အဖြူကိုလက်ခေါက်ကာဝတ်ထားသော အရပ်ရှည်ရှည်နှင့်လူလတ်ပိုင်းအမျိုးသားတစ်ယောက်ကထိုင်နေတာကိုတွေ့ရသည်။ ထိုသူကစာအုပ်တစ်အုပ်ကိုငုံပြီးဖတ်နေရာရကနေ အသံကြားသောကြောင့်ခေါင်းထောင်ကြည့်ပြီး ပြုံးပြလိုက်လေသည်။

သူ့မျက်မှာကခပ်သွယ်သွယ်ကိုမှ မျက်ခုံးမွေးနက်နက်၊ နှာတံကစင်းပြီးချွန်နေသည်က အမှတ်မထင်ကြည့်လိုက်လျင် ကားတွန်တွေထဲက မှော်ဆရာလိုလို၊ ဘာလိုလိုပင်။ သို့ပေမဲ့ လူရည်လူသန့်တစ်ယောက်မှန်းတော့ ရိပ်စားမိပါသည်။အထူးသဖြင့်စိတ်ဝင်စားဖို့အကောင်းဆုံးက ထိုသူ၏ မျက်လုံးပင်ဖြစ်ပြီး ကောင်းကောင်းကိုကြည့်နေရင်းနှင့်ပင်သူ့မျက်လုံးကဂဏာမငြိမ်ဖြစ်နေသည်။ စိတ်ထဲမှာတော့အနည်းငယ်ခုမိသော်လည်း ဘာမှမဖြစ်ပါဘူးလေဟုတွေးကာ သူစီထားသောစာအုပ်တွေကိုလိုက်ကြည့်မိသည်။

ဒီဇိုင်းဆန်းဆန်းအဖုံးပါသောစာအုပ်တွေနှင့် ရှားပါး ရှေးဟောင်းစာအုပ်တွေကိုတွေ့ရသည်။ စာအုပ်သရဲ ကောင်းကောင်းအတွက်ကတော့ဒီစာအုပ်ဆိုင်လေးက ရတနာပုံကြီးလိုကိုဖြစ်နေတော့သည်။ ထိုစဥ် ခပ်ပြင်းပြင်းရေမွှေးနံ့တစ်ခုကိုနှာခေါင်းထဲတွင်ခံစားမိလိုက်ရပြီး လူတစ်ယောက်အနောက်သို့ရောက်နေသည်ကိုပါထပ်တူခံစားလိုက်ရသည်။

"ဘယ်စာအုပ်ကိုစိတ်ဝင်စားလဲ..ဘယ်စာအုပ်ကိုဝယ်ချင်သလဲ"
"ဝယ်ဖို့လားဗျ..။အာ..ကျွန်တော်မှာအဲ့လောက်ပိုက်ဆံမတတ်နိုင်ဘူးဗျ။ ဒီစာအုပ်တွေကစျေးကြီးမဲ့ပုံဗျ.."
"ဟုတ်လား..မင်းဘယ်လောက်လို့ထင်လို့လဲ"

"ရှိမှာပေါ့...ကျနော့်လက်ထဲမှာရှိတဲ့ ငွေထက်လေးဆ၊ ငါးဆလောက်"

ထိုအခါထိုဆိုင်ရှင်အမျိုးသားက ပြုံးကာကောင်းကောင်း ရဲ့ပုခုံးကိုကိုင်ပြီး..

"ငွေငါးထောင်ရဲ့ငါးဆ ဆိုတော့ နှစ်သောင်းခွဲပေါ့၊ လေးဆဆိုရင် နှစ်သောင်းပေါ့"
"အင်း..အဲ့လောက်ပေါ့"

ကောင်းကောင်းလက်ထဲမှာလည်းငွေငါးထောင်သာပါတာဖြစ်သောကြောင့် ဆိုင်ရှင်ခန့်မှန်းတာမှန်သွားခဲ့လေသည်။ အေးဆေးတိတ်ဆိတ်နေသော စာအုပ်ဆိုင်လေးထဲမှာ ကောင်းကောင်းနဲ့ဆိုင်ရှင်ရဲ့အသက်ရှုသံနှင့် နံရံကပ်နာရီမှ "ချောက်ချောက် ချက်ချက်" အသံသာရှိပြီး တိတ်ဆိတ်နေသည်။ ဆိုင်ရှင်အမျိုးသားကတော့ထပ်မံပြီးတော့...

"မင်း အခုပြထားတဲ့စာအုပ်တွေထဲက ဘယ်စာအုပ်တွေကိုဖတ်ချင်လဲ..ပြောပြကြည့်လေ"
"အာ..ပြောရရင်တော့အကုန်ဖတ်ကြည့်ချင်တာပေါ့ဗျ"
"ဟားဟား..ဟုတ်ပါပြီ၊ ဒါဖြင့်ငါ့စာအုပ်ဆိုင်ကိုဘယ်လိုသိပြီးရောက်လာတာလဲ။ အကိုကချောင်ကျတဲ့နေရာမှာဖွင့်ထားတာဆိုတော့..တော်ရုံလူမလာကြဘူးလေ"

ဆိုင်ရှင်ပြောသောစကားမှာလည်းမှန်ပေသည်..၊ ယခုအထိသူ့ဆိုင်ထဲသို့ဝင်လာသော ဝယ်သူလည်းမသေးပေ။ ကောင်းကောင်းစာအုပ်တွေကြည့်နေတာဖြင့် အချိန်အတန်ကြာလေပြီဖြစ်သည်။

"ကျွန်တော်တို့ကျောင်းစာကြည့်တိုက်ကို အကိုစာအုပ်တွေလှူဖြစ်တယ်မလားဗျ.."
"အကိုလှူတဲ့စာအုပ်တွေကစိတ်ဝင်စားဖို့ကောင်းတယ်လေ..ဒါကြောင့် စာအုပ်လှူတဲ့အလှူရှင်ကိုသိချင်လို့ ကျွန်တော်စုံစမ်းကြည့်ပြီးတော့ အကို့ဆီရောက်လာတာပဲ"
"ကောင်းပါတယ်..ကောင်းပြီလေညီလေး။ မင်းစိတ်ဝင်စားတဲ့တစ်အုပ်ရွေးကြည့်ပေါ့.."

