နှစ်ကာလများ စာအုပ်တိုက် - the Eras

  • Home
  • Myanmar
  • Yangon
  • နှစ်ကာလများ စာအုပ်တိုက် - the Eras

နှစ်ကာလများ စာအုပ်တိုက် - the Eras နှစ်ကာလများ စာအုပ်တိုက် - the Eras

((ဒီစာအုပ်လေး ပြန်ရပါပြီ))အရေးအသားများအောင်ခင်မြင့်တန်ဖိုး - ၆၀၀၀ ကျပ်နှစ်ကာလများစာပေဖုန်း -018255948,09740979393-------...
05/09/2025

((ဒီစာအုပ်လေး ပြန်ရပါပြီ))

အရေးအသားများ
အောင်ခင်မြင့်
တန်ဖိုး - ၆၀၀၀ ကျပ်
နှစ်ကာလများစာပေ
ဖုန်း -018255948,09740979393

-------------

အမှာစာ

ကျွန်တော် ရေးဖွဲ့ ခဲ့တဲ့ အရေးအသားအချို့ကို စုစည်းလိုက်ခြင်း ဖြစ်ပါတယ်။ ဝတ္ထုလိုလို၊ ဆောင်းပါးလိုလို၊ အက်ဆေးလိုလို ... ဟိုလိုလို ဒီလိုလို အရေးအဖွဲ့မျိုးတွေ
ပါ။ ဘဝမှာ ကျွန်တော် မြင်မိ၊ တွေးမိ၊ ဖတ်မိ၊ ဆင်ခြင်မိ၊ စိတ်ကူးမိတာလေးတွေကို အရေးအသားဖြစ်လာအောင် အားထုတ်ကြည့်တဲ့ သဘောပါပဲ။ ဦးစံရှား” စကားပြေတွေကကျွန်တော် နှစ်ခြိုက်တဲ့ စုံထောက်ဝတ္ထု’အမျိုးအစားပေါ်မှာ အခြေတည်ပြီး စမ်းသပ် ရေးဖွဲ့ထားတဲ့ Parody ဆန်ဆန်
နေရာ ရေးသားမှုမျိုး၊ ပေါ့ပါးမှုနဲ့ လေးနက်မှု၊ ပျော်ရွှင်ဖွယ်နဲ့ မပျော်ရွှင်ဖွယ်တို့ကို တွဲစပ်ဖန်တီးကြည့်တာ ဖြစ်ပါတယ်။ တချို့
နေရာတွေမျာ စကားပြေက ဝတ္ထုလို ဖြစ်နေတယ်။ တချို့နေရာတွေမှာ စာတွေက မပြီးပါ။ တချို့နေရာတွေမှာတော့
မှတ်စုအကြမ်း ထုတ်ထားသကဲ့သို့သာ ဖြစ်နေပါတယ်။ အများအားဖြင့်တော့ အရေးအသားတွေက အပိုင်းပိုင်း အစစ
(Fragmented) ဖြစ်နေပါလိမ့်မယ်။ ဗြဟ္မဒတ်မင်းတရားကြီးစိုးစံရာ ကျွန်တော်တို့ရဲ့ ပျင်းရိဖွယ် ဗာရာဏသီပြည်ကြီးမှ ပျင်းရိနေသော လူငယ်များ အပျင်းပြေ ဖတ်ရှုနိုင်ရန် ရည် ..
ရွယ်ပါတယ်။ ခေတ်ပြိုင် တေဘုမ္မာအော်ပရာ'တစ်ပုဒ်ကို ရေဒီယိုအစုတ်ကလေး တစ်လုံးကနေ ထုတ်လွှင့်တင်ဆက်
ကျွန်ုပ်လိုက်ခြင်းသာ ဖြစ်ပါကြောင်း။
အောင်ခင်မြင့်
(၂၀၁၄ ခုနှစ်ထုတ် အမှာစာ မှ)

#အောင်ခင်မြင့်
#နှစ်ကာလများ

`တို့နှစ်ယောက်အချစ်’ ဆိုပေမယ့် ရင်ခွင်ဦးဖူးသစ်စ သမီးရည်းစားအချစ်တော့မဟုတ်ပါ။ ယခင်များလို အတိတ်လွမ်းဝေဒနာအခြေခံ စုစည်းမှု...
30/08/2025

`တို့နှစ်ယောက်အချစ်’ ဆိုပေမယ့် ရင်ခွင်ဦးဖူးသစ်စ သမီးရည်းစားအချစ်တော့မဟုတ်ပါ။ ယခင်များလို အတိတ်
လွမ်းဝေဒနာအခြေခံ စုစည်းမှုလည်း မဟုတ်ပါ။ မြို့ပြနဲ့ ဘဝ (တကယ့်ဘဝ) ဆန်တဲ့အရာတွေ၊ နိုးတဝက်အိပ်မက်တွေလိုလို ဂါစီယာမားကွက်စ်နေရာင်လိုလိုတွေ၊ မသိဘူး၊ စာကို စားကြည့်ရင်တော့ လွင်မောင်မောင်အသားဓာတ်ကို အရသာရမှာပါ။

---------

ဝိုင်းမော် စာအုပ်တိုက် ထုတ်ဝေမှု

---------

တို့နှစ်ယောက်အချစ်
လွင်မောင်မောင်
တန်ဖိုး - ၈၀၀၀ ကျပ်
နှစ်ကာလများစာပေ
ဖုန်း -018255948, 09740979393

#လွင်မောင်မောင်
#နှစ်ကာလများ

26/08/2025

ဒီစာအုပ်ထဲမှာပါတဲ့ဝတ္တုတွေ ဟာ ကိုမိုးဝေး က ရှာဖွေစုဆောင်းထာတာတွေပဲ။ ကျွန်တော် ကိုယ်တိုင် မမှတ်မိတော့တာတွေတောင် တွေ့ရတယ်။ တည်းချင်ပေတဲ့ မတည်းတော့ဘူး။ ခုနေပြန်ရေးကြည့်မယ်ဆိုရင် ရေးနိုင်တော့မယ် မထင်တာတွေလည်းတွေ့တယ်။ ကာလတရားရဲ့ စီးမြောလွင့်ပျံ သွားခြင်းအတွင်းထဲမှာ သိမှတ်ခံစားနား လည်မှုတိုင်းဟာ ပြောင်းလဲသွားတတ်ကြတာပဲ ကိုး။ . . . . .
(ရေးသူရဲ့ အမှာ မှ)
မြင့်သန်း ဟွာဟင်း။ ၂၀၂၅
————-
စုစည်းထုတ်ဝေမှုထဲ မပါသေးတဲ့ ဝတ္ထုများ
မြင့်သန်း

စုစည်းထုတ်ဝေမှုထဲ မပါသေးတဲ့ ဝတ္ထုများ ဆိုတာ နှစ်ကာလများကနေ ဆရာမြင့်သန်း ဝတ္ထုတွေကို အမျိုးအစားတူ ဝတ္ထုတွေကိုပြန်လည်စုစည်းထုတ်ဝေတဲ့အခါ၊ ရောရောယောင်ယောင် မောင်ဘမောင် ဝတ္ထုများ၊ အရပ်တပါးက ဝတ္ထုများ ၁-၂၊ နယ်ဘက်ကျေးဘက်က ဝတ္ထုများ၊ မြို့ကြီးပြကြီးက ဝတ္ထုများထဲမှာ မပါသေးတာကို ဆိုလိုတာ ဖြစ်ပါတယ်။
ထုတ်ဝေသူ မှ

---------

စုစည်းထုတ်ဝေမှုထဲ မပါသေးတဲ့ ဝတ္ထုများ
မြင့်သန်း
နှစ်ကာလများစာပေ
ဖုန်း -018255948,09740979393
ပထမအကြိမ်
စက်တင်ဘာ၊ ၂၀၂၅
မျက်နှာဖုံး- ဟွာဟင်းကမ်းခြေ အမှတ်တရဓာတ်ပုံ
ဝတ္ထုတို အပုဒ် ၃၀ ပါဝင်ပါတယ်။
စက္ကူဖြူချော
စာမျက်နှာ ၃၃၆
တန်ဖိုး ၁၈၀၀၀ ကျပ်

၂၆-၈-၂၀၂၅ မှ ၂-၉-၂၀၂၅ (တပတ်အတွင်း ) မှာယူသူများကို (Royal Express ရနိုင်သော မြို့များ )Delivery ပို့ခ အခမဲ့နဲ့ ပို့ပေးပါမယ်။ ၂၈ ရက်နေ့ deli အပ်ပေးပါမယ်။

#မြင့်သန်း
#နှစ်ကာလများ

နှစ်ကာလများ စာအုပ်တိုက် - the Eras

လှသန်း၁၉၈၃၊ မိုးဝေ စာပေမဂ္ဂဇင်း
23/08/2025

လှသန်း
၁၉၈၃၊ မိုးဝေ စာပေမဂ္ဂဇင်း

ဒီနေ့မနက် ရုတ်တရက်ကွယ်လွန်သွားသော ကိုဌေးသိန်း( စာရေးဆရာ နောင်ကျော်၊ ခိုင်မျိုးဇော်) ရေးခဲ့တဲ့ စာလေး အမှတ်တရ ပြန်ဖေါ်ပြရင...
21/08/2025

ဒီနေ့မနက် ရုတ်တရက်ကွယ်လွန်သွားသော ကိုဌေးသိန်း( စာရေးဆရာ နောင်ကျော်၊ ခိုင်မျိုးဇော်) ရေးခဲ့တဲ့ စာလေး အမှတ်တရ ပြန်ဖေါ်ပြရင်း နှုတ်ဆက်လိုက်ပါတယ် အကိုရေ. .

