KZaw - ကေဇော် Publishing

KZaw - ကေဇော် Publishing Book Publishing

အနုပညာရှင် ပစ္စည်း ကဗျာ နဲ့ စာပေပညာရှင် ပစ္စည်း အတတ် တို့ အပြန်အလှန် မြှင့်တင်တဲ့ ဆုံမှတ်အဖြစ် စာအုပ် လုပ်ခဲ့တယ်။ တက္ကသိ...
02/10/2025

အနုပညာရှင် ပစ္စည်း ကဗျာ နဲ့
စာပေပညာရှင် ပစ္စည်း အတတ် တို့
အပြန်အလှန် မြှင့်တင်တဲ့ ဆုံမှတ်အဖြစ်
စာအုပ် လုပ်ခဲ့တယ်။
တက္ကသိုလ် မြန်မာစာ စာသင်သား နယ်မှာ ကျေးဇူးပြုနိုင်ခဲ့တယ်။
ဆက်လက်၍ "အမိုက်မ" လာလည်မယ်။
ဘယ်သူတွေ ဧည့်ခံကြမလဲ။

ကမ္ဘာ့ရေးရာ စာအုပ်များ အနာဂတ်မှာ ဘာတွေ ဖြစ်နိုင်သလဲ ခန့်မှန်းဖို့ အတိတ်မှာ ဘာတွေ ဖြစ်ခဲ့သလဲ သိဖို့ လိုပါတယ်
01/10/2025

ကမ္ဘာ့ရေးရာ စာအုပ်များ
အနာဂတ်မှာ ဘာတွေ ဖြစ်နိုင်သလဲ ခန့်မှန်းဖို့
အတိတ်မှာ ဘာတွေ ဖြစ်ခဲ့သလဲ သိဖို့ လိုပါတယ်

၂၀၂၂ ခုနှစ် စာအုပ် ထုတ်ဝေရေး တစ်ကျော့ပြန် လုပ်စဥ် မိတ်ဆက်ခဲ့တဲ့ စာနှစ်အုပ်၊ ဒါမျိုးတွေ လုပ်လို့ အရူးထတာဟု အပြောခံရ, မှတ်...
30/09/2025

၂၀၂၂ ခုနှစ် စာအုပ် ထုတ်ဝေရေး တစ်ကျော့ပြန် လုပ်စဥ် မိတ်ဆက်ခဲ့တဲ့ စာနှစ်အုပ်၊
ဒါမျိုးတွေ လုပ်လို့ အရူးထတာဟု အပြောခံရ, မှတ်ချက်ပြုခံခဲ့ရ၊
ယခုလည်း ဆက်ပြီး ခပ်သွပ်သွပ်ပါပဲ....၊
ကိုယ် လုပ်ချင်တာ လုပ်နေရရင် စိတ်ချမ်းသာတာပါပဲ။
#ကေဇော်စာအုပ်တိုက် #လင်းသစ်ပြည်စာပေ
KZaw - ကေဇော် Publishing
Linn Thit Pyi လင်းသစ်ပြည် စာပေ
Kay Zaw Thin
#ကေဇော်

ဖတ်စရာ မှ တွေးစရာ တွေးစရာ မှ အသိပညာ
29/09/2025

ဖတ်စရာ မှ တွေးစရာ
တွေးစရာ မှ အသိပညာ

ဘုန်းကြီးကျောင်းမှာဘီးရောင်းမယ်လွတ်လပ်သည့်တိုင်းပြည်
27/09/2025

ဘုန်းကြီးကျောင်းမှာဘီးရောင်းမယ်
လွတ်လပ်သည့်တိုင်းပြည်

 #ခုနစ်ထွေဘီလူး |  #ဝင့်ပြုံးမြင့် |  #စာမြည်း_၅.........— ၃ —  (အဆက်)     .တစ်နေ့ပြီးတစ်နေ့ ကျွန်တော်တို့ ဘဝသည်  ရင်နာစ...
26/09/2025