ထိုသို့ပြောပြီးထိုလူက အနောက်မှထွက်ခွာသွားခဲ့သည်။ အမှန်က ထိုလူမှသာရွေးခိုင်းတာ အကြိုက်ကများနေသောကြောင့် ဘာရွေးရမှန်းမသိပေ..။ ဆောင်းတွင်းရောက်နေပြီဖြစ်သောကြောင့် နေတာတို သဖြင့်နေကလည်းဝင်ကာ အလင်းပင်ပျောက်လုပျောက်ခင်ဖြစ်နေလေပြီ။ ဘယ်အချိန်ရှိပြီလဲသိချင်သောကြောင့် ဖုန်းကိုထောင်ပြီးဖွင့်ကြည့်လိုက်ရာ ဖုန်းကကြောင်ပြီး ကင်မရာကိုဖွင့်မိသွားလေတော့သည်။ ကင်မရာထဲမှပြန်ထွက်ရန်အလုပ်မှာ တစ်ခုကိုသတိ ထားမိလိုက်သည်က အနောက်ကျောဘက်တွင်ရှိသော စာအုပ်စင်ပေါ်မှ စာအုပ်တွေရှေ့တွင် အမျိုးအမည်ဖော်မရလောက်သည့် အခိုးအငွေ့မဲမဲကြီးများက လူပုံသဏ္ဍာန်ဖြင့်မတ်တပ်ရပ်နေသည့်ပုံပေါ်နေသည်ကို တွေ့ရလေသည်။

လန့်သွားပြီးနောက်သို့ကြည့်မိလေတော့ ကျောခိုင်းကာ စာအုပ်ဖုန်သုတ်နေသော ဆိုင်ရှင်အမျိုးသားသာတွေ့သည်။ ထိုအခါမှစိတ်သက်သာရာရသွားပြီး ဖုန်းကိုပြန်ကြည့်တော့ Front Camera ဖြစ်နေရာမှ Back Cameraဘက်ခြမ်းကပုံရိပ်သို့ ဘာမှမနှိပ်ရသေးဘဲပြောင်းသွားခဲ့ပြီး စာအုပ်တစ်အုပ်ကိုသူ့အလိုလိုပင်ဓာတ်ပုံရိုက်သွား၏။

"ဟမ်.." ဟုပင်အာမေဋိတ်အသံထွက်အောင်ပင် ကြောင်အမ်းအမ်းဖြစ်သွားရသည်။

"သြော်..လိုချင်တဲ့စာအုပ်ကိုဓာတ်ပုံတွေပါရိုက်လို့ပါလား"
"ဗျာ..ဟို.."

ကောင်းကောင်းငြင်းချိန်တောင်မရလိုက်ပေ ဆိုင်ပိုင်ရှင်မှာစာအုပ်ကိုယူပြီးသူ့လက်ထဲသို့ထည့်ပေး လိုက်တော့သည်။ အမှန်တိုင်းပြောရလျှင်..ထိုစာအုပ်ကိုသူကြိုက်တဲ့ထဲမှာတော့မပါပေ..။ ကောင်းကောင်း က စာအုပ်တစ်အုပ်ဖတ်တော့မယ်ဆို စာအုပ်ရဲ့ပုံစံနဲ့ခေါင်းစဥ်ကိုကြည့်ပြီးမှ ဖတ်တတ်တဲ့လူဖြစ်သောကြောင့် ယခု သူအမှတ်မထင်ဓာတ်ပုံရိုက်မိသွားတဲ့စာအုပ်မှာ ထောင်ပြထားသောစာအုပ်အားလုံးအနက် သူစိတ်ဝင်စားမှုမရှိဆုံးသောစာအုပ်ဆိုလည်းမှားမည်မထင်ပေ။

လက်ထဲမှ ခပ်ရိုးရိုးဘာစာအုပ်ဖုံးဒီဇိုင်းမှမပါတဲ့စာအုပ်လေးကိုကြည့်ပြီး ကောင်းကောင်းတစ်ယောက်စိတ်ပျက်နေမိသည်။

"ဘာလဲ..စာအုပ်ကဘာဖြစ်နေလို့လဲ"
"မဟုတ်ဘူးဗျ..ကျွန်တော်မကြိုက်တဲ့စာအုပ်ဖြစ်နေလို့"
"ဟုတ်လား..ဘာလို့မကြိုက်တာလဲ"
"ပြောရမှာတော့..ရှက်ဖို့ကောင်းတယ်ဗျ။ ကျနော်ဒီလိုစာအုပ်အဖုံးမှာ ဒီဇိုင်းမပါတဲ့စာအုပ်တွေဆိုမဖတ်ချင်လို့"

"ဟဟ..၊ သြော်..ကလေးတွေနဲ့နော်။ ဆန်းကြယ်ပါပေ့ဗျာ။ ဒါအသစ်ထွက်တဲ့စာအုပ်..တော်တော်များများဒီစာအုပ်ထဲကဇာတ်လမ်းကိုကြိုက်ကြတယ်"
"ဟုတ်လားဘယ်သူရေးတာလဲ"
"ဖတ်ကြည့်ပေါ့..အိမ်ရောက်တဲ့အခါ"

ဆိုင်ပိုင်ရှင်က ညို့ဓာတ်ပါသည်လားပင်မသိပေ..။ စိတ်ထဲမှာတော့ ဆိုင်ပိုင်ရှင်ပြောနေသည်များကို အလိုလိုလိုက်နာနေမိသည်။ ထိုလူမှာ ဘယ်လိုညို့ယူအားတွေရှိတာလဲ ဟုပင်သံသယဝင်မိသည်။

"ဒါဘယ်လောက်ပေးရမလဲ.."
"ပါသလောက်ပေးခဲ့လေ.."
"ဟုတ်ကဲ့..ကျေးဇူးပါခင်ဗျ"
"သြော်. ဒါနဲ့ ဒီစာအုပ်ကိုဖတ်လို့ပြီးတဲ့အခါ အကိုဆီပြန်လာခဲ့ပါ"
"ဟုတ်..ဟုတ်ကဲ့"ဟုကောင်းကောင်းလည်း ဘုမသိဘမသိနှင့် ခေါင်းငြိမ့်နေမိသည်။ ထိုအခါမှဆိုင်ရှင်က ခနဲ့သလိုအပြောမျိုးနှင့်..

