05/06/2025
“လူတွေရဲ့ နှုတ်ဖျားပေါ် လိုက်ပြီး စိတ်မလှုပ်ရှားစေနဲ့”
🔳 ကျွန်တော်က ပုံမှန်အားဖြင့် ပွဲတွေ၊ ပြဿနာတွေကို ရှောင်လေ့ရှိတယ်။ စိတ်ရှုပ်မခံချင်လို့ပါ။ ကိုယ့်ဆီ တည့်တည့်ကြီး ဝင်လာရင်တောင် မမြင်ချင်ယောင် ဆောင်လိုက်တယ်။ စကားနည်း ရန်စဲ သဘောထားလိုက်တယ်။ မဖြစ်မနေဆိုလည်း စာပို့ပြီးပဲဖြစ်ဖြစ် နှစ်ဦးကြား တည့်ရှင်းလိုက်တယ်။ ပါ့ဘလစ်နဲ့ ပွဲဖြစ်မနေဘူး။ တစ်ခါတလေလည်း မလွှဲသာ မရှောင်သာ အုံလိုက်ကျင်းလိုက် ဆဲခံရတာတွေ ရှိတာပေါ့။
ပွင့်ပွင့်လင်းလင်း ပြောရရင် စစချင်းတော့ အတော်ရှော့ခ်ရတယ်။ ကျွန်တော့်ပို့စ်တွေဆို များသောအားဖြင့် Negative comment က နည်းတာကိုး။ ပြောလည်း ပြောကြတယ်။ ဆရာဖြိုးဆို မုန်းတဲ့လူ မရှိဘူး ဆိုပြီးတော့ပေါ့။
🔳 တကယ်ကျ မဟုတ်ဘူး။ လူပဲလေ။ ချစ်တဲ့သူရှိရင် မုန်းတဲ့လူလည်း ရှိတာပေါ့။ လက်ခုပ်သံ ကြားရရင် ဆဲဆိုသံလည်း ကြားရမှာပေါ့။ အခွင့်မသာသေးလို့ ပေါ်မလာတာ။ အကြောင်းလည်း တိုက်ဆိုင်ရော၊ ရောက်ချလာရော။
အဲဒီမှာ ဘာတွေးမိလိုက်လဲ ဆိုတော့ “လူတွေဟာ အမှန်ကို သိချင်တာ မဟုတ်ဘူး၊ သူတို့မှန်တယ်လို့ ယုံထားတာကိုပဲ ကြားချင်ကြတာ” ဆိုတာပဲ။
🔳 ဆိုလိုတာက ကိစ္စရပ်တစ်ခု၊ အထင်လွဲစရာတစ်ခုမှာ ကိုယ်ဘယ်လောက်ပဲ အကျိုးနဲ့အကြောင်းနဲ့ ရှင်းပြရှင်းပြ အမြင်ပြောင်းသွားတဲ့သူဆိုတာ အင်မတန်ရှားတယ်။ မယုံတဲ့သူက မယုံကို မယုံဘူး။ ယုံတဲ့သူကလည်း မပြောခင်ကတည်းက ယုံပြီးသားပဲ။ ကိုယ်ရှင်းပြလိုက်လို့ “တွေ့လား ဆရာဖြိုး ပြန်ရှင်းနေပြီ” ဆိုပြီး သူတို့ အားရသွားတာလောက်ပဲ ရှိတာ။ နဂိုကတည်းကလည်း အထင်လွဲနေသူတွေ မဟုတ်ကြဘူး။
ဒီနှစ်စုကြားထဲမှာတော့ လူတချို့ ရှိနိုင်ပါသေးတယ်။ ဘာပြန်ပြောမလဲ၊ ဘယ်ဘက်က မှန်နိုင်လဲ၊ ယုတ္တိရှိမရှိ ဖတ်ရှုပြီးမှ ဆုံးဖြတ်ကြတဲ့သူတွေပေါ့။ သို့သော် ရာခိုင်နှုန်းအားဖြင့်က အတော်နည်းပါတယ်။
ဒါ ကျွန်တော်မှ မဟုတ်ဘူး။ တခြားလူတွေမှာလည်း အဲဒီအတိုင်းပဲ။ ပိုက်ဆံတွေ လိမ်တယ် စွပ်စွဲတယ်။ မလိမ်ကြောင်း ပြန်ရှင်းတယ်။ ထူးသွားလားဆိုတော့ မထူးဘူး။ လိမ်တယ်ဆိုပြီး သမုတ်နေကြတုန်းပဲ။
🔳 ဒါဖြင့် ပြန်မရှင်းပြရတော့ဘူးလား၊ အမြဲတမ်းပဲ လျစ်လျူရှုထားရမှာလား ဆိုတော့ ကိစ္စရပ်တစ်ခုစီ၊ အခြေအနေတစ်ခုစီရဲ့ အတိမ်အနက်ပေါ်တော့ မူတည်လိမ့်မယ်။ ဘဝမှာ လှေနံဓါးထစ် အဖြေရယ်လို့ ဘယ်မှာမှ မရှိဘူး မဟုတ်လား။
