Inky Fingers

Inky Fingers A publisher in hard times. And times are always hard.

ပျံနေတယ်ဘာစရာမြို့တောင်ဘက်က မွေးမြူရေးစက်ရုံတစ်ရုံမှာ ကြက်ထောင်ပေါင်းများစွာအတွက် လုံခြုံရေးအဖြစ် လုပ်ကိုင်ခဲ့တဲ့ မူဘာရက...
28/02/2026

ပျံနေတယ်

ဘာစရာမြို့တောင်ဘက်က မွေးမြူရေးစက်ရုံတစ်ရုံမှာ ကြက်ထောင်ပေါင်းများစွာအတွက် လုံခြုံရေးအဖြစ် လုပ်ကိုင်ခဲ့တဲ့ မူဘာရက်ဟာ ပျံသန်းဖို့ကို တစ်ခါမှတောင် စိတ်မကူးခဲ့ဖူးပါဘူး။ ဒါပေမဲ့ သူဟာ နှစ်ကြိမ်ပျံသန်းခဲ့ရတယ်။ လေယာဉ်စီးရတာမဟုတ်၊ လေပူထိုးထားတဲ့ မိုးပျံပူဖောင်းမှာ လိုက်စီးတာမဟုတ်။ လေထီးခုန်ရတာလည်းမဟုတ်ပြန်။ တစ်ထောင့်တစ်ညပုံပြင်တွေထဲမှာလိုမျိုး မိစ္ဆာကောင်ကြီးရဲ့ တောင်ပံတွေပေါ် လိုက်စီးတာလည်းမဟုတ်၊ ကော်ဇော်ပျံစီးရတာလည်းမဟုတ်ပြန်။ သူဟာ အလယ်ခေတ်က သိပ္ပံပညာရှင်လည်းဖြစ် မောင်တီထွင်လည်းဖြစ်ပြီး တောင်ပံတွေ တဖြတ်ဖြတ်ခတ်လို့ အမြင့်ကြီးကို ပျံသန်းချင်ခဲ့တဲ့ အီဘင် ဖာနာကို သဘောကျသူလည်းမဟုတ်ပါဘူး။ ဒီလိုတောင်ပံတွေနဲ့သာဆိုရင် သူဟာ နောက်ဆုံး လမ်းဘေးမှာ အရိုးပုံအဖြစ် နိဂုံးချုပ်မယ်ဆိုတာ မူဘာရက် ကောင်းကောင်းသိတာပေါ့။

နားလည်အောင်ပြောရမယ်ဆိုရင် မူဘာရက်ဟာ သူအရင်က စီစဉ်ထားတာမဟုတ်တဲ့ ပုံစံမျိုးနဲ့ ပျံသန်းခဲ့ရတာ။ စိတ်ကူးထဲမှာပဲဖြစ်ဖြစ်၊ စိတ်လွတ်သွားရင်ပဲဖြစ်ဖြစ် လူတွေ လုပ်တတ်တဲ့ ကျွမ်းထိုးမှောက်ခုံ၊၊ ရူးရူးမိုက်မိုက်ပုံစံနဲ့ ပျံခဲ့ရတာပါ။

မူဘာရက် ပထမဆုံးပျံခဲ့ရတာ ၁၉၉၁ ပင်လယ်ကွေ့စစ်ပွဲ ပြီးဆုံးချိန် အီရတ်တပ်တွေ ပြန်ဆုတ်ခွာတဲ့အချိန်တုန်းကပေါ့။ အမေရိကန်တွေ လေကြောင်းက ဗုံးကြဲတာကနေ လွတ်အောင်ပြေးတဲ့အချိန် သူအပါအဝင် စစ်သည်လေးဆယ်ကျော်လိုက်ပါလာတဲ့ အိုင်အက်ဖ်အေ ဒဗလျူ ၅၀ ထရပ်ကားပေါ် ဗုံးတစ်လုံးကျလာတဲ့အခိုက်အတန့်မှာ သူ ပျံတက်သွားခဲ့တာ။

အခြားစစ်သည်တွေအကုန်လုံး တစ်စစီဖြစ်ကုန်ကြတာ။ သူတို့ခြေချောင်းလက်ချောင်းတွေအကုန်လုံး အရပ်လေးမျက်နှာကို ပြန့်ကြဲသွားတာလေ။ သူက လွဲလို့ပေါ့။ ဘုရားမလို့ သူပဲ မသေခဲ့တာ။ ဆက်ဖ်ဝန်က သဲမြေပေါ် ကျတဲ့အရှိန်နဲ့ သူ့ ညှပ်ရိုးနဲ့ ပခုံးရိုးတော့ ကျိုးသွားခဲ့တယ်။ သူဟာ လေထဲကို ပျံတက်သွားတာ စက္ကန့်အနည်းငယ်လောက်ပဲဖြစ်ပေမဲ့ မူဘာရက်ဟာ အဲ့ဒါနဲ့ပတ်သက်လို့ ကြုံတိုင်း ဟာသပြော၊ ရယ်မောနေလေ့ရှိတယ်။ လေကြောင်းတိုက်ခိုက်မှုပြီးလို့ သူ သတိပြန်ရပြီဆိုတာနဲ့ သူဟာ လေကြောင်းခရီးအကြောင်း သူ့သူငယ်ချင်းတွေ၊ ဆွေမျိုးတွေကို စပြောတော့တာပဲ။ သဲကန္တာရပေါ် သူ ထူးပေ့ဆန်းပေ့ ပျံသန်းခဲ့ရတဲ့အကြောင်းပေါ့။

“ငါ ငှက်တွေအများကြီးတွေ့ခဲ့တာ၊ ပြီးတော့ အီရတ်က ပစ်လိုက်တဲ့ မြေပြင်က မြေပြင်ပစ် ဒုံးကျည်ကို ပစ်ချဖို့ ထွက်လာတဲ့ ပေးထရီယော့ဒုံးကျည်ကိုတောင် လမ်းကြောင်းပြောင်းအောင် လုပ်လိုက်သေးတယ်၊ အပေါ်ကနေတောင် ဗိုလ်ချုပ်ရှဗက်ကော့ကို မြင်လိုက်သေးတယ်၊ သူနဲ့ အီရတ်ကာကွယ်ရေးဝန်ကြီးတို့က လက်နက်ချအညံ့ခံတဲ့ စာချုပ်ကို လက်မှတ်ရေးထိုးနေကြတာ” လို့ သူကပြောတတ်တယ်။

သတိရလာပြီးနောက် မူဘာရက်က အဲ့ဒီလိုပြောခဲ့တာပါ။ ကြားတဲ့သူတိုင်း ရယ်လိုက်ကြတာလေ။ တစ်ယောက်က သူဒဏ်ရာရထားတာကို မေ့ပြီး သူ့ပခုံးကို ရိုက်လိုက်သေးတယ်။ အဲ့ဒီနောက် ရယ်သံတွေ ပိုကျယ်လာ၊ ပျံသန်းတဲ့စစ်သည်အကြောင်း စကားနာထိုးတာတွေပိုပြောလာ၊ ပိုအသောဖောက်တာ၊ ဟားတာတွေ ရှိခဲ့တာပေါ့။

၂၀၀၃ ခုနှစ်မှာ တတိယကြိမ်စစ်ပွဲဖြစ်တော့ မူဘာရက်က အသက်ငါးဆယ်နားနီးပြီ။ သူလမ်းလျှောက်တဲ့အခါတိုင်း သူ့ခေါင်းနဲ့ ပခုံးက ဘယ်ဖက်ကို စောင်းတောင်းစောင်းတောင်းနဲ့။ ဒဏ်ရာရခဲ့ဖူးတာကြောင့် ကျောမှာက ဘုကြီးနဲ့။ ဒီလိုကြောင့် သူဟာ အစိုးရပင်စင်ခံစားခွင့်ရခဲ့တယ်။ ဒါပေမဲ့ ပင်စင်လစာက မဆိုစလောက်ဖြစ်တာမို့ မိသားစုဝင် ၁၁ ယောက်ကို လောက်ငအောင် မထားနိုင်ဘူး။ ဒါကြောင့် သူ့အိမ်နဲ့သိပ်မဝေးတဲ့နေရာက မွေးမြူရေးစက်ရုံတစ်ရုံမှာ လုံခြုံရေးအလုပ်ဝင်လုပ်ရတယ်။ အဲ့ဒီမှာပဲ သူ့အချိန်အများစု ကုန်ဆုံးတာပေါ့။ နားညည်းလောက်စရာ ကြက်သံကတော်ကတော်ကြောင့် နားက ဘာဆိုဘာမှ မကြားရတော့ဘူး။ နှာခေါင်းထဲလည်း ကြက်ချေးနံ့ပဲ ရနေတတ်တယ်။ ကြက်ငှက်တုပ်ကွေးကလည်း မကြာခဏဖြစ်တတ်တော့ သူဟာ ကြက်တုပ်ကွေးလည်း ကူးနိုင်သေးတယ်။ ဒါပေမဲ့ မူဘာရက်က ဒါတွေကို ပူကိုမပူတာ။ သူဟာ အဆိုးဆုံး အကြမ်းဆုံးဆိုတဲ့ အခြေအနေတွေနဲ့ ကြုံခဲ့ရပြီးပြီ။ လူတွေ အသောဖောက်ပြီးပြောတတ်ပြီး ရပ်ကွက်ထဲ ဒဏ္ဍာရီတောင်ဖြစ်နေတဲ့ သူသေမလိုဖြစ်တဲ့ ပျံသန်းတဲ့ကိစ္စမျိုးတော့ ပြောမနေပါနဲ့တော့။

စစ်ထဲမှာ သေမင်းနှုတ်ခမ်းဝရောက်ခါနီးတဲ့ အကြိမ်တွေ အများကြီးမှအများကြီးပဲ။ ကျည်ဆန်တွေ၊ ဗုံးတွေနဲ့ ပူးခါကပ်ခါဖြစ်ခဲ့တော့ ကြက်တွေလို အားနည်းရူးမိုက်တဲ့ သတ္တဝါတွေဆီကနေ ကူးတဲ့ ရောဂါလောက်တော့ ဘာလို့ပူနေတော့မှာလဲ။

“ငါက ပျံနေတဲ့ ငှက်လို သေမှာ” လို့ မူဘာရက်က သူ့ဘာသာသူပြောတတ်တယ်။ ဒါပေမဲ့ ဟာသနေအနေနဲ့ပြောတာပါ။ အလေးအနက်ကြီးတော့ ဘယ်ဟုတ်မလဲ။ ဒါပေမဲ့ တစ်ယောက်ယောက်က သူအဲ့ဒီလိုသေလိမ့်မယ်လို့ ဟိုးအရင်က တစ်ကြိမ် ရှေ့ဖြစ်ဟောပေးခဲ့ဖူးတယ်။ သူငယ်ငယ်တုန်းက ဂျစ်ပစီမိန်းမကြီးတစ်ယောက် သူ့အနာဂတ်နဲ့ပတ်သက်လို့ သူ့အမေကို ပြောပြခဲ့ဖူးတာပါ။