ချစ်သူတွေသာ ဖတ်ဖို့ အလွမ်းပြေ
နောင်ကျော်(ခိုင်မျိုးဇော်အမည်နဲ့နွယ်နီမဂ္ဂဇင်းမှာ ရေးခဲ့)

လှည်းတန်းမှတ်တိုင်ကနေ လမ်းလျှောက်လာတော့ ညနေစောင်းပြီ။ မီးပွိုင့်နားက တြိဂံပုံ ကြက်လျှာစွန်းဘေးအနားစပ်က သံပန်းကွေးခုံးခုံးလေးတွေမှာ ထိုင်နေသူ တချို့တလေကိုတောင် တွေ့နေရသည်။ မီးပွိုင့်နားက လှည်းတန်း ရဲစခန်းကို ကျော်လာစမှာပင် ပြည်လမ်းဘက်သို့ကွေ့သည်။ ကားအသွားအလာကို ကြည့်ပြီး ပြည်လမ်းကိုဖြတ်သည်။ ကားလမ်းကို ဖြတ်ပြီးသောအခါ ပလက် ဖောင်းအတိုင်း မြောက်ဘက်သို့ဆက်လျှောက်သည်။ ညာဘက်လှမ်းကြည့်တော့ ရာမညဆောင်ကို လှမ်းမြင်နေရသည်။ ရာမညဆောင် မျက်နှာစာရှိ ဝင်းတံခါးနားသို့ ရောက်တော့ သံကြိုးဖြင့်ဆိုင်းပြီး ခပ်ဟဟဖွင့်ထားသော တံခါးမှ ကျောင်းဝင်းထဲသို့ လှမ်းဝင်လိုက်သည်။ ကျောင်းပရဝဏ်ထဲသို့ နောက်ခြေတစ်လှမ်း လှမ်းပြီးချိန်တွင် ကိုယ်ခန္ဓာတစ်ခုလုံးက ကျောင်းဧရိယာထဲသို့ ရောက်သွားသည်။ အဲဒီလို အခြေအနေနှင့် ခံစားမှုမျိုး ဖြစ်သောအချိန်တချို့တွင် အဆိုကျော် ဒေါ်မာမာအေး ဆိုခဲ့ဖူးသော “ချစ်သူ့နယ်မြေ”သီချင်း စာသားထဲမှာ ခဏတစ်ဖြုတ်လောက်တော့ လိုက်လျှောက်ဖြစ်တတ်သေးသည်။
“ချစ်သူရင်ခွင်သည်သာ ငြိမ်းချမ်းနယ်မြေ ... သစ္စာတရား ထွန်းကားရာ ... ငြိမ်းချမ်းသာယာသော နယ်မြေ ... ငြိမ်းချမ်းသာယာသော နယ်မြေ ...”
ဟုတ်သည်ပဲလေ။ ချစ်သူ၊ ခင်သူ၊ မြတ်နိုးသူ၊ လေးစားတန်ဖိုးထားရသူတွေနှင့် စိတ်အေးသက်သာ အတူတကွနေထိုင်ရသော အရပ်ဒေသ၊ နယ်မြေနေရာကို ငြိမ်းချမ်းသာယာသော၊ လွတ်မြောက်အေးချမ်းသောနေရာဟု မသတ်မှတ်လျှင် ဘယ်နေရာကိုများ ချစ်သူနယ်မြေဟု သတ်မှတ်ရမှာလဲဟုလည်း အတွေး ဝင်တတ်သေးသည်။

ညနေ ငါးနာရီကျော်ပြီဖြစ်၍ ရာမညဆောင်တံခါးက ပိတ်ထားသည်။ ဒီအချိန်ဆိုလျှင် ဆရာ၊ ဆရာမတွေလည်း အဆောင်မှာ မရှိတော့။ အဆောင်စောင့်ပဲ ရှိမည်။ ရာမညဆောင်မျက်နှာစာလမ်းမှ မြောက်ဘက် ဆက်လျှောက်လာသည်။ အဆောင်ထောင့်ကွေ့နားတွင် ဦးချစ်လက်ဖက်ရည်ဆိုင်ထဲဘက်သို့ ဝင်သော မြေလမ်းကလေးတွေ့သည်။ သစ်ပင်တွေ အုပ်ဆိုင်းနေသော နေရာဘက်ကို လှမ်းကြည့်သည်။ ခပ်လှမ်းလှမ်းတွင် ဦးချစ်ဆိုင် တစ်စွန်းတစ်စကို လှမ်းမြင်နေရသည်။ သီချင်းသံကိုတော့ ခပ်သဲ့သဲ့လေးသာ ကြားရသည်။ ဒါတောင် ကျောင်းဆင်းချိန်ဖြစ်ပြီး နားအတော်ပါးမှ ကြားရမည့်အသံ ဖြစ်သည်။ ဆိုင်ဘက်ဝင်ပြီး အသိမိတ်ဆွေတွေ ရှိမလား ကြည့်ချင်စိတ်ပေါ်သည်။ ငါ သွားတွေ့မယ့်သူက ဒီအချိန်ဆိုရင် အဆောင်မှာပဲရှိမှာပါဟု အတွေးဝင်သဖြင့် ကွန်ကရစ်ထောင့်ချိုးလမ်းကို ဖြတ်ထားသော မြေသားဖြတ်လမ်းမှ တောင်ငူဆောင်ထောင့်ဘက် တောင်ပိန္နဲပင်အောက်သို့ လျှောက်လာသည်။ ဘယ်ဘက်ခြမ်းကို လှမ်းကြည့်တော့ ညဘက်ကျမှဖွင့်သော စားသောက်ဆိုင်တန်းမှာ လူတချို့ ထိုင်နေကြတာကို မြင်ရသည်။ နေ့ခင်းဘက်ဖွင့်သော တောင်ငူစားသောက်ဆိုင်တန်းက အရှည်ကြီး လက်ဖက်ရည်ဆိုင်မှာတောင်မှ ဘယ်သူမှ မတွေ့ရတော့။ ဘွဲ့ကြိုတန်းတွေအားလုံး စာမေးပွဲပြီး၍ ကျောင်းပိတ်ထားသောအချိန်၊ တက္ကသိုလ် စာပေးစာယူ သင်တန်းတွေ အနီးကပ်တက်ပြီး စာမေးပွဲဖြေပြီးချိန် ဖြစ်သောကြောင့် အရှည်ကြီးဆိုင်မှာ ထိုင်နေသူတွေ မရှိကြတာ ဖြစ်သည်။ ပုံမှန် ကျောင်းဖွင့်ရက်တွေဆိုလျှင် ခြောက်နာရီလောက်အထိ ထိုင်နေကြသူတွေ ရှိတတ်သည်။ ညဆိုင်တွေ၏ စားပွဲများကြားတွင် အရှည်ကြီးဆိုင်က စားပွဲတချို့ တွေ့ရတတ်သည်။ ထိုင်လက်စနှင့် ဆက်ထိုင်နေသဖြင့် အရှည်ကြီးဆိုင်က ကိုတင်အောင်တို့ညီအစ်ကိုတွေကလည်း တခြား သိမ်းစရာရှိတာတွေ သိမ်းဆည်းရင်း စောင့်ပေးတတ်သည်။ လက်ဖက်ရည်ဆိုင်မှာ ပြောလက်စ၊ ဆွေးနွေးလက်စ စကားကို ဖြတ်မရနိုင်သူတွေက ဦးချစ်ဆိုင်ဘက်သို့ ကူးသွားကြသည်။ ဦးချစ်ဆိုင်မှာက ညဆယ်နာရီခွဲ လောက်အထိ ထိုင်၍ ရသည်လေ။

