18/01/2025
“ကိုယ်စိုက်တာ ကိုယ်ရိတ်သိမ်းရစမြဲ”
“ယာဒိတံ ဝပတေ ဗီဇံ၊ တာဒိတံ ဟာရတေ ဖလံ”
🔳 လောကမှာ အကြောင်းမရှိဘဲ ဖြစ်တယ်ဆိုတာ ဘာတစ်ခုမှ မရှိဘူး။ အောင်မြင်မှုမှာလည်း အကြောင်းရင်းရှိတယ်။ ရှုံးနိမ့်မှုမှာလည်း အကြောင်းရင်းရှိတယ်။ ကျန်းမာခြင်းမှာလည်း အကြောင်းရင်းရှိသလို ချူချာခြင်းမှာလည်း အကြောင်းရင်းရှိတယ်။ လူချစ်လူခင်ပေါတာမှာလည်း ‘ဘာကြောင့်’ ဆိုတာရှိသလို၊ လူမုန်းများတာလည်း အကြောင်းရင်းခံဆိုတာ ရှိပါတယ်။
“အားလုံးဟာ ကိုယ်စိုက်တာ ကိုယ်ရိတ်သိမ်းရတာချည်းပါပဲ” ။
🔳 လူတစ်ယောက်ဟာ စိတ်ကြည်လင်တယ်၊ အေးချမ်းတယ်။ သူ့ရဲ့ ပင်ကိုယ်စိတ်အခံနဲ့လည်း ဆိုင်သလို၊ စိတ်ခံစားချက်တွေ အဲ့ဒီလို အဆင်ပြေနေဖို့အတွက် တစ်နေ့တစ်နေ့ သူဘာတွေ လုပ်နေသလဲနဲ့လည်း ဆိုင်တယ်။
သူ့ကိုယ်သူ အအားမထားဘူး။ အမြဲတစ်ခုခု လုပ်တယ်။ လူတွေကို ကူညီပေးတယ်။ ကိုယ်လက်လေ့ကျင့်ခန်း လုပ်တယ်။ ဝါသနာပါတာ တစ်ခုခုမှာ နှစ်မြှုပ်ထားတယ်။ ဘာတွေပဲ ဖြစ်လာလာ နှလုံးသွင်းမှန်အောင် အမြဲကြိုးစားတယ်။ အပြုသဘောဆန်ဆန် တွေးတယ်။ Meditation မှန်မှန်လုပ်တယ်။ ဒါတွေကြောင့် စိတ်ကြည်လင်နေရတာ ဖြစ်ပါတယ်။ အကြောင်းမဲ့ တိုက်ဆိုင်ပြီး ဖြစ်နေတာ မဟုတ်ဘူး။
🔳 တကယ်တော့ ဗုဒ္ဓအဆုံးအမရဲ့ အနှစ်ချုပ်ကို တိုတိုတုတ်တုတ် ပြောပါဆို အကြောင်းနဲ့အကျိုးပဲ။ ဒီအကျိုးတရားကို လိုချင်ရင် ဆိုင်ရာအကြောင်းတရားကို ‘ဖြည့်ဆည်း’။ ဒီအကျိုးတရားကို မလိုချင်ဘူးလား။ ဆိုင်ရာအကြောင်းတရားကို ‘ပယ်သတ်’။ ဒါပဲ။ ဘဝတိုးတက်ရေးကနေ နိဗ္ဗာန်ရောက်ကြောင်းထိ ဒီဖော်မြူလာပဲ။
ဆိုတော့ ပညာတတ်ချင်သလား။ ပညာလေ့လာပေါ့။ ပိုက်ဆံချမ်းသာချင်သလား။ ချမ်းသာစေနိုင်တဲ့ အကြောင်းတရားတွေကို ဖြည့်ဆည်းပေါ့။ စိတ်မဆင်းရဲချင်ဘူးလား။ စိတ်ဆင်းရဲမှုအပေါင်းကို ဖြစ်ပေါ်စေတဲ့ စွဲလမ်းမှုတဏှာကို လျှော့ချပေါ့။
