
21/09/2023
" ကြောက်လန့်ဖွယ်ရာ_ဝဋ်ကြွေးကြမ္မာ "
🌸☘🌸☘🌸☘🌸☘🌸☘🌸☘🌸
မြတ်စွာဘုရားရှင် လက်ထက်တော်က
သာဝတ္ထိပြည်သားတစ်ယောက်
မြတ်စွာဘုရားသာသနာတော်မှာ ဝင်ပြီး
ရဟန်းပြုပါတယ်။ သူ့နာမည်က
အရှင်တိဿလို့ ခေါ်ပါတယ်။
ရဟန်းပြုပြီးတော့ သီလ၊ သမာဓိ၊ ပညာ
အကျင့် တွေကို ကောင်းမွန်စွာကျင့်ကြံပါတယ်။နောက် ကာလအတန်ကြာတော့ …
သူ့မှာ အနာရောဂါတွေ ပေါ်လာတယ်။
အစမှာတော့ မုန့်ညှင်းစေ့လောက်
အဖုလေးတွေ ပေါ်လာတယ်။
နောက် တဖြည်းဖြည်းနဲ့ပဲ ကုလားပဲလုံးလောက်၊စားတော်ပဲလုံးလောက်၊ ဆီးစေ့လောက်၊ဆီးဖြူသီးလောက်၊ ဥသျှစ်သီးမှည့်လောက်အဖုလုံးကြီးတွေဖြစ်လာပြီး ပေါက်ကွဲကြတယ်။တစ်ကိုယ်လုံးမှာ အပေါက်အပေါက်တွေ ဖြစ်နေတယ်။
အဲဒီလိုဖြစ်ပြီး တစ်ကိုယ်လုံး ပုပ်နေ လို့
သူ့ကို ပူတိဂတ္တတိဿ လို့ ခေါ်ကြတယ်။
သူ့မှာ အရိုးတွေဆွေးမြေ့ပြီး ကျိုးကုန်တယ်။
ယခုကာလမှာလည်း တချို့မှာ အဲဒီလို
အရိုးတွေ ဆွေးနေတာကို တွေ့မြင်ကြရမှာပါ။လက်ကို ကိုင်ပြီး မ,လိုက်ရင် အဲဒီအရိုးက
ကျိုးသွားသတဲ့။ ခြေကို မ,လိုက်ရင်လည်း
ခြေရိုးက ကျိုးသွားသတဲ့။
ဒါကြောင့် ဒီလို လူမမာကို မကိုင်ဝံ့၊ မ..မ..ဝံ့နဲ့
ဆွေးမျိုးတွေက ဘယ်လိုမှ မပြုစုနိုင်ဘဲ
မျက်ရည်စက်လက်နဲ့ ကြည့်နေကြရတယ်လို့
ဆိုပါတယ်။
အဲဒီ ပူတိဂတ္တတိဿ မထေရ်မှာကျတော့လည်း သူ့တပည့်တွေ မပြုစုနိုင်ကြတော့ဘူး။ အဝတ်သင်္ကန်း တွေကလည်း
သွေးပုပ်၊ပြည်ပုပ်တွေနဲ့ လူးပေနေတယ်။
ဘယ်သူမှ ပြုစုသူမရှိဘဲ ကိုးကွယ်ရာမဲ့
ဖြစ်နေပါတယ်။ အလွန်ဆိုးရွားတဲ့
အနာရောဂါတွေကို ကြာရှည်ပြုစုရတော့
တာဝန် လေးတတ်ပါတယ်။
♠ အဲဒီလို ကိုးကွယ်ရာမဲ့ ဖြစ်နေတဲ့အခါမှာ
မြတ်စွာဘုရားက အဲဒီ ပူတိဂတ္တတိဿမထေရ်ကိုးကွယ်ရာမဲ့ ဖြစ်နေပုံ၊ ရဟန္တာဖြစ်ဖို့အကြောင်းဥပနိဿယ ရှိပုံကို မြင်တော်မူတယ်။ကျောင်းစဉ်လှည့်ပြီး ကြည့်ရှု့တဲ့အနေအားဖြင့် အဲဒီ နေရာကို ကြွသွားတော်မူပါတယ်။
♠ မီးတင်းကုပ်မှ ရေနွေးတည်ပြီး
ရေနွေးပူအောင်စောင့်နေတော်မူတယ်။ ရေနွေးတဲ့အခါ အဲဒီပူတိဂတ္တတိဿ ရဟန်းရဲ့ ခုတင်ညောင်စောင်းကို မ..ပြီး ရွှေ့ထိုင်ဖို့ ကိုင်တော်မူတယ်။ အဲဒီအခါ အနီးအပါးမှာရှိတဲ့ ရဟန်းတွေက