တောင်ငူဆောင်ရှေ့ ကွန်ကရစ်လမ်းအတိုင်း ဝင်းတံခါးပေါက်မှထွက်၍ ညာဘက်ကွေ့သည်။ ဒဂုံဆောင်မျက်နှာစာကို လှမ်းမြင်နေရသည်။ ကျောင်းပိတ်ထားချိန်မို့ အော်သံ၊ ခေါ်သံ၊ ဂစ်တာတီးသံ၊ သီချင်းဆိုသံတွေ မကြားရ။ ဆက်လျှောက်လာသည်။ မြန်မာစာပါမောက္ခနေသောအိမ်ရှေ့ ရောက်လာသည်။ နေရောင်သည် အင်အားချည့်နဲ့စွာ ရှိသည်။ အလင်းရောင်က ပီပီသသ ရှိသေး သည်။ ဆောင်းရာသီအစပိုင်း ညနေစောင်းတွေမှာ မှောင်ချိန်စောတတ်သော်လည်း အခုမှ ငါးနာရီကျော်ခါစမို့ မမှောင်တတ်သေး။ အဓိပတိလမ်းပေါ် ဖြတ်တက်သည်။ လမ်းကိုတည့်တည့်ဖြတ်ကူးပြီး မြက်ခင်းသေးသေး နှစ်ဖက်ကြားက ကွန်ကရစ်ပြားတွေ ခင်းထားသောလမ်းအတိုင်း ဘွဲ့နှင်းသဘင် ခန်းမဘက်သို့ မျက်နှာမူပြီး လျှောက်လာသည်။ ရေတမာပင်အကိုင်းတွေ၊ အရွက်တွေက လူသွားလမ်းလေးပေါ်သို့ အုပ်မိုးထားသည်။ ညာဘက်အခြမ်းမှာ သံတိုင်တွေနှင့် ဝင်းခတ်ထားသော အဆောင်တွေကို မြင်ရသည်။ ဟိုတုန်းက ကျောင်းသားကြီးတွေကတော့ ဒီအဆောင်တွေရှိသော ဝင်းကြီးကို ဗဟိုဆောင်ဟု ခေါ်ခဲ့ကြသည်။ အင်းဝ၊ စစ်ကိုင်း၊ ပင်းယ၊ ပဲခူး၊ သထုံဆောင်တွေရှိသော ဝင်းကြီးဖြစ်သည်။ အင်းဝဆောင်ရှေ့လမ်းမှ ကျောင်းဝင်းထဲသွားလို့ ရသည်။ အင်းလျားလမ်းဘက်သို့ ထွက်၍ရသည်။ ပင်းယဆောင်ရှေ့မှ ဝင်းတံခါးကိုကျော်လျှင် အဓိပတိလမ်းပေါ် ရောက်သည်။ သထုံဆောင်ရှေ့ ဝင်းတံခါးပေါက်မှထွက်လျှင် ညာဘက်တွင်ရှိသော တက္ကသိုလ် အားကစားရုံကို လွန်လာပြီးသောအခါ တက္ကသိုလ်ရိပ်သာလမ်းမကြီးဆီသို့ ရောက်သည်။ ကျောင်းသားအဆောင်တွေ စုနေသောနေရာလည်း ဖြစ်သည်။ ကျောင်းသူတွေ နေသော အင်းလျားဆောင်၊ ရတနာဆောင်တွေဘက်သို့ သွားချင်လျှင် အင်းဝ ဆောင်ရှေ့မှ ထွက်သွားပါက နီးနီးလေး။ စစ်ကြိုခေတ်၊ စစ်ပြီးခေတ်မှသည် ကျွန်တော်တို့ခေတ်အထိ ဗဟိုဆောင်မှ ကျောင်းသား အတော်များများသည် အင်းလျား၊ ရတနာ၊ သီရိ၊ ပြီးတော့ မာလာဆောင်တွေဆီသို့ ချစ်ခြင်းမေတ္တာကို တောင်ပံတပ်ကာ တဖျပ်ဖျပ် ပျံသန်းရင်း ဝေဒနာတေးမျိုးစုံကို တွန်ကျူး သီကြွေးခဲ့ကြသည်။ အဆင်ပြေသူတွေ ရှိသည်။ ခင်မင်ရင်းနှီးသောဘဝ ရသွားသူတွေ ရှိသည်။ ခါးခါးသီးသီး ငြင်းထုတ်ခံရသူတချို့ ရှိသည်။ အဆင်ပြေပြီးမှ မျက်ရည်နှင့် လမ်းခွဲရသူတွေ ရှိသည်။ ဘဝဖော်အဖြစ် လက်တွဲခဲ့သူတွေ ရှိသည်။ ချစ်ရက်ရှည်ရှည် အင်းလျားမြေ ဆိုသည်မှာလည်း တက္ကသိုလ်ဘဝထဲက ဘဝတစ်ခု ဖြစ်သည်။ တက္ကသိုလ်ကျောင်းက ငွေလမင်းသည်လည်း တက္ကသိုလ်ထဲက ဘဝတစ်ခု ဖြစ်သည်။ ဂျပ်ဆင်ထိပ်က လရိပ်ပြာသည်လည်း တက္ကသိုလ်ထဲက ဘဝတစ်ခု ဖြစ်သည်။ ကိုင်ဇာ၏ မှတ်မိသေးရဲ့လား အချစ်ရယ်၊ ကျောင်းဖွင့်ရင်၊ တက္ကသိုလ်မြေ နေဝင်မှာစိုးတယ် တို့သည်လည်း တက္ကသိုလ်ထဲက ဘဝများ ဖြစ်သည်။ ဖိုးချို၏ အဆောင်သရဲ၊ ဗစ်တာခင်ညို၏ ကံ့ကော်မြေက တို့ရဲ့နောက်ဆုံးအချိန် သီချင်းတို့သည်လည်း တက္ကသိုလ်ထဲက ဘဝတစ်ခုစီ ဖြစ်သည်။ ပြီးတော့ “တက္ကသိုလ်တို့ ကျောင်းတစ်နေရာ”။ ရုတ်တရက် ခေါင်းထဲပေါ်လာသော သီချင်းတွေသာဖြစ်ပြီး အများကြီး ကျန်နေသေးသည်။ တက္ကသိုလ်ရှိလျှင် တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူတွေ ရှိမည်။ ကျောင်းသားရှိလျှင် တက္ကသိုလ်ဘဝ ခံစားမှုတွေ ရှိမည်။ အသင်းအပင်း အဖွဲ့အစည်းတွေ ရှိမည်။ အချစ်တွေ အလွမ်းတွေရှိမည်။ စုစည်းညီညွတ်သော လှုပ်ရှားဆောင်ရွက်မှုတွေ ရှိမည်။ အောင်မြင်မှုတွေ ရှိမည်။ ရှုံးနိမ့်မှုတွေ ရှိမည်။ စာမေးပွဲအောင်ရှုံးသာ မဟုတ်။ ဘဝတိုက်ပွဲ အအောင်အရှုံးတွေလည်း ရှိမည်။ အောင်မြင်မှုတွေကို တက္ကသိုလ်ဘဝကတည်းက ပျိုးထောင်ယူခဲ့ကြပြီး နယ်ပယ် အသီးသီးတွင် အောင်မြင်နေကြသော တက်္ကသိုလ်ထွက် ပညာရှင်တွေ၊ နိုင်ငံရေး သမားတွေ ကမ်္ဘာပေါ်မှာ အများကြီး။ ယနေ့ခေတ်မှာ ထင်ရှားကြီးကျယ်သော ပညာရှင်များ၊ နိုင်ငံရေးသမားများသည် တက္ကသိုလ်ထွက်များသာ ဖြစ်သည်။ လောကကို၊ ခေတ်ကို အောင်အောင်မြင်မြင် ကျော်လွှားနိုင်ဖို့ ဇွဲသတ္တိရှိသူများလည်း ဖြစ်သည်။ အောင်ပွဲဆက်ဆက်ခံဦးမည့် တက္ကသိုလ်။ ငွေလမင်းတွေ၊ လရိပ်ပြာတွေရှိသော တက္ကသိုလ်၏ တံခွန်ကုက္ကကား အလံတော်များသည် ကျောင်းသူ၊ ကျောင်းသားတွေ ရှိနေသရွေ့ တလူလူ လွင့်နေဦးမည်။

“တစ်ယောက်နဲ့ တစ်ယောက်၊ တစ်မြို့စီတစ်နယ်စီ၊ နေကြသော်လည်းကွယ်၊ အလှရွှန်းစို သာမောရာ၊ မြကျွန်းညို ကဗျာတောမှာ၊ ခဏကွန်းခို လာသောအခါ၊ တစ်ဦးနဲ့တစ်ဦး မိတ်ဆွေအပေါင်းအသင်း ဖြစ်သွားကြတာတွေ၊ စိတ်အနေပြောင်းရင်း ချစ်သွားကြတာတွေ၊ ဒါတွေ တကယ်တော့ မဆန်းပေ”
ချိုပြုံး မဆန်းတာက ဟုတ်သည်။ ချစ်သူဖြစ်သွားကြတာ မဆန်း။ မုန်းသူ ဖြစ်သွားကြတာလည်း မဆန်း။ ဆန်းတာကတော့ တစ်နယ်စီမှ လာကြသူတွေက တက္ကသိုလ်အလံအောက်မှာ စုစည်းညီညွတ်၊ ချစ်ခင်တွယ်တာစွာ သံယောဇဉ်တွေဖြစ်ပြီး သူတို့ အလေးထားသော လူ့အဖွဲ့အစည်း ကောင်းကျိုးအတွက် လက်တွဲဆောင်ရွက်ခဲ့ကြခြင်းပဲ ဖြစ်သည်။ ဒါကိုပင်လျှင် “အဆန်း မဟုတ်ပါဘူးကွာ၊ ဒါတွေက ကမ္ဘာ့တက္ကသိုလ်ကြီးတွေမှာလည်း ရှိနေ၊ ဖြစ်နေ ခဲ့ကြတာပဲ”ဟု ဆိုသူရှိလျှင် အထွန့်မတက်တော့ပါ။ ကမ္ဘာ့လူ့အဖွဲ့အစည်း အသီးသီး၏ သားသမီးတွေ ဆိုတာကလည်း ဘယ်ခေတ်၊ ဘယ်စနစ်နှင့် ဘယ်တိုင်းပြည်မှာမဆို ကျောင်းသားပဲဖြစ်နေခဲ့၊ ဖြစ်နေဆဲသာမက အနာဂတ် မှာလည်း ဖြစ်နေဦးမည် ယုံသည်။
+ + +
ကျွန်တော့်ခြေလှမ်းတွေက ဗဟိုဆောင်ဝင်းဝ၊ ပင်းယဆောင်ရှေ့ တည့်တည့်က ဝင်းတံခါးဘက်သို့ ကွေ့ဝင်သည်။ ကတ္တရာလမ်းကလေးအတိုင်း ခပ်ပြေပြေ အမြင့်ဘက်သို့ လျှောက်လာသည်။ ပင်းယဆောင် ဆင်ဝင်ရှေ့နားလေးတွင် စစ်ကိုင်းဆောင်ဘက်သွားသော လမ်းနှင့် ပဲခူးဆောင်ဘက်သို့ သွားသော လမ်းဆုံသည်။ ညာဘက်လမ်းဖြစ်သော ပဲခူးဆောင်ဘက်သွားသော လမ်းအတိုင်း လျှောက်လာသည်။ အဓိပတိလမ်းနှင့် အဆောင်များကြား လမ်းဘေးဝဲယာတွင် မိုးပိတောက်ပင်ကြီးတွေ ရှိသည်။ သပြေပင်ကြီးတွေ၊ ကံ့ကော်ပင်တွေ နှင့် ဘာပင်မှန်း အမျိုးအမည်မသိသော အပင်ကြီးတွေက အုပ်အုပ်ဆိုင်းဆိုင်း၊ စိမ်းစိမ်းစိုစို ရှိသည်။ လမ်းကလေးအတိုင်း လျှောက်လာသည်။ အဆောင်ရှေ့ ကပ်လျက်တွင် ပုဏ္ဍရိက်ပင်တန်းလေးကို တွေ့ရသည်။ ဖြတ်လာပြီး အဆောင် ဆင်ဝင်ရှေ့ဘက်နားက ကံ့ကော်ပင်လေးနှစ်ပင်ကို လှမ်းကြည့်မိသည်။ မနှစ်တုန်းက ကျွန်တော့်သူငယ်ချင်းတွေ ဂုဏ်ထူးတန်း ကျောင်းသားဘဝဖြင့် ဒီ ပဲခူးဆောင်မှာ နေကြတုန်းကတည်းက ကျွန်တော် ခဏခဏရောက်သည်။ ညအိပ်ဖြစ်သည့် ရက်တွေက အတော်များသည်။ တတိယနှစ်နှင့် နောက်ဆုံးနှစ်(စတုတ္ထနှစ်) ကျောင်းသားတွေ စာမေးပွဲပြီး၍ နယ်ပြန်သွားကြချိန်တွင် အခုလိုပဲ တိတ်ဆိတ်ခြောက်ကပ် ငြိမ်သက်လျက်ရှိသော အဆောင်ကြီးတွင် ဂုဏ်ထူးတန်း ကျောင်းသားတွေပဲ တစ်ယောက်တစ်ခန်းကျစီဖြင့် အပေါ်ဆုံးထပ်တွင် ရှိသည်။ ကျွန်တော် လာပြီး စာကျက်တာက နည်းနည်း၊ လက်ဖက်ရည်ဆိုင် ထိုင်ပြီး စိတ်ဝင်စားရာ အကြောင်းတွေ ပြောဖြစ်တာက များသည်။