#ခုနစ်ထွေဘီလူး | #ဝင့်ပြုံးမြင့် | #စာမြည်း_၅.........
— ၃ — (အဆက်)
.
တစ်နေ့ပြီးတစ်နေ့ ကျွန်တော်တို့ ဘဝသည် ရင်နာစရာ ကောင်းသော လမ်းအတိုင်း တစ်သွားတည်း သွားနေကြဆဲ။ မီးဖိုချောင်ထဲ ကျွန်တော့် သားကို တွေ့လျှင် ကျွန်တော် ခေါင်းဆတ်ပြသည်။ အာရဗီ စကားဖြင့် ဖုန်း ပြောနေသော သူ့အသံကို ကျွန်တော် ကြားသည်။ ထိုကလေး ဘယ်သူပါလိမ့်။ ထိုကလေး ဘယ်ကရောက်လာပါလိမ့်။ သူက ကျွန်တော်တို့ကို သူစိမ်းတွေလို ကြည့်လျှင် ကျွန်တော်တို့ကလည်း သူစိမ်းကို ငေးသလို ငေးနေရုံသာ။
တစ်နေ့တခြား စိတ်ဆင်းရဲစရာ များလာသည်။ ၂၀၁၂ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ဂျေး တက်နေသော ကျောင်း၏ ကျောင်းအုပ်ဆရာကြီးက ရဲ ခေါ်သည်။ အစ္စလာမ်ဘာသာကို မသက်ဝင် မယုံကြည်သူများအား သုတ်သင်ရှင်းလင်းမည်ဟု ဂျေး ခြိမ်းခြောက်သော အမှု။
ဤအချိန်သည် အတိမ်းအစောင်း မခံသော ကာလ ဖြစ်ကြောင်း ကျွန်တော်တို့ မိဘများ မသိခဲ့။ မိဘများအနေနှင့် ကျွန်တော်တို့တွင် ရွေးချယ်စရာ နှစ်ခု ရှိသည်။ ဂျေး၏ စိတ်ဝင်စားမှု အသစ်ဖြစ်သော အစ္စလာမ် ဘာသာကို ဆန့်ကျင်ခြင်း၊ သို့မဟုတ် နားလည်ပေးရန် ကြိုးစားခြင်း။ မိဘများကို ကျွန်တော် ပြောပြလိုသည် မှာ– ထိုကိစ္စမျိုးကို ကြုံရပြီဆိုလျှင် ဗလီနှင့် ဆိုင်ရာ အသင်းအဖွဲ့များကို အပြစ်လုံးလုံး ပုံမချဖို့ပင်။ ထိုအသင်းအဖွဲ့များကို သင် အပြစ်တင်လျှင် သင့်သား မျက်စိထဲ ပိုအရည်ပြောင်လာပေတော့မည်။ ဥပမာ သင့်သားသည် ကလေးမတစ်ယောက်ကို အိမ်ခေါ်လာသည် ဆိုပါစို့။ ထိုကလေးမသည် ထောင်ထွက်ဖြစ်ပြီး လည်ကုပ် တွင်လည်း တက်တူး ရှိသောကြောင့် သင် သဘောမကျ။ ထိုအခါ သင် ဘာလုပ်မည်နည်း။ သင့်သားကို အော်ဟစ်ငေါက်ငမ်းပါက သင့်သားသည် ထိုကလေးမကို ပိုစွဲပေတော့မည်။ ထိုကလေးမကို သင်က ထမင်းစား ဖိတ်ပြီး ကောင်းကောင်းမွန်မွန် ဆက်ဆံပါက သင့်သားသည် ငြိမ်ကျသွားပြီး ထိုကလေးမကို အရှိအတိုင်း မြင်ပေလိမ့်မည်။
ကျွန်တော်တို့ကတော့ ပထမ နည်းလမ်းကို ရွေးခဲ့မိသည်။ အကြောင်းမှာ ကျွန်တော်တို့ ကိုယ်တိုင်သည် အတွေ့အကြုံ မရှိ။ ကျွန်တော်တို့ ကိုယ်တိုင် ဗျာများနေခဲ့သည်။ သို့ဖြင့် ကျွန်တော်တို့ မှားခဲ့သည်။ ကျွန်တော့် အနေဖြင့် ဂျေးကို မေး သင့်သည်။
“မင်း ဘာဖြစ်လို့ ဒီဘာသာကို ဒီလောက် သက်ဝင်ကြည်ညိုတာလဲ”
ကမ္ဘာကြီးကို ဂျေး မျက်လုံးနှင့် ကျွန်တော် ကြည့်သင့်ခဲ့သည်။ ထိုအစား ကျွန်တော်သည် ငါ မိဘဆိုသော မိဘမျိုး ဖြစ်ခဲ့သည်။ ကျွန်တော်တို့ ကွန်ဒိုခန်း ကျဉ်းကျဉ်းလေးထဲ ငြင်းခုံရန်ဖြစ်သံများ ညံထွက်ကာ မိသားစု သဟဇာတ ဖြစ်မှု သည် လမ်းပေါ် ခုန်ထွက်သွားပြီး ဘယ်တော့မှ ပြန်ပေါ်မလာတော့ပေ။
Sharia4Belgium ကို နားလည်ဖို့ ကျွန်တော် တစ်ကြိမ် ကြိုးစားခဲ့ဖူးသည်။ ကျွန်တော်သည် ဘက်ကာဆမ် ထံ ဖုန်းဆက်ပြီး ကျွန်တော့် အိမ်ကို လာဖို့ ဖိတ် သည်။ ထိုလူနှင့် ကျွန်တော် တွေ့မှ ဖြစ်မည်။ ဂျေးတစ်ယောက် သူ့ကို ဘာကြောင့် ဒီလောက် အထင်ကြီးသလဲ နားလည်ဖို့ လိုသည်။ ဘက်ကာဆမ်သည် ကျွန်တော့်ထံ အလည်လာဖို့ ချက်ချင်း သဘောတူလိုက်သည်။ သူ ဟိုလိုလို ဒီလိုလို လှီးလွှဲရှောင်တိမ်းမည် သို့မဟုတ် ခပ်ရိုင်းရိုင်း တုံ့ပြန်မည်ဟု ကျွန်တော် ထင်ထားခဲ့ရာ ယခုတော့ အထင်နှင့်အမြင် ပါစင်အောင် လွဲသည်။ သူသည် ကျွန်တော်နှင့် တွေ့ဖို့ အားတက်သရော ရှိနေသည်။
တစ်ခုသော နေ့လယ်ခင်းတွင် သူသည် နောက်တော်ပါ အသီအတွဲဖြင့် ကျွန်တော့်အိမ် ရောက်လာသည်။ အားလုံးကို ဧည့်ခန်းထဲ ကျွန်တော် ခေါ်သွားသည်။ ဘက်ကာဆမ်သည် အစ္စလာမ္မစ်တို့ ဝတ်လေ့ရှိသော သင်တိုင်းရှည်ကို ဝတ်ထား သည်။ သူသည် ကျွန်တော်နှင့် လက်ဆွဲ နှုတ်ဆက်ပြီး ကျွန်တော့်ကို ပြုံးပြကာ စကား ပြောသည်။
သူ့ စကားလုံးတွေ အောက်မှာ ကျွန်တော့်သား ဘာကြောင့် နစ်မွန်းကျဆုံးသွားသလဲ ဆိုသည်ကို ကျွန်တော် ချက်ချင်း သဘောပေါက်ရပါသည်။ သြဇာ တိက္ကမနှင့် ပြည့်စုံခြင်း ဟူသည် ထင်သာမြင်သာသော အရာ။ ထိုအရာသည် ဘက်ကာဆမ်တွင် ရှိနေသည်။
ဘက်ကာဆမ်သည် အားလုံးကို မဟုတ်ရပါကြောင်း ငြင်းဆို သွားသည်။ ကျွန်တော့် သားကို ဂျီဟတ်အတွက် လေ့ကျင့် ပေးနေသလားဟု ကျွန်တော် မေးလျှင် ဘက်ကာဆမ်ခမျာ ထိတ်လန့်တကြား။ သူ စုံစမ်းပါဦးမယ်ဟု ဆိုသည်။ ကျွန်တော့်သား ပုန်ကန်တတ်လာကြောင်း ပြောလျှင် သူက မွတ်စလင်ကလေးတစ်ယောက် မဖြစ်သင့်ပါဟု သူဆိုကာ ဂျေးထံ မျက်စောင်းကြီး ထိုးသည်။ “ညနေတိုင်း ဒီကလေး အိမ်ကပ်ဖို့ လိုပါတယ် မစ္စတာဘွန်တစ်ခ်” ဟု ဘက်ကာဆမ် ဆိုသည်။ ဘက်ကာဆမ်သည် ကျွန်တော့်ကို အမြဲ မစ္စတာဘွန်တစ်ခ် ဟု ခေါ်သည်။ “ဒီကလေး တော်တည့် မှန်ကန်စေရပါမယ်ဗျာ” ဟု ဘက်ကာဆမ် အာမဘန္တေ ခံသည်။ သူတို့ အဖွဲ့သည် နားလည်မှု လွဲခံ နေရကြောင်း၊ သူတို့တွင် ဘာမှ ဖုံးကွယ်ထားစရာ မရှိကြောင်း၊ ဒုက္ခ ရောက်နေသူများအတွက် ပရဟိတ လုပ်ကြောင်း၊ ဘက်ကာဆမ် ပြောသည်။
“ဆန္ဒရှိရင် ကျွန်တော်တို့ ဌာနချုပ်ကို လာကြည့်ပါဗျာ။ အဲဒီမှာ ပတ်သာ ကြည့်။ ဒါမှ မစ္စတာဘွန်တစ်ခ် စိတ်အေးသွားမယ်”
ဤသည်မှာ သူတို့၏ နည်းပရိယာယ် တစ်စိတ်တစ်ပိုင်း ဖြစ်သည်။ အဖွဲ့နှင့် ပတ်သက်သော တကယ့် သတင်းများကို မွတ်စလင် လူသစ်လေးများ၏ နောက်ခံမိသားစုကို အသိမပေး။ သူတို့ အသုံးပြုသော အစွန်းရောက် စာပေများကို ဌာနချုပ်တွင် မထားဘဲ အဖွဲ့ဝင်များ၏ နေအိမ်တွင်သာ သိမ်းဆည်းထားသည်။
သူတို့က ကျွန်တော့် ဇနီးကိုပင် ပြောသွားသေးသည်။
“ပုံမှန်အတိုင်းဆိုရင် ကျွန်တော်တို့က အမျိုးသမီးတွေကို စကား မပြောပါဘူး။ အခုကိစ္စမှာတော့. . .”
စသည်ဖြင့် ဘက်ကာဆမ်သည် ပြုံးပြုံး ပြုံးပြုံးနှင့် ပြောသွားရာ ကျွန်တော့်မှာ သူ့ ခြွင်းချက်ကြီးအတွက် ကျေးဇူးပင် တင်မိတော့သည်။ ယခုတော့ ကျွန်တော်သိပြီ။ သူတို့သည် တစ်ဖက်ကမ်းခတ် တော်သော အရောင်းသမားများ။ သူတို့ သည် ကျွန်တော်တို့ တည်ခင်းသော ကော်ဖီနှင့် မုန့်များကို လုံးဝ မတို့။ သို့သော် အခြား နည်းလမ်းဖြင့် ယဉ်ကျေးဖွယ်ရာ ရှိနေသည်။ သဘောထား ကြီးသယောင် ရှိနေသည်။
ကျွန်တော်သာ ဆယ့်ခြောက်နှစ် သားလေးဆိုလျှင် ဘက်ကာဆမ်၏ ညှို့ ဓာတ်ထဲ အရည်ပျော် ဆင်းသွားဖို့ သေချာသည်။ သို့သော် သူ့ နောက်တော်ပါများ ၏ အမူအရာသည် ကျွန်တော့်အတွက် သရိုးသရီ ဖြစ်စရာ။ ခေါင်းဆောင်က အချက်ပေးမှ သူတို့ စကား ပြောသည်။ သူတို့ တစ်ခုခုကို ဖုံးကွယ်ထားသည်ဟု ကျွန်တော် ခံစားရသည်။
ကျွန်တော်သည် ဘက်ကာဆမ်၏ ဖိတ်ခေါ်ချက်ကို လက်သင့် ခံလိုက်သည်။ ည ရှစ်နာရီခန့်တွင် သူတို့ ဌာနချုပ်ကို ကျွန်တော် သွားသော် သူတို့ လက်ချာရိုက်နေချိန်။ ကျွန်တော် တွေးထားသည်မှာ—
“ဒီကောင်တွေ ဥပဒေနဲ့ ဆန့်ကျင်တာ တစ်ခုခု လုပ်လို့ကတော့ ငါ ရဲသွားတိုင်မယ်။ ဘက်ကာဆမ်ကို ဖမ်းပြီး အဲဒီ နေရာကို ပိတ်ပစ်လိုက်မယ်။ စိန်လိုက်စမ်း”
အပြင်ဘက်မှ ကြည့်လျှင် ဌာနချုပ်သည် သာမန် အုတ်တိုက်လေးနှင့်တူသည်။ အတွင်းကို ဝင်လိုက်လျှင် ပုံမှန် ဧည့်ခန်းလေး တစ်ခန်း။ တီဗီနှင့် ဆိုဖာများ နေရာချထားသော ပုံမှန် ဧည့်ခန်းလေး။ ဧည့်ခန်း နောက်ဘက်တွင်မူ ဘုရား ဝတ်ပြုခန်းနှင့် လက်ချာရိုက်သော အခန်း။ လက်ဝဲဘက်တွင် စားဖိုဆောင်။ အိမ်သည် သာမန် ဘယ်လ်ဂျီယံ နေအိမ် တစ်လုံးသာ ဖြစ်သည်။ ကျွန်တော့် ဘဝတစ်လျှောက် ထိုပုံစံအိမ်မျိုး ဒါဇင် ချီအောင် ရောက်ခဲ့ဖူးသည်။ အိမ်ပုံစံအရ Sharia4Belgium သည် “ငါတို့ ဌာနဆိုတာ မြို့ထဲက နာရီဆိုင်အတိုင်း ငြီးငွေ့စရာကြီး။ လာလှည့်စမ်းပါကွာ၊ လာကြည့် လှည့်စမ်းပါ။ ကမောက်ကမဆိုလို့ ဘာ တစ်ခုမှ မင်း တွေ့မှာ မဟုတ်ပါဘူး” ဟု ဆိုနေသယောင် ရှိသည်။
အိမ်သည် အစ္စလာမ်ဘာသာ သက်ဝင်ယုံကြည်သူ၊ သင်တိုင်းရှည်ဝတ် လူငယ်များဖြင့် အမြဲတစေ စည်ကားနေသည်။ သူတို့က ကျွန်တော့်ကို ကြည့်သည်။ အချို့က ခေါင်းညိတ် နှုတ်ဆက် ပြုံးပြကြသည်။ သို့သော် ကျွန်တော့် စိတ်ထဲ ခံစားရသည်မှာ ကျွန်တော့်ကို အသိမပေးဘဲ ထားသော လျှို့ဝှက်ချက် ရှိမြဲရှိနေသည်။ ယခု ကျွန်တော် မြင်နေရသည်မှာ အိမ်၏ တကယ့် လုပ်ဆောင်မှု မဟုတ်။ Sharia4Belgium ၏ တကယ့် အစစ်အမှန် လည်ပတ် လုပ်ဆောင်မှု မဟုတ်။
ကျွန်တော် ဝင်ထိုင်ပြီး ဘာသာရေး ပို့ချချက်ကို နားဆင်သည်။ ပထမ နေ့တွင် အာဖဂန်နစ္စတန်နှင့် တာလီဘန် တို့၏ ကံကြမ္မာ အကြောင်း၊ နောက်တစ်ရက်တွင် ဆီးရီးယား၊ နောက်တစ်ရက်တွင် လူမျိုးရေး ခွဲခြားမှုနှင့် အစ္စလာမ် ကြောက်စိတ်စွဲ Islamophobia အကြောင်း။ ကမ္ဘာတစ်ဝန်းရှိ မွတ်စလင်များသည် ပစ်မှတ်ထား ခံနေရကြောင်း၊ ထို့ကြောင့် ယုံကြည်သက်ဝင်သူ အချင်းချင်း ဖေးမကူညီရမည် ဖြစ်ကြောင်း၊ ခရစ်ယာန်များသည် ကိုယ်ကျင့်တရား ပျက်ပြားသူများဖြစ်ကြောင်း၊ မွတ်စလင်တို့၏ ပိုင်နက်မြေအပေါ် မတော်လောဘ ရှိကြောင်း စသည်ဖြင့် ပြောဟော သွားကြသည်။
ပြောဟောသူများသည် အင်တိုက်အားတိုက် ရှိသည်။ သို့သော် ‘ဂျီဟတ်’ ‘စစ်ရေးစစ်ရာ’ ‘လက်နက်’ စသော စကားလုံးများကို လုံးဝ မသုံး။ အစိုးရသည် သူတို့ အသင်းကို စောင့်ကြည့်နေကြောင်း သိသည်။ ထိုအခါ သတိ မပြတ်တမ်း ထားကြသည်။
သို့တိုင် အခန်းထဲရှိ လူတို့၏ ဒေါသကို ခံစားရနိုင်သည်။ ဟောပြောသူတို့၏ အသံသည် လှိုက်လှိုက်လှဲလှဲ နှင့် ရံခါတွင် ဒေါသကို ဆွပေးနိုင်သည်။ ‘ကြည့်စမ်းပါဦး၊ အစ္စလာမ် ဘာသာကို မယုံကြည် မသက်ဝင် သူတွေဟာ ကျုပ်တို့ရဲ့ ညီနောင်တွေအပေါ် ဘာတွေ ကျူးလွန်ကြသလဲ’ ဆိုသော စကားသည် သတင်းပို့ချက်ဖြစ်သည်။ ထိုစကားသည် ချက်ကောင်းကို ဆော်ခြင်းဟု ကျွန်တော် အတပ် ပြောနိုင်သည်။
ကျွန်တော် ထိခိုက် ချောက်ချားရသည်မှာ ဘက်ကာဆမ်နှင့် သူ့ ဗိုလ်ပါ တချို့မှ လွဲလျှင် အခန်းထဲရှိ လူအားလုံးသည် ငယ်ငယ်နုနု လူငယ်များသာ။ မုတ်ဆိတ်ဖြူများ မရှိကြ။ Sharia4Belgium သည် ဆယ်ကျော်သက်နှင့် နှစ်ဆယ်ဝင်စ လူငယ်များကိုသာ ပစ်မှတ်ထားကြောင်း သိသာ ရှင်းလင်းပါသည်။ အဘယ်ကြောင့်နည်း။ အဘယ်ကြောင့်ဆိုသော် ထိုလူငယ်များသည် ရှာဖွေနေကြဆဲအရွယ်၊ အတွေ့အကြုံ မရှိသော ခပ်နုံနုံလေးများ ဖြစ်သောကြောင့်။
