09/09/2026
အရေးကြီးကုန်စည်များကို ထပ်တိုးပြီး စနစ်တကျ လုပ်ဆောင်ရန်လို
CNI News
၂၀၂၆ ခုနှစ်၊ စက်တင်ဘာ ၉
မြန်မာနိုင်ငံတွင် ကုန်ဈေးနှုန်း မြင့်တက်ခြင်းနှင့် ကုန်စည်ရှာပါးမှု ပြဿနာကို ဖြေရှင်းရန်အတွက် အရေးကြီး ကုန်စည် အရေအတွက်အား ထပ်တိုးပြီး စနစ်တကျဖြင့် တင်သွင်းခွင့်ပြုရန် လိုအပ်သည်ဟု စီးပွားရေးလုပ်ငန်း ရှင်များနှင့် စီးပွားရေးလေ့လာသူများက ထောက်ပြကြသည်။
မြန်မာနိုင်ငံတွင် နိုင်ငံခြားငွေ လိုအပ်ချက်ကြောင့် အရေးကြီး ကုန်စည်များကိုသာ တင်သွင်းခွင့်ပေးသည့် စနစ်ကို ကျင့်သုံးလျက်ရှိနေသည်။
ထို့နောက် ကုန်ဈေးနှုန်း မြင့်တက်ခြင်းနှင့် ကုန်စည်ရှားပါးမှု ပြဿနာများ ရင်ဆိုင်နေရသည်။
နိုင်ငံခြားငွေ လိုအပ်ချက်ကြောင့် ၂၀၂၆ ခုနှစ် နှစ်စပိုင်းမှစတင်၍ သွင်းကုန်များကို ကန့်သတ်လာပြီး တူညီသည့် ကုန်အမျိုးအစားတစ်ခုကို ကုမ္ပဏီတစ်ခုက တစ်လလျှင် တစ်ခုသာ လျှောက်၍ရသည့် ကန့်သတ်ချက်ကို ထုတ်ပြန် ခဲ့သည်။
ပြည်တွင်းတွင် အဓိက လိုအပ်နေသည့် ကုန်စည်များကို အလှည့်ကျဖြင့် မဟုတ်ဘဲ အရေးကြီးကုန်စည်၌ ပါဝင် သည့် ကုန်စည်အားလုံးကို အရေအတွက် အကန့်အသတ်ဖြင့် စနစ်တကျ ကြပ်မတ်၍ တစ်ပြိုင်တည်း တင်သွင်းခွင့် ပေးစေလိုသည်ဟု စီးပွားရေးလေ့လာသုံးသပ်သူ ဦးသက်ဇော်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အရေးကြီး ကုန်စည်ဆိုတာကတော့ ဒါက အရင်ဟာကို နည်းနည်း ကူးချတာပေါ့။ Essential နဲ့ non – essential ကို။ ဒါပေမယ့် ကုန်စည်တစ်မယ်ထဲက essential မဟုတ်ဘူးလေ။ ကုန်စည်ရှိမှာပေါ့။ Categorized ထဲမှာ မဖြစ်မနေ ကုန်စည် ၂၀ လောက် ရှိနိုင်တယ် ဆရာတို့ သုံးသပ်တာတော့။ ကုန်စည် ၂၀ ကိုတော့ မဖြစ်မနေ ပေးရမယ့်ဟာလေး ပေးရမှာပေါ့။ Categorized ထဲမှာ လျှပ်စစ်ပစ္စည်း၊ လျှပ်စစ်ပစ္စည်းက ဇိမ်ခံပစ္စည်းဆိုရင် နား ထားလိုက်။ ဇိမ်ခံမဟုတ်တဲ့ ပစ္စည်းတွေကို ဘယ်လိုသွင်းမလဲ။ လျှပ်စစ်ပစ္စည်းထဲမှာလည်း essential တွေ ရှိတယ် လေ။ Essential တွေကို ဘယ်လိုပေးသွင်းမလဲ။ လူသုံးကုန်၊ စားသုံးကုန်ထဲမှာလည်း ဘီစကစ်တို့ ကွတ်ကီးတို့ကို ခဏထားလိုက်။ ကျန်တာတွေက မဖြစ်မနေ သွင်းရမယ့် စားသောက်ကုန် Product တွေ ရှိတယ်။ အဲဒါတွေကို ဘယ်လိုပေးသွင်းမလဲ။ နောက်ပြီးတော့ လူသုံးကုန် ပစ္စည်းထဲမှာလည်း ဘယ်ဟာတွေ မဖြစ်မနေ ပေးသွင်းရမယ် ဆိုတဲ့ဟာရှိတယ်။ အဲဒါတွေလည်း ပေးသွင်းရမှာပေါ့နော်။ အဲဒီလိုမျိုးတွေ ခွဲပြီးတော့မှ နောက်တစ်ခါ limitation ပေါ့နော်။ ဘယ်လောက် အရေအတွက်၊ ဘယ်လောက် ကန့်သတ် တန်ပေါ့၊ ကန့်သတ်ပြီးတော့ ပေးရင်လည်း ဖြစ် တာပဲ။ အခုက ကိုယ့်ရှိတဲ့ ဘတ်ဂျက်က ဘယ်လိုရှိတယ်၊ ခုနက သုံးသပ်ပြသလို FE ကို ဘယ်လိုရအောင် ရှာမလဲ ဆိုတဲ့ အပေါ်မှာ မူတည်ပြီးတော့ သုံးစွဲမှုကို စီစဉ်သင့်တယ်လို့ ကျနော်တို့တော့ မြင်တယ်”ဟု ပြောသည်။