စစ်ရဲ့ အန္တရာယ်များလှတဲ့ လေကြောင်းတိုက်ခိုက်မှုတစ်ခုအတွင်းမှာ အမေရိကန်လေယာဉ်တစ်စင်းက မွေးမြူရေးစက်ရုံကို ဗုံးကြဲလိုက်တာ ကြက်တွေ ကြက်သားဖြစ်ကုန်ရော။ သူဟာ စစ်ပွဲတိုင်း ပျံဖို့က ကံပါလာတော့ ဒီတစ်ခါတော့ မူဘာရက်တစ်ယောက် ပျံသွားပြီလားဆိုပြီး လူတွေ တွေးခဲ့ကြတယ်။ သူတို့တွေ စက်ရုံဆီကို တက်သုတ်ရိုက်ရောက်လာကြပေမဲ့ စက်ရုံအပျက်အစီးကလွဲလို့ ဘာမှမတွေ့ခဲ့ကြဘူး။ သူတို့တွေ စိတ်ပျက်သွားကြတာပေါ့။ ကံဆိုးတဲ့ ကြက်တွေကြား ရုပ်ပျက်ဆင်းပျက်ဖြစ်နေတဲ့ သူ့အလောင်းကို တွေ့လိုက်မလားဆိုတဲ့ မျှော်လင့်ချက်မပြည့်လို့ စိတ်ပျက်တာမျိုးပါ။

ဒါပေမဲ့ ရုတ်ခြည်းလိုလိုပဲ သူတို့တွေ သူ့နာမည်ကို အော်ခေါ်လိုက်တဲ့အခါ မူဘာရက် အပျက်အစီးပုံအောက်ကနေ ထွက်လာတာကို တွေ့လိုက်ရတယ်။ သူ့တစ်ကိုယ်လုံး သွေးတွေ ပေကျံနေပြီး ခေါင်းကနေ ခြေဖျားအထိ ကြက်မွေးတွေကပ်နေတယ်။

ယိမ်းထိုးပြီး လမ်းလျှောက်နေပုံက လက်တွေကို တောင်ပံလို ခတ်နေတဲ့အတိုင်းပဲ။
သူ ပျံနေတယ်။
ပျံနေတယ်လေ။

Flying
From No Windmills in Basra by Diaa Jubaili
Translated from Arabic by Chip Rossetti
Deep Vellum Publishing,2022
ရဲလွင်အောင် မြန်မာဘာသာသို့ပြန်ဆိုသည်။

နီကိုးလပ်စ် ဒုစရိုက်မှုအကုန်လုံးထက်ပင် ပို၍ရှေးကျလွန်းသော သူ့အတွက် မုတ်ဆိတ်မွှေးများသည် ပို၍ဖြူရန် အကြောင်းမရှိတော့ပေ။ သ...
28/02/2026

နီကိုးလပ်စ်

ဒုစရိုက်မှုအကုန်လုံးထက်ပင် ပို၍ရှေးကျလွန်းသော သူ့အတွက် မုတ်ဆိတ်မွှေးများသည် ပို၍ဖြူရန် အကြောင်းမရှိတော့ပေ။ သူသေချင်စိတ်သာရှိတော့သည်။

အာတစ်လှိုဏ်ဂူများထဲမှ လူပုလေးများသည် သူ့ဘာသာစကားကို ပြောဆိုခြင်းမရှိ။ စက်ရုံတွင် အလုပ်မလုပ်သော အချိန်များမှာ လှုပ်လှုပ်ရွရွ လျှာများဖြင့် သူတို့ဘာသာအချင်းချင်း ပြောဆိုခြင်း၊ နားမလည်နိုင်သော ရိုးရာဓလေ့များကို လုပ်ဆောင်ခြင်းဖြင့်သာ နေကြလေသည်။

တစ်နှစ်တစ်ခါတွင်တော့ သူ့အား ငိုယိုတောင်းပန်ကြပြီး အဆုံးအစမရှိသော ညတစ်ညဆီသို့ သွားရန် တိုက်တွန်းကြသည်။ ထိုခရီးတွင် ကမ္ဘာပေါ်ရှိ ကလေးများဘေးတွင် သူရပ်နေရင်း လူပုလေးများ၏ မမြင်နိုင်သောလက်ဆောင်ပစ္စည်းများကို ကုတင်ဘေးတွင် ချန်ထားခဲ့သည်။ ကလေးများကတော့ အချိန်ယန္တရားတွင် အေးစက်အိပ်ပျော်နေကြသည်။ သူသည် ပရိုမီးသီးယပ်စ် နှင့် လိုကီ ၊ စစ္စီဖတ်စ် နှင့် ယုဒ တို့ကို အားကျမိသည်။ သူ၏ ပြစ်ဒဏ်ဝဋ်ကြွေးကား သူတို့ထက်ကြီးပါလေစွ။ ဟိုး ဟိုးး ဟိုးးး ။

Nicholas Was by Neil Gaiman

Translated by Thint Myat Kyaw

ဒီမှာနေလို့ ဘာမှထူးမလာတော့ဘူးတာလီဘန်တွေ သိမ်းပိုက်ပြီး ၁၃ လအကြာ အရင်နှစ် စက်တင်ဘာမှာ ဆွေမျိုးတွေ ကဘူးမြို့ကနေ ထွက်ပြေးလု...
22/04/2024

ဒီမှာနေလို့ ဘာမှထူးမလာတော့ဘူး

တာလီဘန်တွေ သိမ်းပိုက်ပြီး ၁၃ လအကြာ အရင်နှစ် စက်တင်ဘာမှာ ဆွေမျိုးတွေ ကဘူးမြို့ကနေ ထွက်ပြေးလုနီးဆဲဆဲမှာ ကျွန်တော်နဲ့ ကျွန်တော့်မိသားစုဟာ တစ်မနက်ခင်းမှာ ကဘူးမြို့ကို လေယာဉ်နဲ့ရောက်ခဲ့ကြပါတယ်။ သူတို့တွေ မထွက်ခွာမီမှာ သူတို့နဲ့ တွေ့လိုက်ချင်သေးလို့ပါ။


ကျွန်တော့်ဦးလေး ဖာဝတ်နဲ့ ညီအစ်ကိုဝမ်းကွဲ ဟက်ရှ်မတ်တို့က ကျွန်တော့်ကို လေဆိပ်ယာဉ်ရပ်နားကွင်းမှာ စောင့်နေတယ်။ ကျွန်တော်တို့ မြို့ထဲကိုရောက်ရောက်ချင်းပဲ ဆိုးရွားလှတဲ့ စီးပွားရေးအခြေအနေက ပိုလို့ထင်ရှားလာတယ်။ ကလေးအုပ်လိုက် ကျွန်တော်တို့ကားနားကို ပြေးကပ်လာပြီး ငွေတောင်းတယ်။စားစရာတောင်းကြတယ်။ ကဘူးမြို့မှာ အင်မတန်ကို ဆင်းရဲမွဲတေကြတာ ဆယ်စုနှစ်အများကြီးကြာခဲ့ပါပြီ။ အမေရိကန်တွေ သိမ်းပိုက်ထားတုန်းက နိုင်ငံထဲကို အလုံးလိုက်အရင်းလိုက်ဝင်လာတဲ့ ဒေါ်လာဘီလီယံပေါင်းများစွာဟာ ဆင်းရဲမွဲတေတဲ့ အာဖဂန်သားတွေဆီကို မရောက်ရှိခဲ့ပါဘူး။ နှစ်တွေကြာလာတာနဲ့အမျှ ဝင်ငွေကွာဟချက်ကလည်း ကြီးထွားလာခဲ့ပါတယ်။ ဒါပေမဲ့ အနည်းဆုံးတော့ ကဘူးမြို့က လမ်းတွေပေါ်မှာ ဒီလောက်တောင် အသည်းအသန်ဖြစ်နေကြတာကို တစ်ခါမှ မကြုံဖူးခဲ့ဘူး။


ပေါင်မုန့်လေးတစ်လုံးရဖို့အရေး ကလေးတွေဟာ မုန့်ဖုတ်တဲ့ဆိုင်တွေမှာ စောင့်ကြရတယ်။ ငွေကြပ်ပြီး ကြံရာမရဖြစ်နေ၊ ရုတ်တရက်ကြီးဆင်းရဲသွားတဲ့ မိသားစုတွေက မွေ့ရာတွေ၊ ပရိဘောဂပစ္စည်းတွေ၊ သူတို့အဝတ်အစားတွေကို ရောင်းနေတဲ့ ယာယီဈေးတွေလည်းပေါ်လာတယ်။ ငယ်ကလည်းငယ်၊ အိမ်ထောင်လည်းမကျသေးတဲ့ ဖာဝတ်နဲ့ ဟက်ရှ်မတ်တို့က စီးပွားရေးစနစ်ပြိုလဲတာကို ငြီးကြတယ်။ သာမန်အာဖဂန်သားတွေကို အပြစ်ပေးဖို့အရေး ပြင်းထန်တဲ့ စီးပွားရေးပိတ်ဆို့မှုတွေချမှတ်မှာဖြစ်ရက်နဲ့ အမေရိကန်တွေဟာ တာလီဘန်တွေနဲ့ ဘာလို့သဘောတူညီမှုတွေရယူနေသေးလဲမသိဘူးလို့ သူတို့က တွေးဆကြတယ်။ “ကျွန်တော်တို့ကို ပေါင်မုန့်မပေးနဲ့ ငြိမ်းချမ်းရေးပဲပေးလို့ အရင်က ပြောခဲ့ဖူးတယ်၊ အခုတော့ ငြိမ်းချမ်းရေးရနေပြီဖြစ်လို့ ပေါင်မုန့်လည်း လိုတယ်ဆိုတာ နားလည်သွားပြီ” လို့ ဟက်ရှ်မတ်က မှတ်ချက်ချရင်း ရယ်လိုက်တယ်။