ဌာနချုပ်ကို ကျွန်တော် ဒုတိယ တစ်ခေါက် သွားချိန်တွင် ဂျေးကို တွေ့သည်။ ကျွန်တော့်သား ဂျေးသည် နောက်ဘက် အခန်းထဲတွင် ရှိပြီး ကျွန်တော့်ကို တွေ့ သည့်အတွက် ပျော်ပုံ မရ။ ကျွန်တော်သည် ဆယ်ကျော်သက် ကလေးအုပ်ထဲ ရောက်လာပြီး သူ့ ကလေးတွေ အရက် သောက်သလား၊ ဆေးခြောက် သုံးသလား လာကြည့်သည့် မိဘလို သူတို့အတွက် ရယ်စရာဗားရှင်း ဖြစ်နေသည်။ ကျွန်တော်သည် ထိုပုံစံ ငနဲမျိုး မဖြစ်လို။ သို့သော် ကျွန်တော် ဖြစ်နေသည်။ ကျွန်တော့် အနေဖြင့် အိမ်တွင် ငြိမ်ငြိမ်လေး ထိုင်ပြီး လက်မလေး နှစ်ချောင်း လှည့်ပတ် ဆော့နေဖို့ရာ စတေးရမည့် လောင်းကြေးက ကြီးလွန်းနေသည်။ ဒီမှာ မင်း ဘာ လာသင်တာလဲဟု ကျွန်တော် မေးသော် သူက “အာရဗီ သင်တာပါ” ဟု ဖြေသည်။
“အိုကေ”
ကျွန်တော် ထိုဌာနချုပ်ကို သွားမြဲ သွားသည်။
တစ်ရက်တွင် ကျွန်တော့် မိတ်ဆွေကြီး တစ်ယောက်ကို အတူ ခေါ်သွားသည်။ သူသည် ကျွန်တော်နှင့် သက်တူရွယ်တူ ဖြစ်ပြီး အီရန်တွင် ကြီးပြင်းလာခဲ့သူ။ သူနှင့် ကျွန်တော် နှစ်ယောက် အတူ ထိုင်ပြီး အဟောအပြောများကို နားထောင်စဉ် သူ့ မျက်လုံးများက အခန်းထဲ ဟိုဟိုသည်သည် ကြည့်နေသည်။ ဟောပြောနေသည့် အကြောင်းအရာမှာ ကျွန်တော် သုံး လေးခါလောက် နားထောင်ပြီးသား အကြောင်းအရာ။
“ယဉ်ကျေးမှုတွေ ထိပ်တိုက် တွေ့ကြတယ်။ ဒီတော့ အစ္စလာမ်ဟာ ငါတို့မျက်စိ ရှေ့မှာတင် ဖျက်ဆီး ခံနေရပြီ”
ကျွန်တော့်မှာ ငြီးငွေ့လာသည်။ အနောက်နိုင်ငံထဲ မွတ်စလင်တွေ တဖွဲဖွဲ ဝင်လာပြီး လွတ်လပ်စွာ ကြီးပွား ချမ်းသာနေကြသည်ကို ဤအခန်းထဲမှ ငချွတ်လေးများ မမြင် မသိကြတော့ဘူးလား။ မွတ်စလင်များကို သတ်ဖြတ် ဖိနှိပ်ထားသူ လက်သည် အစစ်မှာ သူတို့ အစိုးရသာလျှင် ဖြစ်ပါလျက် ယခုတော့ အနောက်နိုင်ငံများကပဲ ဗီလိန် ဖြစ်ရပြန်သည်။
အပြောအဟောပြီးသော် ဘယ်လို ထင်လဲဟု ကျွန်တော့် မိတ်ဆွေကို မေး ကြည့်သည်။ ထိုအခါ သူက ကျွန်တော့်ကို မသက်မသာ ကြည့်သည်။
“သတိထားကွာ။ ဒီထဲက ကလေး အများစုက စစ်ဇုန်ထဲမှာ ဂျီဟတ်ဒီတွေအဖြစ် ဇာတ်သိမ်းကြလိမ့်မယ်။ သူတို့က ဖိုက်တာတွေ ဖြစ်လာအောင် ပုံပြောင်းပေးနေကြတာ”
ကျွန်တော် ရှော့ခ် ရသွားသည်။ ကျွန်တော့် သားသည် ဤ အိမ်ထဲတွင် တစ်ခုခုကို တွေ့ခဲ့သည်။ ကျွန်တော်က ဒုတိယ အမှန်တရားကို တွေ့သည်။ ယခုမူ ကျွန်တော့် မိတ်ဆွေသည် စစ်မြေပြင်များကို တွေ့နေလေပြီ။ ဤသည်မှာ ဖျစ်ဖျစ် မြည်သော အရှိတရား၊ ဖျစ်ဖျစ်မြည်သော ချောက်ချားစရာ။
ဂျေးသည် သူ့ အာရဗီ ဖတ်စာအုပ်များကို အိမ်တွင် လေ့လာရန် ယူလာသည်။ အာရဗီ စာအုပ်ဟူသည် ကျွန်တော့်အတွက် အမြင်ပင် ရိုးနေလေပြီ။ သို့သော် တစ်ညနေတွင် ဂျေး တစ်ယောက် သူ့ အခန်းထဲအဝင် လက်ထဲ ကိုင်ထားသော စာတစ်အုပ်သည် ကျွန်တော် တွေ့နေမြင်နေကျ စာအုပ် မဟုတ်။ သူ့ အခန်းတံခါးကို ကျွန်တော် ခေါက်ကာ “အဲဒါ ဘာစာအုပ်လဲ” ဟု ကျွန်တော် မေးသည်။ စာအုပ်ဆိုသည်မှာ လက်ကမ်းစာစောင် တစ်ခုဖြစ်ပြီး ကျောဘက်မှ ဆော်ဒီအာရေးဗီးယား တံဆိပ်ကို ကျွန်တော် မှတ်မိသည်။ သို့သော် ရေးထားသည်က အာရဗီလိုဖြစ်နေရာ ကျွန်တော် မဖတ်တတ်။ ဂျေး၏ ဖြေရှင်းချက်ကို ကျွန်တော် လက်ခံရုံသာ။ ဂျေး ဘာပြောသွားသလဲ ဆိုသည်ကိုတော့ ကျွန်တော် မမှတ်မိတော့ချေ။ ကျွန်တော် ခေါင်းညိတ်လိုက်သော်လည်း ကျွန်တော်သည် ဂိမ်းတစ်ပွဲထဲ အကစား ခံနေရပြီဟု ကျွန်တော် အာရုံရသည်။ ကျွန်တော်သည် ငတုံး။ . .
ဖိအားသည် နောက်တစ်ဆင့် တက်လာသည်။ ခါတိုင်း ကျွန်တော် တစ်ရက်ကို မာလ်ဘိုရို စီးကရက် တစ်ဘူး သောက်ရာမှ ယခု တစ်ရက် နှစ်ဘူး ဖြစ်လာသည်။ ကျွန်တော် အိပ်မရနိုင်။ ကျွန်တော် အနားယူလိုက်လျှင် မမြင်ရသော သူခိုးဓားပြများက ကျွန်တော့် တစ်အိမ်လုံးကို ပိုက်စိပ်တိုက်ပြီး ကျွန်တော် တန်ဖိုး အထားရဆုံး အရာများကို ခိုးယူသွားတော့မလားဟု ကျွန်တော် စိတ်စွဲဝေဒနာ ရနေသည်။ ကျွန်တော့် ဦးခေါင်းထဲ တစ်ချိန်လုံး ပြေးလွှားနေသော မေးခွန်း နှစ်ခု ရှိသည်။ ကျွန်တော်သည် ဖခင်တစ်ဦး အနေနှင့် ဘယ်နေရာတွင် ပျက်ကွက်ခဲ့သလဲ။ ကျွန်တော်တို့ ဘာအမှားတွေ လုပ်နေမိသလဲ။ ထိုသို့ တွေးနေခြင်းသည် အချိန်ဖြုန်းခြင်း သက်သက်သာ။ နောက်ဆုံးတစ်ခေါက် ဘာဖြစ်ခဲ့သလဲ ဆိုသည်ထက် နောက်လာမည့် အရေးပေါ် ကိစ္စအတွက် ကြိုတွေးထားသင့်သည်။
ထိုဖိအားသည် ကျွန်တော့် အိမ်ထောင်ရေးအထိ ယိုစိမ့်ခဲ့သည်။ ထိုနှစ် ၂၀၁၂ ခုနှစ်တွင် ကျွန်တော်နှင့် ဟယ်လင် ကွာရှင်းလိုက်ကြသည်။ အိမ်ထဲ နောင်ဂျိန်ပလေး ပြီးနောက် နှစ်ယောက် အတူနေ၍ မဖြစ်တော့သဖြင့် ကွာရှင်းလိုက်သည်က အကောင်းဆုံး ဖြစ်မည်ဟု ဆုံးဖြတ်ခဲ့ကြသည်။ Antwerp ကွန်ဒိုတွင် ကျွန်တော်တို့နှစ်ဦး ယခုထိ အတူ နေထိုင်ကြဆဲ ဖြစ်၍ ကျွန်တော်တို့၏ နေထိုင်မှု အခြေအနေကတော့ ဘာမှ ထူးပြီး ပြောင်းလဲ မသွား။ ဂျေး၏ အစွန်းရောက်မှုသည် မိဘများကွာရှင်းရာမှ အစပြုသည်ဟု လူအချို့က နောက်ပိုင်းတွင် ကျွန်တော့်အား ပြောလာကြလိမ့်မည်။ ထိုသို့ ပြောလာလျှင် ကျွန်တော်ကတော့ လက်ခံမည် မဟုတ်။ ဆယ်ကျော်သက် တစ်ဦး၏ စိတ်ထဲ ဘာတွေဖြစ်နေသလဲ သင် ဘယ်တော့မှ သိနိုင်အံ့ မထင်။ ကျွန်တော်တို့ လင်မယား ကွာရှင်းကြသည့်အပေါ် ဂျေး ပျော်မနေ။ သို့သော် သူ့ဘဝသူ စိတ်ဓာတ်ကျခြင်းနှင့် အစ္စလာမ် ဘာသာအပေါ် တစ်နေ့တခြား တိုး၍သာ သက်ဝင်လာခြင်းသည် ကျွန်တော်တို့ လင်မယား မကွာရှင်းခင် ဟိုးအစောကြီးကတည်းက ဖြစ်သည်။
ဂျီဟတ် လောင်းလျာ တစ်ဦး၏ ဖခင် ဖြစ်ရခြင်းသည် တကယ် မလွယ်။ အိမ်တွင် ပရမ်းပတာ ဖြစ်ရသည်။ ထို့အပြင် လူ့ အသိုက်အဝန်း၏ အမြင်က ရှိသေးသည်။ ကျွန်တော် ဖြစ်ပျက်နေရပုံကို မိတ်ဆွေများ၊ အလုပ် အတူလုပ်သူများကို ပြောပြလျှင် ပထမတော့ သူတို့ စာနာ နားလည်ပေးသည်။ သို့သော် “Sharia4-Belgium” ဟူသော အမည်ကို ကြားလိုက်သည်နှင့် သူတို့ မျက်နှာများ အေးစက်တည် တင်း သွားကြတော့သည်။ ကျွန်တော်တို့ အတူတကွ မှီတင်း နေထိုင်သည့် တိုင်းပြည်ကိုမှ ခြေမွှ ဖျက်ဆီးလိုသော ယင်း အဖွဲ့အစည်းကို သူတို့ အလွန် စက် ဆုပ်ကြသည်။ အဖေနေရာ ရောက်နေသော ကျွန်တော့်ကို ကရုဏာ သက်ကြသည် မှန်သော်လည်း အမှန်တရားမှာ ကျွန်တော့်သားက စည်းကို ကျော်ဖြတ်ပြီး ရန်သူ နှင့် သွားပူးပေါင်းသူ။
လူတွေကို ကျွန်တော် ဘာများ ပြောနိုင်အံ့နည်း။ ကျွန်တော့် သားလေးသည် နဂို လူလိမ္မာလေး ဖြစ်ကြောင်း၊ ဘက်ကာဆမ်က ကျွန်တော့် သားလေးကို အယူ ဝါဒ သွတ်သွင်း ဦးနှောက်ဆေးခဲ့ကြောင်း ပြောရမလား။ လူ့ဘီလူး တစ်ကောင်ဘေးနား ကိုယ်ရံတော် လုပ်နေသော ကျွန်တော့် သားကို ညနေခင်း သတင်းစာထဲ လူတွေ မြင်ခဲ့ကြပြီ။ ထိုအခါ အစွန်းရောက်ဝါဒ ဟူသော အမည်းစက်က ကျွန်တော့်ကိုပါ လာစွန်းထင်းသည်။ ကျွန်တော့် ခံစားချက်မှာ လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲထားရသော အလယ်ခေတ်က ‘အပယ်ခံ’ တစ်ယောက်လို။
“ငါ့သားက ဂျီဟတ်ဒီ။ အပြစ် ရှိတယ်” . .
ဂျေးသည် ကုသိုလ်ကောင်းမှု အရေးတွင်လည်း အထ မနှေး။ ကင်ဆာ ရောဂါ သည်နှင့် အခြားသော ဝေဒနာ ပြင်းထန်သည့် မွတ်စလင် လူနာတို့ထံ အိမ်တိုင်ရာ ရောက် သွားပြီး ခုတင်ဘေး ဒူးထောက်ကာ ဆုတောင်းပေးသည်။ အကယ်၍ သင်သာ ဆေးစစ်ချက်အပေါ် စိတ်ကျဝေဒနာ ခံစားရပြီဆိုလျှင် ကျွန်တော့်သား ကြား သိပါက သူ လာပါလိမ့်မည်။ စိတ်ရှည်သည်းခံမှုနှင့် သတ္တိအကြောင်း ကျွန်တော့်သားလေးက ကျမ်းစာပိုဒ် အချို့ကို ရွတ်ဆိုပါလိမ့်မည်။ အမျိုးသမီးများသည် ဂျေးကို ဆက်သွယ်ပြီး သူတို့အတွက် ဆုတောင်းပေးရန် တောင်းဆိုကြသည်။
ဤသည်မှာ ကျွန်တော့်သား၊ ကျွန်တော် သိသော ဂျေး။ အင်မတန် စိတ် ကောင်း နှလုံးကောင်း ရှိသော ကလေး။ မိန်းကလေးများကို သဘောကျတတ်သော ကျွန်တော့် သား။
သို့သော် ဘက်ကာဆမ်ကတော့ ဂျေး၏ စာနာ ထောက်ထားတတ်သော နှလုံးသား နုနုကို ယုံ့ရွဲ့သွားအောင် လုပ်ခဲ့သည်။ ဘက်ကာဆမ်နှင့် သူ့ ညီအစ်ကိုများက ruqya ဟု ခေါ်သော “မကောင်းဆိုးဝါး နှင်ပွဲ” သို့ ဂျေး အား ခေါ်ဆောင်သွားကြသည်။ အစ္စလမ် ဘာသာတွင် အယူ တစ်ခု ရှိသည်။ ‘ဂျင်း’ ဟု ခေါ်သော ဝိညာဉ်ယုတ်မာများသည် ကိုယ်ခန္ဓာထဲ ဝင်စီးနိုင်၊ လွှမ်းမိုးနိုင်သည်ဟု ယုံကြည်ကြသည်။ အစ္စလာမ့် အာဏာပိုင်များက ထိုအဖြစ်မျိုးကို အာရုံစိုက်မိပါက တစ်ခါတစ်ရံ ruqya ပြုလုပ်ရန် အမိန့်ပေးသည်။ လက်အိတ်ဖြူ ဝတ်ထားသော ယောကျ်ား တစ်ဦးသည် မကောင်းဆိုးဝါး ဝင်ပူးခံရသူ၏ ခေါင်းရင်းတွင် ဒူးထောက် ထိုင်ကာ နဖူးကို ကိုင်ပြီး ကုရ်အာန်ကျမ်း စာပိုဒ်များကို ရွတ်သည်။ အချို့ မွတ်စလင်များက တော့ ဝင်ပူးခံရသူများကို ရိုက်နှက်ပြီး အခန်းထဲတွင် ငရုတ်မှုန့်များ မီးတိုက်သည်။ မကောင်းဆိုးဝါး အပူးခံရသူကို ကော်ဇောထဲ ထည့်လိပ်ကြသည်။
နောက်ပိုင်း ကျွန်တော် သိရသည်မှာ ထိုသို့သော မကောင်းဆိုးဝါး နှင်ပွဲ တစ်ခု၌ အပူးခံရသူ တစ်ဦးကို မကောင်းဆိုးဝါး နှင်ကြရာတွင် အမျိုးသမီး တစ်ဦး သေဆုံးသွားခဲ့ကြောင်း။ ထိုဖြစ်ရပ်ကို ဂျေး မြင်ခဲ့သည်။ ထိုကိစ္စ ဖြစ်ပွားစဉ် ဂျေးသည် ကျမ်းစာပိုဒ်များ ရွတ်နေသည်။ သူတို့ တစ်တွေသည် ကောင်းမွန်သော ရည်ရွယ်ချက်နှင့် လုပ်ခဲ့သည့်တိုင် ကျွန်တော့် သားသည် သေခြင်းတရားကို မြင်ခဲ့သည်။
မကောင်းဆိုးဝါးနှင်ပွဲ တစ်ခုအတွင်း ဂျေးသည် ဖခင် သေဆုံးသွားသော မိသားစု တစ်စု၏ အိမ်ကို ရောက်သည်။ ဝမ်းနည်းပူဆွေးနေသော ကလေးငယ်များအား ကုစားပေးရန်အတွက် ဖြစ်သည်။ ထိုအိမ်တွင် ကွယ်လွန်သူ၏ သမီးနှင့် တွေ့ပြီး ဂျေးနှင့် စကား ဖောင်ဖွဲ့ခဲ့ကြသည်။ ဘာမှမကြာမီ သူတို့ကိုယ်သူတို့ စေ့စပ်ကြောင်းလမ်းပြီးသားဟု ယူဆလိုက်ကြတော့၏။ ဂျေးသည် ဤ ထူးဆန်းသော ကမ္ဘာထဲသို့ အဆွဲငင် ခံခဲ့ရသည်မှာ ကျွန်တော်ထင်သည်ထက် ပိုနက်ရှိုင်းနေသည်။