တတ်ချင်တာက အင်္ဂလိပ်စာ။ လုပ်နေတာက ကိုရီးယားကား ကြည့်နေတာ ဆိုရင်တော့ စပျစ်ပင်စိုက်ပြီး ပန်းသီးသီးစေချင်တဲ့လူလို ဖြစ်နေပါလိမ့်မယ်။
🔳 ကျွန်တော်တို့ ဘဝတွေကို ခွဲခြမ်းစိတ်ဖြာကြည့်ရင် ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး၊ မိသားစု၊ အလုပ်အကိုင် စသဖြင့် ကဏ္ဍအခွဲလေးတွေ အများကြီးရှိနေတာ တွေ့ရမယ်။ အဲဒီတစ်ခုချင်းစီမှာလည်း ကိုယ်အားထုတ်သလောက်၊ ကိုယ်အချိန်ပေးသလောက် အသီးအပွင့် ခံစားရမှာပါပဲ။
ပညာရေး၊ ဒါမှမဟုတ် အလုပ်အတွက် အားစိုက်ထုတ်နေချိန်မှာ မိသားစုအတွက် လစ်ဟင်းသွားတတ်တယ်။ ကျန်းမာရေးကို မေ့လျော့နေတတ်တယ်။ ဒီအခါ အိမ်ထောင်ရေး အဆင်မပြေတာ၊ မိဘနဲ့ သားသမီး ပဋိပက္ခဖြစ်တာ၊ ကျန်းမာရေး ထိခိုက်လာတာ စသဖြင့် ဖြစ်လာတော့တာပေါ့။ တကယ်တော့ ဒါဟာလည်း ကိုယ်စိုက်တာ ကိုယ်ရိတ်သိမ်းရတဲ့ သဘောပါပဲ။
ရှိတုန်းက တန်ဖိုးမထားခဲ့ရင် တစ်နေ့တော့ ဆုံးရှုံးရပါလိမ့်မယ်။ အဲဒီတော့မှ ဝမ်းနည်းနေလို့ အလကားပဲ။ ဘယ်သူမပြု မိမိမှုဆိုသလို ဒါ ကိုယ်ကိုယ်တိုင် စိုက်ပျိုးခဲ့တဲ့ အသီးပဲကိုး။
🔳 အခုကာလမှာလည်း ရွေးချယ်မှုတွေ လုပ်နေကြရတာပဲ။ တချို့က ကိုယ့်လုံခြုံရေး၊ စီးပွားရေး၊ မိသားစု၊ ဘာကိုမှ မငဲ့ကွက်ဘဲ ကိုယ်ယုံကြည်ရာကို လျှောက်လှမ်းကြတယ်။ ရပ်တည်ကြတယ်။ ဒီအခါ ချီးကျူးမှုတွေ ခံရတယ်။ နောက်ဆုံး၊ ဘယ်သူမှ မသိတောင် ကိုယ့်ဟာကိုယ်တော့ လိပ်ပြာလုံတယ်၊ ဂုဏ်ယူတယ်ဆိုတဲ့ ခံစားချက်မျိုးကို ရတယ်။ တစ်ဖက်ကလည်း ဘဝရပ်တည်ရေး အဆင်မပြေတာတွေ၊ လမ်းပျောက်တာတွေ၊ သိမ်ငယ်တာတွေ ခံစားနေရပြန်တယ်။ အကုန်လုံးသည် ကိုယ့်ရွေးချယ်မှုရဲ့ နောက်ဆက်တွဲ ကိစ္စတွေပါပဲ။
မိသားစုအရေး၊ ကိုယ့်တစ်ကိုယ်စာ အဆင်ပြေရေးကိုပဲ ရှေ့တန်းတင်ချင်တယ်။ ဒါပေမဲ့ လူအများစုရဲ့ ချီးကျူးဂုဏ်ပြုတာကိုလည်း ခံချင်တယ်။ လူကောင်းသူကောင်းအဖြစ် အမြင်ခံချင်တယ်။ ဒီလိုတော့ လုပ်လို့မရဘူး။