"နောက်တစ်ကြိမ်တော့ ပြန်လာနိုင်ပါစေ။ စာအုပ်ဖတ်လို့မပြီးဘဲပြန်လာမယ်ဆိုအကို့ကိုတွေ့ရမှာမဟုတ်ဘူးနော်" ဟုပြောကြားခဲ့သည်။

ထူးဆန်းတယ်လို့ ထင်ပေမဲ့ကောင်းကောင်းလည်း လက်ထဲ၌ပါသောငါးထောင်တန်တစ်ရွက်ပေးကာ ထိုဆိုင်မှုစာအုပ်ကိုယူပြီးထွက်လာခဲ့သည်။ ဘာကြောင့်မှန်းမသိခဲ့ပေမဲ့..ထိုစာအုပ်က လေးကို ကောင်းကောင်းရွေးချယ်ခဲ့မိလေသည်။ စာအုပ်နာမည်ကရှင်းရှင်းလေးပါ.. ''You'' တဲ့လေ။

သိပ်တော့အထူကြီးမဟုတ်ပေမဲ့လည်း စာအုပ်ထဲမှာဘာအကြောင်းအရာတွေပါမလဲသူစိတ်ဝင်စားနေခဲ့မိသည်။ အိမ်ရောက်တာနဲ့စာအုပ်ကိုမဖတ်သေးဘဲ အိပ်ယာပေါ်တွင်လှဲကာ လှန်လောကြည့်နေမိသည်။ စာမျက်နှာတစ်ခုချင်းကိုလှန်ခဲ့ရာ တစ်နေရာအရောက်..အတိအကျဆိုရသော စာမျက်နှာနံပါတ် (၄၉) အရောက်တွင် ထူးခြားတာတစ်ခုကိုတွေ့လိုက်ရသည်။

ထိုစာမျက်နှာတစ်ခုလုံးရှိစာများကိုရစရာမရှိအောင် ကောက်ခြစ်ထားပြီး စာမျက်နှာနံပါတ်သာကျန်ခဲ့သည်။ ထိုစာမျက်နှာနံပတ်ကလေးကိုဝိုင်းကာ အမှတ်အသားပြုလုပ်ထားသည်ကိုလည်းတွေ့လိုက်ရသည်။ စာအုပ်အဟောင်းများလားကြည့်ရအောင်လည်း စာအုပ်ဆိုင်မှာ သူကိုယ်တိုင်ဝယ်ထားသော အသစ်ချွတ်ချွတ်စာအုပ်ပင်ဖြစ်သည်။ စာရေးဆရာပဲမှားခြစ်မိတာလား ဟုထင်ပြီးထိပ်ဆုံးစာမျက်နှာတွင်စာရေးဆရာရဲ့နာမည်ကိုရှာဖွေခဲ့မိသည်။

ထိုအခါမှမျက်လုံးပြူးသွားသည်ကို ဆရာရေးဆရာနာမည်မှာ ကောင်းကောင်းဖြစ်နေပြီး စာရေးသူ၏ပုံတွင်လည်းသူ၏ပုံဖြစ်နေလေသည်။ တစ်ခုခုကတော့ လွဲနေပြီဆိုတာကိုကောင်းကောင်းသိလိုက်သလို..တစ်ချိန်တည်းမှာပဲ ထိုစာအုပ်ကိုစိတ်ဝင်စားမိသည်။

အဲ့နေပြီးနောက်နေ့ကစပြီး စာအုပ်ဆိုင်မှာငါးထောင်နဲ့ပေးဝယ်ထားသောစာအုပ်ကို ဖတ်ရှုမိသည်။ ပိုပြီးစိတ်ဝင်စားဖို့ကောင်းသည်က ထိုစာအုပ်မှာရေးထားသော အကြောင်းအရာများမှာ သူ၏အကြောင်းအရာများပင်ဖြစ်သည်။ သူမွေးခါစအချိန် လူမှန်းမသိတတ်ခင်ကအကြောင်းအရာများပင်ပါနေသေးသည်က ပို၍အံ့သြသွားခဲ့သည်။ အဖေနဲ့အမေများနောက်နေတာလား ထင်ပြီးစာအုပ်ပြမေးခဲ့သော်လည်း မိဘနှစ်ပါးလုံးကလှောင်ရယ်ခြင်းကိုခံခဲ့ရသေးသည်။ တစ်ဖြေးဖြေးနှင့် ဖတ်လာခဲ့တာ နောက်ဆုံးသူအထက်တန်း ကျောင်းသားဖြစ်လို့ ယခုနှစ်ကျောင်းဖွင့်ချိန် ဆောင်းရာသီပိတ်ရက်ရှည်တွင် ယခုစာအုပ်ကိုရောင်းခဲ့သော စာအုပ်ပိုင်ရှင်ထံမှစာအုပ်ဝယ်ခဲ့သော အကြောင်းထိပင်ရောက်လာခဲ့တော့သည်။ ထိုအကြောင်းရာပြီးလေတော့ နောက်တစ်မျက်နှာကိုဆက်ဖတ်ကြည့်ဖို့ကြည့်လိုက်လေရာ တနေ့က စာမျက်နှာတစ်ခုလုံးကိုခြစ်ချထားသော စာမျက်နှာ (၄၉)ရှိနေသည်ကိုတွေ့လိုက်ရသည်။