ကံ့ကော်ပင်ကို မော့ကြည့်မိရင်း မနှစ်တုန်းက ကံ့ကော်တွေပွင့်ချိန်မှာ ကံ့ကော်ပန်းတက်ခူးပြီး သူကြိုက်နေသော ကောင်မလေးကို သွားပေးတော့ “ကျွန်မ ပန်းမပန်တတ်ပါဘူးရှင့်” ဟု အပြောခံရသော သူငယ်ချင်းတစ်ယောက်ကို သတိရသည်။ သူက ဂုဏ်ထူးတန်းကို ရိုးရိုးအောင်သဖြင့် မဟာဝိဇ္ဇာ ဆက်တက်ခွင့် မရလိုက်သော သူငယ်ချင်း၊ သူက ကျောင်းလခ ကြွေးကျန်ရှိသဖြင့် အောင် စာရင်းကပ်တော့ သူ့နာမည်ပါမလာ။ ကျောင်းလခ ကြွေးကျန်သွားသွင်းပြီး ပြေစာဖြင့် စာမေးပွဲဌာနသို့ သွားပြ။ စာမေးပွဲဌာနက ချိန်းလိုက်သည့်နေ့တွင် သူ အောင်၊ မအောင် သိချင်သောကြောင့် ဘွဲ့နှင်းသဘင်ခန်းမအပေါ်ထပ်က စာမေးပွဲဌာနသို့ ကျွန်တော်တို့လည်း လိုက်သွားကြသည်။ အပေါ်ထပ် စာမေးပွဲဌာနက သူ့ နာမည် မေးပြီးသည့်နောက် မြေညီထပ်ရှိ ရုံးခန်းသို့ ညွှန်းသည်။ ရုံးခန်းအဝ ရောက်တော့ အသက်ငါးဆယ်ကျော်ကျော် အမျိုးသမီးကြီးတစ်ဦး ထွက်လာ သည်။ သူငယ်ချင်း၏ နာမည်ကို မေးသည်။ နာမည်ကိုပြောလိုက်တော့ သူ့လက်ထဲမှာ ကိုင်ထားသော ပြေစာဖြတ်ပိုင်းလေးကို ကြည့်သည်။ အသံ တိုးတိုးဖြင့် ပြောသည်။ ကျွန်တော်တို့က ခပ်လှမ်းလှမ်းမှ နားစွင့်နေကြသည်။
“သားက ဂုဏ်ထူးတန်းကို ရိုးရိုးပဲ အောင်တယ်။ အော်ဒင်နရီပတ်စ် Ordinary Pass ပေါ့ကွယ်။ အတန်းတော့ ဆက်တက်ခွင့် မရှိတော့ဘူး။ စိတ်ပျက်မသွားနဲ့ သား။ သားရထားတဲ့ ဘီအေဘွဲ့လေးတော့ ပြုတ်မသွားပါ ဘူးကွယ့်”
အမျိုးသမီးကြီးက ညင်သာနူးညံ့စွာပြောရင်း အားပေးအပြုံး ပြုံးပြသည်။
ပြီးတော့ ပြေစာဖြတ်ပိုင်းလေးကို သူငယ်ချင်းလက်ထဲထည့်သည်။ သူငယ်ချင်းက နှုတ်ဆက်ပြီး ကျွန်တော်တို့ဘက် လှည့်လိုက်တော့ သူ့မျက်နှာ မကောင်း။ သူငယ်ချင်းတွေထဲမှာ စာမေးပွဲကျပြီး ကျောင်းထွက်ရသော သူငယ်ချင်း ရှိနေလျှင် ကျန်သူတွေလည်း စိတ်မချမ်းမြေ့စွာ ခံစားရသည်။ အဲဒီ ဘွဲ့လွန် တန်းတွေမှာ မဟာဝိဇ်္ဇာတန်းတွေကမှ တစ်နှစ်ကျလို့ ရသေးသည်။ ဂုဏ်ထူး တန်းမှာ ကျခွင့်မရှိ။ တတိယဆင့် Third Class ဖြင့် အောင်လျှင်တော့ ဂုဏ်ထူးတန်းကို ထပ်တက်ပြီး စာမေးပွဲဖြေခွင့် ရှိသည်။ ပထမဆင့် First Class နှင့် ဒုတိယဆင့် Second Class ဖြင့် အောင်လျှင်တော့ မဟာတန်းသို့ ဆက်တက်ခွင့်ရသည်။ ဘွဲ့လွန်တန်းမှာ ပေချင်တေချင်လျှင် မဟာတန်း၌ တစ်နှစ်ပေလို့ ရသည်။ နှစ်နှစ်ကျလျှင်တော့ အရင်ရခဲ့ပြီးသား ဘွဲ့ကလေး ပိုက်ပြီး ကျောင်းမှထွက်ပေတော့။
+ + +
ပဲခူးဆောင် ဆင်ဝင်အောက်မှ ဘာဂျာတံခါး စေ့ထားသောနေရာသို့ ရောက်သောအခါ တံခါးကိုတွန်းပြီး ဘေးသို့ကပ်သည်။ လူက အတွင်းသို့ ဝင်လိုက်ပြီးနောက် တံခါးကို ပြန်ဆွဲ၍ စေ့ထားလိုက်သည်။ အဆောင်စောင့်ကုလား အဘိုးကြီးက လှမ်းကြည့်ပြီး သူထိုင်နေသောထိုင်ခုံမှ ပြုံးပြသဖြင့် ပြန်ပြုံးပြပြီး ဆက်လျှောက်လာသည်။ အဆောင်မှာ ကျောင်းသားနည်းနည်းလေးပဲ ရှိသော ကြောင့် တံခါးကို ဖွင့်မထား။ သော့ခတ်ထားတာလည်း မဟုတ်။ ဝင်နေ ထွက်နေကျလူတွေက သိသည်။ နေ့ခင်းဘက်မှာ အဲဒီလိုစေ့ထားပြီး ည ကိုးနာရီကျော်မှ တံခါးကိုသော့ခတ်သည်။ နောက်ကျပြန်လာသော ကျောင်းသားတွေကို အစောင့်ကမြင်လျှင် သော့လာဖွင့်ပေးသည်။ သူ မမြင်လျှင် လှမ်းသာ ခေါ်လိုက်။ တံခါးသော့ဖွင့်ပြီး တံခါးကို ဆွဲဖွင့်ပေးတတ်သည်။
အဆောင်အလယ်ဘက် လှေကားမှ မတက်ဘဲ အောက်ထပ် ဧည့်ခန်းဘေးမှ ဖြတ်လျှောက်လာသည်။ တစ်ဆောင်လုံး တိတ်ဆိတ်ငြိမ်သက်လျက်။ ဘေးလှေကားမှ အပေါ်သို့တက်သည်။ အပေါ်ထပ်တစ်ထပ်လုံး အခန်းတံခါးတွေ သော့ပိတ်ထားတာ တွေ့ရသည်။ အပေါ်ဆုံးထပ်သို့ ဆက်တက်သွားသည်။ လှေကားထစ်အတိုင်း တစ်ထစ်ချင်းတက်လာချိန်တွင် ဂစ်တာသံကို ပို၍ ပီပီသသကြားရသည်။ လှေကားထိပ်မှ အပေါ်ဆုံးထပ်သို့ ခြေချမိချိန်တွင် သီချင်းဆိုသံကိုပါ သဲသဲကွဲကွဲ ကြားလာရသည်။ အားရပါးရ အော်ဟစ်ဆိုနေသော အသံမဟုတ်။ ရင်ထဲမှ ခံစားမှုကိုဂီတသံနှင့် ပေါင်းစပ်ပြီး ငြိမ့်ငြိမ့်ကလေး ညည်းနေသော သီချင်းသံဖြစ်သည်။ လွမ်းလွမ်းဆွေးဆွေး၊ တမ်းတမ်းတတ ရင်မှလာသောအသံလည်း ဖြစ်သည်။