🔳 ပတ်ဝန်းကျင်မှာ သတိထားကြည့်ကြည့်။ အဲဒီလို ကိုယ်စိုက်မထားတဲ့ အသီးကို ရိတ်သိမ်းချင်တဲ့သူတွေ တစ်ပုံကြီးနော်။ ဘာမှ မလုပ်ဘဲ ကျန်းမာချင်တယ်။ လှပချင်တယ်။ အောင်မြင်ချင်တယ်။ ချမ်းသာချင်တယ်။ တော်ချင်၊ တတ်ချင်တယ်။ အများအတွက် ဘာမှ မပေးဆပ်ဘဲ အများဆီက လက်ခုပ်သံကျ လိုချင်တယ်။ တိုင်းပြည်ကိုလည်း ဂုတ်သွေးစုပ်ထားတယ်။ ပြည်သူပြည်သားတွေ ချစ်ခင်တာလည်း ခံချင်သေးတယ်။
ဒါကြောင့် ဒီဘဝဒဿနာဟာ ကျွန်တော့်အတွက် သိပ်အရေးကြီးတယ်။ ကျွန်တော် တစ်နေ့တစ်နေ့ ဘာတွေလုပ်နေသလဲ၊ ဘယ်အရာတွေကို အချိန်ပေးနေသလဲ ဆိုတာကပဲ ကျွန်တော့်ဘဝကို ပုံဖော်ပြဌာန်းသွားမှာ ဖြစ်တယ်။ တခြားဘာလျှို့ဝှက်ချက်နည်းနာမှ ရှိမနေဘူး။ ကိုယ်လုပ်ရင် ကိုယ်ရမယ်။ ကိုယ်မလုပ်ရင် ကိုယ်မရဘူး။ ရှင်းရှင်းလေးပဲ။
🔳 သူတစ်ပါးကို မနာလိုဖြစ်တာလည်း နည်းသွားတယ်။ သြော် သူကတော့ တော်မှာပေါ့၊ ကြိုးစားတာကိုး။ ငါက သူ့လောက်မှ မကြိုးစားတာ၊ ဘယ်တော်မလဲ၊ သူရော ငါရော ကိုယ်စိုက်တာ ကိုယ်ရိတ်သိမ်းကြရတာပဲ။ ဒီလိုအတွေး ထားလိုက်တော့ မနာလိုခြင်းအစား အတုယူလိုစိတ်ဘက်ကို ပိုရောက်သွားတယ်။
ကိုယ် ဘာအကျိုးတရား လိုချင်သလဲ။ ဆိုင်ရာအကြောင်းတရားတွေကို ဖြည့်ဆည်းပါ။ ဘယ်သူတွေ ဘာတွေလုပ်နေလုပ်နေ၊ ကိုယ်လုပ်ရမဲ့အလုပ်ကိုပဲ တစိုက်မတ်မတ် ဖြောင့်ဖြောင့်တန်းတန်း လုပ်ပါ။ ကိုယ့်ရွေးချယ်မှုတစ်ခုစီတိုင်းရဲ့ ဘေးထွက်ဆိုးကျိုးတွေကို လက်သင့်ခံနိုင်အောင် ကြိုးစားပါ။
🔳 “ဂျုံစိုက်ပြီး စပါးရိတ်ချင်လို့တော့ မရဘူး”လို့ ရှင်းရှင်းပြတ်ပြတ် ခံယူလိုက်နိုင်တဲ့နေ့မှာ ကိုယ် ဘာလုပ်သင့်တယ်၊ လုပ်ရမယ် ဆိုတာတွေ ပိုပြတ်သားလာမှာ ဖြစ်သလို၊ ကိုယ့်ကိုယ်ကိုယ်လည်း ပိုပြီး တာဝန်ယူ၊ တာဝန်ခံနိုင်လာမယ်၊ သူတစ်ပါးကို မနာလိုတာ၊ လောကကြီးအပေါ် မကျေနပ်တာတွေလည်း အတိုင်းအတာတစ်ခုထိ လျော့နည်းသွားမှာ ဖြစ်ပါတယ်။
ဒေါက်တာ ဖြိုးသီဟ
၉.၇.၂၀၂၃