*****
❑ (p.49—57) ❑
— [ #ဆက်လက်ဖော်ပြပါမယ်] —



— 20241104 —
#ခုနစ်ထွေဘီလူး #ဝင့်ပြုံးမြင့် #လင်းသစ်ပြည်

————
#စာမှစာအုပ်စာအုပ်မှစာ


#ကေဇော်
2025-0926, Fri
===== ❑

 #ခုနစ်ထွေဘီလူး |  #ဝင့်ပြုံးမြင့် |  #စာမြည်း_၄.........— ၃ —  (အခန်း ၃ ပထမပိုင်း)     .ဂျေး၏ ယုံကြည်သက်ဝင်မှုအတွက် ပထမ...
25/09/2025

#ခုနစ်ထွေဘီလူး | #ဝင့်ပြုံးမြင့် | #စာမြည်း_၄.........
— ၃ — (အခန်း ၃ ပထမပိုင်း)
.
ဂျေး၏ ယုံကြည်သက်ဝင်မှုအတွက် ပထမဆုံး ပြသသော လက္ခဏာမှာ ဂျေးဆောင်းလာသော သံပရာခွံ ဦးထုပ်။ မြင်မြင်ချင်း ကျွန်တော် လန့်သွားသည်။ ဂျေး ဘာကြီး ဆောင်းလာပါလိမ့်။ ကျွန်တော် သူ့ကို မေးမြန်းရင်း ကျွန်တော်တို့ ကတောက်ကဆ ဖြစ်သည်။ ကျွန်တော့်တွင်လည်း ဒေါသ ရှိသည်။ သို့သော် ဤကိစ္စသည် ဇာချဲ့စရာ မဟုတ်ဟု ကျွန်တော် တွေးသည်။ ဦးထုပ်သည် ဂျေးတို့အရွယ်အတွက် ပေါ်ပင်ဖက်ရှင် တစ်ခု မျှသာဟု ကျွန်တော် ယူဆလိုက်သည်။ မကြာမီ ဂျေး ငြီးငွေ့သွားပြီး သူ့ အကြိုက်ဆုံး ဘေ့စ်ဘော ကက်ဦးထုပ်ကို ပြန်ဆောင်းပါလိမ့်မည်။ မနှစ်က တစ်နှစ်လုံး Converse All Stars ကက်ဦးထုပ် ဆောင်းပြီး ယခုနှစ်အတွက်မူ မွတ်စလင် ဦးထုပ်။ ကောင်းပါလေ့။
ဂျေးတစ်ယောက် အစ္စလာမ်ဘာသာကို စိတ်ဝင်စားလာသဖြင့် ကျွန်တော့်မှာ ထိတ်လန့်တကြား ဖြစ်ခဲ့ရသည်။ သို့သော် သူ ရှင်းပြသော ပုံစံက ကျွန်တော့်အား မေတ္တာရပ်ခံသည့် ပုံစံမျိုး ဖြစ်နေသည်။ သက်ဝင်ကြည်ညိုမှု၏ အနှစ်သာရအကြောင်း၊ ဒဏ္ဍာရီနှင့် ပုံတိုပတ်စများ၊ ထို့ပြင် ကမ္ဘာတစ်ဝန်းရှိ သန်းပေါင်းများစွာသော အခြား မွတ်စလင်များနှင့် ညီရင်းအစ်ကို တော်စပ်မှု အကြောင်း။
အရာရာသည် လျင်မြန်စွာ ရုပ်လုံး ပေါ်လာခဲ့သည်။ ဂျေးကို မြို့ပေါ်တွင် သူငယ်ချင်း အသစ်များနှင့် တရုန်းရုန်း တွေ့လာရသည်။ အားလုံးသည် အစ္စလာမ့်ဝတ်စုံနှင့် သံပရာခွံ ဦးထုပ် ဆောင်းထားသည်။ သူ့ သူငယ်ချင်းဟောင်းများ ဖြစ်သော ဆံပင် ရွှေရောင် မိန်းကလေးများ၊ မျက်လုံး ပြာ ကောင်လေးများကို သူ့ ဘေးနားတွင် မတွေ့ရတော့ပေ။ အက အလွန်ကြိုက်သော ဂျေးသည် ‘အက’ ကို စွန့်လွှတ်လိုက်သည်။ ဂစ်တာကို ချောင်ထိုးလိုက်သည့်အပြင် အားကစားအသင်းများထဲမှလည်း ထွက်သည်။ ကျွန်တော့်ဇနီး သူ့အမေနှင့် ကျွန်တော့်ကို သူ ပြောသည်။ သူသည် ဟာလာ လုပ်ထားသော အစာကိုသာ စားတော့မည် ဖြစ်ကြောင်း။ ဂျေးသည် သူ့ဘာသာ တစ်ယောက်တည်း စားသည်။ သူ့အခန်းထဲ သို့မဟုတ် စားသောက်ဆိုင်တွင် သူ့ အပေါင်းအသင်းများနှင့် စားသည်။ ကျွန်တော်သည် မိသားစုနှင့် ညစာ စားရသည်ကို အလွန် သဘောကျသူ တစ်ယောက်။ ယခုတော့လည်း ဂျေး ထိုင်သော ခုံသည် နေရာလပ်လျက်။
ဂျေးသည် သူ့ ဘဝဟောင်းကို တဖြည်းဖြည်း မြေမြှုပ် သင်္ဂြိုဟ်နေပြီဖြစ်ကြောင်း ထိုအချိန် ရောက်သည်အထိ ကျွန်တော် မရိပ်မိခဲ့။ ဂျေးသည် ယခုမှ လူသစ်တစ်ဖန် မွေးဖွားသလို ဝတ်စုံ အဖြူများသာ ဝတ်တော့သည်။ ကျွန်တော် ပြောလိုသည့် အချက်မှာ... ကျွန်တော် သိသော ကျွန်တော့် သားသည် သေဆုံး သွားခဲ့ပြီ။ သူ့ နေရာကို ရောက်လာသူသည် မွတ်စလင် ကလေးတစ်ယောက်။ ကျွန်တော့် သားကို နာမည် အသစ်တစ်ခုပင် ကင်ပွန်းတပ် ပေးလိုက်ကြပြီ။
“ဆေဖူလာ”
ထိုနာမည်ကို ကြားခါစတွင် ကျွန်တော် ဘူးလုံးနားမထွင်း။ ဆေဖူလာ ဆိုသူသည် ဘယ်သူပါလိမ့်။ အင်တာနက် ဖွင့်ပြီး ဂူဂယ်လ်တွင် ရိုက်ထည့်ရှာလိုက်သော် “ဆေဖူလာ” ဆိုသည်မှာ “အလ္လာဟ်အရှင်မြတ်၏ဓား” ဟု အဓိပ္ပာယ် ရကြောင်း သိရသည်။ ရိုမန် စစ်တပ်နှင့် တိုက်သော တိုက်ပွဲတွင် ဓားကိုးချောင်း ကျိုးသွားအောင်ထိ တိုက်ခိုက်ခဲ့သော တမန်တော် မိုဟာမက်၏ သွေးသောက်ရောင်းရင်းကြီးကို ပေးထားသော အမည် ဖြစ်၏။
စိတ်နှလုံး နူးညံ့သိမ်မွေ့သော ကျွန်တော့် သားအတွက် သူတို့ ပေးထားသော လျှို့ဝှက် အမည်သည် သွေးသံရဲရဲ အကြမ်းပတမ်းဆန်သော အမည် ဖြစ်နေသည်။ ကျွန်တော် ကျောချမ်းသွားသည်။
ဂျေးတို့ ညီနောင်များက ဂျေးကို အမည်ပြောင်လေးပါ ပေးထားကြသည်။ အစွန်းရောက်ဝါဒီ လောင်းလျာလေးများက သူတို့ အမည်ကို လူသိ မခံလို၍ နာမည်ပြောင်လေးများ သုံးစွဲကြသည်။ ဂျေးအတွက် နာမည်ပြောင်သည် ‘အဘူအက်စီယာ’။ သို့သော် ဂျေး၏ ပြောင်းလဲမှုသည် သည့်ထက် ပိုသည်။ အပေါင်းအသင်းပြောင်းခြင်း၊ အမည် ပြောင်းခြင်းတို့ထက် ပိုသည်။ ကျွန်တော့် သားသည် မျက်နှာထဲတွင် တစ်ခုခု ပြောင်းလဲသွားသည်။ မျက်နှာပေါ်မှ နူးညံ့သိမ်မွေ့မှု ပျောက်ဆုံးသွားသည်။ ကျွန်တော်နှင့် ကျွန်တော့် ဇနီးကို ကြည့်ပုံသည် တစ်မျိုးမှတစ်မျိုးဖြစ်၏။ အေးစက်မာကျောသော အကြည့်။ မီးရထားဘူတာရုံထဲ လူချင်း ဝင်တိုက်မိသော သူစိမ်းတွေလို ကျွန်တော်တို့ကို ကြည့်သည်။
သူ့ ယုံကြည်သက်ဝင်မှု၊ သူ့ ဘာသာရေးက မိသားစုတွင် စတင် အပွန်းအရှဖြစ်လာပြီ။ Sharia4Belgium တွင် သန်းခေါင်သန်းလွဲ တိုင်အောင် စည်းဝေးထိုင်သောကြောင့် အိမ်ပြန် နောက်ကျလာသည်။ ပညာရေးကိုလည်း လျစ်လျူရှုလိုက်ပြီဖြစ်၍ အဆင့်များ ထိုးကျပြီး အောင်ရုံလေးသာ ရှိတော့သည်။ သမိုင်း သို့မဟုတ် ဓာတုဗေဒ ဘာသာရပ်များကို ဖတ်ရှုဖို့ သူ့တွင် အချိန် မရှိတော့ပေ။ ကုရ်အာန်ကျမ်းနှင့်သာ သူ အချိန်ကုန်တော့သည်။ သူ့ကို ကက်သလစ်အဖြစ် ကျွန်တော်တို့ များစွာ ပြုစု ပျိုးထောင်ထားခဲ့သမျှ ယခုတော့ သူ၏ ကက်သလစ် ဘာသာရေး အသိသည်လည်း ဂျုံမှုန့်တွေ ပြန့်ကျဲသလို လွင့်ပါးသွားခဲ့ပြီ။
အစွန်းရောက် ဂိုဏ်းမှ သူ့ သူငယ်ချင်းများက ကျွန်တော်တို့ အိမ်ကို ဘယ် တော့မှ မလာ။ သူတို့တွင် အကြံအစည် ရှိ၏။ သို့တိုင် ယုံကြည်သက်ဝင်သူ၏ အိမ်တွင် ဘယ်တော့မှ မြင်ကွင်း တစ်ခုကို မဖန်တီးမိစေရ။ သူတို့၏ အကြံအစည် သည် အစကတည်းက ကိုယ်ပျောက် စစ်ဆင်ရေး ဖြစ်နေသည်။ ထိုကိစ္စမျိုးတွင် နှစ်ပေါင်း မနည်းအောင် အတွေ့အကြုံ ရှိပြီးလည်း ဖြစ်နေသည်။
ထိုနှစ်၊ နှစ်သစ်ကူး အကြိုတွင် ကျွန်တော့် အဒေါ်နှင့် ဦးလေးများ ကျွန်တော်တို့ အိမ်ကို အလည်လာသည်။ ကျွန်တော်နှင့် ကျွန်တော့် မိသားစုအတွက် အထူး စပါယ်ရှယ် အားလပ်ရက် ဖြစ်၏။ တစ်နှစ်ပတ်လုံး တွေ့ရခဲသော ဆွေမျိုးသားချင်းများနှင့်အတူ ဘရန်ဒီ သောက်သည်။ အရသာ ကောင်းလှသော ကိတ်မုန့်များ လွေးရင်း အတင်းအဖျင်း သတင်းပလင်း အစုံအလင် ပြောကြသည်။ ဤသည်မှာ ကိုယ်ချစ်ရသူများ၊ ကိုယ့်အမျိုး ကိုယ့်အဆွေများနှင့် ပြန်လည် ပေါင်းစည်းသော နည်းလမ်း တစ်ခုပင်။ ထိုအချိန်အခါမျိုးတွင် ကလေးများက အိမ်တံခါးဝတွင် စောင့်ကာ ဧည့်သည်များကို ခရီးဦးကြို ပြုကြသည်။
ကျွန်တော့် အဒေါ်နှင့် ဦးလေးများ အိမ်တံခါးဝ ရောက်လာကြပြီ။ သံပရာခွံ ဦးထုပ် ဆောင်းထားသော ဂျေးက ယောကျ်ားများကိုသာ လက်ဆွဲ နှုတ်ဆက်သည်။ ကျွန်တော့် အဒေါ်များက ဂျေးကို လက်ကမ်းပေးသောအခါ ဂျေးသည် သူ့လက်ကို နောက်ပစ်လိုက်၏။ ကျွန်တော့် အဒေါ်များကတော့ မျက်လုံးများ ဖိတ်လဲ့ကာ လက်ကမ်းပေးနေဆဲ။ ဂျေး လုပ်ပုံကို ကျွန်တော် မြင်ဖြစ်အောင် မြင်ပြီး ကျွန်တော့်တစ်ကိုယ်လုံး တောင့်သွားသည်။
“ဂျေး ဘာလုပ်တာလဲ” ဟု ကျွန်တော် မေးသည်။ မာန်မိသလား ကျွန်တော် မပြောတတ်။
ဂျေး ဘာမှ မတုံ့ပြန်ဘဲ အံကြိတ်ထားသည်။ သူ့ မျက်လုံးထဲတွင်မူ အထင် သေးမှုများ။ ကျွန်တော်တို့ ဘာပြောပြော နောက်ပစ်ထားသော သူ့လက်များကတော့ သည်အတိုင်း။
ဂျေးကို ကျွန်တော် စိတ်ကုန်လှတော့သည်။ သူ့ကို ငယ်ငယ်လေးကတည်းက ပိုက်ထွေးယုယခဲ့သော၊ ယနေ့တိုင်အောင် အချစ်မပြယ်သော အမျိုးသမီးများကို သူမို့ ရိုင်းပျစွာ ဆက်ဆံရဲသည်။ သူ ဘာ တွေးနေပါလိမ့်။ သူ လုပ်ပုံက ကျွန်တော်တို့ တစ်တွေ၏ ချစ်ခြင်းမေတ္တာနှင့် မိသားစု ဆုံစည်းမှုကို တစ်ချီတည်း လွှင့်ပစ် လိုက်သလို ရှိ၏။ သူ့ကို ချစ်သော အမျိုးသမီးများသည် စိတ်ထိခိုက်သော မျက်လုံးများဖြင့် သူ့ကို နားမလည်နိုင်စွာ ကြည့်နေကြသည်။ ကျွန်တော် ဒေါသ လှိမ့်ထွက်ပြီး သူ့ကို အခန်းထဲ ဝင်စမ်းဟု မောင်းထုတ်သည်။ ကျွန်တော့်သား ဂျေးသည် မျက်နှာကြီး မှုန်သိုးကာ ကျွန်တော့် စကားကို နာခံသည်။ . .
ကျွန်တော့်သားသည် ကျွန်တော့် မျက်စိရှေ့တွင် အစဉ်တစိုက် ပြောင်းလဲလာနေသည်။ သီချင်း နားထောင်ခြင်း၊ ရုပ်ရှင် သွားကြည့်ခြင်းမျိုး မရှိတော့ပေ။ ထိုအစား ဂျေးသည် ဘုရားဝတ်ပြုသည်။ အင်တာနက် ကြည့်သည်။ ကျွန်တော် အိမ်ပြန်လာလျှင် ဘုရားဝတ်ပြုနေသော၊ အင်တာနက် ကြည့်နေသော ဂျေးကိုသာတွေ့သည်။ ဂျေးသည် မုတ်ဆိတ် စထားသည်။