ကောင်းကောင်းတစ်ယောက်အနည်းငယ်တော့ဒေါသထွက်မိသွားသည်။ သူ၏ရှိစုမမဲ့စုပိုက်ဆံလေးနှင့်ဝယ်ထားသော်လည်း ဘာမှစိတ်ဝင်စားစရာမရှိသော မိမိဘဝကိုပြန်ဖတ်နေရသောကြောင့် ထိုစာအုပ်ရောင်းတဲ့ဆိုင်ရှင်ကိုဒေါသထွက်မိသည်။ ပိုဆိုးသည်က တစ်ခါမှစာပင်မရေးဖူးသော သူကိုယ်တိုင်ကဒီစာအုပ်ရဲ့စာရေးဆရာဖြစ်နေခြင်းကိုက အဓိပ္ပါယ်မရှိသလိုခံစား
စေရသည်။ ကိုယ့်ဘဝကိုအကျဥ်းချုပ်ရေးထားတာကို ပြန်ဖတ်နေရသလိုဖြစ်နေသည့်သာအုပ်ကို ယူကာ ထိုဆိတ်ငြိမ်ရပ်ကွက်ထဲက စာအုပ်ဆိုင်သို့ ညနေဆောင်းငွေ့လွှမ်းခြုံချိန်မှာသွားခဲ့လေသည်။ ဒီတစ်ခေါက်မှာတော့ လမ်းမှသစ်ရွက်ခြောက်မျာအပေါ်တွင်မောင်းနှင်မိသောအခါထွက်လာသော"ဂျလျွတ်..ဂျလောက်" မြည်သံတွေက သူ၏စိတ်မရှည်မှုကိုပိုပြီး တိုးစေခဲ့သည်။

စိတ်မရှည်မှုတွေကိုထွေးပိုက်ရင်းမောင်းနှင်လာခဲ့ရာ နောက်ဆုံး၌ ထိုစာအုပ်ဆိုင်ရှေ့သို့ရောက်လာခဲ့သော်လည်း ကံဆိုးစွာနဲ့ဆိုင်ပိတ်ထားသည်ကိုတွေ့ရသည်။ ဆိုင်အနားသို့ချည်းကပ်ကာ တံခါးမှန်မှတဆင့်အတွင်းထဲသို့ကြည့်မိလေတော့ ခပ်ရေးရေးအလင်းရောင်အောက်က စာအုပ်တွေစီထားတာကိုသာတွေ့ရသည်။ ခရီးပဲသွားတာလား..အပြင်များခဏသွားလေသလားကိုတော့သူလည်းမသိပေ။ ဒီနေ့မတွေ့ရလျှင်နောက်နေ့လာမည်ဟုဆုံးဖြတ်ကာ ပြန်သွားခဲ့ပြီး နောက်ရက်၌ထိုဆိုင်သို့ပြန်လာခဲ့သော်လည်း ဆိုင်မှာ ပိတ်ထားပြန်သေးသည်။

စာအုပ်လိမ်ပြီးရောင်းသွားသည်ဟု စိတ်ထဲမှာစွပ်စွဲကာ အခဲမကြေ ဖြစ်မိသည်။ ထိုစဥ်ရုတ်တရပ်ခေါင်းထဲသတိရမိတာ စာအုပ်ကိုပြီးအောင်မဖတ်ရင် သူ့ကိုတွေ့ရမှာမဟုတ်ဘူးဆိုသောစကားပင်ဖြစ်သည်။ အနည်းငယ်တော့ကြောင်တောင်တောင်နိုင်ပေမဲ့ ထိုလူပြောတဲ့အတိုင်း စာအုပ်ကိုပြီးအောင်ဖတ်ကြည့်လျှင်သူနဲ့တွေ့နိုင်မည်ဆိုသောစကားကိုယုံကြည်ချင်လာမိသည်။ ဖတ်မရသော စာမျက်နှာ ၄၉ ရဲ့အနောက်စာမျက်နှာမှာဘာတွေကိုရေးထားမလဲကိုလည်းသိချင်မိသည်။ ကောင်းကောင်းလည်းဆိုင်းတွမနေတော့ဘဲ စာအုပ်ကိုလှန်ကာ စာမျက်နှာ ၅၀ ကိုလှန်ကြည့်လိုက်တော့..စာအုပ်ဆိုင်ရဲ့မှန်တံခါးဘောင်ထဲမှာရပ်နေသော လူပုံစံခပ်ရှည်ရှည်အရိပ်မဲတစ်ခုကိုရေးဆွဲထားတာ တွေ့ရပြီးထိုစာအုပ်ဆိုင်ရှေ့မှာမတ်တပ်ရပ်ပြီးစာအုပ်ဖတ်နေသော သူ၏ပုံကိုပါရေးဆွဲထားသည်ကိုတွေ့ရသည်။

"ဟာ.."ဟူသောအာမေဋိတ်အသံရဲ့အဆုံးမှာလက်ထဲမှ စာအုပ်ပင်လွတ်ကျသွားတော့သည်။ ဒီစာအုပ်ကဘာလဲဟုသောမေးခွန်းများက ခေါင်းထဲတွင်ပဲ့တင်ထပ်နေတော့သည်။ နောက်ထပ်စာမျက်နှာမှာတော့ စာပိုဒ်တစ်ခုကို တစ်မျက်နှာထဲ၌အပြည့်ရေးထားခဲ့သည်။ ထိုစာပိုဒ်က..

"ကျွန်တော်မြေပြင်ပေါ်ကျသွားတဲ့စာအုပ်ကို ကိုင်ပြီးစာမျက်နှာ ၅၁ က စာပိုဒ်ကိုဖတ်ခဲ့သည်။ ကျွန်တော်က ကျွန်တော့်အနောက်သို့ချည်းကပ်လာမဲ့အရာကိုမသိဘဲ ထိုစာမျက်နှာကိုဖတ်နေခဲ့တယ်။စာအုပ်ဆိုင်ထဲက သူကတံခါးဖွင့်ပြီးခြေလှမ်းစနေပြီကိုတောင်တော်ရုံနှင့် သတိမပြုမိပေ။.."

