01/09/2022
မွန် MSDF-S တပ်ဖွဲ့ ပထမဆုံးစစ်ဆင်ရေးအဖြစ် ခေါဇာရဲစခန်းကို ဝင်တိုက်၊ ရဲများသေဆုံးထိခိုက်ရှိ
မောင်မောင်/People’s Spring
မွန်ပြည်ကာကွယ်ရေးတပ်-တောင်ပိုင်း(MSDF-S) တပ်ဖွဲ့ဝင်များသည် ယနေ့ နံနက်က မွန်ပြည်နယ် ရေးမြို့နယ် ခေါဇာရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း MSDF-Sက သတင်းထုတ်ပြန်သည်။
စက်တင်ဘာ ၁ရက် နံနက် ၆နာရီတွင် ဆင်ဖြူစစ်ဆင်ရေးအမည်ဖြင့် ခေါဇာမြို့ ရဲစခန်းကို တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ခဲ့သည်ဟု ဆိုသည်။
တိုက်ပွဲအပြီးတွင် MSDF-S ရဲဘော်များ အောင်မြင်ဘေးကင်းစွာပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း ထုတ်ပြန်ထားပြီး ကနဦးသတင်းများအရ ရဲများ သေဆုံးထိခိုက်များနိုင်ကြောင်း၊ အသေအပျောက်ထိခိုက် ဒဏ်ရာများရရှိသည်ဟု သိရသော်လည်း အရေအတွက်အတိအကျကို စုံစမ်းဆဲဖြစ်ကြောင်း ဖော်ပြထားသည်။
မွန်ပြည်သူအများစု နေထိုင်ရာ ခေါဇာမြို့တွင် အခြေချထားသည့် ရဲစခန်းနှင့် (ခလရ)တပ်ရင်း (၃၁) တို့သည် ရေးတောင်ပိုင်းဒေသအတွင်း မွန်လူငယ်များအကြား မြင်းဆေးအပါအဝင် မူးယစ်ဆေးဝါး ဖြန့်ဖြူးရာတွင် အဓိက အားပေးဆောင်ရွက်နေကြပြီး ၎င်းလုပ်ငန်းမှ ဝင်ငွေ ရှာဖွေနေခြင်းဖြစ်သည်ဟု ထုတ်ပြန်ထားသည်။
ယခုပြုလုပ်သည့် ဆင်ဖြူစစ်ဆင်ရေးသည် MSDF-S မွန်ပြည်ကာကွယ်ရေးတပ်တောင်ပိုင်း စတင်တည်ထောင်စဉ်ကတည်းက ပထမဦးဆုံးသောစစ်ဆင်ရေးဖြစ်သည်ဟု ဆိုသည်။
MSDF-S သည် စစ်အာဏာရှင်ပြုတ်ကျသည်အထိ ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု သံဓိဌာန်ချထားသော မွန်လူမျိုးများနှင့် မွန်ပြည်နယ်အတွင်း ရှိပြည်သူများနှင့်ဖွဲ့စည်းထားသော ကာကွယ် ရေးတပ်ဖြစ်ကြောင်း ထုတ်ပြန်သည်