“ပင်ယံကံ့ကော်တွေ ပွင့်ပြန်ပြီလေ ... နေနိုင်ရက်သူရေ မွှေးပါစေ၊ ဂျပ်ဆင်ဘေးက အတိတ်ပုံပြင်တွေ ... ပြန်လည်ရေးသားဖို့ မျှော်နေတယ်လေ ... ကံ့ကော်မြို့တော်ရေ ... ကံ့ကော်မြို့တော်ရေ ... ပျော်ရွှင်ခြင်း ဝမ်းနည်းခြင်းတွေ အတူတူတွဲလို့ ရှိတဲ့မြေ ... ကံ့ကော်မြို့တော်ရေ ... ကံ့ကော်မြို့တော်ရေ ...”
သီချင်းညည်းသံကြောင့် ခြေလှမ်းကို ခဏရပ်ပြီး နားထောင်နေလိုက်သေးသည်။ ကျွန်တော်လာသည့် အခန်းက ဒဿနိကဗေဒ ဂုဏ်ထူးတန်း တက်နေသော ကိုမြင့်ချို၏အခန်း။ လှေကားထိပ်မှကွေ့ပြီး ဘယ်ဘက်လျှောက်လျှင် ပထမဆုံးတွေ့ရမည့်အခန်း ဖြစ်သည်။ အပေါ်ဆုံးထပ်မှာတော့ တံခါးဖွင့်ထားသော အခန်းတချို့ကို တွေ့ရသည်။ ဘွဲ့လွန်တန်းကျောင်းသားတွေကို အဆောင်နေခွင့် ပေးထားသည်ကတော့ ဂုဏ်ထူးတန်း တစ်တန်းတည်းသာ ဖြစ်သည်။ မဟာတန်းဆိုလျှင် ကျောင်းအဆောင်မှာ နေခွင့်မရှိ။ အပြင်ဆောင်မှာ ငှားနေချင်လျှင်နေ၊ သို့မဟုတ် ရန်ကုန်မှာရှိသော ဆွေမျိုးတွေအိမ်မှာနေပြီး ကျောင်းတက်ချင်လျှင်တက်။ ကျောင်းအုပ်ချုပ်ရေးအဖွဲ့က မဟာတန်း ကျောင်းသူ ကျောင်းသားတွေအတွက် နေစရာ စီစဉ်မပေးနိုင်။ ကိုယ့်အစီအစဉ်နှင့်ကိုယ် မဟာတန်းတက်ကြရသည်။ သူတို့မှာ အကြောင်းပြချက် ရှိနိုင်သည်။
လှေကားထိပ်မှာရပ်ပြီး သီချင်းကို နားစွင့်ရင်း အပြင်ဘက်ကို လှမ်း ကြည့်မိတော့ အလင်းရောင်က ဖျော့တော့တော့။ ပတ်ဝန်းကျင်တစ်ခုလုံးက တိတ်ဆိတ်စွာ။ ကားလမ်းနှင့် နည်းနည်းလှမ်းသဖြင့် ကားသံတွေကိုမကြားရ။ အနီးဆုံးဖြစ်သော အဓိပတိလမ်းပေါ်မှာ ဖြတ်မောင်းလေ့ရှိသော ကိုယ်ပိုင် လူစီးကား၏စက်သံက မကျယ်တတ်သဖြင့် အဆောင်ပေါ်မှာ အသံတို့၏ အနှောင့်အယှက်က ကင်းနေသည်။ ကြားနေရသော သီချင်းညည်းသံ ခပ်တိုးတိုးလေး တစ်ခုပဲ ရှိသည်။ ရင်ထဲမှာ တင်းကျပ်စွာရှိနှင့်ခဲ့သော ဝေဒနာကို ဖွင့်အန်ထုတ်နေသလိုမျိုး။ ပျို့တက်လာသော ခံစားမှု။

“နွေရက်တွေ ... ရှောင်ဖယ်ပြေးဖို့ရာလည်း ... မြေရယ်မရှိခဲ့လေတော့
ခံလိုက်ဦးပေါ့ မိုက်သူရေ ... ပင်ယံပန်းတို့ လန်းရာမြေ၊ ပူပုံံနွမ်းလို့ဖြင့်၊ စိတ်မှာထင်နေ ...
ပုဂံလမ်းမှာ ... အတူတူလျှောက်မိလို့များ ... ရင်ကိုသောကစေသလား၊ ဖြေပါဦးကွယ့် က့ံကော်ရယ် ... ဒဏ်ရာဟောင်းက အလွမ်းစာတွေ ... ရေပြင်အင်းလျားက သိပါတယ်လေ ...”
ဆိုနေသူကို မမြင်ရ။ အဆောင်၏ တောင်ပံဘက်မှာ တံခါးဖွင့်ထားသော အခန်းတွေကို ကြည့်လိုက်တော့ နှစ်ခန်းပဲရှိသည်။ ကျွန်တော့်မိတ်ဆွေ ကိုမြင့်ချို၏ အခန်းနှင့် ဟိုဘက်ကအခန်း။ အဲဒီအခန်းမှာ ဘယ်မေဂျာက ဘယ်သူနေသလဲ ကျွန်တော်မသိ။ သူတို့ ဒဿနိကဗေဒ ဘွဲ့လွန်ကျောင်းသားပဲလား။ ဝိဇ္ဇာကျောင်းသားလား၊ သိပ္ပံကျောင်းသားလား ကျွန်တော်မသိ။ ကိုမြင့်ချိုနှင့် ကျွန်တော်က ဂျပ်ဆင်ဘုရားရှိခိုးကျောင်းဘေးက စားသောက်ဆိုင်တန်းမှာ မကြာခဏ ဆုံဖြစ်ကြသည်။ သူနေသော ပဲခူးဆောင်မှအခန်းကို တစ်ခါတလေမှ သွားသည်။ သူက ကျွန်တော့်ထက် တစ်တန်းငယ်သည်။ သူနှင့်တစ်တန်းတည်း ကျောင်းသားတွေအပြင် ကျွန်တော်တို့နှင့်တစ်တန်းတည်း ကျောင်းသားတွေထဲမှ ဝိဇ္ဇာဘာသာတွဲ ဘွဲ့လွန်တန်းတက်နေသူ စကားပြောဖော် အတော်များများက ဂျပ်ဆင်စားသောက်ဆိုင်တန်းမှာ အမြဲတမ်းလိုလို ဆုံဖြစ်ကြသည်။ မြန်မာစာ၊ သမိုင်း၊ ပထဝီ၊ အရှေ့တိုင်း၊ ဒဿနိကဗေဒ။ အစောပိုင်းတုန်းက စိတ်ပညာဘာသာရပ်မှ ဘွဲ့လွန်ကျောင်းသားတချို့လည်း လာဖူးသေးသည်။ နောက်ပိုင်းနှစ်တွေမှာ မလာကြတော့။ သမိုင်းမှ ကိုလျန်မှုန်း၊ မြန်မာစာမှ ကိုနေဝင်းအောင်၊ ကိုမြင့်အောင်၊ အရှေ့တိုင်းမှ ကိုအေးမင်း၊ ကိုမြင့်၊ ပထဝီမှ ကိုစန်းဦးတို့လည်း မကြာမကြာ လာတတ်သည်။ ပင်တိုင် ထိုင်နေကျသူတွေကတော့ ကျွန်တော်နှင့် တခြားသူငယ်ချင်းတွေ။
အခု ကိုမြင့်ချိုအခန်း လာသည့်ကိစ္စက ငှားထားသောစာအုပ် လာပေးရင်း အလည်လာခြင်း ဖြစ်သည်။ သီချင်းညည်းသံ ကြားထဲကပဲ ကျွန်တော်က တံခါးဖွင့်ထားသော လှေကားဘက် အစွန်ဆုံးအခန်းသို့ ဆက်သွားသည်။ အခန်းရှေ့ရောက်တော့ ရပ်လိုက်သည်။

“ဟာ ... ကိုမျိုးဇော်ကြီးပါလား၊ လာဗျာ”
အခန်းထဲဝင်ပြီး ကုလားထိုင်မှာထိုင်သည်။ သီချင်းသံက ကြားနေရတုန်း။ ဒါပေမယ့် သီချင်းက ပြီးခါနီးပြီ။ ဒီသီချင်းက ကျွန်တော်ကြိုက်သော သီချင်းထဲမှာ ပါသည်။ သီချင်းရေးဆရာ “ဆူး”ကရေးပြီး လွှမ်းမိုးသီဆိုသော “ကံ့ကော်မြို့တော်”သီချင်း။
“ခင်ဗျားဆီလာရင်း လှေကားထိပ်ရောက်မှ သီချင်းဆိုသံကြားလို့ ရပ်ပြီး နားထောင်နေသေးတာ၊ တစ်ဝက်တစ်ပျက်ပါဗျာ”
သီချင်းက ပြီးသွားပြီ။ ဂစ်တာသံလည်း မကြားရတော့။ ပတ်ဝန်းကျင် တစ်ခွင်လုံး တိတ်ဆိတ်လျက်။ ကိုမြင့်ချိုကတော့ သီချင်းဆိုသံကို ကျွန်တော့် လို ဂရုပြုမိပုံမရ။
“ဟုတ်လား၊ ကျွန်တော် ကြားတော့ကြားတယ်၊ စာထိုင်ဖတ်နေတာမို့ သတိမထားမိလိုက်ဘူး”
“ခင်ဗျား ဟိုဘက်အခန်းက ဘယ်သူ့အခန်းလဲဗျ”
သီချင်းဆိုသောလူကို မေးချင်မှန်း ကိုမြင့်ချို သိသည်။
“အခန်းရှင်က အပြင်ခဏသွားတယ်။ အခုနတီးနေတာက သူ့သူငယ်ချင်း၊ လာလည်ရင်း ဆိုနေတာ၊ ဆိုတာ တော်တော်ကောင်းလား”
ကျွန်တော်က မူရင်းဆိုခဲ့သော လွှမ်းမိုးထက်ပင် ခံစားမှုပိုပြီးပါနေသဖြင့် နားထောင်ရတာ သဘောကျကြောင်း ပြောသည်။ သူက “ဒီလိုဆိုရင် ထပ်ဆိုဖို့ ကျွန်တော် ပြောလိုက်မယ်”ဟုပြောပြီး ထိုင်နေရာမှထသည်။ “အားနာစရာကြီးဗျာ” ဟု ပြောသောအခါ “ရပါတယ်၊ ကျွန်တော်နဲ့ ခင်ပါတယ်”ဟုပြောပြီး ထွက် သွားသည်။