Sharia4Belgium တွင် ဂျေး တစ်ယောက် သီတင်း နှစ်ဆယ့်လေးပတ် ကြာ အတွေးအခေါ်ဆိုင်ရာ သင်တန်း တက်နေသည်ကို ကျွန်တော် မသိသေး။ ဘက်ကာဆမ်သည် ကျွန်တော့်သားအား အစ္စလာမ် ဘာသာအကြောင်း တရားသေအမြင်ဖြင့် ပို့ချနေသည်။ အရာအားလုံးသည် အဖြူအမည်း နှစ်မျိုးသာ။ မွတ်စလင် ဖြစ်လျှင်ဖြစ်၊ မဖြစ်လျှင် မိစ္ဆာဒိဋ္ဌိ ဖြစ်နေသည်။ ရှရီယာဥပဒေ မလိုက်နာလျှင် ဒီမိုကရေစီ ဖြစ်နေသည်။ ဂျီဟတ် လမ်းကြောင်းကို မလိုက်နာလျှင် အယောင်ဆောင်သမား ဖြစ်နေသည်။
သည်လောက်နှင့် မပြီးသေး။ အမျိုးသမီးများသည် အမျိုးသားများ၏ ကျေး ကျွန် ဖြစ်ပြီး အမျိုးသားများသည် မယား များစွာ ယူနိုင်သည်။ ဂျူးများနှင့် လိင်တူချစ်သူများသည် အညစ်အကြေးများဖြစ်ပြီး ရှရီယာ တရားရုံးများသည်သာ တိုင်း ပြည်၏ တစ်ခုတည်းသော စစ်မှန်သော တရားစီရင်ရေး ဖြစ်သည်။ ကမ္ဘာမြေထုသည် မွတ်စလင်တို့၏ စစ်မှန်သော အမွေ။ မွတ်စလင်တို့ကို လိမ်လည်လှည့်ဖြားခဲ့သည့် ခရူးဆိတ် ဘာသာခြားများနှင့် အကြံသမား ဂျူးလူမျိုးတို့၏ နောက်ဆုံး ဇာတ်သိမ်းချိန်သည် နီးကပ်လာပြီ ဖြစ်သည်။ သွေးထွက်သံယိုမှုများကို ဖြတ်သန်းပြီးမှ ကမ္ဘာလုံးဆိုင်ရာ ‘ခါလီဖိတ်’ အစ္စလာမ္မစ် နိုင်ငံတော်ကို ခရီးဦးကြိုပြုနိုင်မည်။
ယင်း သဘောတရားထဲ သက်ညှာမှု မရှိ၊ သဟဇာတဖြစ်ရန် နေရာ မရှိ၊ ဝေစု နှင့် အမုန်းသာ ရှိသည်။
ဘက်ကာဆမ်သည် သူ၏ တရားသေ အမြင်ကို ရုပ်ပိုင်းဆိုင်ရာဖြင့် အားဖြည့်သည်။ ကစ်ဘောက်ဆာသမား ဂျေးသည် ယခုအခါ ကိုယ်ခံပညာ အပြည့်အစုံကို သင်ယူ နေလေပြီ။ Sharia4Belgium သည် ဂျေးကို ရုပ်ကြမ်းစိတ်ကြမ်း ဖြစ်လာအောင် ကျင့်ပေးနေသည်။ အရှေ့အလယ်ပိုင်းနှင့် လန်ဒန်မှ အစွန်းရောက်တရား ဟော ဆရာများ၏ ဗီဒီယိုများကို ဂျေး ကြည့်သည်။ အာဖဂန်နစ္စတန်မှ တိုက်ပွဲအစစ်များ ရိုက်ပြသည့် ဒီဗီဒီများကို ဂျေး ကြည့်သည်။ ကျွန်တော် ကိုယ်တိုင်လည်း ဆယ်ကျော်သက် အရွယ်က Apocalypse Now နှင့် Platoon တို့ကို ကြွေခဲ့သည်။ သို့သော် ဂျေးကတော့ မတူ။ ဂျေးသည် ခေါင်းဖြတ်သတ်သော ဗီဒီယိုများကိုပင် ကြည့်နေလေပြီ။
ဂျေးတို့ အဖွဲ့သည် အကြမ်းဖက်မှုနှင့် အသားကျအောင်၊ ဂျီဟတ်နှင့် အသား ကျအောင် ပြုကြသည်။ ထိုအခါ အကြမ်းဖက်မှုနှင့် ဂျီဟတ် ဟူသည် ဂျေး ရှူသွင်းလိုက်သော လေထဲအထိ ပါသည်။
အနောက်တိုင်း လူနေမှုဘဝထဲ မတွေ့ရဘဲ အစ္စလာမ် ဘာသာထဲ သူ တွေ့ခဲ့သော အရာသည် အဘယ်နည်း။ အမိန့် နှင့် စည်းကမ်းဟု ကျွန်တော် ထင်မိသည်။ ဘဝဟူသည် အထူးသဖြင့် ဆယ်ကျော်သက်တို့အတွက် ရှုပ်ထွေးပွေလီသည်။ ယုံကြည်ခြင်းသည် အသေးငယ်ဆုံးသော အခက်အခဲများကိုပင် ကျော်ဖြတ်နိုင်အောင် လမ်းပြသည်။ ဂျေး သည် လောက၏ သစ္စာတရားကို ဖွေရှာသူ။ ယခု သူ့ကို သူတို့ ပြောနေသော ပုံစံမှာ “ဘယ်မှာမှ မရှာနဲ့။ ငါတို့သာလျှင် အရှိတရား”
ကျွန်တော် တစ်ခု တွေးမိသည်မှာ ကျွန်တော့်သားတွင် အားကျ အတုယူစရာ စံပြပုဂ္ဂိုလ် မရှိချေ။ ကျွန်တော်တို့ တုန်းက JFK ၊ Martin Luther King ၊ Jr. တို့ဖြင့် ကြီးပြင်းခဲ့သည်။ ဂျေးတို့ မျိုးဆက်တွင် ဘယ်သူ ရှိသနည်း။ ဂျက်စတင်ဘီဘာ လား။ လေဒီဂါဂါ လား။ လွန်ခဲ့သော ဆယ်စုနှစ် အနည်းငယ်အတွင်း ကျွန်တော်တို့လက်ထက် ယဉ်ကျေးမှုတွင် တစ်ခုခုတော့ လွဲနေပြီ။ ဂျေး လို ကလေးများအတွက် ကောင်းမွန်တော်တည့်ရာကို လမ်းစ မဖော်ပေးနိုင်။ . .
Sharia4Belgium ၏ ဌာနချုပ်တွင် ဂျေး တစ်ယောက် တင်းကျပ်သော စည်းမျဉ်းများကို လိုက်နာလျက်ရှိသည်။ ပထမ တစ်နာရီတွင် ဘက်ကာဆမ် လက်ချာရိုက်သည်။ အစ္စလာမ် ဘာသာကို အမွှမ်းတင်ထားသော စိတ်ကူးယဉ် ဝက်ဘ်ဆိုဒ်များဖြင့် စတင်သော သင်ခန်းစာ။ အပြောအဟော ပြီးသွားလျှင် ဂျေးကို အခြားအခန်းထဲ တွန်းလွှတ်လိုက်သည်။ နောက်တစ်ခန်းတွင် နည်းပြများက လူငယ်များကို အတိုက်အခိုက် အသတ်အပုတ်၊ နပန်းနှင့် ကိုယ်လက် လှုပ်ရှားမှုများ လေ့ကျင့်ပေးသည်။ ကျွန်တော်တို့ သားအမိ သားအဖ တစ်တွေ ဆိုဖာပေါ် အေးအေးလူလူ ထိုင်ရင်း ပုံမှန် အကြောင်းအရာလေးများ ပြောဆို နေချိန်မျိုးတွင်ပင် Sharia4-Belgium သို့ လာရန် မက်ဆေ့ချ် ဝင်လာတတ်သည်။ ဂျေးပုံစံမှာ တပ်က ဆင့်ခေါ်လိုက်လျှင် အသင့် ဖြစ်နေရမည့် စစ်သားကြီးအလား။ ကျွန်တော့် သားလေး ယုံကြည်ချက် တစ်ခုကို ရှာတွေ့သွားပြီဟု ကျွန်တော် ထင်နေမိချိန်တွင် တကယ်တော့ ဂျေးက နဖူးတွေ့ဒူးတွေ့ တိုက်ပွဲဝင်ရန် အသင့် ဖြစ်နေခဲ့ပြီ။
ဂျေးကို လအတန်ကြာအောင် အယူဝါဒ သွတ်သွင်းပြီးသွားသောအခါ လမ်းပေါ် ထွက်စေသည်။ ဂျေးသည် ဘက်ကာဆမ်၏ နောက်တွင်ရပ်ကာ လမ်းသွားလမ်းလာများအား လူတတ်ကြီးလုပ်၍ တရားဟောသည်။ Sharia4Belgium သည် ဂျေးကို ရပ်ကွက် ကစားကွင်းများအထိ စေလွှတ်နိုင်ခဲ့သည်။ ယုံကြည်ခြင်းကို လျစ်လျူမရှုရန်၊ မွေးရပ်မြေကို မုန်းတီးရန် စသည်ဖြင့် ကလေးများကို ဆွယ်တရား ဟောသည်။
ထိုကိစ္စများကို ပထမတော့ ကျွန်တော် ဘာမှ မသိသေး။ တစ်ညနေတွင် ကျွန်တော်နှင့် ဟယ်လင်သည် ကျွန်တော်တို့ ကွန်ဒိုခန်းထဲ ဆိုဖာပေါ် ထိုင်ကာ တီဗီ ကြည့်နေကြသည်။ ညနေခင်းသတင်း လာနေချိန်။ သတင်း တစ်ပုဒ်မှာ Sharia4Belgium ဌာနချုပ်တွင် တွေ့ရှိခဲ့သော အေကေ ၄၇ ရိုင်ဖယ် အကြောင်း။ ထိုသတင်းအပေါ် ကျွန်တော် မတုံ့ပြန်နိုင်မီ Antwerp မြို့တွင်း လမ်းမကြီးပေါ် တရားဟောနေသော ဘက်ကာဆမ်ပုံ တက်လာသည်။ နောက်လိုက်များ ခြံရံလျက် တရားဟောနေသော ဘက်ကာဆမ်။ ဘက်ကာဆမ်၏ ဘယ်ဘက်တွင် ထိုင်နေသော လူငယ် တစ်ဦး၏ မျက်နှာကို ကျွန်တော် မြင်လိုက်ရစဉ် ခဏတွင် ကျွန်တော်သည် ဓာတ်လိုက် ခံလိုက်ရသလို။ နှလုံးအိမ်ထိ ဖြတ်ဝင်သွားသော လျှပ်စစ်ဓာတ်။ ထိုလူငယ်သည် ကျွန်တော့်သား ဂျေး။
မကောင်းဆိုးဝါး တစ်ကောင်၏ ဘေးတွင် ကိုယ့် ရင်နှစ်သည်းချာကို မြင်ရ သကဲ့သို့တည်း။ ကျွန်တော်သည် ဆဲလ်ဖုန်း ကောက်ကိုင်ပြီး ရဲထံ ဖုန်းခေါ်သည်။
“ကျွန်တော့် သားလေး Sharia4Belgium ထဲ ရောက်နေတယ်။ မောင်းထုတ်ပေးပါဗျာ”
သို့ရာတွင်... သို့ရာတွင်… ထိုသို့ ရဲထံ ဖုန်းခေါ်သော မိဘမှာ ကျွန်တော် ပထမဦးဆုံး မဖြစ်နိုင်။ အကြောင်းမှာ ရဲသားများတွင် အဖြေ အသင့် ရှိနေသည်။
“ခင်ဗျားသားကို ကျွန်တော်တို့ အဲဒီလို လုပ်ပိုင်ခွင့် မရှိဘူး။ ‘လွတ်လပ်စွာ သင်းပင်းဖွဲ့စည်းခြင်း’ ဆိုတာ ရှိတယ်။ သူ့ရဲ့ ကိုယ်ပိုင်ဆန္ဒအရ လုပ်တာဆိုရင် ဒါသူ့ အခွင့်အရေးပါပဲ”
ထိုအချက်ကို ကျွန်တော် လက်မခံ။ ကျွန်တော့် သားသည် ယခုမှ ၁၆ နှစ် ရှိသေးသည်။ ဤသည်မှာ ကူးပြောင်းခြင်း မဟုတ်၊ ပြန်ပေးဆွဲခြင်း တစ်မျိုး ဖြစ်သည်။ တာဝန်ရှိသူများ ဘက်မှ တစ်ခုခု လုပ်ပေးနိုင်သင့်သည်။ နောက်ဆုံးတွင် ဂျေးနှင့် တွေ့ဆုံ စကားပြောရန် အာဏာပိုင်များက လူမှုဝန်ထမ်း တစ်ဦး စေလွှတ်ပေးသည်။ လူမှုဝန်ထမ်းက ကျွန်တော်တို့ ကွန်ဒိုဆီ ရောက်လာပြီး ဂျေးနှင့် အတူ အခန်းထဲ ဝင်သွားသည်။ အပြင်ဘက်မှ ကျွန်တော်က သူတို့ ပြောသမျှ ကြားနေရသည်။ လူမှုဝန်ထမ်း အမျိုးသမီး အခန်းထဲမှ ပြန်ထွက်လာသောအခါ ဂျေးက ကျွန်တော့်ကို သနားလိုက်တာ ဟူသော အကြည့်ဖြင့် ကြည့်သည်။ အဆိုပါ အမျိုးသမီးသည် အစ္စလာမ် အစွန်းရောက်ဝါဒ အကြောင်း ဆွေးနွေးရန် လာရောက်ခဲ့ခြင်း ဖြစ်ငြား မက္ကာမြို့ ဘယ်မှာ ရှိမှန်းကိုပင် မသိ။ အရှုံးသည် မရှုမလှ။
ကျွန်တော် မှတ်မိနေသည်မှာ ထိုစဉ်က ဘယ်လ်ဂျီယံသည် အိပ်ကောင်းနေဆဲ။ အနောက်နိုင်ငံများ အိပ်ကောင်းနေဆဲ။ အစွန်းရောက် အစ္စလာမ်ကတော့ ကျွန်တော့် အိမ်တံခါးဝ ရှေ့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာပြီး အတွင်းထဲ ခိုးဝင်ကာ ကျွန်တော့် သားကို ခေါ်ထုတ်သွားနိုင်ခဲ့သည်။ ထိုအဖြစ်ကို တားဆီးဖို့ ကျွန်တော်တို့တွင် ဥပဒေ မရှိ။ ဖော်မြူလာ မရှိ။ တကယ်တော့ အစ္စလာမ္မစ်များ သည် အနောက်နိုင်ငံတို့၏ အားကောင်းလှပါသည်ဆိုသော လွတ်လပ်ခွင့်ကို လှလှပပ အသုံးချသွားခြင်း ဖြစ်သည်။
ကျွန်တော် ဖြည်းဖြည်းချင်း သိလာသည်မှာ ဤ ဘေးအန္တရာယ် အကြောင်း ဘယ်သူမှ ပြောချင်ဆိုချင်စိတ် မရှိခြင်းပင်။ အားလုံးက အိပ်ပဲအိပ်နေချင်ကြသည်။ ပြဿနာတွေ သူ့ အလိုလို ပြီးသွားဖို့ အိပ်မက် မက်နေကြသည်။ ကျွန်တော်သည် ပြဿနာ၏ အစ ဘူမိနက်သန် မြေနေရာတွင် စုံရပ်ကာ တပ်လှန့် နေပါသော်လည်း တစ်လောကလုံးကတော့ မကြားယောင် ဆောင်နေပါတကားဟု စိတ်ဝယ် ခံစားရသည်။
(၃ ဆက်ရန်....)