အာဖဂန်နစ္စတန်ကိုမသွားဖြစ်တာ လေးနှစ်ရှိခဲ့ပြီ။ ဒါကြောင့် မသွားဖြစ်တဲ့နှစ်တွေမှာ အများကြီးပြောင်းလဲသွားတာတွေ့ရတယ်။ အမေရိကန်ရဲ့ပိတ်ဆို့မှုတွေ၊ ပန်ဂျ်ရှားမှာ ဖြစ်နေတဲ့တိုက်ပွဲတွေ၊ အမျိုးသမီးတွေအပေါ် ကန့်သတ်ပိတ်ဆို့တာတွေ၊ နိုင်ငံ့အနာဂတ်စသဖြင့် မေးစရာ မေးခွန်းပေါင်း ရာချီရှိနေတယ်လေ။ ကဘူးက ကျွန်တော့်မိသားစုဝင်တွေဟာ မျှော်လင့်ချက်မဲ့နေကြတယ်။ အသေခံဗုံးခွဲတာကြောင့် မြို့တွေမှာ ခြေပြတ်လက်ပြတ်ဖြစ်တဲ့သူတွေ၊ သေတဲ့သူတွေလည်း ရှိနေဆဲပဲ။ ရန်ပုံငွေမလုံလောက်တဲ့ ဆေးရုံတွေမှာ အာဟာရပြတ်လပ်တဲ့ကလေးတွေ သေလုမျောပါးဖြစ်နေကြတယ်။ တာလီဘန်တွေက မိန်းကလေးတွေအတွက် အထက်တန်းကျောင်းတွေကို ပိတ်ပစ်လိုက်တယ်။ ဒါကို အာဖဂန်နစ္စတန်တစ်ဝန်းက အစ္စလာမ်ပညာရှင်တွေကတောင် ဝေဖန်ကြတယ်။ ကျွန်တော့်ရဲ့ အရွယ်ကောင်း အမျိုးသမီးဆွေမျိုးတွေဟာလည်း သူတို့အနာဂတ်နဲ့ပတ်သက်ပြီး စိတ်ပျက်နေကြပြီ။ ကျူးကျော်သိမ်းပိုက်တာ အဆုံးသတ်သွားပေမယ့် ရှည်လျားတဲ့ အမေရိကန်စစ်ပွဲရဲ့ နောက်ဆက်တွဲအကျိုးဆက်တွေကတော့ နိုင်ငံကို ဒဏ်ရာဒဏ်ချက်တွေပေးနေဆဲပဲ။


အာဖဂန်သားအများစုအတွက်တော့ ဘဝက ဆက်လက်မရပ်တည်နိုင်ချင်စရာပဲ။ အလုပ်အကိုင်ကလည်း မရှိသလောက်။ အစားအစာ၊ ဂတ်စ်နဲ့ နေ့စဉ်သုံးပစ္စည်းရဲ့ တန်ဖိုးကလည်း မိုးအထိမြင့်တက်လာတယ်။ ကျေးလက်တွေမှာလည်း ရေကြီးရေလျှံတာ၊ မိုးခေါင်ရေရှားတာတွေ လှိမ့်ခံနေရတယ်။ စက်မှုဖွံ့ဖြိုးပြီးနိုင်ငံကြီးတွေလုပ်လို့ဖြစ်လာတဲ့ ကမ္ဘာကြီးပူနွေးမှု ဘေးထွက်ဆိုးကျိုးတွေပေါ့။ အစ္စလာမ်နိုင်ငံတော်(အိုင်အက်စ်)နဲ့ ပတ်သက်တဲ့ အဖွဲ့တွေကလည်း ကူညီသူမဲ့နေတဲ့ အသိုင်းအဝိုင်းတွေကို ဆက်လက်တိုက်ခိုက်နေဆဲပဲ။ အာဖဂန်သားတွေဟာ ဒီလိုမယုံနိုင်စရာကောင်းတဲ့ ဒုက္ခတွေကြားမှာ ဆက်လက်ရုန်းကန်နေကြပေမယ့် တချို့အတွက်လည်း ဆန္ဒမပါပါဘဲလျက် စွန့်ခွာထွက်ပြေးရကိန်းဆိုက်လာပြန်တယ်။


ဆိုဗီယက်-အာဖဂန်စစ်ပွဲအတွင်း ၁၉၈၂ ခုနှစ်မှာ ကျွန်တော့်မိဘတွေဟာ ကဘူးမြို့တောင်ဘက်က လိုဂျာခရိုင်မှာ ဆိုဗီယက်တွေ ဗုံးကြဲတာကို ရှောင်ဖို့ နယ်စပ်ကိုဖြတ်ပြီး ပါကစ္စတန်နိုင်ငံထဲကို ပြေးခဲ့ကြတယ်။ ဆယ်စုနှစ်အကြာမှာ ပါကစ္စတန်နိုင်ငံ ပက်ရှ်ဝါက အာဖဂန်ဒုက္ခသည်စခန်းတစ်ခုမှာ ကျွန်တော့်ကိုမွေးခဲ့တယ်။ အာဖဂန်နစ္စတန်မှာတော့ ပြည်တွင်းစစ်ဖြစ်ကောင်းတုန်း။ သိပ်မကြာခင်မှာပဲ ကျွန်တော့်မိသားစုနဲ့ ကျွန်တော်ဟာ အမေရိကန်ပြည်ထောင်စုကို ရွှေ့ပြောင်းပြီး ကမ္ဘာပေါ်မှာ လူဦးရေအများဆုံး ဒုက္ခသည်အသိုင်းအဝိုင်းတစ်ခုထဲမှာ ဝင်ဆံ့ဖို့ ကြိုးစားခဲ့ရတယ်။


၁၉၇၉ ခုနှစ်မှာ ဆိုဗီယက်တွေ အာဖဂန်နစ္စတန်ကို ကျူးကျော်ခဲ့တာ အခုဆိုရင် နှစ် လေးဆယ်ကျော်ခဲ့ပြီဖြစ်ပြီး ကျူးကျော်မှုကြောင့် အာဖဂန်သား နျစ်သန်းလောက် သေခဲ့ရပြီးဖြစ်ပါတယ်။ ဒါပေမဲ့ ဒီနေ့ခေတ်အထိအောင်ပဲ အာဖဂန်ပြည်သူတွေဟာ ထာဝရစစ်ဘေးရှောင်ဘဝကနေ မလွတ်ကျွတ်နိုင်သေးဘဲရှိနေဆဲပါ။ စစ်ပွဲတစ်ပွဲပြီးတစ်ပွဲ၊ ကျူးကျော်မှုတစ်ခုပြီးတစ်ခုကြုံနေရပြီး အာဖဂန်သားတွေဟာ ခိုလှုံခွင့်ရှာနေရဆဲပါပဲ။


ဖာဝတ်ဟာ အာဖဂန်နစ္စတန်ကနေ ထွက်ပြေးဖို့ စိတ်ကူးယဉ်နေပါတယ်။ အလုပ်မရှိတာလည်း နှစ်တွေကြာလှပြီ။ တောက်တိုမယ်ရအလုပ်တွေပဲလိုက်လုပ်တာရယ်၊ အမေရိကက ဆွေမျိုးတွေ ပို့ပေးတဲ့ ငွေနဲ့ပဲ အသက်ဆက်နေရတယ်။ သူဟာ ဘရာဇီးကို ထွက်သွားဖို့ စီစဉ်နေပါတယ်။ ဘရာဇီးကနေ သူဟာ တောင်နဲ့ဗဟိုအမေရိကကို ခက်ခက်ခဲခဲဖြတ်ပြီး နောက်ဆုံး အမေရိကန်ပြည်ထောင်စုကို သွားဖို့ပြင်နေပါတယ်။


အာဖဂန်သား ခြောက်သန်းကျော်ဟာ ပဋိပက္ခ၊ အကြမ်းဖက်မှုနဲ့ ဆင်းရဲမွဲတေမှုတွေကြောင့် နေရပ် သို့မဟုတ် နိုင်ငံကနေ စွန့်ခွာရတယ်လို့ ကုလသမဂ္ဂဒုက္ခသည်ဆိုင်ရာကော်မရှင်နာမင်းကြီးရုံးရဲ့ အစီရင်ခံစာတစ်ခုအရသိရတယ်။ နိုင်ငံတကာအသိုက်အဝိုင်းက တာလီဘန်အစိုးရကို မဆက်ဆံဘဲနေကြတာမို့ အမေရိကန်ပြည်ထောင်စုလို လုံခြုံတဲ့နိုင်ငံတွေကို တရားဝင်သွားရောက်ခွင့်လည်း ကျုံ့လာခဲ့တယ်။ ကျွန်တော့် မိသားစုဝင်တွေလို အာဖဂန်သားတွေဟာ တောင်အမေရိကတောကြီးမျက်မဲတွေ၊ အရှေ့ဥရောပသစ်တောတွေ သို့မဟုတ် သေလောက်အောင် အန္တရာယ်များတဲ့ ရေကြောင်းတို့ကိုပဲ မဖြစ်မနေရွေးချယ်ရတော့တယ်။


အမေရိက ဗီဇာမရနိုင်တဲ့ အာဖဂန်သားတွေအတွက်တော့ မြောက်နဲ့ တောင်အမေရိကကြားက ဒေရီးယန်းကမ်းမြှောင်ဒေသဟာ တဖြည်းဖြည်းနဲ့ လူရွေးများတဲ့ လမ်းကြောင်းဖြစ်ခဲ့ပါတယ်။ ဒေးရီးယန်းကမ်းမြှောင်ဒေသရဲ့ အန္တရာယ်နဲ့ပတ်သက်လို့ ကျွန်တော့်အမေက ဖာဝတ်ကို သတိပေးဖူးပေမယ့် သူကတော့ ပြောမရဆိုမရပါပဲ။ “ဒီမှာနေလို့ ဘာမှမထူးတော့ဘူး” လို့ သူက ပြန်ပြောတယ်။ ထွက်သွားမှဖြစ်မယ်။


ကဘူးမြို့အနောက်ပိုင်း ကာ့-အီ-ချားရပ်ကွက်က ငှားရမ်းထားတဲ့ အခန်းလေးမှာ ကျွန်တော့်အမေရဲ့ ညီမတွေနဲ့ဆုံရတယ်။ အနီးအနားမှာနေတဲ့ နာဖီဆာ၊ လိုဂျာက ကျွန်တော်တို့ မွေးရပ်ရွာကနေ ထွက်လာတဲ့ မာရီဂျန်တို့ပေါ့။ ကျွန်တော့် အဒေါ် နာဖီဆာက အရပ်ရှည်ရှည်၊ လူကောင်ထွားထွားနဲ့ စကားပြောတတ်ဆိုတတ်တယ်။ သူ့ဟာသတွေ ရင်ဝကိုဆောင့်ထိုးလိုက်သလိုဖြစ်တတ်လို့ သူ့ကိုမစဖို့ ကျွန်တော်ငယ်ငယ်လေးကထဲ ပညာရခဲ့ပြီးသား။ နာဖီဆာနဲ့ လိုဂျာက ခပ်ပိန်ပိန်အစိုးရဝန်ထမ်း ကာယွမ်တို့က သူတို့ရဲ့ ထူးချွန်တဲ့ သမီးလေးယောက်နဲ့အတူ ကာ-အီ-နောရပ်ကွက်မှာ နေကြတာ။ သူတို့သမီးလေးယောက်လုံး ပညာသင်ခွင့်ဆုံးရှုံးရတော့မယ့် အလားအလာတွေရှိနေပါပြီ။