ဟိုဘက်အခန်းမှာ စကားပြောသံကြားရသည်။ ခပ်သဲ့သဲ့။ “ကျွန်တော့် ဆီ လာလည်တဲ့ဧည့်သည်က တစ်ဝက်တစ်ပျက်ပဲ မီလိုက်ပြီး သဘောကျလို့ တဲ့ဗျ”ဟု ပြောသံကြားရသည်။ ကိုမြင့်ချို အခန်းထဲသို့ ပြန်ဝင်လာသည်။ ပြုံးတုံ့တုံ့နှင့်ပင် “ပြောလိုက်ပြီဗျ”ဟု ပြောပြီး သူ့ခုတင်ပေါ်မှာ ထိုင်သည်။ ခဏနေတော့ ခြေဆင်းဂစ်တာသံကို ကြားလိုက်ရသည်။ ကျွန်တော်တို့နှစ်ယောက် ပြောစရာရှိသော စကားတွေကို ခဏရွှေ့ထားလိုက်သည်။ သီချင်းညည်းသံ စပြီး ကြားရသည်။
“အချစ်ဆုံးရေ ... ရီဝေမျက်ရည်ပွင့်များ လေမှာမျောလွင့် စိတ်ထား ... ရာဇဝင်အဓိပတိလမ်းမမှာ ... တူစုံဝေးလို့ နွမ်းကာကြွေ ... ပြန်လာမယ့် ရက်က မသိနိုင်ပါလေ ...”
ဂစ်တာတီးပြီး သီချင်းညည်းနေသူက ဘယ်သူလဲ၊ ဘယ်အရွယ်လဲ၊ ကျောင်းသားလား၊ ကျောင်းပြီးသွားသူလား၊ ပရော်ဖက်ရှင်နယ် ဂီတသမား လား ကျွန်တော် မသိ။ အခန်းအပြင်သို့ ထွက်သွားပြီး သူ့အခန်းရှေ့ရပ်ကာ ကြည့်ဖို့လည်း စိတ်မကူးမိ။ သူ တီးနေသောဂစ်တာသံကို နားထောင်ပြီး အတီးကျွမ်းကျင်သူတစ်ယောက် ဆိုတာကိုတော့ မှန်းလို့ရသည်။ ဂစ်တာသံ ကြားထဲမှ ထွက်လာသော သီချင်းဆိုသံက ဆို့ဆို့နင့်နင့် ကြေကြေကွဲကွဲ အလွမ်းတွေကဲနေသည်ဟု ထင်သည်။ တက္ကသိုလ်နှင့် ဆက်စပ်ခဲ့ဖူးသူဆိုတာ သေချာသည်။ သီချင်းထဲကလို ဖြစ်စဉ်မျိုး၊ ဖြစ်ရပ်မျိုးနှင့် ကြုံခဲ့၊ ခံစားခဲ့ရဖူး သူ ပေပဲလား။
“ပုဂံလမ်းမှာ ... အတူတူ လျှောက်မိလို့များ ရင်ကို သောက စေသလား ... ဖြေပါဦးကွယ့် ကံ့ကော်ရယ် ... ဒဏ်ရာဟောင်းက အလွမ်းစာတွေ ရေပြင် အင်းလျားက သိပါတယ်လေ ... ပင်ယံ ကံ့ကော်တွေ ပွင့်ပြန်ပြီလေ နေနိုင်ရက်သူရေ မွှေးပါစေ ... ဂျပ်ဆင်ဘေးက အတိတ်ပုံပြင်တွေ ... ပြန်လည် ရေးသားဖို့ မျှော်နေတယ်လေ ... ကံ့ကော် မြို့တော်ရေ ... ကံ့ကော် မြို့တော်ရေ ... ပျော်ရွှင်ခြင်း ဝမ်းနည်းခြင်းတွေ အတူတူတွဲလို့ရှိတဲ့မြေ ... ကံ့ကော် မြို့တော်ရေ ... ကံ့ကော် မြို့တော်ရေ ...”

ဂစ်တာတီးသံနှင့် သီချင်းညည်းသံ စီးကြောင်းထဲမှာ ကျွန်တော်တို့ နှစ်ယောက် မျောပါသွားသည်။ ကိုမြင့်ချိုက ငြိမ်နေသည်။ လှမ်းကြည့်လိုက်တော့ ခုတင်ပေါ်မှာ ပက်လက်လှန်ပြီး မျက်နှာကြက်ကို ကြည့်နေသည့် မျက်လုံးကို တွေ့ရသည်။ မျက်နှာကြက်ကို မြင်မှာမဟုတ်။ အတိတ်မြင်ကွင်း၊ သို့မဟုတ် မဝေးသေးသော အတိတ်တစ်နေရာရာဆီကို လွင့်သွားပုံရသည်။ ကျွန်တော်ကတော့ ပုဂံလမ်းဆိုတာကို မျက်စိထဲပေါ်လာသည်။ ဂျပ်ဆင်ဘေးက လက်ဖက်ရည်ဆိုင်မှာ အတူတူထိုင်ခဲ့သူ သံယောဇဉ်နွယ်မျှင်လေးတွေကို စိတ်ဖြင့် ဖမ်းဆုပ်မိသည်။ အင်းလျားကန်စောင်းက ဘူးသီးကြော်ဆိုင်မှာ ထိုင်စကား ပြောခဲ့ကြသူတွေထဲမှ တစ်ယောက်ကို လှမ်းမြင်လိုက်ရသည်။ တက္ကသိုလ် တက်ခဲ့သူတိုင်းမှာ အချစ်ဇာတ်လမ်းတွေ မရှိတတ်ကြသော်လည်း အများစုက တော့ သံယောဇဉ်တွေ၊ သတိရမှုတွေ၊ လွမ်းဆွတ်တမ်းတမှုတွေ ရှိခဲ့ကြမည် ထင်သည်။ တစ်ခါတစ်ရံမှာ စိတ်ထဲပေါ်လာတတ်တာကို သတိရမှုဟုခေါ်ပြီး မကြာခဏ စိတ်ထဲရောက်လာတတ်ခြင်းကိုတော့ လွမ်းဆွတ်တမ်းတမှုဟု ခေါ်တတ်ကြသည်။ သီချင်းညည်းရင်း သတိရနေတာလား၊ လွမ်းဆွတ်တသသ တမ်းတမှုကို ဖွင့်အန်ချလိုက်တာလားဆိုတာ ဂစ်တာတီရင်း ညည်းနေသူကို မမေးဖြစ်ခဲ့ပါ။ ကျွန်တော်တို့ နှစ်ယောက်ကလည်း ကိုယ့်ကိုယ်ကိုယ်ရော၊ တစ်ယောက်နှင့်တစ်ယောက်ပါ မမေးဖြစ်ခဲ့ပါ။
ကိုယ် နှစ်သက်သဘောကျသော သီချင်းတစ်ပုဒ်ကို စိတ်အေးငြိမ်း ချိန်မျိုးမှာ တစ်ယောက်တည်း နားထောင်ဖြစ်သောအခါမျိုး၌ သီချင်းဆုံးသွား သည်အထိ သီချင်းသံထဲမှာ ကိုယ့်စိတ်က နစ်မြုပ်စီးဝင်သွားတတ်ပါသလား။ သီချင်း၏တစ်နေရာရာမှာ ကိုယ့်စိတ်ကသီချင်းနှင့်ခွာထွက်ပြီး တခြားတစ်နေရာ ရာကို လွင့်မျောရွေ့လျား သွားတတ်ပါသလား။ ဤသဘော သဘာဝကိုရော စောင့်ကြည့်ဖူးပါသလားဟု မေးခွန်းပေါ်သော်လည်း ဘယ်သူ့ကိုမှ မေးစရာ မရှိပါ။
သီချင်းရှိုက်ငိုသံ တိုးတိတ်သွားပြီး ဂစ်တာသံက တဖြည်းဖြည်း ဆုတ် ခွာ ငြိမ်သက်သွားသည်။ ကောင်းလိုက်တာ၊ အရသာရှိလိုက်တာဟု စိတ်ထဲ၌ ဖြစ်၏။ “ကျေးဇူးပဲဗျို့”ဟု ကျေနပ်စွာ လှမ်းအော်လိုက်သည်။ ဟိုဘက်အခန်းက အလွမ်းဆရာကတော့ ဘာမှမတုံ့ပြန်။ သူ့သီချင်းနှင့်၊ သူ့အလွမ်းနှင့်၊ သူ့ အတိတ်နှင့် ရစ်ပတ်စီးမျောနေတုန်း ဖြစ်ပုံရသည်။ ကံ့ကော် မြို့တော်ရေ ... ကံ့ကော် မြို့တော်ရေ ...။

