21/02/2021
(Updated)
မန္တလေးမှာ အရပ်သားပြည်သူတွေကို စစ်တလင်းမြေလို သေနတ်ကျည်အစစ်တွေနဲ့ ပစ်သတ်သွားတဲ့ စစ်ရာဇဝတ်မှုကျုးလွန်ခဲ့တဲ့ တပ်မ ၃၃ဟာ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ၂၀၁၇ခုနှစ်တုန်းက မွတ်ဆလင်ရာပေါင်းများစွာကို လူမျိုးတုံးသုတ်သင်သတ်ဖြတ်မှုတွေ၊ လူမဆန်တဲ့ စစ်ရာဇဝတ်မှုတွေကို ရက်ရက်စက်စက် ကျူးလွန်ခဲ့တဲ့ တပ်ဖြစ်ပါတယ်။
၂၀၁၈ခုနှစ် စက်တင်ဘာမှာ ကုလသမဂ္ဂရဲ့လွတ်လပ်တဲ့စုံစမ်းစစ်ဆေးရေးမစ်ရှင်က ထုတ်ပြန်ထားတဲ့ အစီရင်ခံစာတွေမှာ ရခိုင်ပြည်နယ်အတွင်း စစ်ရာဇဝတ်မှုတွေကို ကျူးလွန်ရာမှာ တပ်မ ၃၃နဲ့ ၉၉တပ်တွေဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ အာဏာသိမ်းစစ်အုပ်စုဟာ ဒီစစ်ရာဇဝတ်မှုကျူးလွန်ခဲ့လို့ နိုင်ငံတကာတရားရုံး ICJ မှာ အမှုရင်ဆိုင်နေရတာဖြစ်ပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဒီစစ်ရာဇဝတ်ကောင်တွေကိုယ်စား သည်ဟိတ်မြို့တရားခွင်မှာ တိုင်းပြည်အတွက် အမှုကိုသွားရောက်ရင်ဆိုင်ခဲ့လို့ နိုင်ငံတကာရဲ့ရှုတ်ချပြစ်တင်မှုတွေအများကြီး ရင်ဆိုင်ခဲ့ရပါတယ်။