*****
❑ (p.42—48) ❑
— [ #ဆက်လက်ဖော်ပြပါမယ်] —



— 20241104 —
#ခုနစ်ထွေဘီလူး #ဝင့်ပြုံးမြင့် #လင်းသစ်ပြည်

————
#စာမှစာအုပ်စာအုပ်မှစာ


#ကေဇော်
2025-0925, Thu
===== ❑

 #ခုနစ်ထွေဘီလူး |  #ဝင့်ပြုံးမြင့် |  #စာမြည်း_၃.........—- ၂ -—ဟယ်လင်သည် ကက်သလစ် တစ်ဦးဖြစ်၍ ကျွန်တော်တို့ သားလေးကိုလည်း...
24/09/2025

#ခုနစ်ထွေဘီလူး | #ဝင့်ပြုံးမြင့် | #စာမြည်း_၃.........
—- ၂ -—

ဟယ်လင်သည် ကက်သလစ် တစ်ဦးဖြစ်၍ ကျွန်တော်တို့ သားလေးကိုလည်း ကက်သလစ် အဖြစ်သာ ကြီးပြင်းစေဖို့ ဆုံးဖြတ်ပြီး ဖြစ်သည်။ ကျွန်တော်ကတော့ ကြာမြင့်စွာကတည်းက ဘာသာရေး ယုံကြည်မှု ပျောက်ဆုံးခဲ့ပြီးသူ။ သို့သော် ကျွန်တော်တို့ နေထိုင်သော အင်သ်ဝပ်မြို့တွင် ပညာရေး ကောင်းသည်။ သားလေးရရှိသော ယင်း ပညာရေးက သားလေးအတွက် အတိုင်းထက်အလွန် ဖြစ်စေလိမ့်မည်။ သားလေး ဂျေးသည် မိဘကို တစ်ခါမျှ ဒုက္ခ မပေးဖူးခဲ့။ ဆုံးမ သွန်သင်ရ လွယ်ကူသည်။ မျက်နှာ ချိုသော ဂျေးသည် မွေးရာပါ အားကစားသမားလည်း ဖြစ်နေပြန်သည်။ သူ့အမေက ညီမလေး မွေးပေးလိုက်သောအခါ ဂျေးသည် ချစ်တတ်သော အစ်ကိုကြီး ဖြစ်လာသည်။
သားဂျေးနှင့် ပတ်သက်သော ငယ်ဘဝ အတိတ် အမှတ်တရများ ကျွန်တော့်ထံတွင် များပြားလှပါဘိတောင်း။ ဂျေးသည် သီချင်းအချို့ကို စွဲလမ်းတတ်သူ။ ကားပေါ်ရောက်တိုင်း သူ ကြိုက်သော သီချင်းကို တစ်ကျော့ပြီးတစ်ကျော့ ဖွင့်ခိုင်းတတ်သည်။ ဂျေး အကြိုက်ဆုံး သီချင်းသည် ‘အင်ဂျလီနာ’။ “ဒက်ဒီရေ... အင်ဂျလီနာ ဖွင့်ပါ” ဟု ဂျေး တောင်းဆိုသည်။ ခေါင်းကလည်း မာသည်။ သီချင်းသံ ထွက်ပေါ် မလာမချင်း ဂျီကျ၍ မဆုံးတော့။ သီချင်းဖွင့်ပြီး ကား နောက်ကြည့်မှန်မှ ကျွန်တော် ကြည့်လိုက်လျှင် သီချင်းစာသား လိုက်ဆိုနေသော ကျွန်တော့်သားလေး ဂျေး။
“Angelina, Angelina, please bring down your concertina.”