တာလီဘန်တွေက မိန်းကလေးတွေ အထက်တန်းကျောင်းမတက်ရဘူးလို့ ပိတ်ပင်လိုက်တာမို့ သူတို့ရဲ့ အသက် ၁၄ နှစ်အရွယ်သမီးကြီးဟာ အတန်းမတက်ရတော့ပါဘူး။ ဒီဇင်ဘာ ၂၀ မှာတော့ တာလီဘန်တွေဟာ အာဖဂန်အမျိုးသမီးတွေ အဆင်မြင့်ပညာရေးဆိုင်ရာကျောင်းတွေ မတက်ရတော့ဘူးလို့ ပိတ်ပင်လိုက်ပါတယ်။


နာဖီဆာနဲ့ ကာယွမ်တို့ဟာ သူတို့သမီးကြီးရဲ့ ပညာရေးကို လက်မလျှော့သေးပါဘူး။ သူတို့ဟာ အွန်လိုင်းအင်္ဂလိပ်စာသင်တန်းတွေအတွက် ငွေကုန်ခံပြီး ဒေသခံမာဒရာဆာမှာလည်း ကျောင်းအပ်ထားပါတယ်။ ကာယွမ်ဟာ တစ်နေ့မှာ တက္ကသိုလ်တက်ခွင့်ရရမယ်ဆိုတဲ့ သမီးဖြစ်သူရဲ့ အိပ်မက်ကို ထောက်ခံပါတယ်။ အခုတော့ နိုင်ငံကနေ ထွက်ပြေးဖို့ သူ စဉ်းစားနေပါပြီ။
“ဘုရားသခင်က ဘာတွေ စီစဉ်နေတယ်ဆိုတာ မင်းဘယ်တော့မှမသိနိုင်ဘူး” လို့ သူကပြောတယ်။


၂၀၂၁ ခုနှစ် ဩဂုတ်လ အာဖဂန်အစိုးရ မပြုတ်ကျမီ တစ်ညအလိုမှ ကာကွမ်ဟာ သူ့ရုံးခန်းမှာပဲ နာရီပေါင်းများစွာကုန်ဆုံးပြီး နောက်ဆုံးအချိန်လေးထုတ်ပေးရမယ့် နိုင်ငံကူးလက်မှတ်တွေအတွက် ဘိုင်အိုမက်ထရစ်ဖောင်တွေ ဖြည့်နေပါတယ်။ လစာမရတာလည်း လနဲ့ချီအောင် ကြာနေပါပြီ။ မနက် နှစ်နာရီမှာတော့ နိုင်ငံကူးလက်မှတ် ၁၅၀ အတွက် အပြီးလုပ်ပေးနိုင်ခဲ့ပါပြီ။


တာလီဘန်တွေက အာဖဂန်နစ္စတန်က ခရိုင်တစ်ခုပြီးတစ်ခုကို သိမ်းပိုက်နေတဲ့အချိန်မှာ ကာယွမ်ဟာ ညအချိန်မတော်အလုပ်နဲ့ပတ်သက်လို့ သံသယဝင်မိပါတယ်။ ဒါပေမဲ့ အာဖဂန်အစိုးရတစ်ဖွဲ့လုံး ကဘူးကနေ ထွက်သွားလိမ့်မယ်လို့တော့ စိတ်မကူးမိခဲ့ပါဘူး။ မနက်ပိုင်းမှာတော့ ဆယ်စုနှစ်တစ်ခုအတွင်း ပထမဆုံးအကြိမ် အလုပ်မဲ့အကိုင်မဲ့ဖြစ်နေတဲ့ သူဟာ လမ်းတွေပေါ်မှာ အာဖဂန်သားတွေ အပြည့်ပဲဆိုတာတွေ့လိုက်ရပါတယ်။ တာလီဘန်တွေ လာနေပြီလို့ တချို့က အော်ကြတယ်။ သမ္မတအက်ရှ်ရက် ဂါနီလည်း ထွက်သွားပြီ။ တာလီဘန်တွေကလည်း ကဘူးကိုဝင်လာပြီ။


အာဖဂန်သားတွေ ကြောက်နေလိုက်ကြပုံများ သူတို့မောင်းနေတဲ့ကားတွေတောင် ဘယ်ဘက်ကိုကပ်လိုက်၊ ညာဘက်ကိုကပ်လိုက်၊ ယာဉ်ကြောကို ဝင်တိုးလိုက်ကိုဖြစ်နေတယ်လို့ ကာယွမ်က ပြောပြတယ်။ မတော်တဆမှုတွေများနေလို့ လမ်းတွေလည်းပိတ်နေတယ်။ မိသားစုတွေဟာလည်း ကားတွေကိုထားခဲ့ပြီး ခြေလျင်လျှောက်ကြပြီ။ လူတိုင်းက လေဆိပ်ကို ဦးတည်နေကြတယ်။ ကာယွမ်လည်း ကြောက်တာပေါ့။ လမ်းပေါ်မှာ ပစ်သတ်ခံရနိုင်တယ်လို့တောင် တွေးမိသေးတယ်။


ကံကောင်းချင်တော့ တာလီဘန်တွေ ကာယွမ်ကို လာမဖမ်းခဲ့ကြပါဘူး။ ၁၉၉၀ ပြည့်နှစ်ကျော် အာဖဂန်ပြည်တွင်းစစ်အတွင်း ကဘူးမှာဖြစ်ခဲ့သလို လက်ရှိကဘူးမှာတော့ လူတွေရှေ့မှာ အဆုံးစီရင်တာတွေမရှိခဲ့ပါဘူး။ ပြီးတော့ မြို့ပြစစ်ပွဲအကြီးအကျယ်ဖြစ်မယ်လို့ ကာယွမ် ကြောက်ခဲ့တာလည်း တကယ်ဖြစ်မလာခဲ့ပါဘူး။ တာလီဘန်တွေဟာ တစ်မြို့လုံးပတ်ပြီး လက်နက်တွေရှာတွေဖို့ ဝင်ရောက်စီးနင်းတာတွေလုပ်ကြတယ်။ သူတို့ ကာယွမ်ရဲ့ အိမ်ကိုရောက်တဲ့အခါ သူတို့က သူ့အခန်းကိုဝင်ရှာပြီး သံသယရှိစရာမတွေ့တာနဲ့ ဒီအတိုင်းပဲ ထွက်သွားကြတယ်။ အစပိုင်းမှာတော့ တာလီဘန်တွေက အရင်နဲ့မတူဘူးလေ လို့ ကာယွမ်က ပြောတယ်။ လူတွေကို ဒုက္ခမပေးဘူး၊ ရန်သူတွေကို ခွင့်လွှတ်မယ်လို့ ကတိပြုခဲ့တယ်။ ကျောင်းတွေကို ပိတ်မပစ်ဘူးလို့ ကတိပေးခဲ့တယ်၊ အခြေအနေတွေ ကောင်းလာမယ်လို့ တွေးခဲ့မိသေးတယ်။
ဒါပေမဲ့ ကတိတွေက သက်ဆိုးမရှည်ခဲ့ပါဘူး။


ကျွန်တော် ကဘူးကနေ ပြန်ခါနီးရက်တွေမှာ တစ်ချိန်တုန်းက သက်တော်စောင့်လုပ်ခဲ့ဖူးတဲ့ အသက် ၃၀ အရွယ် ဦးလေး ဖာဝတ်ဟာ အာဖဂန်နစ္စတန်ကနေ ပြေးလုဆဲဆဲပေါ့။ တစ်ညနေခင်းမှာ သူ ကျွန်တော့်ရှေ့မှာထိုင်တယ်။ အရင်ကထက်တောင် စကားသံတွေတိတ်နေသေးတယ်။ မိနစ်နည်းနည်းလောက်ကြပြီဆိုရင် အပြင်ကိုထွက်ပြီး စီးကရက်သောက်တယ်။ သူ့ကြည့်ရတာ စိတ်လှုပ်ရှားနေသလိုပဲ။ ဖာဝတ်ဟာ အရင်လို တောင့်တောင့်တင်းတင်းမဟုတ်တော့ဘူး။ ဒူးပြဿနာရှိတယ်။ တင်ပါးနာနေတယ်။ အဆုတ်မကောင်းတော့ဘူး။ ဒေါသကလည်းကြီးတော့ မကြာခဏပြဿနာတက်တတ်တယ်။ ဒါပေမဲ့ အဆိုးဆုံးအပိုင်းကတော့ တစ်ယောက်ထဲခရီးသွားရမှာပါပဲ။ ဒါကို သူ့မျက်နှာမှာ မြင်နေရတယ်။ သူ အိမ်ကနေ ထွက်မသွားချင်ဘူး။


ကျွန်တော့်ရဲ့ အသက် ၂၄ နှစ်အရွယ် ညီအစ်ကိုတစ်ဝမ်းကွဲ ဟက်ရှ်မတ်ကတော့ လိုဂျာက လယ်ကွက်မှာ သူ့မိဘတွေကို ကူရဦးမှာမို့ ဆက်နေမှပဲဖြစ်ပါမယ်။ လိုဂျာဆိုတာ အာဖဂန်နစ္စတန်အရှေ့ပိုင်းက ကျေးလက်ဆန်တဲ့ ခရိုင်ပါပဲ။ သူဟာ အခုလောလောဆယ်တော့ တက္ကစီမောင်းနေတယ်။ လယ်စိုက်တယ်။ လက်သမားဆရာလုပ်တယ်။ စက်ပြင်တယ်။ အိမ်တွင်းဖြစ် ပစ္စည်းတွေရောင်းတဲ့ ဈေးသည်လုပ်နေတယ်။ သူ့အစ်ကိုနှစ်ဦးဖြစ်တဲ့ ဂျာဝတ်နဲ့ နာဒင်းတို့က ကဘူးက တက္ကသိုလ်တွေမှာ ကျောင်းတက်ခဲ့ပေမယ့် သက်ဆိုင်ရာနယ်ပယ်မှာ အလုပ်မရခဲ့ပါဘူး။ ဂျာဝတ်ဟာ လိုဂျာမှာ စိုက်ပျိုးရေးထွက်သီးနှံတွေရောင်းပြီး နာဒင်းကတော့ အစ္စတန်ဘူမှာ တရားမဝင်အလုပ်လုပ်နေတယ်။ ဟက်ရှ်မတ် အထက်တန်းကျောင်းပြီးတော့ ကောလိပ်မတက်ဖို့ဆုံးဖြတ်ပြီး မိသားစုကို ထောက်ပံ့နိုင်ဖို့ အလုပ်စလုပ်တယ်။ သူ့အတွက်တော့ ကောလိပ်ပညာရေးဆိုတာ လက်တွေ့မကျဘူးပေါ့။ သူ ဝင်ငွေရမှဖြစ်မယ်။ ရဆိုရင် မြန်မြန်ရမှပဲဖြစ်မယ်။