အရေးကြီး ကုန်စည်တွင် စားသောက်ကုန်၊ လောင်စာဆီ၊ ဆေးဝါးနှင့် ဆေးဘက်ဆိုင်ရာ ပစ္စည်များ၊ စိုက်ပျိုးရေး သွင်းအားစုများ၊ စက်မှုလုပ်ငန်းများအတွက် အခြေခံကုန်ကြမ်းများ၊ ဆောက်လုပ်ရေးအတွက် မရှိမဖြစ် ပစ္စည်းများ၊ လျှပ်စစ်နှင့် စွမ်းအင်ဆိုင်ရာ ပစ္စည်းများ ပါဝင်သည်။
သို့သော်လည်း တချို့သော ကုန်စည်များသည် အရေးကြီး ကုန်စည် ခေါင်းစဉ်အောက်တွင် ပါရှိသော်လည်း တင်သွင်းခွင့် မရသည့် အခြေအနေများနှင့်လည်း ကြုံတွေ့နေရသည်။
ထို့နောက် နိုင်ငံတော်အစိုးရ အနေဖြင့် တိုင်းပြည်တွင် ဖြစ်ပေါ်နေသည့် အကြောင်းအရာများ၊ နိုင်ငံခြားငွေ လိုအပ် ချက် ဖြစ်ပေါ်နေသော အတိုင်းအတာကို ပြည်သူများ သိရှိနိုင်ရန် ပွင့်လင်းမြင်သာစွာ ချပြရန် လိုအပ်သည်ဟု ဦးသက်ဇော်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အခုဟာကတော့ အကုန်လုံးကတော့ ပွင့်လင်းမြင်သာမှု ရှိဖို့တော့ လိုတာပေါ့ဗျာ။ နောက်ပြီးတော့မှ FESC ကလည်း ပြောသင့်တယ်။ တိုင်းပြည်မှာ ဘယ်လောက် FE ပဲ ရှိတယ်။ ဒါကြောင့်မို့လို့ ဒါတွေကတော့ လုပ်သင့် တယ်။ ဒါတွေကတော့ ပြည်သူတွေအနေနဲ့ ပူးပေါင်းဆောင်ရွက်သင့်ပါတယ်။ ပြည်သူတွေပါမှ တိုင်းပြည်က ဘယ် ဟာ ဆန်ရှင်လုပ်လုပ် အောင်မြင်မှာ။ ကိုယ့်အစိုးရ တစ်ခုတည်းနဲ့တော့ မအောင်မြင်ဘူးဆိုတာ သတိချပ် စေချင် တယ် အဲဒါတော့ ပြောချင်တယ်” ဟု ပြောသည်။
ထို့နောက် အရေးကြီး ကုန်စည်တွင် စက်သုံးဆီ ပါဝင်နေသည့် အကြောင်းပြချက်ဖြင့်လည်း စိုက်ပျိုးရေး လုပ်ငန်း များအတွက် လိုအပ်သည့် စက်သုံးဆီများကို စုဆောင်းနေသော တောင်သူများအား ဖမ်းဆီး အရေးယူမှုများလည်း ရှိနေသည်ဟု တောင်သူများထံမှ သိရသည်။
ပြီးခဲ့သည့် နွေစပါး ရိတ်သိမ်းချိန်တွင် စက်သုံးဆီ အခက်အခဲကြောင့် တောင်သူများသည် စက်သုံးဆီကို မူရင်း ဈေးနှုန်းထက် ၃ ဆပိုကြီးသည့် ဈေးနှုန်းဖြင့် ဝယ်ယူခဲ့ကြရသည့်အတွက် ဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည်။
ထို့ကြောင့် ယခုနှစ် မိုးစပါး ရိတ်သိမ်းရန်နှင့် နွေစပါး စိုက်ပျိုးရန်အတွက် စက်သုံးဆီကို ယခုကတည်းကပင် တောင်သူများက ဝယ်ယူစုဆောင်းနေကြခြင်းဖြစ်သည်။