ရုပ်ရှင်များထဲတွင် ဂျေး အကြိုက်ဆုံး ကားထဲ ဝေါ့တ်ဒစ္စနေ၏ ‘ပန်နိုကီယို’ ပါသည်။ ကျွန်တော်တို့ သားအဖ ထိုဇာတ်ကားကို ကြည့်တိုင်း ဂျေးသည် ဆိုဖာပေါ်တွင် ငြိမ်ငြိမ်လေး ထိုင်ကာ ရုပ်သေးရုပ်လေး၏ ဇာတ်ကြောင်းထဲ လုံးလုံးမျောနစ်နေသည်။ ဇာတ်လမ်းအဆုံးတွင် ဂျေး ငိုသည်။ ဘယ်အကြောင်းကြောင့် ငိုသလဲ၊ ဂျေးက ကျွန်တော့်ကို အသိမပေး။ ကျွန်တော့်စိတ်ထင် ဂျေးသည် ပန်နိုကီယိုလေးကို ချစ်လွန်း၍ ဇာတ်လမ်းကို မဆုံးစေလိုခြင်း ဖြစ်မည်။
ဂျေးသည် အခြား ကောင်လေးများလို မဟုတ်။ အသက် ခြောက်နှစ်အရွယ်တွင် ဂျေးသည် ဒိုင်နိုဆော အရုပ်များ စုဆောင်းတတ်ပြီ။ raptor, T. rex, brontosaurus စသည်ဖြင့် ဒိုင်နိုဆော အမည်များကို ဂျေး ခေါ်တတ်ပြီ။ ကျွန်တော် တွေ့ဖူးသမျှ ကောင်လေးတိုင်းသည် ဒိုင်နိုဆော အရုပ်များကို တစ်ကောင်နှင့် တစ်ကောင် တိုက်ခိုက်ခိုင်းသည်။ ဒီတစ်ကောင်က ဟိုတစ်ကောင်ကို နိုင်မလား၊ ဘယ်တစ်ကောင်က အားအကောင်းဆုံးလဲ။ ဂျေးကတော့ ထိုသို့ မဟုတ်။ သူ့ ဒိုင်နိုဆော အားလုံးကို ငြိမ်းငြိမ်းချမ်းချမ်း နေစေလိုသူ။
အရုပ်များနှင့် ဆော့နေသော ဂျေးကို ကြည့်လိုက်လျှင် ဂျေးသည် သူ့ ကစား စရာများကို ခရီးတစ်ခု ထွက်တော့မလို တန်းစီပြီး ချထားလေ့ ရှိသည်။ မဟုတ်ပါကလည်း တိရစ္ဆာန် အကောင်ကြီးက အကောင်ငယ်ကို ကူညီပြီး ဆိုဖာပေါ် တင်ပေးသည့်ဆော့နည်းမျိုး ဖြစ်၏။ တိုက်ကြခိုက်ကြသည့် ပုံစံမျိုး ဂျေး မဆော့။ ဂျေးသည် နှလုံးအိမ် သိမ်မွေ့သူ။ နောင်ရေး ရင်မအေးစရာဟူ၍ ဘာမျှ မရှိ။ ပြောစရာဆို၍ ဂျေးတစ်ယောက် ဂဏှာမငြိမ်တတ်ခြင်းလောက်သာ ရှိသည်။ ဂျေးသည် ထာဝရ ရှာဖွေနေသူ။ ကစ်ဘောက်ဆင်၊ ဒိုင်ဗင်ထိုး စသော အားကစားများ လုပ် သည့်အပြင် ဂျေးသည် ပင်လယ်လှိုင်းစီးအတွက် နိုင်ငံတကာ လိုင်စင်ကို ရထားသူ။ ကျွန်တော်တို့ သားအဖ ပင်လယ်လှိုင်း စီးသည်။
ဂျေးသည် ဘရိတ်ဒန့်စ် အကကောင်းသူလည်း ဖြစ်သည်။ အကကောင်းလွန်းသဖြင့် ဆယ်ကျော်သက် အရွယ်မှာတင် တီဗီ၌ တင်ဆက်သော ‘မိုက်ကယ်ဂျက်ဆင်နဲ့ အတူ ကမယ်’ စီးရီးအတွက် ဂျေးသည် အရွေးချယ် ခံခဲ့ရသူ။ လျှောက် ထားသူပေါင်း လူ ခြောက်ထောင်ထဲမှ အသားတင် ကျန်ခဲ့သော ကိုးဆယ့်ငါးဦးထဲ ဂျေးသည် တစ်ဦး အပါအဝင်။ ဂျေးသည် ဖိုင်နယ် အဆင့်ထိ မရောက်လိုက်သော် လည်း လူ စိတ်ဝင်စားအောင် လုပ်နိုင်ခဲ့သည်။ အထူးသဖြင့် အစီအစဉ်မှူး စိတ် ဝင်စားအောင် လုပ်နိုင်ခဲ့သည်။
ဂျေးသည် အမြဲတစေ အနာဂတ်ကို မျှော်ကြည့်နေတတ်သော ကလေးဖြစ်သည်။ ဘာပြီး ဘာလာမလဲ သူ ငံ့လင့်နေသည်။ ဂျေးကို ကြည့်ပြီး ကျွန်တော် ကိုယ့်ကိုယ်ကိုယ် ပြန်မြင်သည်။ ကမောက်ကမ နိုင်သော လောကကြီးထဲ ဂျေး နှင့် ကျွန်တော်သည် စိတ်ကူးလေး တငြိမ့်ငြိမ့် ယဉ်တတ်သူ နှစ်ဦး ဖြစ်နေသည်။ ကျွန်တော်တို့ သားအဖ ဘာဂါကင်းကို သွားပြီး ဂျေး၏ အနာဂတ်နှင့် အစီအမံများအကြောင်း ပြောကြသည်။ ဘာဂါကင်းသည် ဂျေး အကြိုက်ဆုံး နေရာတစ်ခု။ ကျွန်တော်တို့ သားအဖကြား ရန်ပွဲ အသေးလေးများလည်း ရှိသည်။ ကျွန်တော်သည် လစ်ဘရယ်ကျသော အဖေ ဖြစ်၍ ဂျေးက ဆေးလိပ်သောက်ချင်ကြောင်း ပြောသော် ကျွန်တော်က “သောက်” ဟု ခွင့်ပြုလိုက်သည်။ ကျွန်တော့် ကွယ်ရာ တွင် တိတ်တိတ် ခိုးလုပ်မည့်အစား ယခုလို ပွင့်ပွင့်လင်းလင်း ပြောသည်က ပိုကောင်းသည်။
ဂျေးသည် ဘယ်လ်ဂျီယံသား စစ်စစ်အဖြစ် ကြီးပြင်းလာသည်။ တစ်ခါတလေ သောက်တတ်သည်။ ကျွန်တော့်လိုပင် ဂစ်တာလေး ခေါက်နေတတ်သည်။ ကျွန် တော်တို့ သားအဖ ဂစ်တာကိုယ်စီ ပလပ်ခေါင်းထိုးကာ အသားကုန် တီးသည်။ ထိုအခါ တစ်ဖက်ခန်းမှ ဟယ်လင် ထအော်သည်။
“ရှင်တို့ သားအဖ အသံ တိုးလို့ မရဘူးလား”
ထိုအခါမှ ကျွန်တော်တို့ တခိခိ ရယ်ကာ တီးကွက် ပြောင်းသည်။ ကျွန်တော်တို့ သားအဖ ကလပ်တွေလည်း တက်ကြသည်။ ဘာသာပေါင်းစုံ လူမျိုးပေါင်းစုံနှင့် ကျွန်တော်တို့ သိကျွမ်း ခင်မင်ကြသည်။
ဂျေးသည် သိလိုစိတ် ထက်သန်သော ကလေး ဖြစ်၏။ အသက် တစ်ဆယ့်လေးနှစ် အရွယ်တွင် ဖရီးမေဆင် အကြောင်း စာအုပ်ကို ဂျေး ဖတ်နေပြီ။ ထို့နောက် Knights Templar စာအုပ် ဖတ်သည်။ ကမ္ဘာကြီးကို ပြောင်းလဲဖို့ ကြိုးစားခဲ့သူများကို ဂျေး စွဲမက်နေသည်။ ကျွန်တော်တို့ အိမ်နှင့် သိပ်မဝေးလှသော ‘ဘရုချ်’ မြို့တွင် ၁၂ ရာစု ခေတ်လက်ရာ ‘Basilica of the Holy Blood’ ဟု ခေါ်သော ခရစ်ယာန်ဘုရားရှိခိုးကျောင်း တစ်ကျောင်း ရှိသည်။ ခရစ်တော်၏ သွေးကို ထည့်ထားသည်ဟု ဆိုထားသော ဖန်ပေါင်းချောင် တစ်ခု ထိုကျောင်းတွင် ထိန်းသိမ်းထားသည်။ ဒုတိယ ခရူးဆိတ် စစ်ပွဲအပြီး ဘယ်လ်ဂျီယံသို့ ပြန်လည် ပင့်ဆောင်လာရသော ဖန်ပေါင်းချောင် ဖြစ်၏။ နှစ်စဉ်နှစ်တိုင်း ယင်း ဖန်ပေါင်းချောင်ကို ဘုရားကျောင်းမှထုတ်ကာ မြို့လမ်းတွေထဲ ပင့်ဆောင် သယ်ယူသော စီတန်း လှည့်လည်ပွဲ ရှိသည်။ ယုံကြည်ခြင်းနှင့် ရဲစွမ်းသတ္တိတို့ သမမျှတသော၊ ထိုသို့သော တိုင်းပြည်မျိုးတွင် ထိုအကြောင်းများကို ဂျေး နားယဉ်ပြီး ကြီးပြင်းလာသည်။
ဂျေးနှင့် သူ့ ညီမလေးကို ကျွန်တော်တို့ မိဘဘက်မှ ပေးထားနိုင်သော ဘဝအခြေအနေအတွက် ကျွန်တော်တို့ ဂုဏ်ယူပါသည်။ ကျွန်တော်တို့တုန်းကမူ ကျွန်တော့် မိဘများက ကျွန်တော့်အတွက် ဂစ်တာလည်း ဝယ်မပေးနိုင်သလို အီတလီ နှင့် အမေရိကကိုလည်း အလည်ခရီး မပို့နိုင်ခဲ့။ လူတစ်ယောက် အဖေ ဖြစ်လာလျှင် ကိုယ်ငယ်ငယ်က မရခဲ့သော အရာများကို ကိုယ့် သားသမီး အလှည့်တွင် ရစေချင်ကြသည်။ သို့ဖြင့် ကျွန်တော် မရခဲ့သည်များကို ဂျေး ရသည်။
ဂျေးကို အာဖရိကန် အမွေအနှစ်နှင့်လည်း မစိမ်းစေချင်သောကြောင့် ကျွန်တော့် ဇနီးက သားကို နိုင်ဂျီးရီးယားသို့ မကြာခဏ ခေါ်သွားသည်။ ဆွေပြမျိုးပြအတွက်၊ မိသားစု ဇာတိကို သိရန်၊ ဝမ်းကွဲ မောင်နှမများနှင့် အတူတူ နေထိုင်ကြ ရန် အာဖရိကသို့ ခေါ်သွားခြင်း ဖြစ်သည်။ ဘဝကို အခြေခံကျကျ မှန်မှန်ကန်ကန် လုပ်ပေးနိုင်ခဲ့သည်ဟု ကျွန်တော် ထင်ခဲ့မိသည်။ ဘယ်လ်ဂျီယံတွင် မွေးလာသော လူမျိုးခြား ကပြား ကလေး တစ်ယောက်အနေနှင့် မျက်လုံးပြာပြာ၊ ရွှေရောင်ဆံပင်ကလေးများနှင့်တော့ တူနိုင်မည် မထင်။ ဂျေးအတွက် ဖြတ်ကျော်ရခက်သော ဝန်း ကျင် နှစ်ရပ်ကြားမှ ကွာဟချက်ကို ကျွန်တော်တို့ ဖွင့်ထားပေးနိုင်ကောင်းပါရဲ့။
ဂျေးက လေယာဉ်မှူးအဖြစ် အသက်မွေး ဝမ်းကျောင်းပြုရန် မျှော်လင့်နေချိန်တွင် ကျွန်တော်ကတော့ သူ့ကို ရှေ့နေ သို့မဟုတ် နိုင်ငံရေးသမား ဖြစ်လာမည်ဟု ထင်ခဲ့သည်။ ဂျေးသည် ကျွန်တော့်လိုပင် သူများတွေ ရှောင်ရှားသော အရပ်ကိုမှ သွားချင်သည်။ ပြဿနာ မရှိ။ ကျွန်တော် အနားယူပြီးချိန်တွင် ကျွန်တော်တို့သားအဖ Belize ၊ Vancouver နှင့် Rio de Janeiro ကို သွားကြမည်ဟု ဂျေးကို ကျွန်တော် ပြောသည်။ ဤသည်မှာ ကျွန်တော်တို့၏ စိတ်ကူးယဉ် အိပ်မက်လေးတစ်ခု။
ဘယ်လ်ဂျီယံလို နိုင်ငံထဲမှ သွေးနှော ကလေးတစ်ယောက်၏ အနေအထားကို ကျွန်တော် နားမလည်ခြင်းလည်း ဖြစ်နိုင်သည်။ ကျွန်တော်ကတော့ ကျွန်တော်ဘယ်သူလဲ၊ ဘယ်ဘက်နှင့် သက်ဆိုင်သလဲ စသည်ဖြင့် ယဉ်ကျေးမှု နှစ်ခု ကြား ကျွန်တော် ဗျာမများခဲ့စဖူး။ ဂျေးကတော့ အသက် တစ်ဆယ့်ငါးနှစ်မှာပင် စိတ် ဖိစီးမှု စတင် ပြသလာသည်။ ထိုနှစ်က ဂျေး တစ်ယောက် စာမေးပွဲ ကျသဖြင့် ကျောင်း ပြောင်းရသည်။ သူ ချစ်သော ဘရင်ဂျီဘာသာရေး အသင်း၏ ‘Our Lady’ ကောလိပ်မှ ထွက်ပြီး ပြန်လည်ကုစားရေး ကျောင်းသို့ ပြောင်းရွှေ့ခဲ့သည်။ တစ်ချိန်တည်းမှာပင် ရည်းစားသက်တမ်း သုံးနှစ်ရှိသော ရွှေဝါရောင် ဆံပင်ပိုင်ရှင် ဘယ်လ်ဂျီယံ သူလေးနှင့်လည်း ကွဲသည်။ ဘယ်လ်ဂျီယံ သူလေးသည် ခရစ်တော်၏ အဆုံးအမနှင့် အညီ နေထိုင်သော မိသားစုမှ လာသည်။
စာမေးပွဲ ကျရသည့်အထဲ ရည်းစားကလည်း ထားရစ်ခဲ့ပြီဖြစ်ရာ... ဂျေးတစ်ယောက် နှစ်ချက်ဆင့် အထိုးနှက် ခံလိုက်ရသလို ဖြစ်သည်။ ဂျေး အခန်းအောင်းသည်။ ဘယ်သူနှင့်မှ စိတ်လိုလက်ရ စကား မပြော။ မိဘတစ်ယောက် အနေနှင့် ကြည့်လျှင် ယင်း အဖြစ်သနစ်များသည် အသေးအမွှားလေးများသာ။ ဆယ်ကျော် သက် တစ်ယောက် အတွက်မူ ကမ္ဘာပျက်ခြင်း ဖြစ်နေသည်။ ချောက်နက်ထဲ ကျသွားသော လူငယ်လေးအတွက် ထွက်ပေါက်လည်း ရှိဟန် မတူ။
ဂျေး ရည်းစား အသစ် တစ်ယောက် ထပ်ရသည်။ မော်ရိုကိုသူ မွတ်စလင် မိန်းကလေး ဖြစ်၏။ သူတို့ နှစ်ယောက် စတင် စကားပြောချိန်မှာပင် မိန်းကလေးမေးသည့် မေးခွန်းမှာ “နင် ဘာဖြစ်လို့ မွတ်စလင် ဘာသာထဲ မဝင်တာလဲ” ဟူ၏။ မိန်းကလေးသည် အရိုးခံသက်သက် မေးခြင်းဖြစ်ကြောင်း ကျွန်တော် သေချာသည်။ ဂျေးကို မိန်းကလေးက သဘောကျသည်။ ကောင်းမွန်စေလိုသည်။ အစ္စလာမ် ဘာသာအားဖြင့် ဝိညာဉ်ပိုင်း ဉာဏ်အလင်း ပွင့်စေလိုသည်။ သို့ရာတွင် ထိုဘာမဟုတ်သော စကားလေး တစ်ခွန်းက ဖွေရှာနေသော လူငယ်တစ်ဦး၏ ဘဝထဲ ဗုံးတစ်လုံး ပေါက်ကွဲသွားသလို ဖြစ်၏။
ကျွန်တော့် သားသည် ကွန်ပျူတာရှေ့ သွားထိုင်ကာ “အစ္စလာမ် ဘာလဲ” ဟု စာရိုက်ထည့်သည်။ ယုံကြည် သက်ဝင်မှုတွေ အကြောင်း ကျွန်တော့် သားလေး ဘာမှ မသိ။ ကောင်းကျိုးလည်း မသိ။ ဆိုးကျိုးလည်း မသိ။ သူက မိန်းကလေး တစ်ယောက်နှင့် စကားပြောလိုခြင်းသာ။ ဝီကီပီးဒီးယားတွင် အစ္စလာမ် ဘာသာ ဝင်ရောက်မှုကို တွေ့ရှိပြီး ဂျေး စတင် ဖတ်ရှုသည်။
ဂျေး စာဖတ်ချိန်သည် စက္ကန့် သုံးဆယ်မျှသာ။ သို့သော် တစ်ဘဝလုံးကိုပြောင်းလဲဖို့ လုံလောက်သည်။ ကျွန်တော့်တွင် ရှိသော စွန့်စားလိုသည့် ဗီဇ၊ ဘဝ၏ မေးခွန်းကြီးများအတွက် အဖြေရှာလိုသော ဆန္ဒမျိုး ဂျေးတွင် ရှိသည်။ မိန်းကလေးတစ်ဦးနှင့် ခွာပြဲရာမှ ဂျေးသည် သူ့ကိုယ်သူ ပြန်တည်ဆောက်လိုသည်။ ကစ်ဘောက်ဆင်၊ ဇင်ဗုဒ္ဓဘာသာ၊ တရားထိုင်ခြင်း စသည်ဖြင့် ဂျေး တစ်ခုခု လုပ်နိုင် သည်။ သို့ရာတွင် မော်ရိုကိုသူလေးက ဂျေး၏ ခေါင်းထဲ စကားလုံးတစ်လုံး နေရာချပေးလိုက်သည်ဖြစ်ရာ ယင်း စကားလုံးက မျိုးစေ့သဖွယ် အညှောက်ပေါက် လာခဲ့ခြင်းပင်။
သို့သော် မျိုးစေ့မျှသာ။ အစ္စလာမ် ဘာသာကို ရှာဖွေတွေ့ရှိပြီး ဘဝကို ပျော်ရွှင်အေးချမ်းစွာ နေထိုင်သော လူသားများ ကမ္ဘာတစ်ဝန်းတွင် သန်းပေါင်းများစွာ ရှိသည်။ ကျွန်တော့် သားသည် လမ်းတော့ မပျောက်သေး။ ပကတိ အေးချမ်းမှုနှင့် စိတ္တသုခကို ဂျေး ရှာဖွေနေဆဲ။ သူ တွေ့ခဲ့သည်များကသာ ပြဒါးတစ်လမ်း သံတစ်လမ်း ဖြစ်နေခြင်း။
အစ္စလာမ် ဘာသာရေးအကြောင်း ကျွန်တော် များများစားစား မသိ။ အစ္စလာမ္မစ် တိုင်းပြည်များထဲမှ မငြိမ်သက်မှုများ၊ အကြမ်းဖက်မှုများအကြောင်း ကျွန်တော် ဖတ်ရှုထားပြီးဖြစ်ရာ ယင်း ဘာသာရေးကို ကျွန်တော် သိပ်တော့ အကောင်း မမြင်။ ထိုနိုင်ငံများတွင် လူတို့သည် ငြိမ်းချမ်းစွာ နေတတ်ကြပုံ မပေါ်။ သူတို့၏ ယုံကြည် သက်ဝင်ခြင်းနှင့် ပတ်သက်နေသလား ဆိုသည်ကိုမူ ရိုးရိုးသားသား ပြောရရင် ကျွန်တော်လည်း ဉာဏ်မမီ။ ဆွန်နီနှင့် ရှီအိုက် ဂိုဏ်းဂဏ အကွဲအပြဲ အကြောင်း၊ ဘာညာ သာရကာတွေ အကြောင်း လေ့လာရေး လုပ်ဖို့သည် ကျွန်တော့် ဘဝ၏ ပထမ ဦးစားပေး မဟုတ်ပေ။ ကျွန်တော်သည် မိသားစု ဝမ်းရေးအတွက် ဘယ်လ်ဂျီယံ တရားစီရင်ရေး စနစ်၏ အစိတ်အပိုင်း တစ်ခုဖြစ်သော ရဲတရားရုံးတွင် အလုပ် လုပ်နေသည်ဖြစ်ရာ ထိုကိစ္စအပေါ် အမှတ်တမဲ့ အနေမျိုးသာ ရှိခဲ့၏။
တစ်အောင့် အကြာတွင် ဂျေးသည် အင်တာနက်မှ ရှာဖွေခြင်းအပေါ် စိတ် ကျေနပ်မှု မရှိတော့ဘဲ မွတ်စလင် စစ်စစ်များနှင့် တွေ့ရအောင် အပြင်ထွက်ရှာသည်။ ဘော်ဂါဟောက် ရပ်ကွက်ထဲရှိ De-Koepel ဟု ခေါ်သော ဗလီ အသေးစား တစ်လုံးဆီ သွားသည်။ ထိုဗလီ၏ ဗလီဆရာမှာ ‘ဆူလေမန် ဗန်အေး’ (Sulayman Van Ael) ဆိုသူဖြစ်ပြီး သူ ကိုယ်တိုင်သည် ဘာသာ ကူးပြောင်းလာသူ၊ အစ္စလာမ်၏ အလယ်အလတ် ပုံစံကို ကျင့်သုံးကာ တရားဟောသူ ဖြစ်သည်။ ထိုဗလီဆရာနှင့် ဂျေး တွေ့ဆုံပြီး ဂျေးက ယုံကြည်သက်ဝင်မှု အသစ်ကို သူ ဘယ်လို တွေ့ရှိခဲ့ကြောင်း ပြောပြသည်။ ဂျေးသည် ဘာသာကူးပြောင်းပြီး ဘဝအသစ် စတင် လိုသည်။
ကျွန်တော့် သားသည် အသက် ၁၆ နှစ်သာ ရှိသေးသော်လည်း ဗလီဆရာက သဘောတူ လိုက်လျောသည်။ လူပျိုဖော် ဝင်ပြီးသူ ဘယ်သူမဆို ဘာသာ ကူး ပြောင်းခွင့် ရှိကြောင်း ပြောသည်။
၂၀၁၁ ခုနှစ်၏ ဩဂုတ်လ ၁ ရက်နေ့တွင် ဗလီထဲ၌ ကျွန်တော့် သားလေး မိုက်ခရိုဖုန်း ကိုင်ကာ မတ်တတ် ထရပ်လိုက်ချိန်၊ ဘဝသစ်ဆီ ကူးပြောင်းတော့မည့် ဆဲဆဲ ယင်း အခိုက်အတန့်လေးတွင် ကျွန်တော် ဘယ်ရောက်နေသလဲ ကိုယ့်ကိုယ်ကိုယ် မသိ။ ကျွန်တော် ဈေးဝယ်နေသလား၊ ဘောလုံးပွဲ ကြည့်နေသလား၊ သို့မဟုတ် တီဗီ အစီအစဉ်လေး ပြောင်းရန် အဝေးထိန်း ‘ရမုတ်’ ကိုပဲ ကောက်ကိုင်လိုက်သလား၊ ကျွန်တော် မသိ။ ကျွန်တော့် အိမ်နှင့် မိုင်ဝက် အကွာမှာတော့ ကျွန်တော့် သားသည် ကျွန်တော့်ကို အသိ မပေးဘဲ ဘာသာ ကူးပြောင်းခဲ့သည်။ ဂျေးသည် မိုက်ခရိုဖုန်း ကိုင်ကာ စကား ပြောသည်။
“အလ္လာဟ်အရှင်မြတ်မှတစ်ပါး စစ်မှန်သော ဘုရား မရှိ၊ မိုဟာမက်သည် အရှင်မြတ်၏ တမန်တော် ဖြစ်ကြောင်း သက်သေခံပါသည်”
ထိုစကားကို ဂျေး ပြောနေချိန်လေးတွင် ကျွန်တော်သည် ချန်နယ် ‘နှစ်’ မှ ချန်နယ် ‘လေး’ ပြောင်းသော အဝေးထိန်း ခလုတ် နှိပ်ချင်လည်း နှိပ်နေနိုင်သည်။ စားသောက်ဖွယ် ကောက်နှံ တစ်ဘူး ကောက်ယူပြီး သကြား ပါဝင်မှုကို ဖတ်ချင်လည်း ဖတ်နေနိုင်သည်။ ထိုအခိုက်အတန့်လေးတွင် အားလုံးလွန်သွားခဲ့ပါပကော။ . .