အဓိကအကျဆုံးကတော့ လူတွေရဲ့ ‘နှုတ်ဖျား’က ထွက်လာတဲ့ စကားတွေပေါ် မူတည်ပြီး ကိုယ့်စိတ် ‘မလှုပ်ရှား’ဖို့ပဲ။ ချီးကျူးခြင်း၊ ကဲ့ရဲ့ခြင်းဆိုတဲ့ လောကဓံတရားတွေအပေါ် စိတ်အတက်အကျ သိပ်မများဖို့ပေါ့။ မဟုတ်ရင်တော့ စိတ်ပင်ပန်းလို့ ပြီးမှာ မဟုတ်ဘူး။
🔳 ချီးကျူးသံတွေ၊ လက်ခုပ်သံတွေဟာ ရုတ်တရက်ဆို ပျော်စရာကောင်းတယ် ထင်ရတယ်။ သို့သော် အဲဒါတွေအပေါ် သာယာလွန်းသွားတဲ့အခါ လူဟာ မလွတ်လပ်တော့ဘူး။ ချီးကျူးခံရဖို့၊ အကောင်းပြောခံရဖို့ပဲ ကြိုးစားနေတော့တယ်။ ပြောဆိုနေတော့တယ်။ ဒါကိုပဲ အမြဲဆာလောင် ငတ်မွတ်နေတော့တယ်။
အကြောင်းကြောင်းကြောင့် ကဲ့ရဲ့ခံရ၊ မကောင်းပြောခံရပြီဆိုလည်း ခံနိုင်ရည် မရှိတော့ဘူး။ ဒါကြောင့်လည်း အကောင်းလောကဓံတွေနဲ့ ရင်ဆိုင်ရတဲ့အချိန်မှာ စိတ်ကို တည်ငြိမ်အောင် ထားဖို့က သိပ်အရေးကြီးတာ။ မဟုတ်ရင် အဆိုးတွေနဲ့ ကြုံရတဲ့အခါ ပိုပြိုလဲတတ်လို့။
🔳 ကဲ့ရဲ့ခြင်းတွေအပေါ်မှာလည်း သိပ်မခံစားနဲ့။ လူတွေက ဝိုင်းဆဲနေလည်း ငါမှန်တယ်၊ ငါ့ကို မနာလိုနေကြတာ၊ ဒီလိုအစွန်းရောက်ဖို့တော့ မဟုတ်ဘူး။ ကိုယ့်ကိုယ်ကိုယ် အမြဲပြန်သုံးသပ်။ ပြန်ဆန်းစစ်။ ငါ ဘာမှားသွားလဲ။ ငါ ဘာလိုသွားလဲ။ တောင်းပန်သင့်တာ တောင်းပန်။ ပြုပြင်သင့်တာ ပြုပြင်။
မခံစားနဲ့ ဆိုတာက ကိုယ့်အမှားကြောင့် မဟုတ်ဘဲ ကိုယ်ဖြစ်နေလို့ကို ကဲ့ရဲ့နေကြတဲ့ စကားတွေကို ဆိုလိုတာ။ အကုန်လုံး အမြင်ကြည်ဖို့၊ ချစ်ခင်ဖို့လည်း မျှော်လင့်မနေနဲ့။ အမြဲတမ်းလည်း လိုက်ရှင်းပြချင်မနေနဲ့။ အရမ်းပင်ပန်းရလိမ့်မယ်။
🔳 ငါတော့ ဖြေရှင်းလိုက်နိုင်ပြီ ဆိုပြီးလည်း ဒီအသံတွေ တိတ်သွားမယ် မထင်နဲ့။ မင်းမဖြေရှင်းနိုင်လို့ ဆဲနေတာ မဟုတ်ဘူး။ မင်းဖြစ်နေလို့ကို ဆဲနေတာ။ ဘယ်လောက်ရှင်းရှင်း ဒီအသံတွေက မတိတ်ဘူး။
ကောင်းကောင်းမွန်မွန် ရှင်သန်ရပ်တည်တဲ့အခါ အများအမြင်မှာ လေးစားလောက်စရာ ဖြစ်လာလိမ့်မယ်။ ဒါသည် အရေးကြီးတယ်။ လိုအပ်တယ်။ ပတ်ဝန်းကျင်ကို လုံးလုံးဂရုမစိုက်ဘဲ နေဖို့ မဟုတ်ဘူး။ လူတိုင်းဆီက ချီးကျူးသံ ကြားရဖို့သာ မျှော်လင့်မနေနဲ့။ အဲဒါတော့ ဘယ်လိုနည်းနဲ့မှ မဖြစ်နိုင်ဘူး။ ဘယ်သူမှလည်း မစွမ်းဆောင်နိုင်ဘူး။