လိုဂျာမှာ ကျွန်တော်နေနေတဲ့အချိန်အတောအတွင်း ဟက်ရှ်မတ်က ကားတစ်စီးနဲ့ ကျွန်တော့်ကိုပတ်ပို့ပြီး စစ်ပွဲအကြောင်းတွေပြောပြတယ်။ ပျက်စီးသွားတဲ့ စစ်စခန်းတွေနဲ့ မကြာသေးမီကဖြစ်တဲ့ တိုက်ပွဲတွေနေရာတွေကိုပြောပြတယ်။ နှစ်ပေါင်းများစွာကြာပြီးမှ ကိုယ့်မိသားစုရဲ့ ရွာကို ပြန်ရတာ မယုံနိုင်စရာပဲ။ ကျွန်တော် လိုဂျာကို ၂၀၁၇ ခုနှစ် နောက်ဆုံးအကြိမ်ပြန်တုန်းက ပစ်တာခတ်တာတွေ၊ ဗုံးကွဲတာတွေက နေ့စဉ်လိုဖြစ်နေတာ။ ဆွေမျိုးတွေရဲ့ အုတ်ဂူတွေကို ခဏပဲသွားလိုက်ရတယ်။ ကျေးရွာဈေးနဲ့ လမ်းတွေအကုန်လုံးက သရဲကားတွေထဲကလို ခြောက်ကပ်နေတာ။ ဒါပေမဲ့ လိုဂျာက ငြိမ်းချမ်းနေပြီလို့ ဟတ်ရှ်မတ်က ကျွန်တော့်ကို ဖြေသိမ့်ပါတယ်။ လမ်းတွေနဲ့ ဈေးမှာ လူတွေအပြည့်ပဲ။ ကျွန်တော် လျှောက်သွားတဲ့နေရာတိုင်း ဆွေမျိုးတွေနဲ့ မိတ်ဆွေတွေကိုတွေ့တယ်။


လိုဂျာမှာ ငြိမ်းချမ်းနေလို့ ဟက်ရှ်မတ် ပျော်နေတယ်။ လွန်ခဲ့တဲ့နှစ်အတော်များများမှာ သူဟာ အမေရိကန်ကျူးကျော်သိမ်းပိုက်မှုရဲ့ ဆိုးကျိုးကိုခံခဲ့ရပြီး။ လယ်ကွင်းတွေထဲမှာ ကျည်ဆန်တွေကိုရှောင်ခဲ့ရတယ်။ လမ်းတွေပေါ်မှာ အလောင်းတွေကိုရှောင်ခဲ့ရတယ်။ တစ်ချိန်တည်းမှာပဲ သူ့ကျေးရွာကို ဒုက္ခလာပေးနေတဲ့ အာဖဂန်အစိုးရတပ်တွေကိုလည်း ကျေနပ်အောင်လုပ်ရသေးတယ်။ သူ့အိမ်ဆိုရင် ကျည်ဆန်ရာတွေ အပေါက်လိုက်ပဲ။ အာဖဂန်အထူးတပ်ဖွဲ့ဝင်တွေကြောင့် ပြင်မရအောင် ပျက်စီးခဲ့ပြီးပြီ။ စစ်ဆေးရေးဂိတ်တွေမှာ အနိုင်ကျင့်တာတွေခံရပြီး ပြည်သူ့စစ်တွေက ရုပ်ပျက်ဆင်းပျက်ဖြစ်အောင် ရိုက်တာလည်း ခံခဲ့ရပြီးပြီ။ အမေရိကန်တွေရဲ့ ဗုံးတစ်လုံးများ သူ့ခေါင်းပေါ်ကျလာမလားဆိုပြီး ကောင်းကင်ကို မော့ကြည့်နေတတ်တယ်။ အခုအချိန်မှာတော့ သူဟာ လယ်ကွင်းတွေထဲမှာ လမ်းပြန်လျှောက်နိုင်ပြီ။ တစ်ချိန်လုံးပစ်ခတ်နေတာတွေ ရပ်သွားပါပြီ။ လိုဂျာကနေ ကဘူးကို လယ်ယာထွက်ကုန်တွေ ကားနဲ့သွားပို့ဖို့ မကြောက်တော့ဘူး။ အရင်ကဆိုရင် ဒီခရီးဟာ သေချင်လို့သွားတဲ့ခရီးဖြစ်နေခဲ့ဖူးတယ်။


ဟက်ရှ်မတ်ဟာ သူ့နိုင်ငံအခြေအနေနဲ့ပတ်သက်လို့ စိတ်ထဲမှာ သတိလည်းထား၊ အကောင်းလည်းမျှော်လင့်နေပေမယ့် သူ့အစ်ကို နာဒင်းကတော့ ပြန်မလာတော့ဘူးလို့ ဆုံးဖြတ်ပါတယ်။ ၂၀၂၀ ပြည့်နှစ်မှာ သူဟာ အာဖဂန်နစ္စတန်ကနေ ထွက်သွားခဲ့တယ်။ လိုဂျာမှာ အကြမ်းဖက်မှုတွေ အမြင့်ဆုံးဖြစ်နေတဲ့အချိန်လို့ ကျွန်တော့် မိသားစုကပြောတယ်။ အဲ့ဒီအချိန်ကတည်းက အစ္စတန်ဘူမှာ တရားမဝင်နေခဲ့တာ။ အဲ့ဒါဟာ ခက်ခဲကြမ်းတမ်းပြီး အသက်ရှူကြပ်လောက်တဲ့ ရှင်သန်နေထိုင်မှုပဲ။ သူဟာ တစ်နေကုန် စက်ရုံထဲမှာ အလုပ်လုပ်ပြီး ညဆိုရင် အခြားအာဖဂန်ဒုက္ခသည်တွေနဲ့ အခန်းကျဉ်းကျဉ်းလေးထဲမှာ ကုတ်ကပ်ပြီးနေရတယ်။ တူရကီရဲတွေကလည်း ပြည်တော်ပြန်ပို့ဖို့ အာဖဂန်သားတွေကို ပစ်မှတ်ထားနေတယ်။ နာဒင်းဟာ ဥရောပကို ပြန်ခိုးဝင်ဖို့ စီစဉ်နေပါတယ်။


နာဒင်း ဥရောပကိုခိုးဝင်ဖို့ နောက်ဆုံးအကြိမ်ကြိုးစားတုန်းက ဘူဂေးရီးယားနယ်စပ်မှာ တူရကီရဲတွေက သူ့ကိုမိသွားခဲ့တယ်။ ရဲတွေက သူ့ကိုရက်ရက်စက်စက် ရိုက်နှက်တယ်။ နှိပ်စက်တယ်။ ပြီးတော့ သူပစ္စည်းတွေကို ခိုးထားလိုက်ကြတယ်။ ရက်အနည်းငယ်ကြာတော့ သူဟာ လူကုန်ကူးသူသစ်နဲ့ လမ်းကြောင်းသစ်ကနေ သွားဖို့ လုပ်သေးတယ်။ သူ အဆင်ပြေအောင် လုပ်နိုင်မယ်လို့လည်း မိသားစုကို ပြောလိုက်သေးတယ်။ သူ့အမေ မာရီဂျန်ကတော့ သိပ်မယုံပါဘူး။ သူဟာ လိုဂျာမှာ တစ်သက်လုံးနေခဲ့ပြီး ကျူးကျော်သိမ်းပိုက်မှုနှစ်ကြိမ်၊ စစ်ပွဲသုံးကြိမ်၊ အစိုးရအဖွဲ့ခြောက်ဖွဲ့ပြိုလဲတာတွေမှာ မသေအောင်နေနိုင်ခဲ့ပါတယ်။ ပြီးတော့ လိုဂျာကနေ ထွက်ဖို့ မစဉ်းစားခဲ့ဖူးဘူး။ ငါတော့ သူ့ကို အိမ်မှာပဲနေစေချင်တယ်၊ ဒီနေရာပဲ သူနဲ့ဆိုင်တာလေ လို့ သူပြောတယ်။


ကျွန်တော့် အဒေါ် နာဖီဆာနဲ့ သူ့ယောကျ်ား ကာယွမ်တို့ဟာ အင်္ဂလန်ကို စိတ်ကူးထားပါတယ်။ ဗြိတိန်က အာဖဂန်ပြန်လည်နေရာချထားရေးနဲ့ အကူအညီပေးရေးမူဝါဒအစီအစဉ်ကနေ သတင်းကောင်းတွေကြားထားရတယ်။ နေရာရွှေ့ပြောင်းဖို့ တကယ့်အလားအလာရှိနေပုံပါပဲ။


ကျွန်တော် ဆခရာမန်တိုကို ပြန်လည်ခြေချနိုင်တဲ့အချိန်မှာတော့ ဖာဝတ်ဟာ အီရန်ကိုသွားတဲ့လမ်းမှာပါ။ နာဒင်းကတော့ တူရကီနယ်စပ်ကို ဖြတ်နေပါပြီ။ ကာယွမ်ကတော့ ပါကစ္စတန်မှာ ဖုန်းစောင့်နေပါတယ်။ မာရီဂျန်ကတော့ လိုဂျာကို ပြန်သွားပါပြီ။


ကမ္ဘာတစ်ဝန်းမှာ ပျံ့နှံ့နေတဲ့ ကျွန်တော့်အမေရဲ့မိသားစုဟာ ဗီဇာ၊ တရားရုံးရုံးချိန်းနဲ့ လူကုန်ကူးသူတွေကိုစောင်နေပါတယ်။ သူတို့ဟာ သူတို့ကိုလက်ခံပေးမယ်လို့ မျှော်လင့်တဲ့ နိုင်ငံတွေကြောင့်ဖြစ်လာတဲ့ အကြမ်းဖက်မှုတွေ၊ ဆင်းရဲမွဲတေမှုတွေကနေ လွတ်မြောက်ဖို့ တောတွေကိုဖြတ်၊ နဘ်စပ်တွေကိုဖြတ်ကျော်နေပါတယ်။ အခုလောလောဆယ်မှာတော့ ကျွန်တော့်အမေဟာ ဖုန်းဘေးနားမှာထိုင်ပြီး သူတို့တွေ လိုလားတဲ့နေရာကိုရောက်ပြီဆိုတဲ့ စကားကိုကြားရဖို့ ဆုတောင်းနေပါတယ်။

‘There’s Nothing for Me Here,’ My Mother Hears Again
By Jamil Jan Kochai
The New York Times- January 6, 2023 ကို ရဲလွင်အောင် မြန်မာဘာသာသို့ ဆီလျော်အောင် ပြန်ဆိုပါသည်။

ဂျမီး ဂျန် ကိုချိုင်ဟာ 99 Nights in Logar ဝတ္ထုနဲ့ The Haunting of Hajji Hotak ဝတ္ထုတိုပေါင်းချုပ်စာအုပ်တွေ ရေးသားထုတ်ဝေထားပါတယ်။