ကောင်းကောင်းလည်းစာအုပ်ကိုကောက်ကိုင်လျက်သားနှင့် ဘေးနားကစာအုပ်ဆိုင်ကိုကြည့်လိုက်တော့ ရုပ်ပုံထဲကအတိုင်း အရိမ်မဲကမှန်ဘောင်ထဲကနေရပ်ကြည့်နေသည်။ သူလည်း လန့်သွားပြီးစာအုပ်ကိုပြန်ကြည့်ပြီးနောက်စာမျက်နှာ လှန်ကြည့်လိုက်တော့ သတိပေးစကားတစ်ခုကိုအထပ်ထပ်ရေးထားခဲ့သည်။

"နိုင်ချင်ရင်ပြေး..နိုင်ချင်ရင်ပြေး" ဟူသောစကားလုံးများနှင့်ပြည့်နှက်နေသောစာမျက်နှာများကမနည်းမနှောပေ။ ကောင်းကောင်းလည်းစာအုပ်ကိုမြေပြင်ပေါ်သို့လွှင့်ပစ်လိုက်ပြီး ကြောက်လန့်လာခဲ့သည်။ စိတ်ထဲလည်းမလုံမလဲတွေဖြစ်လာသဖြင့် စာအုပ်ဆိုင်ဘက်ကြည့်လိုက်လေတော့ တံခါးပွင့်နေပြီး လူပုံစံအရိပ်မဲကတံခါးဝကနေထွက်လာရန်ခြေလှမ်းနေလေပြီ..။

ဘာမှမစဥ်းစားနိုင်တော့ဘဲနှင့်စက်ဘီးကို့သော့ဖွင့်ပြီး နင်းပြေးမည်အပြင်မှာ အနောက်မှအရာတစ်ခုခုက သူ့အားအိခနဲနေအောင်ပြေးပွက်သွားသည်ကိုခံစားရပြီး အိစက်နေသောခံစားချက်မျိုးနှင့် အနက်ရောင်အခိုးအငွေ့တွေက အမြင်အာရုံတစ်ခုလုံးပင်ဘာမှမမြင်ရလောက်အောင်ပင် သူ၏တစ်ကိုယ်လုံးကိုဖုံးအုပ်သွားခဲ့သည်။ ပကတိအမှောင်အတိဖြစ်သွားပြီး ထိုအမှောင်ထုမျိုးကိုတစ်ခါမှမခံစားဖူးသောကြောင့် သိမ်ငယ်စိတ်နှင့် ကြောက်စိတ်တို့ကဖုံးလွှမ်းလာခဲ့ တော့သည်။ လွှမ်းခြုံထားသောအမှောင်ထုက သူ၏အတွင်းစိတ်ထဲအထိကိုပါ ရိုက်ခတ်ရလောက်အောင်ထိ ဘာလို့ကြောက်ဖို့ကောင်းရတာပါလဲ..ထိုခံစားချက်မျိုးကို ကောင်းကောင်းတစ်ခါမှ မခံစားခဲ့ဖူးပေ။

ထို့အပြင်သူ့ကိုတနေရာရာသို့တဖြေးဖြေးနှင့်ဆွဲခေါ်သွားသည်ကိုလည်း သူ၏ခန္ဓာကိုယ်အနှံ့ကခံစားမိသည်။ တဖြေးဖြေးနှင့် သူ၏ကိုယ်ကိုလွှမ်းခြုံထားသော အမည်မသိအရာကြီးကတအိအိနှင့် သူ့ထံမှခွာနေပြီကိုစိတ်ထဲ၌ခံစားမိသောကြောင့် ကြောက်လွန်းလို့ပိတ်ထားသောမျက်လုံးများကိုဖွင့်လိုက်မိတော့ သူ့အိမ်တံခါးဝသို့ပြန်ရောက်နေသည်ကိုတွေ့လိုက်ရသည်။ ကောင်းကောင်းလည်းပျော်သွားပြီး တံခါးဖွင့်ဝင်ခါ အိမ်ထဲသို့ပြေးဝင်ပြီးအဖေနဲ့အမေကိုရှာပေသော်လည်း တစ်အိမ်လုံးသာနှံစပ်သွားတယ် လူမတွေ့သောကြောင့် မောမောနှင့် ခုံတစ်လုံးပေါ်ပစ်ထိုင်ချလိုက်တော့သည်။ ပုံမှန်ဆိုလင်းထိန်နေသောအိမ်ရှိမီးများမှာပင် ခပ်မှိန်မှိန်ဖြစ်နေပြီး ထူးထူးဆန်းဆန်း အခန်းတွင်းအပူချိန်ပင်နည်းနေသေးသည်ကိုခံစားရသည်။ စိတ်ထဲ၌လည်း ကိုယ့်အိမ်ကိုရောက်နေတာမဟုတ်နိုင်ဘူးလို့ သံသယဝင်လာမိသည်။

"ဒါဆိုဘယ်ကိုရောက်နေတာလဲ..ဘယ်နေရာလဲ.." ဟုပင် မိမိကိုယ်ကိုပြန်မေးခွန်ထုတ်နေမိသည်။ ခုံပေါ်မှထကာ အိမ်ပေါ်ကို လှေကားမှတစ်ဆင့် တက်ကာမိမိအခန်းသို့ပြန်ခဲ့ရန်ပြင်ခဲ့တော့လေသည်။ လှေကားတထစ်ဆီကိုတက်လိုက်တိုင်းမှာပင်ပေါ်လာသော သစ်သားများ၏ "တကျွီကျွီ" မြည်သံမှာ ယနေ့ကျမှ ခြောက်ခြားဖို့ကောင်းနေမိသည်။ အိပ်ယာပေါ်မှာခြေပစ်လက်ပစ်လှဲပြီး နဖူးပေါ်လက်တင်ကာ မျက်နှာကျက်ပေါ်မှ တအိအိလည်နေသော ပန်ကာဒလက်များ ကိုကြည့်ကာ စိတ်သက်သာရာရစေရန်ကြိုးစားမိသည်။ ဘယ်လိုအကြောင်းကြောင့်ယခုလိုမျိုးနေရောက်နေရသလဲနှင့် ဘာတွေဖြစ်နေလဲကိုသူကောင်းကောင်းမသိခဲ့ပေ။

အိမ်မက်မက်နေသည်ဆိုလျှင်လည်း အမြန်နိုးပါတော့..ဟုပင်ဆုတောင်းနေမိသည်။

အိမ်ကြီးတစ်ခုလုံးမှာလည်း တိတ်ဆိတ်ခြောက်ကပ်၊ အေးစက်ခြောက်ခြားဖွယ်ရာအငွေ့အသက်တွေအပြည့်ရှိနေသည်ကိုခံစားနေမိသောကြောင့် စိတ်မလုံဖြစ်နေရသည်။ စိတ်ရဲ့ပြုစားမှုက အတော်ကိုခြောက်ခြားဖို့ကောင်းကြောင်း သိခဲ့ရလို..အပ်ကျသံပင်မကြားရ လောက်အောင်တိတ်ဆိတ်နေမှုကြီးကလည်း စိတ်ကိုဘဝင်မကျဖြစ်နေစေသည်။ မည်သို့စကားပြောရမလဲဆိုတော့..နွေးထွေးမှုတွေမရှိတော့ဘူးဟုဆိုလျှင်ရလောက်ပေမည်။