ထိုသို့ ဝယ်ယူစုဆောင်းသည့် တောင်သူများကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ဖမ်းဆီးပြီး စက်သုံးဆီကို သိမ်းဆည်း ခြင်းနှင့် တရားစွဲဆို အရေးယူခြင်းများ လုပ်ဆောင်နေသည်ဟု လယ်သမားဘဝ ဖွံ့ဖြိုးရေးအသင်း ဥက္ကဋ္ဌဟောင်း ဦးသိန်းအောင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “မြေဩဇာထက် ပိုအရေးကြီးတာက အခု ဒီဇယ်။ တောင်သူတွေက ဒီဇယ် မရှိလို့ မရဘူး။ အခု နွေစပါး စိုက်ဖို့အတွက် တချို့ ငွေရှာလို့ရတဲ့ တောင်သူတွေက ဒီဇယ် ဝယ်ထားရတယ်။ အချိန်တန်တော့မှ ရေတင်တော့မှ ဒါမှမဟုတ် ထွန်ယက်တော့မှ ဒီဇယ်မရှိရင် ထွန်လို့မရဘူး။ ထွန်လို့မရဘူး၊ ရေတင်လို့ မရဘူးဆိုရင် စိုက်ထား ဥစ္စာ တွေက အကုန်လုံး လွှင့်ပစ်ရမှာလေ။ အခု မိုးစပါး ပေါ်လာရင် မိုးစပါး ပျောက်ကျား ပျောက်ကျားလေးတွေတောင် ပေါ်လာပြီ။ သက်နု၊ ရက် ၉၀ တို့၊ ရက် ၁၂၀ တို့ စိုက်တယ်။ စောစောစိုက်တဲ့သူတွေက စပြီး ရိတ်နေရပြီလို့။ အဲဒီ တော့ ကောက်ရိတ်စက်တွေ၊ လယ်ထွန်စက်တွေအတွက် ကောက်ရိတ်စက်၊ လယ်ထွန်စက်ရှိတဲ့ တောင်သူတွေက ဘာလုပ်ရလဲဆိုတော့ ဒီဇယ်ဝယ်ရတယ်။ ရတဲ့ဈေးနဲ့ ဝယ်ရတယ်။ အဲဒါက အခု ဘာပြဿနာ တက်လဲဆိုတော့ တောင်သူတွေက ငွေရှာပြီး ဝယ်တဲ့အချိန်မှာ သယ်တဲ့အခါမှာ အရေးကြီး ကုန်စည်ဆိုပြီးတော့ အဲဒီလို လုပ်ထား တဲ့အတွက် တောင်သူတွေမှာလေ အခု အဖမ်းခံရတဲ့ တောင်သူတွေလည်း ရှိတယ်လေ။ တော်တော် ဒုက္ခရောက် တယ်။ ဖမ်းတဲ့အခါကျတော့ ပစ္စည်းလည်းသိမ်းတယ်။ လူကိုလည်း အပြစ်ပေးတယ်ဆိုတော့ လမ်းမှာ သယ်ရင်း သွားရင်းမှာ သူတို့ကျတော့ ဘာမှ မရှိဘူးလေ။ အဲဒီလို အဖမ်းခံ နေရတယ်လေ။ အဲဒီဥစ္စာက ပိုပြီးတော့ အကြောင်း ကြီးတယ်” ဟု ပြောသည်။
မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော နိုင်ငံခြားငွေ လိုအပ်ချက်ကို ဖြေရှင်းသည့် အနေဖြင့် ပို့ကုန်ရငွေမှတဆင့် သွင်းကုန် တင်သွင်းခွင့်ပေးသည့် စနစ်ကို ကျင့်သုံးနေခြင်း ဖြစ်သည့်အပြင် အရေးကြီး ကုန်စည် သတ်မှတ်၍ အလှည့်ကျဖြင့် တင်သွင်းခွင့် ပြုနေခြင်း ဖြစ်သည်။
Websiteတွင်ဖတ်ရှုရန်...........https://cnimyanmar.com/local-news-2/local-business/38789-aarayykyeekonehcaimyarrko-htauttoepyee-hcanaittakya-lotesaungraanlo
CNI Telegram Channel-----https://t.me/ChannelNewsIndependent
CNI Youtube Channel-----https://www.youtube.com/
CNI Tiktok Link----https://www.tiktok.com/?lang=en
CNI Twitter Link-----https://twitter.com/ChannelNewsInd1
ပုံ - ကုန်စည်များကို တွေ့ရစဉ်