ကျွန်တော်တို့ နေထိုင်သော ကွန်ဒိုသည် De Coninckplein ဟု ခေါ်သော ရပ်ကွက်နှင့် သိပ်မဝေးလှ။ ထိုရပ်ကွက်တွင် မြောက်အာဖရိကမှ ရွှေ့ပြောင်းအခြေချသူ များစွာ ရှိကြပြီး အများစုမှာ မွတ်စလင်များ ဖြစ်၏။ ၎င်းတို့ထဲမှ ရာခိုင်နှုန်း အနည်းငယ်သည် အစွန်းရောက် မွတ်စလင်များ ဖြစ်နေသည်။ ကျွန်တော့် သားလေး၏ ဘဝကို ခြယ်လှယ်သွားသော ဒုတိယ အချက်ဟု ဆိုရမည်။ ကျွန်တော်တို့သည် ဂျီဟတ်နယ်မြေ အနီးအပါးတွင် နေထိုင်မိလျက်သား ဖြစ်နေသည်။
ဂျေး၏ သူငယ်ချင်း ‘အာဇက်ဒိုင်း’ သည် ထိုရပ်ကွက်တွင် နေထိုင်သူ။ သူတို့အိမ်နှင့် ကိုက်နှစ်ရာခန့် အကွာတွင် ပြောပလောက်စရာ မရှိသော အိမ်တစ်လုံး ရှိသည်။ ထိုအိမ်သည် ‘ဘယ်လ်ဂျီယံအတွက် ရှာရီယာ’ ‘Sharia4Belgium’ ဟုခေါ်သော အဖွဲ့၏ ဌာနချုပ်ဖြစ်သည်။ ဌာနချုပ်လိပ်စာသည် 117 Dambruggestraat။ ၎င်းတို့သည် အစ္စလာမ်ဘာသာ၏ လက်တက်ခွဲ တစ်ခုဖြစ်သော အဆုံးစွန် အစွန်း ရောက် ‘ဆာလာဖီ’ များ ဖြစ်ကြ၏။ ထိုအဖွဲ့ဝင်တို့၏ တောင်းဆိုချက်မှာ ဘယ်လ်ဂျီယံ နိုင်ငံသည် ရှရီယာ ဥပဒေဖြင့် အုပ်ချုပ်သော အစ္စလာမ္မစ် နိုင်ငံတော် ဖြစ်လာစေရမည်။ ဝန်ကြီးချုပ်ကို ‘ကာလစ်ဖ်’ နှင့် အစား ထိုးရမည်။ ပါလီမန်သည် ‘ရှူရကောင်စီ’ ဖြစ်လာရမည်။ မွတ်စလင် မဟုတ်သူ အားလုံး နိုင်ငံတွင်းမှ ထွက်ခွာရမည်။ မထွက်ခွာပါက အစ္စလာမ့်အခွန် ‘jizya’ ပေးဆောင်ရမည် ဟူသတတ်။
အဘယ်မျှ ဒေါသဖြစ်စရာ ကောင်းသနည်း။ တစ်နိုင်ငံလုံး လူဦးရေ၏ ၆ ရာခိုင်နှုန်း မျှသာ မွတ်စလင်များ ဖြစ်ပြီး ထို ၆ ရာခိုင်နှုန်းလေးသည်ပင် ဆွန်နီ၊ ရှီအိုက်၊ အာမဒီ နှင့် အခြား ဘာသာပေါင်းစုံ ရောနှော ပါဝင်နေခြင်း ဖြစ်သည်။ တကယ်တော့ ထိုစိတ်ကူးသည် ဆွရန် သက်သက် ဖြစ်သည်။ မွတ်စလင်နှင့် မွတ်စလင်မဟုတ်သူများကြား စည်းသားလိုက်ခြင်း မည်၏။
‘Sharia4Belgium’ ဂိုဏ်း အကြောင်း ကျွန်တော် သိပ်မသိလှ။ ကျွန်တော့်တိုင်းပြည်မှ လူ အတော်များများ ကဲ့သို့ပင် သူတို့ကို အစွန်းရောက်များဟုသာ ကျွန်တော် အမြင်ရှိသည်။ သို့သော်လည်း သူတို့ ဘာသာ အစွန်း ရောက်ရောက် မရောက်ရောက် ကျွန်တော့် ဘဝနှင့် ဘာမှ သက်ဆိုင်မနေ။ ညနေခင်း သတင်းစာတွေထဲ သူတို့ထဲမှ တစ်ယောက်တလေကို မြင်ရသည်။ များသောအားဖြင့် ‘ဖော့ဘက်ကာဆမ်’ ဟု ခေါ်သော အသင်းဥက္ကဋ္ဌ။ အရပ် ခပ်ပြတ်ပြတ်နှင့် ဟောဟော ဒိုင်းဒိုင်း ရှိလှသော ထိုပုဂ္ဂိုလ်က ကြံကြီးစည်ရာများ ပြောပြီဆိုလျှင် ကျွန်တော့်မှာ မျက်လုံး ပြူးနေရသည်။ တစ်ခါကလည်း အိုစမာ ဘင်လာဒင် အတွက် သူ ဆု တောင်းပေးကြောင်း ပြောဖူးသည်။ နောက်တစ်ခါတွင် လိင်တူချစ်သူများကို သေဒဏ် ပေးရမည်ဟု ဆိုပြန်သည်။ ပြောလိုက်လျှင် ပေါက်ပန်းဈေး။ သို့သော် သူသည် တီဗီထဲ ပါသူ။ ကျွန်တော်ကတော့ ထိုလူကို ဥပေက္ခာသာ ပြုထားလိုက်သည်။
၂၀၁၁ ခုနှစ်၊ ဆောင်းရာသီတွင် ဂျေးကို ဌာနချုပ်တွင် စည်းဝေးပွဲတက်ရန် အာဇက်ဒိုင်း ဖိတ်ခေါ်သည်။ ဌာနချုပ် ဆိုသည်ကလည်း အငှားချထားသော အိမ်ခန်းတွဲများ ဖြစ်သည်။ ဖိတ်ခေါ်ချက်ကို ဂျေးက ငြင်းလိုက်သည်။ ဂျေး၏ ဗလီဝတ်ကျောင်းတော်က Sharia4Belgium မှ အမျိုးသားများကို အစွန်းရောက်များအဖြစ် မှတ်ယူထားသည်။ ဂျေးသည် ဘာသာတရား ဟူသည်ကို သင်ယူနေဆဲ။ မိတ်သစ်ဆွေသစ်များ၏ အမြင်တွင်လည်း ယင်း အဆွယ်အပွား မွတ်စလင်များကို ဗုံးခွဲဖို့လောက်သာ သိသူများဟုသာ မြင်သည်။ ရယ်စရာကောင်းသော သူတို့အပြောများကြောင့် အစ္စလာမ်ဘာသာ နာမည်ပျက်ရသည်ဟု မြင်ကြသည်။ သို့ ဖြင့် ဂျေးက အာဇက်ဒိုင်း၏ ဖိတ်ကြားချက်ကို ငြင်းလိုက်သည်။
သို့သော် ဂျေးသည် ဆယ်ကျော်သက် လူငယ်လေး တစ်ဦးမျှသာ။ ထိုအရွယ်သည် စိတ်ပြောင်းလွယ်သော အရွယ်။ တစ်ပတ် ဆယ်ရက် အကြာတွင် အာဇက်ဒိုင်းက ထပ်မံ ဖိတ်ခေါ်ပြန်သော် ဂျေးသည် သူ့ဘက်က မရိုင်းချင်သောကြောင့် လက်ခံလိုက်သည်။ ဖိတ်ခေါ်ချက်လေးကို လက်ခံရုံနှင့် ဘာများ နစ်နာဆုံးရှုံးစရာ ရှိအံ့နည်း။ တနင်္ဂနွေ တစ်ရက်တွင် သူ သွားဖို့ သဘောတူလိုက်သည်။ တကယ်တော့ ဂျေးသည် ဂျီဟတ်တစ်ဦး ဖြစ်လာရန် အားထုတ်ခြင်း မဟုတ်ဘဲ စပ်စုလိုစိတ် သက်သက်၊ သူငယ်ချင်းကောင်း ဖြစ်ချင်စိတ် သက်သက်ကြောင့်သာ။
ဂျေးသည် ဗလီတွင် ‘ဖော့ဘက်ကာဆမ်’ နှင့် တွေ့သည်။ အသက်သုံးဆယ့်သုံးနှစ် အရွယ် ထိုသူသည် Antwerp နှင့် Brussels ကြားရှိ မြို့ငယ်လေးတွင် မော်ရိုကို မိဘများမှ မွေးဖွားခဲ့သည်။ သူသည် ဒုစရိုက် နယ်ပယ်ထဲ သက်ဆင်း သွားခဲ့ပြီး အတု ပြုလုပ်သူ တစ်ဦး။ မူးယစ်ဆေး မှောင်ခိုဂိုဏ်းကြီး တစ်ခု၏ အဖွဲ့ဝင် တစ်ဦး။ ထို့ပြင် ဖောက်ထွင်းမှုဖြင့် သုံးကြိမ်သုံးခါ ထောင်နန်းစံပြီးသူ။ ဖော့ဘက်ကာဆမ်သည် ထောင်ထဲ ရောက်မနေလျှင် လူငယ်စင်တာတွင် အလုပ်ဝင်သည်။ လိင်တူချစ်သူဟူသည် အပြိန်အဖျင်းများသာ ဖြစ်ကြောင်း၊ ၎င်းတို့ကြောင့် ဒီမိုကရေစီသည် ကံခေခဲ့ပြီ ဖြစ်ကြောင်း လူငယ်များကို နားသွင်းသည်။
ထထကြွကြွ ရှိလှသော ‘ဖော့ဘက်ကာဆမ်’ သည် မျက်နှာဝိုင်းဝိုင်း၊ နှုတ်ခမ်း မွေး၊ မုတ်ဆိတ်မွေး ထူထူထဲထဲနှင့် ဦးခေါင်းကိုမူ ခေါင်းတုံး တုံးထားသည်။ ကိုင်းလွတ် မျက်မှန် တပ်ပြီး ဆုတောင်းပဝါဖြူကို ခေါင်းဆောင်းထားတတ်သူ။ ထို့ပြင် သူ့တွင် သြဇာတိက္ကမ ရှိသည်ကို ကျွန်တော် ဝန်ခံရမည်။ သူသည် ကြွစောင်းစောင်း နိုင်သည်။ ခွန်အားတွေ အားဖြည့် လောင်းထားသလို သူ့ကိုယ်သူ ယုံကြည်ချက် အပြည့်နှင့် ဖြစ်၏။ “အရှုံးမရှိနိုင်ပါဘူးကွာ” ဆိုသော အပြောသည် သူ လျှာအတွေ့ဆုံး စကားတစ်ခွန်း။ တစ်နေ့တွင် ဘယ်လ်ဂျီယံ နိုင်ငံသည် အစ္စလာမ္မစ်တိုင်းပြည် ဖြစ်လာရမည်ဟု သူ ဆိုလိုသည်။
ဂျေး အတွက်ကတော့ ဘက်ကာဆမ်သည် ဗဟုသုတ ဟင်းလေးအိုးကြီး ဖြစ်နေသည်။ သမိုင်းဆိုင်ရာ ပုံတိုပတ်စများ၊ ဗဟုသုတများ မွှေရောလျက် မြို့ရည်လည်စွာ ပြောဆိုနိုင်သော အစွမ်းကို ဘက်ကာဆမ် ပိုင်ဆိုင်ထားသည်။ နောက်ပိုင်းတွင် ကျွန်တော့်သား ပြောပြသည်မှာ ဘက်ကာဆမ်နှင့် တွေ့ဆုံရခြင်းသည် ဆေးထိုး ခံလိုက်သည်နှင့် တူကြောင်း။ ဘဝ၏ မြူခိုးများ လွင့်ပြယ်ကာ လပေါင်းများစွာအတွင်း လောကကြီးကို ပီပီသသ ရှင်းရှင်းလင်းလင်း မြင်လိုက်ရကြောင်း။ သူ့ဘဝ၏ ကသောင်းကနင်းနိုင်မှုများ၊ အဓိပ္ပာယ်ရှိသော ဘဝတစ်ခုဆီ ဦးတည်နိုင်ဖို့ ဖွေရှာရခြင်းများ နိဋ္ဌိတံ သွားခဲ့သည်ဟု ဆိုသည်။
သို့ရာတွင်လည်း ကျွန်တော့်သားသည် ဗလီဝတ်ကျောင်းတော်မှ ဗလီဆရာ ‘ဗန်အေး’ ကိုလည်း သစ္စာရှိနေဆဲ။ ဗန်အေး အမည် ကြားတိုင်း ဘက်ကာဆမ်က သရော်သည်။ ဗန်အေး ဖြေပေးဖို့ မေးခွန်းတွေ တသီတတန်းကြီး ရေးချွတ်ကာ ဂျေးကို ပို့ခိုင်းသည်။ သိပ်မကြာခင် သူတို့ နှစ်ဦးသည် လောက၏ သစ္စာတရားကြီးကို ဘယ်သူက သွန်သင် ပြသနေသလဲ ရှာဖွေကြပေတော့မည်။
မေးခွန်းများထဲမှ တစ်ခုမှာ သူတစ်ပါးကို မုန်းတီးခြင်းသည် အစ္စလာမ်ဘာသာ၏ အစိတ်အပိုင်း တစ်ခု ဟုတ်,မဟုတ်။ ဗလီဆရာ ဗန်အေးက မဟုတ်ကြောင်း၊ ဘက်ကာဆမ်သည် ပုံဖျက်ထားသော ကုရ်အာန်ကျမ်းကို ကိုးကားပြီး ဆွယ်တရား ဟောနေကြောင်း၊ ကျွန်တော့် သားလေးကို ဘေးသင့်စေလိမ့်မည်ဖြစ်ကြောင်း ဗန်အေးက သွန်သင်ရှာသည်။ ဂျေးသည် Sharia4Belgium ဌာနချုပ်သို့ တကူးတက ပြန်သွားကာ ဗန်အေး ပေးလိုက်သော အဖြေကို ဘက်ကာဆမ်အား တစ်ဖန် ပြန်ပြောပြသည်။ ဘက်ကာဆမ် မျက်လုံး မီးဝင်းသွားသည်။ ကုရ်အာန် ကျမ်းစာအုပ် ထုတ်ပြီး အခြား ဘာသာတရားများအား အမုန်းပွားစေသော စာပုဒ်များကို တစ်ပုဒ်ပြီး တစ်ပုဒ် စတင် ဖတ်ပြတော့သည်။
ဤအဖြစ်သည် စမ်းသပ်မှုတစ်ခု ဆိုသော်လည်း တကယ်တော့ လှည့်ကွက်တစ်ခု။ ဘက်ကာဆမ် အနိုင်ရသော လှည့်ကွက်တစ်ခု။
အစွန်းရောက် တရားဟော ဆရာသည် ဂျေးအတွက် ပဟေဠိ၏ နောက်ဆုံးအပိုင်း။ ဘက်ကာဆမ်က သူသည် ဘုရားသခင်၏ အမှုတော်ကို ထမ်းဆောင်နေကြောင်း၊ ကမ္ဘာတစ်ဝန်း မကြာမီ ပျံ့နှံ့သွားတော့မည့် လှုပ်ရှားမှုတွင် ပါဝင်နေကြောင်း ဂျေးအား ပြောပြခဲ့သည်။ ကျွန်တော့်သား၏ နဂိုဘဝလေး ဖြစ်သော သူငယ်ချင်းများ၊ ဘောလုံး အားကစား၊ ရက်ပ်ဂီတနှင့် အက – အားလုံးသည် ရယ်ဖွယ် ဖြစ်သွားခဲ့သည်။ ယခုတော့ သူ့ကို စောင့်ကြိုနေသော ဘဝသည် အာဇာနည်အဖြစ် မော်ကွန်းတင် ခံရမည့် ဘဝပါတကား။ တော်လှန်ကြမည်၊ အာဇာနည်အဖြစ် ဥဒါန်း တွင်ရစ်စေမည်။ ထိုအဖြစ်ကို ဘယ်ဆယ်ကျော်သက်လူငယ်က မလိုချင်ဘဲ ရှိအံ့နည်း။

*****
❑ (p.32—41) ❑
— [ #ဆက်လက်ဖော်ပြပါမယ်] —



— 20241104 —
#ခုနစ်ထွေဘီလူး #ဝင့်ပြုံးမြင့် #လင်းသစ်ပြည်

————
#စာမှစာအုပ်စာအုပ်မှစာ


#ကေဇော်
2025-0924, Wed
===== ❑

Address

No. 919 , 19 Street , 7 Block , South Okkalapa Tsp
Yangon
11091

Telephone

+959450827699

Website

Alerts

Be the first to know and let us send you an email when KZaw - ကေဇော် Publishing posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category