🔳 လောကဓံ ဆိုတာ လောကဓမ္မ ဆိုတဲ့ စကားလုံးကနေ လာတာဖြစ်လို့ လောကလူသားတိုင်း ကြုံကြရတဲ့အရာပဲ။ အနည်းအများ၊ အတိမ်အနက်ပဲ ကွာလိမ့်မယ်။
လူသိများ ထင်ရှားသူတွေကတော့ လောကဓံ ၈ ပါးစလုံးကို ပိုကြုံရနိုင်ခြေ များတယ်။ အထူးသဖြင့် ချီးကျူးခြင်း၊ ကဲ့ရဲ့ခြင်းတွေကိုပေါ့။ ဒါပဲ ကွာတာ။ လူတိုင်းကတော့ ကြုံကြရတာချည်းပဲ။
🔳 ကိုယ်ကသာ သဘာဝတရား ဆိုတာကို မေ့လျော့ပြီး လူတိုင်းရဲ့ ချီးကျူးခြင်း၊ ချစ်ခင်ခြင်းကို ခံချင်နေမိတာ။ ကိုယ် ကောင်းကောင်းမွန်မွန် နေထိုင်ရင်တော့ လူတိုင်းရဲ့ အမြင်ကြည်လင်ခြင်းကို ခံရမယ် ထင်ထားမိတာ။ အဲဒါကသာ ပြဿနာ ဖြစ်နေတာ။
လောကသဘာ၀ ဆိုတာကို လက်ခံထားနိုင်လိုက်ရင် အရာရာ အဆင်ပြေသွားလိမ့်မယ်။ ချီးကျူးခံရမှာကို မက်မောခြင်း၊ ကဲ့ရဲ့ခံရမှာကို ကြောက်ရွံ့ခြင်း စတဲ့ အချုပ်အနှောင်တွေကနေလည်း လွတ်မြောက်သွားလိမ့်မယ်။ ကိုယ့်လမ်းကိုယ်၊ ကိုယ့်ဖြစ်တည်မှုအတိုင်း၊ ကိုယ့်ပုံစံအတိုင်း ဖြောင့်ဖြောင့်တန်းတန်း လျှောက်နိုင်သွားလိမ့်မယ်။
🔳 ဘဝဆိုတာ တာတိုပြေးပွဲ မဟုတ်ဘူး။ တာဝေးပြေးပွဲ။ ဟန်ဆောင်တာ ခဏပဲ ရမယ်။ ဒီလိုပဲ၊ သူတပါးကို နာမည်ဖျက် အပုပ်ချရင်လည်း ခဏပဲ ခံမယ်။ အချိန်တန်တော့ သူဘာလဲ၊ ကိုယ်ဘာလဲ သိလာကြမှာပဲ။
ဒါကြောင့် သူများ ကိုယ့်ကို နာမည်ဖျက်မှာ မကြောက်နဲ့။ ကိုယ့်ကိုယ်ကိုယ် ဖျက်မိမှာသာ ကြောက်။ အများအမြင်တွေ မှန်လာဖို့ပဲ ကြိုးစားရှင်းပြချင်မနေနဲ့။ ကိုယ့်လမ်းသာ ကိုယ်တည့်အောင်လျှောက်။
တကွေ့ကွေ့မှာ ဆုံကြတဲ့အခါ ကိုယ့်အကြောင်း သိလာပြီး အမြင်ပြောင်းသွားသူတွေလည်း ရှိလိမ့်မယ်။ ဘယ်ကွေ့မှာမှ မဆုံတော့လို့ တစ်သက်လုံး ကိုယ့်ကို အမြင်မကြည်တော့တဲ့သူတွေလည်း ရှိလိမ့်မယ်။ အားလုံး အမြင်ကြည်မှ ကိုယ်အသက်ရှင်လို့ရမှာ မဟုတ်ဘူး ဆိုတာလေး သဘောပေါက်ထားရင် ရပြီ။
🔳 တကယ်တော့ ကိုယ်မပျော်ရွှင်ရဘူး ဆိုတာ သူတို့ရဲ့ ကဲ့ရဲ့စကားတွေကြောင့် မဟုတ်ပါဘူး။ ကိုယ့်စိတ် ထိခိုက်နစ်နာသွားသည်အထိ လုပ်နိုင်အောင်လို့ ဒီကဲ့ရဲ့စကားတွေကို ကိုယ်က ခွင့်ပြုပေးထားလို့ပါ။
“It’s not their words that hurt you. It’s you who allow those words to hurt you.”
ကဲ့ရဲ့ခံရခြင်းဆိုတဲ့ လောကဓံနဲ့ ရင်ဆိုင်ရတိုင်း ဒီစကားလေးကို အမြဲအမှတ်ရစေချင်ပါတယ်။
ဒေါက်တာ ဖြိုးသီဟ
၅.၆.၂၀၂၅