ထိုနားထဲသို့ခပ်တိုးတိုးလေသံလေးတစ်ခုဝင်လာပြီး ထိုလေသံလေးထဲမှာပါလာသော အမှာစကားလေးတစ်ခုကိုလည်း ကြားယောင်မိသည်။

"ပြီးချင်ရင်..ငါ့ချပေးတဲ့ကစားပွဲကိုနိုင်အောင်ဆော့"ဟုပင်ဖြစ်သည်။ ထိုသို့စကားသံရေးရေးလေးကြောင့် အိပ်ယာထဲလှဲနေရာမှာ ငေါက်ခနဲထထိုင်လိုက်မိသည်။

"ဘယ်လိုနိုင်အောင်ဆော့ရမလဲ..ဘာကိုနိုင်အောင်ဆော့ခိုင်းတာလဲ"ဟူသောအတွေးက သူ၏ခေါင်းထဲဝင်လာခဲ့သည်။ မသိစိတ်ထဲမှာသိနေတာတစ်ခုကတော့ ယခုလိုဖြစ်နေတာကနေ ရုန်းထွက်လို့ရမဲ့လမ်းစတစ်ခုလို့ယုံကြည့်နေမိခြင်းပင်ဖြစ်သည်။

ဘေးဘီဝဲယာကြည့်မိပြီး အိပ်ယာပေါ်က စောင်နှင့် ခေါင်းအုံးတွေကိုလှန်လောပြီးရှာရန် မသိစိတ်ကခိုင်းစေလိုက်သဖြင့် လိုက်လုပ်မိရာခေါင်းအုံးအောက်မှ စာအုပ်တစ်ခုကိုတွေ့လေသည်။

သေချာသည် သူလွင့်ပစ်ခဲ့သောစာအုပ်ပင်ဖြစ်သည်။ ဝမ်းသာအားရစာအုပ်ကိုလှန်လိုက်ရာ ပထမဆုံးလှန်မိတာက စာမျက်နှာ ၄၉ ပင်ဖြစ်နေပြီး ထုံးစံအတိုင်းခြစ်ချထားပြီး ဘာတွေရေးထားလဲမမြင်ရပေ..။ အနောက်စာမျက်နှာတွေကိုလှန်ပြီးကြည့်ရာ "နိုင်ချင်ရင်ပြေး..နိုင်ချင်ရင်ပြေး" ဟူသော သတိပေးစာတွေထပ်နေသော စာမျက်နှာတွေသာထပ်နေသောကြောင့် စာမျက်နှာအသစ်မပေါ်မလာခြင်းလှန်ခဲ့လေရာ နောက်ဆုံးစာမျက်နှာကုန်ခါနီး သုံးရွက်အလိုတွင် စာပိုဒ်တစ်ခုကိုတွေ့ရသည်။

"ကျွန်တော်အိပ်ယာပေါ်မှာထိုင်ပြီး သူချပေးတဲ့ကစားပွဲထဲကထွက်ဖို့ကြိုးစားခဲ့သည်။ သတိပေးစာတွေထပ်နေသော စာရွက်တွေရဲ့အဆုံးမှာ သူက သူ့ကစားပွဲရဲ့အဓိကအပိုင်းမှာပါဝင်ဖို့လမ်းညွှန်းထားသည်။ ကျွန်တော်စာအုပ်ဖတ်နေစဥ်မှာပဲ ပိတ်ထားသော အိပ်ခန်းတံခါးပွင့်လာပြီး အောက်ထပ်သို့ဆင်းသွားရန် ကျွန်တော်ရဲ့စိတ်ကိုတစ်ယောက်ယောက် ဆော်သြနေသည်။ ကျွန်တော်လည်းအောက်သို့ဆင်းသွားပြီး အိမ်အပြင်ထွက်သည့်တံခါးမကြီးကိုဖွင့်လိုက်ရာ ဖြူဖွေးနေသောအခန်းကြီးတစ်ခုထဲကိုရောက်ခဲ့သည်။ ထိုအခန်းထဲမှာ ကျွန်တော်အသက်အရွယ်ကောင်လေး၊ ကောင်မလေးတွေအများကြီးက ကျွန်တော်လက်ထဲမှာကိုင်ထားတဲ့စာအုပ်နဲ့တူညီတဲ့စာအုပ်တွေကို ကိုင်ထားကြပြီး မတ်တပ်ရပ်နေကြသည်"

စာပိုဒ်ကိုဖတ်၍ဆုံးသော စာပိုဒ်ထဲကအတိုင်း အိပ်ခန်းတံခါးကရုတ်တရပ်ပွင့်လာသောကြောင့် ကောင်းကောင်း အနည်းငယ်ကျောချမ်းသွားရပြန်သည်။ နောက်ဆုံးကျန်သောစာမျက်နှာနှစ်ခုတွင်ဘာပါမလဲဖတ်ကြည့်ရန်လှန်တော့ ဗလာဖြစ်နေသည်ကိုသာတွေ့ရသည်။ မထူးပါဘူးဟုတွေးက စာပိုဒ်ထဲကအတိုင်းအိမ်အောက်ထပ်သို့ဆင်းကာ တံခါးဖွင့်လိုက်ချိန်တွင် စာပိုဒ်ထဲမှာပါတဲ့အတိုင်းပင်အဖြူရောင်အခန်းကြီးထဲရောက်သွားခဲ့သည်။ အခန်းဝမှာအကြာကြီးရပ်ပြီး ထိုကောင်လေး၊ကောင်မလေးတွေကို ကြည့်နေမိသော်လည်း သူတို့မှာ ဘာမှပင်မလုပ်ကြဘဲ ငြိမ်သက်ကာ ကျောက်ရုပ်များကဲ့သို့ပင်ဖြစ်နေသည်။