ဘာဘွန်းမျောက်           သူ ဒီလိုလုပ်တဲ့အခါ “တော်တယ်” လို့ ကျွန်တော် ပြောလိုက်ပြီး သတင်းစာကို ဆက်ဖတ်တယ်။ သူကတော့ ကျွန်တော...
22/04/2024

ဘာဘွန်းမျောက်

သူ ဒီလိုလုပ်တဲ့အခါ “တော်တယ်” လို့ ကျွန်တော် ပြောလိုက်ပြီး သတင်းစာကို ဆက်ဖတ်တယ်။ သူကတော့ ကျွန်တော့်ကို ဆက်လက်ပြီး ခေါင်းဖြီးပေးတယ်။ သြဇာညောင်းလှတဲ့ ကျွန်တော့်ရဲ့အသံကို ကြားလိုက်ရပြီး ဖြစ်ပေါ်လာတဲ့ စိတ်ချမ်းသာမှု၊ ကျေနပ်မှုတွေနဲ့ပေါ့။
ဒီ ဘာဘွန်းမျောက် ဂေလ်ဒါနဲ့ ကျွန်တော့်ရဲ့ အရင် ဇနီးမယားသုံးယောက်ကို နှိုင်းယှဉ်ကြည့်ခြင်းဟာ မသင့်လျော်ဘူးလို့ ထင်ကောင်းထင်နိုင်ပါတယ်။ အခုချိန်မှာ ကျွန်တော့်ရဲ့ အရင် ဇနီးမယားသုံးယောက်အကြောင်းကို တွေးကြည့်လိုက်တော့ သူတို့ဟာ ပိုက်ဆံ၊ ရုပ်ဝတ္ထုပစ္စည်း၊ စကားလုံးတွေ၊ ဖြေဖျော်မှုတွေရဲ့နောက်ကို အမြဲ လိုက်နေတဲ့ စုန်းမသုံးကောင်အဖြစ် မှတ်မိနေတယ်။ သူတို့ဟာ အိမ်မှာနေရတာကို ငြီးငွေ့ကြတယ်။ အိမ်မှာနေရတာ ငြီးငွေ့လို့ လမ်းလျှောက်ထွက်တာပဲဖြစ်ဖြစ်၊ ရုပ်ရှင်သွားကြည့်တာပဲဖြစ်ဖြစ်၊ ကော်ဖီဆိုင်ထိုင်တာပဲဖြစ်ဖြစ်၊ ပင်လယ်နားမှာပဲဖြစ်ဖြစ် စီစဥ်ပေးတော့လည်း ချက်ခြင်းဆိုသလို ငြီးငွေ့လာပြန်တယ်။ ရုတ်တရက် ခြေဖဝါးက နာသေး၊ ခေါင်းက ကိုက်သေး၊ အကြောင်းပြချက်မရှိဘဲ နှာရည်က ယိုသေး။ ပျင်းကလည်း ပျင်းသေး။ တွန့်တိုတတ်တာများ ချစ်တီးကုလားထက်တောင် သာသေး။ တစ်ခါတရံဆို ဖြစ်သလို ပြီးပြီးရော ရေချိုးတတ်သေး။ ကျွန်တော့်သူငယ်ချင်းတွေ အိမ်ကို အလည်လာပြီး စကားပြောတဲ့အခါ၊ သောက်ကြစားကြတဲ့အခါ၊ တနင်္ဂနွေနေ့ ပိုကာဖဲ ကစားကြတဲ့အခါမှာဆိုရင်လည်း ရိုင်းပြစွာ ဆက်ဆံတတ်သေး။
ဂေလ်ဒါဆီမှာ ထိုသို့သော ချို့ယွင်းချက်မျိုး တစ်ခုတစ်လေပင် မရှိပါ။ သူ့ရဲ့လုပ်ဆောင်နိုင်မှုဟာ အကန့်အသတ်ရှိပေမယ့် သူလုပ်သမျှ အမှားအယွင်းဖြစ်တာ ရှားပါတယ်။ ဒါပေမယ့် သူဟာ ဝန်ထုပ်ဝန်ပိုးတော့ မဖြစ်ပြန်။ သူက တောင်းလည်း မတောင်းဆိုဘူး၊ ပြန်လည်း မပြောဘူး၊ ငြင်းလည်း မငြင်းခုံဘူး၊ မူရာမာယာလည်း မများဘူး။ နေစရာအိမ်နဲ့ ချစ်ခြင်းမေတ္တာအနည်းငယ်ဟာ သူ့အတွက်တော့ လုံးဝ အရာရာပါ။ ပြီးတော့ ထိုအရာကပဲ ကျွန်တော်လို ရင့်ကျက်တဲ့ အမျိုးသားတစ်ယောက်အတွက် နောက်ဆံတင်းစရာမလိုတော့ဘူးလေ။ ပိုပြီးတော့ ကြံ့ကြံ့ခံနိုင်လာသလို ပိုပြီးတော့လည်း တည်ငြိမ်လာတယ်။ အလုပ်မှာပဲဖြစ်ဖြစ်၊ နေ့စဥ်ဘဝမှာပဲဖြစ်ဖြစ် ဟန်ချက်ညီလာပါတော့တယ်။
ဟုတ်ပါတယ်၊ ဂေလ်ဒါနဲ့ ကျွန်တော်ကြားမှာ သဘောထားကွဲလွဲမှု အနည်းငယ်တော့ ဖြစ်လေ့ရှိပါတယ်။ ဒါပေမယ့် မျိုးမတူလို့ဖြစ်တဲ့ သဘောထားကွဲလွဲမှုထက် ပင်ကိုစရိုက်သဘာဝမတူလို့ဖြစ်တဲ့ သဘောထားကွဲလွဲမှုက ပိုများပါတယ်။
ဥပမာအားဖြင့် ဂေလ်ဒါဟာ ထင်ယောင်ထင်မှား ဖြစ်နေပါတယ်။ သူဟာ ဖွင့်ဖြိုးကြီးထွားလာရမယ်၊ အနည်းဆုံးတော့ ကျွန်တော့်လို အရပ်ရှည်လာရမယ်လို့ ထင်ယောင်ထင်မှား ဖြစ်နေတာပါ။ ဘယ်လိုနဲ့ ဘာကြောင့် သူ ထင်ယောင်ထင်မှား ဖြစ်တယ်ဆိုတာကို ကျွန်တော် မသိပါ။ သူကတော့ ဒါကိုပဲ အမြဲ တွေးနေခြင်းသာ။ သူ မကြာမကြာ ကျွန်တော့်ကို လက်ကဆွဲပြီး ကြည့်မှန်ဆီကို ခေါ်ဆောင်သွားတယ်။ ဘေးချင်းကပ်ရပ်နေတဲ့ ကျွန်တော်တို့ရဲ့ ပုံရိပ်တွေကို သူ ကြည့်လိုက်တယ်။ ကျွန်တော်က အရပ်ရှည်ပြီး အင်္ကျီလက်ရှည်ကို ဝတ်ဆင်ထားတဲ့ လူထွားကြီးပေါ့။ သူကတော့ ရှင်မီးအင်္ကျီကို ဝတ်ဆင်ထားတဲ့ ကျွန်တော့်ခါးလောက်သာရှိတဲ့ အရပ်အမောင်းနဲ့ပေါ့။ ထို့နောက် သူ ခေါင်းခါလိုက်တယ်၊ မျက်လုံးမှာလည်း မျက်ရည်တွေ ဝဲတက်လာသည်။ ဒါမှမဟုတ်ရင်တော့ ခွေထားတဲ့ ပေကြိုးကို အပ်ချည်ဘူးထဲက ယူလာပြီး ကျွန်တော့်ကို ပေးလိုက်တယ်။ ကလေးတွေကို လုပ်ပေးသလိုပဲ နံရံမှာ သူ့ကို အရပ်တိုင်းပေးရပါတော့တယ်။ ဒါပေမယ့် နံရံပေါ်ရှိ အမှတ်အသားကတော့ အရင်အတိုင်းပါပဲ။ သုံးနှစ်တာအတွင်း ပိုမမြင့်လာခဲ့ပါ။ ဂေလ်ဒါဟာ ထိုအမှတ်ကို စိုက်ကြည့်၊ လေ့လာပြီးနောက် မျက်ရည်စကို သုတ်လိုက်ပါတော့တယ်။