ပြီးတော့ ကျွန်တော်နှင့် ကိုမြင့်ချိုတို့ စကားထိုင်ပြောနေလိုက်ကြတာ နာရီဝက်ကျော်ကျော် ကြာသည်။ အပြင်ဘက် လှမ်းကြည့်တော့ အမှောင်ထုက ခိုင်မာစွာ ခြေကုပ်ယူထားခဲ့လေပြီ။ အဆောင်စင်္ကြံမှာ မီးလုံးတွေက ပီပီသသ လင်းနေကြပြီ။ ကျွန်တော်က ပြန်မည်ဟုနှုတ်ဆက်ပြီး ထသည်။ ကိုမြင့်ချိုက လိုက်ပို့ရင်း ဦးချစ်ဆိုင်မှာ ထိုင်ရအောင်ဟုပြောသည်။ သူ အဝတ်အစား လဲနေတုန်း ကျွန်တော်က အခန်းအပြင်ဘက် ထွက်သည်။ ခုန ဂစ်တာတီးနေ သူ၏အခန်းကို လှမ်းကြည့်သည်။ သော့ခတ်ထားတာ တွေ့ရသည်။ ကျွန်တော်တို့ စကားပြောနေတုန်းက အပြင်ထွက်သွားတာ ဖြစ်မည်။ ကိုယ့်စကားထဲမှာပဲ အာရုံရောက်နေကြခိုက်မို့ သော့ခတ်သံ၊ လမ်းလျှောက်သံတွေကို သတိမထားမိခဲ့။ အသံကိုသာ ကြားခဲ့ရပြီး လူကိုတော့ မမြင်ခဲ့ရ။
ကိုမြင့်ချိုက အခန်းအပြင်ဘက် ထွက်သည်။ တံခါးနှစ်ချပ်ကို ပိတ်သည်။ မင်းတုန်းကို တံခါးဘောင်ရှိ ကွင်းထဲ ထိုးပြီးမှ သော့ခတ်သည်။ နှစ်ယောက်သား အဆောင်ပေါ်မှ အောက်ဘက်သို့ ဆင်းလာခဲ့ကြသည်။ အဆောင်တစ်ဆောင်လုံး တိတ်ဆိတ်ငြိမ်သက်ပြီး လူမနေတော့သော အဆောက်အအုံကြီးတစ်ခုလို ထင်ရသည်။
အဓိပတိလမ်းပေါ်ရောက်တော့ မီးတိုင်တွေက လင်းထိန်နေသည်။ ဘွဲ့နှင်းသဘင်ခန်းမဘက် လှမ်းကြည့်တော့ အဲဒီအရှေ့မှာ မီးရောင်က ပို၍ လင်းနေတာကို တွေ့သည်။ အဆောင်ကျောင်းသားတချို့ စာမေးပွဲဖြေခါနီး ရက်တွေတုန်းက ဘွဲ့နှင်းသဘင်ရှေ့ မီးတိုင်အောက်ဘက်ဝန်းကျင်မှာ စာသွားကျက်ကြတာကို သတိရသည်။ အဓိပတိလမ်းအတိုင်း ခြင်္သေ့တံခါးဘက်သို့ မျက်နှာမူပြီး လျှောက်လာခဲ့ကြသည်။ ကိုမြင့်ချိုက ဒဿနိကဗေဒကျောင်းသား ပီပီ ဘာတွေကို စဉ်းစားလာသလဲ မသိ။ အတူတူ ယှဉ်လျှောက်လာရင်း စကားမပြောဖြစ်ကြ။ ကျွန်တော့်စိတ်ထဲသို့သာ လွှမ်းမိုး၏ “ကံ့ကော်မြို့တော်” သီချင်းထဲက စာသားတချို့က စီးကျလာသည်။ စမ်းချောင်းကလေးကို စိတ်ထဲမှာ လှမ်းမြင် သတိရလိုက်သောအခါ ရေစီးသံလွင်လွင်ကလေးကိုပါ သဲ့သဲ့လေး ကြားလိုက်ရသည်။
“ပင်ယံ ကံ့ကော်တွေ ပွင့်ပြန်ပြီလေ ... နေနိုင်ရက်သူရေ မွှေးပါစေ၊ ဂျပ်ဆင်ဘေးက အတိတ်ပုံပြင်တွေ ... ပြန်လည်ရေးသားဖို့ မျှော်နေတယ်လေ ... ကံ့ကော် မြို့တော်ရေ ... ကံ့ကော် မြို့တော်ရေ ... ပျော်ရွှင်ခြင်း ဝမ်းနည်းခြင်းတွေ အတူတူတွဲလို့ ရှိတဲ့မြေ ... ကံ့ကော် မြို့တော်ရေ ... ကံ့ကော် မြို့တော်ရေ ...”
+ + +
သိပ်မကြာတော့သည့် ကံ့ကော်တွေပွင့်သော၊ ကံ့ကော်ရနံ့ ထုံပျံ့သော ရာသီသို့ရောက်လျှင် ကျောင်းထဲသို့ တစ်ခေါက်လောက်တော့ ပြန်သွားဦးမည်။ အတိတ်ပုံပြင်တွေ ပြန်လည်ရေးသားဖို့အတွက် ဟိုတုန်းက အတွေးတွေ ပြန်နိုးထလာအောင် ကိုယ့်ကိုယ်ကိုယ် လှုပ်နှိုးရဦးမည်။ အရင်လို ...၊ ပျိုမျစ် တုန်းကလို ...။
ငါ ... လာဖြစ်အောင် လာခဲ့ဦးမယ်၊ ချစ်သူနယ်မြေရေ ...၊ ကံ့ကော် မြို့တော်ရေ ...။

နွယ်နီမဂ္ဂဇင်း၊ နိုဝင်ဘာ၊ ၂၀၀၉။

18/08/2025

ဒီတစ်ကြိမ်လည်း ကဗျာတွေ ပိုက်ပြီး လာခဲ့ပြန်ပါပြီ။ ဖြတ်သန်းလာခဲ့ရတဲ့ခရီးဟာ မနီးပါဘူး။ တွေ့ခဲ့ကြုံခဲ့တာတွေလည်း မနည်းပါဘူး။ တိုက်မိခိုက်မိတာတွေလည်း မနည်းပါဘူး။ ချစ်မိတာတွေ နည်းလာတာကတော့ ဝမ်းနည်းစရာပေါ့ ။ ဒါပေမဲ့ နည်းလာတဲ့အချစ်တွေက ဒေါင်ဒေါင်မြည်မြည်တွေမို့ ဖြေသာပါတယ်။ ကိုယ်စိတ်ကျန်းမာပါတယ်။
ဒီစာအုပ်မှာ အထူးသဖြင့် ကျေးဇူးတင်လိုတာကတော့ သက်တံစကား ဆိုတဲ့ သူပိုင်စကားလုံးကို ကျမအတွက် အသုံးပြုခွင့်ပေးခဲ့တဲ့ ချစ်ရသော အိုင်းဒီးပါပဲ။
ကဗျာ ဖတ်သူများရှင့် ဘာတွေလဲ မတွေးဘဲ ၊ မမေးဘဲ ကဗျာတွေပဲ ဖတ်ပါ။
ကျမလည်း ချစ်သူများ၊ မုန်းသူများ မှတ်မိနေတဲ့အတိုင်း အရာမယွင်းပါပဲ။

မြကျေး
(နိဒါန်းစကား မှ)

---------

သက်တံစကား
မြကျေး
တန်ဖိုး - ၆၀၀၀ ကျပ်
နှစ်ကာလများစာပေ
ဖုန်း -018255948,09740979393

#မြကျေး
#နှစ်ကာလများ

နှစ်ကာလများ စာအုပ်တိုက် - the Eras

ဆူးလေလမ်းက အပြောင်းအလဲထရိတ်ဒါးဟိုတယ် တည်ဆောက်ခြင်းက တုန်ခါမှုတွေကြောင့် ရွှေလမင်း လက်ဖက်ရည်ဆိုင်က နံရံတွေ အက်ကွဲလာတယ်။ ဆ...
13/08/2025

ဆူးလေလမ်းက အပြောင်းအလဲ

ထရိတ်ဒါးဟိုတယ် တည်ဆောက်ခြင်းက တုန်ခါမှုတွေ
ကြောင့် ရွှေလမင်း လက်ဖက်ရည်ဆိုင်က နံရံတွေ အက်ကွဲ
လာတယ်။ ဆိုင်ပိုင်ရှင်တွေက ပြန်လည်ပြင်ဆင်ပြီး ဖွင့်မြဲ ဖွင့်
တယ်။ ဒါပေမဲ့ သိပ်မကြာခင်မှာ ရွှေလမင်း လက်ဖက်ရည်
ဆိုင်နဲ့ လက်ရွေးစင်ကဖီး အဆောက်အအုံတို့လည်း ဖျက်သိမ်းရတယ်။

ကိုအောင်ချိမ့် ထိုင်စရာ နေရာသစ် ရှာဖွေရပြီပေါ့။ မြို့
ထဲလည်း ဖြစ်ရမယ်။ ထိုင်လို့လည်း ကောင်းရမယ်။ လက်ဖက်ရည်ကလည်း ကောင်းရမယ်။ ဗိုလ်အောင်ကျော်လမ်းနဲ့ အနော်ရထာလမ်းထောင့် စိန့်ပေါလ်ကျောင်းဘေးက ဆဲဗင်း အလဲဗင်း လက်ဖက်ရည်ဆိုင်ကို တွေ့ ရှိပါတယ်။