ကောင်းကောင်းလည်း လွတ်နေသောနေရာလေးတစ်ခုကိုယောင်ချာချာနှင့်သွားပြီးသူတို့နှင့်နည်းတူတန်းစီမိခဲ့သည်။ သူ့ဘေးနားက ကောင်မလေး၏မျက်နှာကို တစ်ချက်ကြည့်မိတော့ ကောင်မလေးကမျက်နှာတည်တည်ကြီးနှင့်ခံစားချက်မဲ့သလိုကြီးဖြစ်နေသည်။

ထိုစဥ်သူတို့အနောက်ကနေတစ်ယောက်ယောက်ဖြတ်လျှောက်လာသည့်အသံကိုသူကြားလိုက်ရသည်။ သူ့အနောက်မှ ထိုဖြတ်လျှောက်သွားသူဖြတ်သွားသောအခါရလိုက်ရသောရေမွှေးနံ့ကြောင့်ဘယ်သူမှန်း ကောင်းစွာရိပ်စားမိပြီး..စာအုပ်ဆိုင်ပိုင်ရှင်ထံမှရသောရေမွှေးနံ့ပင်ဖြစ်သည်ကို ကောင်းကောင်းမှတ်မိသည်။ ထိုပိုင်ရှင်အမျိုးသားကဘယ်လိုဖြစ်ပြီးရောက်လာသည်ကိုလည်း သူသိချင်မိသည်။ ထိုပိုင်ရှင်အမျိုးသားက စီစီရီရီရပ်နေကြသောလူတွေရှေ့တွင်ရပ်ကာ ပြီးကြည့်နေလေတော့သည်။

"ကဲ..မင်းတို့သိချင်နေတဲ့ စာမျက်နှာမှာဘာတွေပါလဲကြည့်လို့ရပြီ" ဟု အသံကျယ်ကျယ်နှင့် အော်ကာပြောလိုက်တော့သည်။ ထိုအသံအဆုံးမှာ ကောင်းကောင်းမှတစ်ပါးကျန်လူများမှာ သူတို့လက်ထဲကစာအုပ်ကိုဖွင့်လိုက်ပြီး စာမျက်နှာတစ်ခုကိုလှန်ကြည့်ကြလေတော့သည်။ စာအုပ်လှန်ကြည့်ပြီးခဏအကြာမှာ တစ်ယောက်တစ်မျိုးစီကိုအရူးထကြလေတော့သည်။ တချို့ကောင်လေးများမှာ ပါးစပ်မှသွေးတွေအန်ကြသသလို၊ တစ်ချို့မှာသူတို့ရပ်နေသောအောက်ကြမ်းပြင်မှနေ၍ ခပ်မဲမဲအရာတစ်ခုကဆွဲခေါ်သွားခြင်းခံရပြီး တချို့မှာလည်းတစ်ယောက်နှင့်တစ်ယောက်နပန်းတွေပင်လုံးကုန်ကြသည်။

မိမိဘေးမှကောင်မလေးမှာလည်း ရုတ်တရပ်ဆိုသလိုတဟားဟားနှင့်အားပါတရထပြီးအသံကျယ်ကြီးနှင့် ရယ်တော့သည်။ တချို့ဆိုလျှင် မိမိဗိုက်ကိုဓားနှင့်ပြန်ထိုးသူ၊ အော်ကြီးဟစ်ကျယ်နှင့်ငိုကြသူ နှင့်မျက်လုံးထဲတွင် ပရမ်းပတာဖြစ်နေပြီး တိတ်ဆိတ်နေသောအဖြူရောင်အခန်းကြီးမှာ ပြောင်းဆန်သွားသည်။ ဗိုက်ထဲကအူတွေထွက်ကျတဲ့အထိအောင် တစ်ယောက်နှင့်တစ်ယောက်ဓားထိုးမရပ်ကြသလို..တချို့မှာလည်း ကြမ်းပြင်နှင့်ခေါင်းနှင့်ထိုင်ဆောင့်ကြသူများလည်းရှိကြသေးသည်။ အော်ဟစ်ပူဆွေးနေကြသောအသံများက မသိလျှင်ငရဲခန်းကြီးထဲရောက်သွားသလိုပင်။ အားလုံး၏အရှေ့မှ လက်နောက်ပစ်ကာပြုံးပြုံးကြီးနှင့်ကြည့်နေသော ဆိုင်ပိုင်ရှင်မှာလည်း မသိလျှင်ပွဲကြည့်နေစည့်အလားပင် သူ၏အပြုံးမှာပီတိဖြာနေသလိုပင်။ မျက်ဝန်းတစ်ခုလုံးလည်းမဲနက်လို့နေပြီး ထိုမျက်ဝန်းမဲမဲကြီးများနှင့် ကောင်းကောင်းကို ပါးစပ်နားရွတ်ချိတ်မတတ်ပြုံးကာ စိုက်၍ကြည့်နေသည်။ ထိုသူ၏အကြည့်ကိုလည်း ကောင်းကောင်းကြောက်လာမိသည်။ ထိုသူ၏မျက်ဝန်းများကစာအုပ်ကိုလှန်ရန်အမိန့်ပေးနေသလိုဖြစ်နေပြီး ကောင်းကောင်းလည်း အညို့ခံလိုက်ရသလိုစာအုပ်ကိုလှန်ကာကြည့်တော့သည်။

