02/09/2026
■ ရတနာဂူဘုရားပွဲတော် နှင့် ပုပ္ပားမယ်တော်ကြီးပွဲ ကျင်းပမည်
မန္တလေးတိုင်းဒေသကြီ၊ အမရပူရမြို့နယ်၊ ငယ်တိုးကျေးရွာအုပ်စု၊ အင်းဝမင်းကြီးစွာစော်ကဲ တည်ထားကိုးကွယ်တော်မူသည့် သမိုင်းဝင်ရတနာဂူ စေတီတော်မြတ်ကြီး၏ ရတနာဂူဘုရားပွဲတော်နှင့် ပုပ္ပားမယ်တော်ကြီးနတ်ပွဲကို ၁၃၈၈ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၇ ရက် (၂၀၂၆ ခုနှစ် စက်တင်ဘာ ၄ ရက်) နေ့ မှ စတင်ကာ ကျင်းပသွားမည်ဖြစ်ကြောင်း ရတနာဂူဂေါပကအဖွဲ့ထံမှ သိရသည်။
"ဝါခေါင်လပြည့်ကျော် ၇ ရက်နေ့ညမှာ ညီလာခံပြီးတော့ ပွဲစမှာပါ။ ပုပ္ပါးမယ်တော် ချိုးရေတော်သုံးတာက ဝါခေါင်လပြည့်ကျော် ၁၀ ရက်နေ့ နေ့လယ် ၁၂ နာရီ သတ်မှတ်ထားပါတယ်။ နတ်နန်းရှေ့မှာ ပြုလုပ်သွားမှာပါ" ဟု ဂေါပကအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ရတနာဂူဘုရားပွဲနှင့် ပုပ္ပားမယ်တော်ကြီးနတ်ပွဲသည် နှစ်စဉ် ဝါခေါင်လပြည့်ကျော် ၇ ရက်နေ့မှ စတင်ကာ နတ်ညီလာခံများ၊ ၈ ရက်နှင့် ၉ ရက်များတွင် တက်ပွဲနှင့် ချော့ပွဲများ၊ ၁၀ ရက်နေ့တွင် ချိုးရေတော်သုံးအခမ်းအနား ၊ ၁၁ ရက် ၁၂ ရက် ၁၃ ရက်များတွင် တက်ပွဲများနှင့် ၁၄ ရက် တွင် ထိန်ခုတ်ပွဲ၊ မယ်တော်ကြီးပြန်ပို့ပွဲများ ကျင်းပလေ့ရှိကြောင်းနှင့် သမိုင်းဝင် ရတနာ့ဂူမြတ်စွာဘုရားပွဲတော်ကို ဝါခေါင်လကွယ်နေ့ နံနက်ပိုင်းတွင် သံဃာများအား ဆွမ်းလောင်းလှူခြင်းများ ပြုလုပ်လေ့ရှိကြောင်း သိရှိရပါသည်။
ယခင်က ရတနာဂူပွဲ ကျင်းပချိန်သည် ဧရာဝတီ မြစ်ရေ မြင့်တက်ချိန်ဖြစ်သည့်အတွက် မြစ်ရေ မြင့်တက်မှုအလိုက် ဘုရားရှေ့ရှိ မြစ်နှင့် ဆက်စပ်ရေဝင်သော ရတနာဂူရွှေကြူချောင်းအတွင်း ရေဝင်ရောက်လျက်ရှိရာ ပွဲတော် လာသူများသည် ချောင်းမှတစ်ဆင့် ငှက်လှေများစီးကာ လာရောက်လေ့ရှိခဲ့ပြီး၊ ချိုးရေတော်သုံးအခမ်းအနားကို ဖောင်များဖြင့် ချောင်းအတွင်းကျင်းပလေ့ရှိခဲ့ကြောင်း သိရှိရပါသည်။
■ သတင်းနှင့် ဓာတ်ပုံ- သက်ထွန်းအောင်
► ပုံစာ- ၂၀၂၅ ခုနှစ်က ပြုလုပ်ခဲ့သော ပုပ္ပါးမယ်တော်ကြီး ချိုးရေတော်သုံးသည့်နေ့အား တွေ့ရစဉ်။
#ရတနာဂူဘုရားပွဲ #ပုပ္ပားမယ်တော်ကြီးပွဲ
■ Eleven Website:https://news-eleven.com
■ Eleven Broadcasting YouTube:https://m.youtube.com/c/elevenwebtv11
■ Eleven Sports YouTube:https://m.youtube.com/c/ElevenSports11
■ Eleven Telegram Channel : https://t.me/elevenmediagroup
■ Eleven Viber : https://vb.me/elevenmediagroup