( ကိုအောင်ချိမ့်နှစ်များ-မြင့်ဆန်း) စာအုပ် မှ

#အောင်ချိမ့်
#မြင့်ဆန်း
#နှစ်ကာလများ

မြန်မာပြည် ဓာတ်ပုံခရီးစိန်ဝင်းစိန် ဘာသာပြန်၃၀၀၀၀ ကျပ်
09/08/2025

မြန်မာပြည် ဓာတ်ပုံခရီး
စိန်ဝင်းစိန် ဘာသာပြန်
၃၀၀၀၀ ကျပ်

09/08/2025

မေလ ၁ ရက်

တစ်နေ့လယ် ဝါဇီမှာ သူနဲ့ နှစ်ယောက်တည်း ထိုင်ဖြစ်တုန်း မင်းကို ဘယ်လ မွေးတာလဲလို့ မေးပါတယ်။ ကျွန်တော်က မေလလို့ ပြန်ဖြေတော့ ဟုတ်လား၊ ဘယ်နှရက်နေ့လဲလို့
ထပ်မေးပါတယ်။ ၁ ရက်နေ့လို့ ပြန်ဖြေလိုက်တော့ ဟုတ်လား၊ ကိုယ်လည်း မေလ ၁ ရက်နေ့ပဲလို့ ပြောတယ်။ အံ့အားသင့်
စရာ တိုက်ဆိုင်မှု ဖြစ်ပါတယ်။ ဒါ့အပြင် ဟိုဘက်စားပွဲမှာ ထိုင်နေတဲ့ ကိုရန်ပိုင်ကို
မေးငေါ့ပြပြီး မောင်ရန်ပိုင်လည်း မေလ ၁ ရက်ပဲကွ။ ဒါပေမဲ့ဒီကောင်က ဘယ်ခုနှစ်လဲတော့ မသိဘူးလို့ ပြောပါတယ်။ဒီဝါဇီလက်ဖက်ရည်ဆိုင် အမိုးတစ်ခုတည်းအောက်မှာ မေလ ၁ ရက်နေ့ မွေးဖွားသူ သုံးယောက် ထိုင်နေကြတာပေါ့။
( ကိုအောင်ချိမ့်နှစ်များ-မြင့်ဆန်း) စာအုပ် မှ

၁၉၇၀ကျော်နှစ်များ “ သစ်ရွက်အသေများပေါ်မှ ရက်စက်သော ဂီတ”၊ “ဂန္ထဝင်မမ”ထွက်ပြီး နှစ်အတော်ကြာ ၁၉၉၅ လောက်မှာ မှ ကဗျာ ၁၂ ပုဒ် ...
08/08/2025

၁၉၇၀ကျော်နှစ်များ “ သစ်ရွက်အသေများပေါ်မှ ရက်စက်သော ဂီတ”၊ “ဂန္ထဝင်မမ”ထွက်ပြီး နှစ်အတော်ကြာ ၁၉၉၅ လောက်မှာ မှ ကဗျာ ၁၂ ပုဒ် စ ထွက်ပြီး နောက် ၅ နှစ်အကြာ၂၀၀၀ ပြည့်နှစ်မှာ နောက် ကဗျာစာအုပ်အသစ်တအုပ် ထပ်ထွက်လာတဲ့ အောင်ချိမ့် ရဲ့ ကဗျာစာအုပ်အသစ် “ပြဇာတ်မင်းသား”။( အဲဒီကာလ ၁၉၉၄ မှာ မောင်ချောနွယ် ရဲ့ မောင်ချောနွယ်အတု၊ ၂၀၀၀ပြည့်အလွန်မှာပဲ သုခမိန်လှိုင်ရဲ့ သားပြန်လာပြီ အမေ၊ ဖော်ဝေး ရဲ့ ဖော်ဝေးငှက်များ ပျံသန်းချိန်)
ကဗျာအသစ်တွေ။ တန်ဘိုး ၂၀၀ ကျပ်။
မျက်နှာဖုံးက မုတ်သုံ။ ဇာတ်ခုံပေါ် ဆလိုက်မီးရောင်အောက်က ပြဇာတ်မင်းသား။ ကျွန်တော်တို့ ကြိုက်ခဲ့တဲ့ ကဗျာစာအုပ်ပါးပါးလေး။ စာအုပ်တိုက်က မြနန္ဒာ။

ခု ၂၀၂၅ မှာ၊ ၂၅ နှစ်အကြာမှာ ဒုတိယအကြိမ် ပြန်ထွက်လာနိုင်ပါပြီ။ ဒီတခါမှာတော့ မျက်နှာဖုံး ဘဌေးကြည် ဖြစ်ခဲ့။ စာအုပ်တိုက်ကလည်း နှစ်ကာလများ ဖြစ်ခဲ့။
ကဗျာဆရာကွယ်လွန်ခြင်း ၄ နှစ်ပြည့်အမှတ်တရအဖြစ် ထွက်လာခဲ့တဲ့ ကဗျာစာအုပ်လေး ဖြစ်ပါတယ်။

မြန်မာလူကျော် ၁၀၀မောင်ဇေယျာ ပြုစုသည်တန်ဖိုး - ၃၀၀၀၀ ကျပ်စာမျက်နှာ ၅၂၀UNITY စာပေထုတ်ပါ။
08/08/2025

မြန်မာလူကျော် ၁၀၀
မောင်ဇေယျာ ပြုစုသည်
တန်ဖိုး - ၃၀၀၀၀ ကျပ်
စာမျက်နှာ ၅၂၀
UNITY စာပေထုတ်ပါ။

07/08/2025

ရှေးလူငယ် နှစ်ယောက်

၁၉၄၈ ခုနှစ်ဖွား အောင်ချိမ့်နှင့် ၁၉၅၈ ခုနှစ်ဖွား မောင်မြင့်ဆန်းမှာ အသက် ဆယ်နှစ်တိတိ ကွာသည်။ ‘တိတိ’ဟူသော
စကားလုံးကို သုံးရခြင်းမှာ သူတို့နှစ်ယောက်လုံးကို မေလတစ်ရက် (မေဒေးနေ့) မွေးနေ့ချင်း တူနေသောကြောင့် ဖြစ်
ပါသည်။
မွေးနေ့ချင်း တူနေသောကြောင့်လား မသိ။ အစ်ကိုကြီး(အောင်ချိမ့်) နှင့် မောင်ခက် (မြင့်ဆန်း) တို့မှာ တစ်ထပ်တည်း
နီးပါး တူသော စရိုက်လက္ခဏာ များစွာ ရှိသည်။ထို့အပြင် မွေးနေ့ချင်း တူနေသောကြောင့်ပင်လား မသိ။
သူတို့နှစ်ယောက်မှာ အံ့သြဖွယ်ရာ လုံးဝ ဆန့်ကျင်သော စိတ်နေစိတ်ထားများလည်း ရှိနေကြပြန်သည်။
သူတို့ နှစ်ဦးလုံး၏ လုံးဝ တူညီသော သဘောထားကတော့ ပြင်းထန် ခိုင်မာသော ရဲဘော်ရဲဘက် ချစ်စိတ်'ဟု ဆိုရ
ပါမည်။သူတို့သည် လက်ဖက်ရည်တစ်ခွက် တစ်ကျပ် ခေတ်ကလူငယ်များ ဖြစ်ကြ၏။

မောင်ပြည့်မင်း
၃၀၊ မေ၊ ၂၀၂၅။
———/

စတင်တွေ့ ရသော ဗိုလ်ချုပ်အောင်ဆန်းလမ်းထောင့် ၊ ၁၉၇၆ ခုနှစ်၊ နှစ်ကုန်လ ဒီဇင်ဘာ။ ပြည်သူ့မုန့်တိုက်ပေါ်တီကိုအောက်မှာ ဆရာ ဓနုဖြူကျော်ထွန်းနဲ့အတူ ဖြတ်သွားကြစဉ်၊ ပေါ်တီကိုအောက် တစ်နေရာမှာ ရပ်စကားပြောနေကြတဲ့ အရပ်ရှည်ရှည်၊ ဆံပင်ရှည်ရှည်၊ ဘောင်းဘီရှည်
ဝတ်ထားကြသူ နှစ်ဦးကို မြင်တွေ့ ရပါတယ်။ ဆရာကျော်ထွန်းကို ပြုံးပြကြတယ်။ သူတို့ နှစ်ယောက်က ကိုသိဒ္ဓတ္ထလှိုင်နဲ့
ကိုအောင်ချိမ့်။

---------

ကိုအောင်ချိမ့်နှစ်များ
မြင့်ဆန်း
တန်ဖိုး - ၈၀၀၀ ကျပ်
နှစ်ကာလများစာပေ
ဖုန်း -018255948,09740979393

#အောင်ချိမ့်
#မြင့်ဆန်း
#နှစ်ကာလများ

မြင့်ဆန်း

နှစ်ကာလများ စာအုပ်တိုက် - the Eras

Address

အမှတ် ၂၁၇ , ၃၅ လမ်း (အပေါ်ဘလောက်)
Yangon

Opening Hours

Monday 09:00 - 16:00
Tuesday 09:30 - 16:00
Wednesday 09:30 - 16:00
Thursday 09:30 - 16:00
Friday 09:30 - 16:00
Saturday 09:30 - 16:00

Telephone

+9518255948

Website

Alerts

Be the first to know and let us send you an email when နှစ်ကာလများ စာအုပ်တိုက် - the Eras posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to နှစ်ကာလများ စာအုပ်တိုက် - the Eras:

Share

Category