“ဖယ်တော်မူပါဘုရား … တပည့်တော်တို့ မ..ရွှေ့ပါ့မယ်”
လို့ လျှောက်ပြီး မီးတင်းကုတ်သို့ ယူလာကြပါတယ်။
မြတ်စွာဘုရားက ရေစည်ပိုင်းကို ယူပြီးတော့
ရေနွေးထည့်ပြီး အဲဒီရဟန်း တွေကို ပူတိဂတ္တတိဿ ရဲ့ဧကသီကို ရေနွေးနဲ့ဆုတ်ခွာပြီး လျှော်စေတယ်။လျှော်ပြီး နေလှမ်းစေတယ်။ အဲဒီ အတောအတွင်း
မြတ်စွာဘုရားက အနီးအပါးမှာ ရပ်တော်မူကာပူတိဂတ္တတိဿ ရဲ့ ကိုယ်ကို ရေနွေးနဲ့ ဆွတ်ပြီးရေချိုးပေးစေတယ်။
နေလှမ်းထားတဲ့ ဧကသီ ခြောက်တဲ့အခါ
အဲဒီ ဧကသီကို ဝတ်စေပြီးတော့ သင်းပိုင်ကို
ရေနွေးနဲ့ လျှော်စေပြီး နေပူမှာ လှမ်းထားစေတယ်။
အဲဒီ သင်္ကန်းခြောက်တဲ့အခါ အဲဒီသင်းပိုင်ကို
ဝတ်စေတယ်။ ဧကသီကို ရုံစေတယ်။
အဲဒီအခါ ပူတိဂတ္တတိဿ မထေရ်ဟာ
သက်သာရာရပြီး စိတ်တည်ငြိမ်စွာနဲ့
ခုတင်ပေါ်မှာ လျောင်းနေတယ်။
မြတ်စွာဘုရားက ပူတိဂတ္တတိဿရဲ့ ခေါင်းရင်းကရပ်တော်မူလျက် တရားဟောတော်မူပါတယ်။
ခန္ဓာကိုယ်ကြီးရဲ့ အပြစ်ပြတရားတွေကို
ဟောတော်မူတာပါ။ ထို့နောက် … အနာရောဂါဖြစ်နေချိန်မှာ အားကိုးရမည့်အရာမှာ တရားသာလျှင်ဖြစ်ကြောင်း ဟောတော်မူပါတယ်။
♠ ပူတိဂတ္တတိဿ မထေရ်ကလည်း
တရားကိုနှလုံးသွင်းမှု အခြေခံက ရှိနေတဲ့အတွက် မြတ်စွာဘုရားတရားတော်ကို
နာနေရင်း ဝိပဿနာဥာဏ် အစဉ်အတိုင်းတက်ပြီး အရဟတ္တဖိုလ်သို့ ရောက်သွားပါတယ်။ ရဟန္တာဖြစ်ပြီး မကြာခင် မှာပဲ ပရိနိဗ္ဗာန် စံတော်မူပါတယ်။
မြတ်စွာဘုရားရှင်က သူ့အလောင်းကို
မီးသဂြိုလ်စေပြီး အရိုးဓာတ်တော်ကို
စေတီ တည်စေပါတယ်။
အဲဒီလိုစေတီတည်ပြီးနောက် ရဟန်းတော်များကပူတိဂတ္တတိဿ မထေရ်ဟာ ဘယ်မှာဖြစ်သလဲ လို့ မေးလျှောက်ကြတယ်။
ပရိနိဗ္ဗာန် စံသွားတဲ့အကြောင်း မြတ်စွာဘုရားက
မိန့်တော်မူတဲ့အခါ “ရဟန္တာ ဖြစ်ဖို့ အကြောင်းဥပနိဿယရှိပါလျက် သူ့ကိုယ်ဟာ အဘယ့်ကြောင့်အနာတွေ ပေါက်ပြီး
ပုပ်ရပါသလဲ။ သူ့အရိုးတွေ
ဘာကြောင့် ကျိုးရပါသလဲ။ ဘာကြောင့်
ရဟန္တာဖြစ်ရပါလဲ” လို့ မေးလျှောက်ကြပြန်တယ်။
အဲဒီအခါ မြတ်စွာဘုရားက
ဒီလိုဖြေကြားတော်မူပါတယ်။