ဒီလိုအချိန်မျိုးမှာ သူ့ကို နှစ်သိမ့်ပေးဖို့အတွက် “ဘီ-ဘာ”လို့ ကျွန်တော် ရေရွတ်လိုက်ပါတယ်။ ဒါပေမယ့် ရှင်းလင်းပြတ်သားတဲ့ ရယ်မောသံနဲ့ကို ရေရွတ်လိုက်တာပါ။ သူ့ကို နားလည်မှုမလွဲစေချင်လို့လေ။ သူက ခေါင်းခါပြတယ်။ ဘာကြောင့်လဲတော့ ကျွန်တော် မသိ။ သူ မဖွင့်ဖြိုးလာတာကို စိတ်ပျက်အားငယ်သွားလို့ပဲလား ဒါမှမဟုတ် “ဘီ-ဘာ”လို့ ရေရွတ်လိုက်တာဟာ သူ့ကို လှောင်ပြောင်တာပဲလို့ သူ နားလည်လိုက်လို့ပဲလား။
ညဘက် အိပ်ရာမဝင်ခင် သူ့ကို အပျော့စား အိပ်ဆေးတစ်လုံး တိုက်ကျွေးနေတာ အခုဆို တော်တော်ကြာပြီ ဖြစ်ပါတယ်။ ကျွန်တော်ဟာ အိပ်မပျော်တဲ့ဝေဒနာကို အနည်းငယ် ခံစားလာရတဲ့အတွက် သူလည်း စိတ်ပူတတ်လာပြီး ကျွန်တော် အိပ်ပျော်သွားတဲ့အထိ တစ်ညလုံး ကျွန်တော့်ကို ထိုင်ကြည့်နေပါလိမ့်မယ်။ ဒီလို မလိုလားအပ်တဲ့ နောက်ဆက်တွဲ ပြဿနာတွေကို ရှောင်ရှားဖို့အတွက် ကျွန်တော် သူ့ကို ဆေးတစ်လုံး တိုက်ကျွေးတယ်၊ ကျွန်တော်ကတော့ နှစ်လုံး သောက်တယ်။ ဒီရက်ပိုင်းမှာ ဆေးနှစ်လုံးသောက်ပေမယ့် ဆေးစွမ်းမပြနိုင်တာကို သိနေတာတောင်မှ နှစ်လုံးပဲ သောက်ပါတယ်။ ထို့နောက် ကျွန်တော့်ဘေးမှာ အိပ်မောကျနေတဲ့ သူ့ကို နားထောင်ရင်း နာရီပေါင်းများစွာကြာကြာ ကျွန်တော် လဲလျောင်းရပါတော့တယ်။
သူ သက်ပြင်းရှည်ရှည်ချသံကို အကြိမ်ကြိမ် ပြုပေမယ့် ဟောက်သံကိုတော့ သူ မပြုပါ။ သူ အိပ်မက်မက်လား မမက်ဘူးလားဆိုတာကိုတော့ ကျွန်တော် မသိပါ။ ခွေးတွေဟာ အိပ်မက်မက်နိုင်စွမ်းရှိတယ်လို့ ပြောကြတယ်။ ဒါကြောင့် ဘာဘွန်းမျောက်တွေလို သတ္တဝါတွေဆီမှာ ဘာကြောင့် မဖြစ်နိုင်ရမှာလဲ။
သူဟာ စက်ဆုပ်ဖွယ်ကောင်းပြီး မအောင်မြင်တဲ့ ဆပ်ကပ်အဖွဲ့မှာ အချုပ်အနှောင်ခံရပြီး မွေးဖွားလာသူဆိုတော့ သူ့မှတ်ဉာဏ်ထဲမှာ အာဖရိကဆိုတာ မရှိဘူး။ သစ်တောတွေ၊ ဆင်တွေလည်း မရှိဘူး။ သူသာ တကယ် အိပ်မက်မက်မယ်ဆိုရင် ဆပ်ကပ်ပွဲအကြောင်းကို မက်မယ်၊ သူ သရုပ်ဆောင်ရတဲ့ ပြကွက်တွေကို မက်ပါလိမ့်မယ်။ အဘွားတစ်ယောက်လို ဝတ်ဆင်ထားပြီး သိုးမွေးထိုးနေတဲ့ ပြကွက်၊ လူရွှင်တော်တစ်ယောက်လို ၀တ်ဆင်ထားပြီး ဘာကျွမ်းထိုးရတဲ့ ပြကွက်၊ သင်္ဘောသားတစ်ယောက်လို ၀တ်ဆင်ထားပြီး စက်ဘီးစီးရတဲ့ ပြကွက်၊ အမျိုးသမီးစားပွဲထိုးတစ်ယောက်လို ၀တ်ဆင်ထားပြီး စားပွဲထိုးလုပ်ရတဲ့ ပြကွက် စတဲ့ပြကွက်တွေကို သူ မက်ပါလိမ့်မည်။ ဒါမှမဟုတ်ရင် သူ ချစ်ရတဲ့သူအကြောင်း တနည်းအားဖြင့် ကျွန်တော့်အကြောင်းကို မက်ပါလိမ့်မယ်။ ဘာ့ကြောင့်လဲဆိုတော့ သူ ညဘက်မှာတောင် သူ့လက်နဲ့ ကျွန်တော့်ကို လိုက်စမ်းပြီး ရှာနေလို့ပင်။ နည်းနည်းလောက်ဖြစ်ဖြစ် သူ့လက်နဲ့ ကျွန်တော့်ကို ထိလိုက်ရရင် သူ ကျေနပ်သွားတယ်။ ပြည့်ဖြိုးပြီး အင်မတန် နူးညံ့လှတဲ့ သူရဲ့ လက်ချောင်းထိပ်လေးတွေရဲ့ အထိကို ကျွန်တော် ခံစားလိုက်ရတယ်။ ထို့နောက်မှာတော့ ချက်ချင်းဆိုသလို သူလာထိတဲ့ ကျွန်တော့်ရဲ့ ပုခုံးနဲ့ လက်မောင်းမှာရှိတဲ့ ကြွက်သားတွေကို တင်းမာလိုက်ပြီး တုံ့ပြန်မှုပေးလိုက်တယ်။ သူ့စိတ် ငြိမ်သက်သွားပြီး နှစ်နှစ်ခြိုက်ခြိုက် ပြန်အိပ်ပျော်သွားဖို့ပေါ့။
သူ ဘယ်လောက်တောင် အကောင်သေးမှန်းကို ကျွန်တော် ညဘက်မှာ ပို သတိထားမိတယ်။ သူသာ အရပ်မြင့်မယ်ဆိုရင် အရာရာဟာ ပိုလို့ အဆင်ပြေသွားမယ်။ ကျွန်တော် သူ့အသက်ရှုသံကို ကြားရတယ်။ ဒါနဲ့ပဲ အမှောင်ထဲမှာ ကျွန်တော် မျက်လုံးဖွင့်ကြည့်လိုက်တော့ နွေရာသီဝတ်အင်္ကျီကို မလုံ့တလုံ ဝတ်ဆင်ထားပြီး အမွေးတွေ ထိုးထိုးထောင်ထောင်နဲ့ ယဲ့ယဲ့သာရှိတဲ့ သူ့ခန္ဓာကိုယ်သေးသေးလေးကို မြင်လိုက်ရတော့ ကျွန်တော် နည်းနည်း ထိတ်လန့်သွားတယ်။ လွန်ခဲ့တဲ့နှစ်များက ဆိုင်ကြီးတစ်ဆိုင်မှာ အလားတူအင်္ကျီတစ်ထည်ကို ကျွန်တော့်သမီးအတွက်ဟု ဟန်ဆောင်ကာ ကျွန်တော် ဝယ်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ဂေလ်ဒါဟာ နောက်ထပ် အရောင်ကွဲ (၃)ထည်ကို သူ့ဘာသာသူ ချုပ်ခဲ့ပါတယ်၊ စင်တီမီတာ အနည်းငယ်လောက်သာရှိတဲ့ အဝတ်စကို ဝတ်ဆင်ပြီး ရေချိုးခန်းထဲမှ သူ ထွက်လာတဲ့အခါနဲ့ အိပ်ရာဝင်ရန် သူ အဆင်သင့်ဖြစ်တဲ့အခါမျိုးမှာဆို ကျွန်တော် အရမ်း ခံစားရပါတယ်။ (ဆက်ရန်)

