13/11/2023
မရမ်းကုန်းမြို့နယ်ရှိ Honey Nest Club ဗုံးပေါက်
သုည/People's Spring
ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် သမိုင်းလမ်းဆုံအနီးရှိ Honey Nest Club၌ ယနေ့ (နိုဝင်ဘာ ၁၃) ည ၉ နာရီကျော်က ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံပြည်သူများက ပြောသည်။
"၉ နာရီလောက်က ဗုံးပေါက်သံအကျယ်ကြီး တချက်ကြားလိုက်ရတယ်။ အသံက တော်တော် ကျယ်တယ်။ လှိုင်ဘက်က လူတွေတောင်ကြားရတယ် ပြောတယ်။ ပေါက်တာက သမိုင်းလမ်းဆုံအကျော်က Honey Nest Club အဝင်ဝနားမှာ ပေါက်တာလို့ သိရတယ်။ ပျက်စီးမှုနဲ့ လူထိခိုက်မှု ရှိ၊ မရှိတော့ သေချာမသိရသေးဘူး"ဟု မရမ်းကုန်းမြို့နယ်နေ ပြည်သူတစ်ဦးက ပြောသည်။
ထို့နောက် စစ်ကောင်စီဝင်များက ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် Honey Nest Club အနီး၊ သမိုင်းခုံးတံတား၊ သမိုင်းဘူတာရုံလမ်းတို့တွင် လမ်းများပိတ်ဆို့၍ ဖြတ်သန်းသွားလာသည့် ကားများကို စစ်ဆေးမှုများ ပြုလုပ်နေကြောင်း ရန်ကုန်မြို့ရှိ အဌားယာဥ်မောင်းတစ်ဦးက ပြောသည်။
အဆိုပါ ဗုံးပေါက်ကွဲမှုကို မည်သည့်အဖွဲ့အစည်းက ပြုလုပ်ကြောင်းကိုမူ မသိရှိရသေးပေ။
Honey Nest Club သည် စစ်ကောင်စီနှင့်ဆက်နွယ်သူများ တည်ထောင်ထားသော Club တစ်ခုဖြစ်ပြီး စစ်ကောင်စီကို အခွန်ငွေပေးနေသည့်အပြင် စစ်တပ်ထောက်ခံသူများ လာရောက်ပျော်ပါးလေ့ရှိကြောင်း ဒေသခံပြည်သူအချို့က ဆိုသည်။
ပြီးခဲ့သည့် ၂၀၂၂ ဧပြီအတွင်းကလည်း Honey Nest Club ကို Dark Shadow(YGN) မြို့ပြပျောက်ကြားအဖွဲ့က ဗုံးဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ဖူးသည်။
(ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့် Honey Nest Club အားတွေ့ရစဥ်။ ဓာတ်ပုံ - CJ)