♦ ပူတိဂတ္တတိဿ မထေရ်ရဲ့ အလောင်းလျာဟာ
ကဿပ မြတ်စွာဘုရားလက်ထက်တော် ကာလကငှက်မုဆိုး ဖြစ်ခဲ့တယ်။ ငှက်တွေကိုသတ်ပြီးရောင်းစားခဲ့တယ်။ တစ်နေ့တည်းရောင်းလို့မကုန်နိုင်မည့် ငှက်များကို မသတ်သေးဘဲအတောင်ချိုးထားတယ်။ ခြေကိုချိုးထားတယ်။
ဟိုတုန်းက အအေးခန်းတို့ ရေခဲစိမ်တို့ဆိုတာ
ရှိပုံမပေါ် ပါဘူး။ ဒါကြောင့် ပုပ်ပျက်မကုန်အောင်အရှင်အတိုင်း ချိုးဖဲ့ပြီး သိမ်းဆည်းထားတယ်။ယခုကာလမှာလည်း ငှက်တွေကို မသတ်သေးဘဲဒီလိုနှိပ်စက်ပြီး လှောင်ထားတာတွေ၊ ကြက်တွေ၊ဘဲတွေ၊ ဝက်တွေ၊ ငါးတွေကို မသတ်သေးဘဲလှောင်ထားတာတွေ ရှိတယ်ဆိုတာအားလုံးသိကြမှာပါ။
အဲဒီလို ငှက်တွေကို လိမ်ချိုးပြီး နှိပ်စက်ခဲ့၊
သတ်ခဲ့တဲ့အတွက် ငရဲမှာ ကြာမြင့်စွာ ဆင်းရဲ
ဒုက္ခခံခဲ့ရပြီးတော့ အဲဒီ ကံကြွင်းကြောင့်
လူဖြစ်တဲ့အခါမှာလည်း အနာရောဂါ များခဲ့ရတယ်။
♦ ယခုဘဝမှာလည်း အဲဒီနှိပ်စက်မှု အကုသိုလ်ကြောင့်အနာတွေပေါက်ပြီး
တစ်ကိုယ်လုံး ပုပ်ရတယ်။
အရိုးတွေ လည်းကျိုးရတယ်။ နောက်ဆုံး အဲဒီငှက်မုဆိုးဖြစ်စဉ်က တစ်နေ့သောအခါ သူ့အိမ်ကိုကြွရောက်လာတဲ့ ရဟန္တာအား
သူ စားဖို့ ချက်ထားတဲ့ငှက်သားဟင်းနှင့် ဆွမ်းကို လောင်းလှူပြီးတော့အရှင်မြတ်တို့ သိမြင်တဲ့ တရား၏ အပြီးဆုံးသို့
ရောက်ပါစေလို့ ဆုတောင်းခဲ့တယ်။
အဲဒီ ဆွမ်းအလှူဒါနကြောင့် တောင်းခဲ့တဲ့ဆုနဲ့အတူဒီဘဝမှာ တရားအားထုတ်လိုက်တော့ ရဟန္တာဖြစ်ကြောင်းကို ဟောတော်မူပါတယ်။
ဒီဝတ္ထုမှာ အနာရောဂါတွေ
အကြီးအကျယ်ဖြစ်ပြီး
တစ်ကိုယ်လုံး ရစရာမရှိအောင် ပုပ်ရတယ်။
အရိုးတွေလည်း ကျိုးရတယ်ဆိုတာ -
"ညှဉ်းဆဲသူကား အနာများ" ဆိုတဲ့ အကုသိုလ် အကျိုးတရားရဲ့ သက်သေ သာဓကပါပဲ။
♠ ဒါကြောင့် အားလုံးသော ဓမ္မမိတ်ဆွေများလည်း ထိုသို့သော ဝဋ်ကြွေးများမှ လွတ်ကင်းအောင်
"သူတစ်ပါးကို ကိုယ်ချင်းစာ သနားငဲ့ညှာ၊
မညှဉ်းဆဲဘဲ … ရှောင်ကြဉ်အားထုတ်စေလိုကြောင်း"
ရေးသား တင်ပြလိုက်ရပါတယ်။ ။
သက်ရှည်ကျန်းမာ စိတ်ချမ်းသာ၍
လိုရာဆန္ဒများ ပြည့်စုံကြပါစေ။ ။
အရှင်ဝိမလဝံသ
(နာလန္ဒာတက္ကသိုလ်၊ အိန္ဒိယနိုင်ငံ)
Credit. ....original uploader