The Baboon by Giovanni Arpino ကို ဇန် မြန်မာဘာသာသို့ ပြန်ဆိုသည်။

ဘာဘွန်းမျောက်            သနားစရာလေးပါ။ တကယ့်ကို သနား ကရုဏာသက်စရာလေးပါ။ သူ သိသမျှ၊ တတ်သမျှ လုပ်ဆောင်ပေးရှာတယ်။  ကျွန်တော်...
19/04/2024

ဘာဘွန်းမျောက်

သနားစရာလေးပါ။ တကယ့်ကို သနား ကရုဏာသက်စရာလေးပါ။ သူ သိသမျှ၊ တတ်သမျှ လုပ်ဆောင်ပေးရှာတယ်။ ကျွန်တော် ပျော်ရွှင်ရအောင်လို့တဲ့။ သူဆီမှာ ကောင်းမွန်တဲ့ ရည်ရွယ်ချက်ပဲ အမြဲ ရှိတယ်။ သူ့ကို ဆူပူကြိမ်းမောင်းရတာကို ကျွန်တော် မုန်းတယ်။ ဒါပေမယ့် ကျွန်တော် သူ့ကို ဆူပူကြိမ်းမောင်းမိပါတယ်။ အလုပ်ကြောင့်ပဲဖြစ်ဖြစ်၊ မြို့ထဲမှာ အဆက်မပြတ် ကတိုက်ကရိုက် ပြေးရလွှားရတဲ့ အခါမှာပဲဖြစ်ဖြစ်၊ အခွန်တွေ၊ စီးပွားရေးကိစ္စ အပေးအယူတွေ၊ အရောင်းအ၀ယ်တွေ၊ ငွေပေးချေမှုတွေကြောင့်ပဲဖြစ်ဖြစ် ကျွန်တော် စိတ်ရှုပ်ပြီး ပင်ပန်းတဲ့ အခါမျိုးမှာ သူ့ကို ဆူမိတာပါ။ ကျွန်တော့်ရဲ့ ရှေ့နေ၊ စတော့ပွဲစား၊ အာမခံကိုယ်စားလှယ်၊ ကြွေးပေးစရာရှိလို့ တောင်းတဲ့သူတွေနဲ့ ကြွေးပြန်ဆပ်ဖို့ ငြင်းတဲ့သူတွေ၊ သူတို့တွေကြောင့် ဆူမိတာကိုတော့ ထည့်မပြောတော့ပါဘူး။
ကျွန်တော် သူ့ကို ဆူပူကြိမ်းမောင်းပြီးပြီဆိုတာနဲ့ ချက်ချင်းဆိုသလို ကျွန်တော် နောင်တရမိတယ်။ သူ လက်တင်ကုလားထိုင်ရဲ့ ထောင့်စွန်းမှာ ခွေခွေလေး ထိုင်ပြီး ငိုတော့တာပဲ။ မျက်လုံးကို လက်ဖြင့် ကာပြီးတော့ကို ငိုတာ။ နောက်တော့ လက်ချောင်းတွေကို ဖြန့်ကားပြီး ကျွန်တော့်ကို တစ်ချက် ကြည့်လိုက်တယ်။ စွတ်စိုလှတဲ့ အကြည့်နဲ့ပေါ့။ နောက်တော့ အားငယ်နေတဲ့ ညည်းတွားသံလေးနဲ့ စူးစူးရှရှ ညည်းညူပြန်တယ်။
“ကြည့်ပါအုန်း ငိုနေလိုက်တာများ၊ မေ့လိုက်တော့၊ ငါ တောင်းပန်ပါတယ်၊ ငါတို့ အေးအေးဆေးဆေး ပြန်ဖြစ်ပြီနော်” လို့ ကျွန်တော် ထစ်ထစ်ငေါ့ငေါ့ ပြောလိုက်တဲ့အခါ ချက်ချင်းဆိုသလိုပဲ သူဟာ ကောင်းမွန်တဲ့ မိန်းကလေးတစ်ယောက် ပြန်ဖြစ်သွားတယ်။ သူ့စိတ်တွေ ငြိမ်သက်သွားပြီး ကျွန်တော့်ဆီကို သူ ပြေးလာတော့တာပဲ။ ဆေးလိပ်ပြာခွက်ကိုပါ သွန်ပြီး ပြန်ယူလာတာ။ ကျွန်တော် သတင်းစာ ဖတ်နေတာကို သူ မတ်တပ်ရပ်ပြီး ကြည့်နေတာ့တောပဲ။ ညင်သာစွာ သက်ပြင်းချရင်းပေါ့။ နောက်တော့ ကော်ဖီ မဖျော်ပေးရသေးဘူးဆိုတာကို သတိရသွားပြီး မီးဖိုချောင်ထဲကို ကမူးရှူးထိုး ပြေးဝင်ကာ အလုပ်တွေ လုပ်ရင်းနဲ့ သူရဲ့ ချစ်ဇောဟုန်ကို ပြသပါတော့တယ်။ မြန်မြန်ဆန်ဆန်လည်း လုပ်ပြတယ်။ အသုံးဝင်ကြောင်းလည်း ပြသတယ်။
ကျွန်တော် ဝန်ခံရပါဦးမယ် _ သူဟာ ကျွန်တော့်ဇနီးမယားတွေထဲမှာ အကောင်းဆုံးပါ။ သူက လေးယောက်မြောက်ပေါ့၊ ကျွန်တော်ဟာ (၃)ကြိမ်တိတိ မုဆိုးဖို ဖြစ်ခဲ့ပြီး ကံကောင်းထောက်မစွာပင် သားသမီး မထွန်းကားတဲ့အတွက်ကြောင့် ကလေးဆိုတဲ့ ဝန်ထုပ်ဝန်ပိုးကို ထပ်လောင်းမခံစားရဘူးလေ။ ကျွန်တော့်ဇနီးအားလုံးဟာ ကျွန်တော့်ရဲ့ ဂရုတစိုက် စောင့်ရှောက်မှုအောက်မှာပင် ငယ်ငယ်ရွယ်ရွယ်နဲ့ ဆုံးပါးခဲ့ရတယ်၊ ကျိန်စာသင့်သလိုပါပဲ။
“မင်း သူ့ကို ဘာလုပ်လိုက်လဲ” လို့ တတိယမြောက်ဇနီးရဲ့ အသုဘအခမ်းအနားအပြီးမှာ ကျွန်တော့်သူငယ်ချင်းတွေက မေးခဲ့တယ်။ “မင်း ငါတို့ကို အခု ပြောပြရမယ်”။ အဆုတ်ရောင်ရောဂါနဲ့ ရိုးရိုးရှင်းရှင်း ဆုံးပါးသွားတာကို သူတို့က လက်မခံလိုဘဲ သံသယဖြစ်လာကြတယ်။
ဒါပေမယ့် အခုလက်ရှိ ဂေလ်ဒါ ‘Gilda’လေးဟာ ရတနာတစ်ပါးပါလို့ ကျွန်တော် ဝန်ခံပါတယ်။ ကျွန်တော် ပြောခဲ့သလိုပါပဲ ကောင်းမွန်တဲ့ မိန်းကလေးပါ။ ကျိုးနွံတယ်။ ကူဖော်လောင်ဖက်ရတယ်။ သူက ဈေးပေါတဲ့ ဆွဲကြိုးလေးတစ်ကုံးကို တစ်နှစ်ကို နှစ်ခါလောက်တော့ လိုချင်တယ်။ သူ့ဂါဝန်တွေကို သူ့ဘာသာသူ လျှော်ဖွပ်ပြီး မီးပူတိုက်တယ်။ နေ့တိုင်း သူ့ကိုယ်သူ မယုံနိုင်လောက်အောင် ဂရုတစိုက်နဲ့ ဖြီးသင်တယ်။ အိမ်ကလည်း မှန်ကဲ့သို့ တောက်ပနေတယ်။ မီးဖိုချောင်ကိုတော့ - သူ ကောင်းကောင်း မထိန်းသိမ်းနိုင်ဘူး။ သူက ခန့်မှန်းရလွယ်တယ်။ တူညီတဲ့ ဟင်းလျာ သုံးမျိုး ဒါမှမဟုတ် လေးမျိုးလောက်ပဲ သူ ရတယ်။ ဒီထက် ပိုပြီး မလုပ်တတ်ဘူး။ ဒါပေမယ့် ကျွန်တော် ဒါကို အစကတည်းက သိခဲ့တာပါ။ ဆပ်ကပ်အဖွဲ့ကနေ သူ့ကို စဝယ်ကတည်းက သိခဲ့တာ။ အဲဒီ ဆပ်ကပ်အဖွဲ့လည်း လေဆင်နှာမောင်း တိုက်ခတ်ခံရတာကြောင့် ရွက်ဖျင်တဲ ပျက်စီးသွားပြီး တိရိစ္ဆာန်တွေကို ယဥ်ပါးအောင် လေ့ကျင့်သင်ကြားပေးသူရဲ့ ခြေထောက်ပါ ကျိုးသွားတော့ ဆပ်ကပ်အဖွဲ့လည်း ဒေဝါလီခံပြီး ဖျက်သိမ်းလိုက်ရပါလေရော။
“သူ အားလုံး လုပ်တတ်တယ်” လို့ ဆပ်ကပ်ပိုင်ရှင်က အဲဒီတုန်းက ပြောခဲ့တယ်။ “အိမ်ဖော်ထက်တောင် သာသေးတယ်။ ဒီ သဘာဝဘေးအန္တရယ်ကြောင့်သာမဟုတ်ရင် သူ့ကို ရောင်းမှာ မဟုတ်ဘူးလို့ ငါ ကျိန်ပြောရဲတယ် ..... ငါတို့ သူ့ကို ကောင်းကောင်း လေ့ကျင့်ပေးထားတာ ..... အစားလည်း မကြီးဘူး ..... ဘာရယ်တော့ မဟုတ်ပေမယ့် ..... မင်းအတွက်တော့ ကောင်းမွန်တဲ့ ဝယ်ယူမှုပဲ”။
အခုဆို ဂေလ်ဒါ ကျွန်တော်နဲ့အတူတူ ရှိနေတာ သုံးနှစ်ရှိသွားပြီ ဖြစ်တယ်။ သူက သန်စွမ်းပြီး ကျန်းမာတယ်။ နားရွက်ဖျားကစလို့ အမြီးအဆုံး သူ့ကိုယ်သူ ဂရုစိုက်တယ်။ ရေမွှေးနံ့၊ ဆပ်ပြာနံ့နဲ့ ကိုယ်လိမ်းပေါင်ဒါနံ့ သူ့ဆီမှာ သင်းပျံ့နေတယ်။
သူ ကျွန်တော့်ကို ချစ်တယ်။ နှစ်နှစ်ကာကာ ချစ်တာတောင် ဖြစ်နိုင်တယ်။ ကျွန်တော့်ဆီမှ အထူးတလည် လှိုက်လှိုက်လှဲလှဲ ပြန်ပြီး တုံ့ပြန်မှုမျိုးကို သူ မမျှော်လင့်ထားပါ။ ကြင်ကြင်နာနာ ထွေးပိုက်ခံရခြင်းကိုသာ သူ တစ်ခါတစ်ရံ လိုချင်တယ်။ သနားစရာလေးပါ။ ဒါပေမယ့် သူ ကျွန်တော့်ဘေးပတ်ပတ်လည်မှာ ယောင်လည်လည်လုပ်လေ့ရှိတယ်။ ကြီးမားလှတဲ့ ချစ်ခြင်းမေတ္တာ အစိုင်အခဲကြီးကို သူ ခံစားရင်းနဲ့ပေါ့။ သူ ခံစားနေရတဲ့ ပြင်းပြလှတဲ့ ချစ်ခြင်းမေတ္တာ အစိုင်အခဲကြီးကို ကျွန်တော်လည်း ခံစားမိတယ်။
“ဘီ-ဘာ” လို့ သူ တစ်ခါတစ်ရံမှာ မကြားတကြားလေး ညင်သာစွာ ရေရွတ်တယ်။ မျက်လုံးတွေကို မှိတ်ပြီး တုန်တုန်ယင်ယင်နဲ့ကို ရေရွတ်တာ။ ထို့နောက်မှာတော့ သူရဲ့ ညည်းတွားသံလေးကို သိမ်မွေ့နူးညံ့တဲ့ သက်ပြင်းချသံအဖြစ် ပြောင်းလဲမသွားမချင်း သူ့ကို ပွတ်သပ်ပေးရတော့မယ်ဆိုတာကို ကျွန်တော် သိလိုက်တယ်။
ဒါမှမဟုတ် ကျွန်တော်ဘက်က အလျှော့ပေးလိုက်တာလည်း ဖြစ်နိုင်ပါတယ်။ နောင်လာမယ့် သုံးရက် ဒါမှမဟုတ် လေးရက်လုံးမှာ သူဟာ အရူးမကြီးတစ်ယောက်လို အလှုပ်တွေရှုပ်နေပါတော့မယ်။ ပရိဘောဂပစ္စည်းတွေကို ပွတ်တိုက်မယ်၊ ကူရှင်တွေကို ထုရိုက်မယ်၊ ဒယ်အိုးတွေကို ကြေးချွတ်မယ်၊ ကျွန်တော့်အတွက် စီးကရက်ကို မီးညှိပေးမယ်၊ ရေချိုးတဲ့အခါမှာလည်း ညင်သာတဲ့ ညည်းဆိုသံကို ပြုမှုမယ်၊ စင်္ကြံလမ်းရဲ့ အဆုံးကနေ သူရဲ့လက်ချောင်းထိပ်လေးတွေနဲ့ မဝင့်မရဲ အနမ်းလေးတွေကို လုပ်ပြမယ်။ ဒါမှမဟုတ်ရင်တော့ သူ့ကိုယ်သူ ရဲဆေးတင်လိုက်ပြီး ကျွန်တော့်ကို ခေါင်းဖြီးပေးမယ်။ ကျွန်တော်ရဲ့ ဦးခေါင်းခွံထိပ်ကနေ လည်ပင်းနောက်ဘက်ထိကို ဝက်မှင်ဘီးနဲ့ ညင်ညင်သာသာ ချောချောမွေ့မွေ့ ဖြီးပေးပါတယ်။ ကျွန်တော့်ကို ခေါင်းဖြီးပေးရတာကို သူ နှစ်သက်တယ်။ ထိုသို့ခေါင်းဖြီးပေးခြင်းမှာ သူ ရလေ့ရထမရှိတဲ့ အခွင့်ထူးဖြစ်မှန်း သူသိတာကြောင့် သူ့အတွက်တော့ ပျော်ရွှင်မှုတစ်ခုပါပဲ။ သူ ဝက်မှင်ဘီးကို ရွေ့လျားလိုက်တာနဲ့ ကျွန်တော်ရဲ့အရေပြားနှင့် ရှပ်အင်္ကျီကော်လာကြားကို တိုးဝင်လာတဲ့ သူရဲ့အသက်ရှုသံ နွေးနွေးလေးကို ကျွန်တော် ခံစားလိုက်ရတယ်။ ကျွန်တော့်ကို ရံဖန်ရံခါ နမ်းပါနမ်းလိုက်သေးတယ်။ နူးညံ့ပြီး မဝံ့မရဲတဲ့ အနမ်းမျိုးနဲ့ပေါ့။ (ဆက်ရန်)

The Baboon by Giovanni Arpino ကို ဇန် မြန်မာဘာသာသို့ ပြန်ဆိုသည်။
photo from google

Address

Yangon

Telephone

+959751521931

Website

Alerts

Be the first to know and let us send you an email when Inky Fingers posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Inky Fingers:

Share

Category