သို့သော်လည်းသူဖတ်ခဲ့ဖူးသောသူ့ဘဝအကြောင်းတွေကိုရေးထားသောစာအုပ်ပင်ဖြစ်နေသည်။ ကောင်းကောင်းလည်းဇောချွေးများပြန်လို့တစ်ရွက်ပြီးတစ်ရွက်ကိုလှန်လှောကြည့်နေရာ နောက်ဆုံးတွင်စာမျက်နှာ ၄၉ သို့ရောက်ခဲ့သည်။ စာမျက်နှာ ၄၉ မှာတော့ ခြစ်ထားသောအရာများမရှိတော့ဘဲ လေးထောင့်ပုံအကွက်လေးထဲမှာ အလင်းရောင်ဖြာထွက်နေသော ထောင်မှန်ပုံထွက်ပေါက်လေးတစ်ခုပုံကိုရေးဆွဲထားသည်ကိုတွေ့ရသည်။ ထိုစာမျက်နှာကိုကြည့်နေတုန်းမှာ သူ၏ခြေထောက်နှစ်ချောင်းကို အောက်မှတစ်စုံတစ်ဦးကဖမ်းဆွဲလိုက်သည်ကိုသတိထားမိလိုက်သည်။ ကြမ်းပြင်မှာအပေါက်တစ်ခုပေါ်လာပြီးကောင်းကောင်းကိုဟိုးအောက်ဆုံးထိဆွဲခေါ်သွားခြင်းကိုခံလိုက်ရပြီး အော်ဟစ်ချိန်ပင်မရလိုက်ပေ။ အရှိန်နှင့်ဆွဲခေါ်သွားရာမှာ အုန်းခနဲ့ဟူသောမြည်သံပင်ထွက်လာအောင်ခပ်မာမာအရာတစ်ခုအပေါ်ဆောင့်ပြီးပစ်ချခံလိုက်ရသည်။ မှောက်ရပ်လဲနေရာမှပင်မထနိုင်သေး ပင်အနောက်မှာခေါင်းကိုကိုင်ပြီး ကြမ်းပြင်နှင့်နဖူးကိုဆောင့်ခံလိုက်ရသောအခါ ငယ်သံပါအောင်ပင်အော်မိတော့သည်။ နဖူးမှသွေးတွေစိမ့်ကျလာသည်ကိုကောင်းကောင်းခံစားမိပြီး အားကောင်းလွန်းလှသောလက်ကြီးနှင့်ညှစ်ပြီးခေါင်းကိုကိုင်ထားသောကြောင့် ခေါင်းမှာလှုပ်မရပေ။ ငယ်သံပါအောင်အော်ဟစ်နေသော်လည်း မညှာမတာခေါင်းနှင့်ကြမ်းပြင်ကို အဆောင့်ခံနေရသည်။

ကောင်းကောင်းလည်းနောက်ဆုံးသည်းမခံနိုင်တဲ့အဆုံး အားကုန်သုံးကာကုန်းထပြီး ရုန်းထွက်ကာထပြေးလေတော့ အနောက်ကဂုတ်ကိုဆွဲထားသောကြောင့် လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ကာ ထိုဆောင့်ဆွဲထားသောအရာကို ထိုးကြိတ်တွန်းထုတ်လိုက်တော့သည်။ ထိုးကြိတ်တွန်းထုတ်ပြီးခါမှကြည့်မိတော့ လူပုံစံခပ်ရှည်ရှည်အရိပ်မဲကြီးတစ်ခုပင်ဖြစ်နေလေတော့သည်။ ထိုအရိပ်မဲကြီးတွန်းထုတ်ခံရသောကြောင့် လဲကျသွားရာမှထပြီး ကောင်းကောင်းနောက်ကိုပြေးလိုက်တော့သည်။ ကောင်းကောင်းလည်း ကြောက်ကြောက်နှင့်ပြေးနေမိတော့သည်။ သစ်သားကြမ်းပြင်ကတကျွီကျွီနှင့်မြည်နေပြီး ဘေးဘီကိုကြည့်မိတော့လည်း အလင်းရောင်အားနည်းသောကြောင့် ရေရေရာရာသိပ်မမြင်ရပေ။

ပြေးရင်း ပြေးရင်းနဲ့နောက်ဆုံးမှာ စာအုပ်ထဲတွင်ဖော်ပြထားသော အလင်းရောင်ဖြာထွက်နေသောထွက်ပေါက်တစ်ခုကိုခပ်လှမ်းလှမ်းမှာတွေ့လိုက်ရသောအခါမှာ ဝမ်းသာသွားပြီး အားကုန်သုံးကာထိုထွက်ပေါက်ထံပြေးသွားခဲ့သည်။ အနောက်မှလည်း တအုန်းအုန်းနှင့်မြည်အောင် လိုက်လာသောခြေသံများကလည်း တဖြေးဖြေးနီးကပ်လာသောကြောင့် မမှီလိုက်မှာကိုစိုးရိမ်မိခဲ့သည်။ ထွက်ပေါက်နားလည်းရောက်လေသော် မရှိမဲ့ရှိမဲ့အားတွေကိုစုကာခုန်ထွက်လိုက်သည်။ စူးရှတဲ့အလင်းရောင်များကထွက်ပေါက်မှထွက်ခွာသွားသည်နှင့် မျက်လုံးကျိန်းလှအောင်ထွက်ပေါ်လာခဲ့သည်။ ထိုအလင်းရောင်များတဖြေးဖြေးမှိန်သွားလေသော်အခါမှ သေချာကြည့်မိတော့ မျက်နှာကျက်တစ်ခုကိုတွေ့လိုက်ရသည်။ ထိုအချိန်မှာ စိတ်ထဲပေါ်လာသည်မှာအမေပင်ဖြစ်သောကြောင့် အမေဟု တိုးတိုးကလေးပါးစပ်ကခေါ်မိသည်။ ကောင်းကောင်းရဲ့ခေါ်သံအဆုံးမှာ သူ့မိခင်ထံမှ သားဖြစ်သူသတိပြန်လည်လာသောကြောင့်ဝမ်းသာအားရဖြစ်သွားသော စကားသံများနှင့်အတူ ငိုနေသောအမေ့ရဲ့မျက်နှာကိုမြင်လိုက်ရသည်။ ကောင်းကောင်းလည်း ထိုအခါမှနွေးထွေးမှုကိုခံစားလိုက်ရပြီး..နေရာမှန်ပြန်ရောက်လာခဲ့ပြီဟုသိလိုက်ရသောကြောင့် စိတ်အေးသွားခဲ့ရသည်။

ဒီလိုနဲ့ရက်နည်းနည်းကြာတော့ ခေါင်းကပတ်တီးနှင့်ဆေးရုံမှဆင်းခဲ့ရသည်။ အိမ်ကလူတွေပြန်ပြောတာကတော့ အိပ်ခန်းထဲက ကြမ်းပြင်ကိုခေါင်းနှင့်ကိုယ့်ဘာသာကိုယ်ဆောင့်ပြီး တဟားဟားနဲ့ကြောက်စ

Address

Yangon

Alerts

Be the first to know and let us send you an email when Lustrum Studio posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category