13/06/2022
ဝေါ်လေ ရဲစခန်းကို KNDO ပူးပေါင်းတပ် ဝင်တိုက်၊ ရဲ ၂ ဦးသေဆုံးပြီး စခန်းမှူးနှင့် ရဲတပ်သား ၂ ဦး အရှင်ဖမ်းမိ၊ ၆၀ မမ လက်နက်ကြီးနှင့် လက်နက်ငယ် အချို့ရရှိ
ရန်ကုန်၊ ဇွန် ၁၃
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ဝေါ်လေမြိုင်မြို့နယ်ခွဲရှိ စစ်ကောင်စီလက် အောက်ခံ ရဲစခန်းကို ကရင်အမျိုးသား ကာကွယ်ရေးတပ် KNDO နှင့် ပူးပေါင်းတပ်ဖွဲ့က ယနေ့ ဇွန်လ ၁၃ ရက် နံနက်အစောပိုင်းတွင် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ရဲ ၂ ဦးသေဆုံးကာ စခန်းမှူးနှင့် ရဲတပ်သား ၂ ဦးကို အရှင်ဖမ်းမိကြောင်း၊ ၆၀ မမ လက်နက်ကြီး ၁ လက်နှင့် လက်နက်ငယ် ၃ လက်ကို KNDO ပူးပေါင်းအဖွဲ့က သိမ်းပိုက်ရရှိကြောင်း သတင်းရရှိသည်။
"မြဝတီမြို့နယ်ဝေါလေမြိုင်မြို့ရဲစခန်းတိုက်ပွဲက နံနက် ၄ နာရီ ၂၉ မိနစ်အချိန် တိုက်ပွဲစဖြစ်တယ်။ ရဲစခန်းကို သိမ်းနိုင်တယ်။ ရဲနှစ်ယောက်သေတယ်။ နှစ်ယောက်ဒဏ်ရာရတယ်။ အဲဒီရဲစခန်းမှာ စစ်သားမရှိဘူး။ စစ်တပ်ကုန်းနဲ့ နီးတယ်။ အခုစစ်တပ်ကုန်းက အလုံးကြီး(လက်နက်ကြီး)နဲ့တော့ထုတယ်။ ရဲတွေ ထွက်ပြေးကြတယ်။ ဝေါလေမြို့ အဝင်မှာရှိတာ ရဲစခန်းက ။ ပူးပေါင်းတပ်တွေက စခန်းမှူးနဲ့ ရဲတပ်သား ၂ ဦးကို ဖမ်းတယ်" ဟု ဝေါ်လေဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။
အဆိုပါ ရဲစခန်းသည် ဝေါ်လေမြို့ပြင်တွင် တည်ရှိပြီး ဝေါ်လေ စစ်ကောင်စီ ဗျူဟာကုန်းနှင့် မလှမ်းမကမ်းတွင် တည်ရှိသည်။
"စခန်းကို ဝင်တိုက်တယ်၊ ဗျူဟာကုန်းကလည်း လက်နက်ကြီးနဲ့ ထုတယ်၊ အခုတော့ ပြန်ဆုတ်လာပြီ၊ စခန်းမှာ မထိုင်ပါဘူး" ဟု KNDO သတင်းရင်းမြစ်က ပြောသည်။
ဝေါ်လေရဲစခန်းကို ဗိုလ်စလုံး ဦးဆောင်သည့် KNDO အထူးကွန်မန်ဒို တပ်ရင်းနှင့် PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တရားဝင်သတင်းထုတ်ပြန်မည်ဖြစ်ကြောင်းလည်း သိရှိရသည်။