20/08/2026
္ဘာစစ်_စိတ်ကူးယဉ်ဝတ္ထု (၁)
"2034: A Novel of the Next World War" - အငြိမ်းစား အမေရိကန် ရေတပ်ဗိုလ်ချုပ် James G. Stavridis နဲ့ စာရေးဆရာ Elliot Ackermanတို့ ပူးတွဲ ရေးသားထားတဲ့ နိုင်ငံရေး-စစ်ရေး စိတ်ကူးယဉ် ဝတ္ထု။ ၂၀၃၄ ခုနှစ်မှာ အမေရိကန်နဲ့ တရုတ်တို့အကြား စစ်ပွဲကြီးတစ်ခု ဘယ်လိုဖြစ်လာနိုင်တယ်ဆိုတာကို ပုံဖော်ထားပါတယ်။ တောင်တရုတ်ပင်လယ်မှာ အမေရိကန် ရေတပ်ရဲ့ လှုပ်ရှားမှုတစ်ခုကနေ စတင်ပြီး တရုတ်နဲ့ အမေရိကန်အကြား တင်းမာမှုတွေ ဘယ်လိုတိုးလာပြီး စစ်ပွဲဖြစ်လာတယ်ဆိုတာကို ပြသပါတယ်။ ခေတ်မီစစ်ပွဲတွေမှာ နည်းပညာရဲ့ အခန်းကဏ္ဍနဲ့ ဆိုက်ဘာတိုက်ခိုက်မှုတွေရဲ့ အရေးပါပုံကိုလည်း မီးမောင်းထိုးပြထားပါတယ်။ စစ်ပွဲတွေ တဖြည်းဖြည်း ပြင်းထန်လာပြီး နျူကလီးယားလက်နက်တွေ အသုံးပြုတဲ့အထိ ဖြစ်လာနိုင်တဲ့ အန္တရာယ်ကို သတိပေးထားသလို ကမ္ဘာ့အင်အားချိန်ခွင်လျှာ ဘယ်လို ပြောင်းလဲသွားပြီး တခြားနိုင်ငံတွေရဲ့ အခန်းကဏ္ဍ ဘယ်လိုပေါ်လာနိုင်တယ်ဆိုတာကိုလည်း စိတ်ကူးပြထားပါတယ်။
ဒီစာအုပ်ကို ရေးသားရခြင်းရဲ့ ရည်ရွယ်ချက်ကတော့ အမေရိကန်နဲ့ တရုတ်အကြား ပိုမိုပြင်းထန်လာနေတဲ့ ပထဝီနိုင်ငံရေး ယှဉ်ပြိုင်မှုတွေရဲ့ အန္တရာယ်ရှိတဲ့ အမှန်တရားတွေကို သတိပေးလိုရင်း ဆိုပါတယ်။ စစ်ပွဲကိုရှောင်ရှားဖို့အတွက် သံတမန်ရေးရာ ဆက်ဆံမှုနဲ့ ဗျူဟာမြောက် စဉ်းစားဆင်ခြင်မှုတွေ ဘယ်လောက်အရေးကြီးတယ်ဆိုတာကို ဒီဝတ္ထုကနေတစ်ဆင့် သတိပေးထားပါတယ်။
မြည်းစမ်းကြည့်ကြမလား?
(၁)
ဝှမ်ယွေ့အဖြစ်အပျက်
၂၀၃၄၊ မတ်လ ၁၂ ရက်၊ ၁၄း၄၇ (ဂျီအမ်တီ + ၈)
တောင်တရုတ်ပင်လယ်
သူမအတွက် (၂၄) နှစ် ကြာမြင့်သည့်တိုင် အံ့ဩစရာဖြစ်နေရသည်မှာ မိုးကုပ်စက်ဝိုင်းတစ်ဘက်မှ အခြားတစ်ဘက်အထိ ကျယ်ပြန့်သည့် သမုဒ္ဒရာရေပြင်ကြီးသည် လျှပ်တစ်ပြက်အတွင်း စားပွဲပေါ် ဆွဲတင်လိုက်သည့် ပိတ်စပမာ တင်းစေ့ပြီး လုံးဝ တည်ငြိမ်သွားနိုင်သည့် ပုံစံပင် ဖြစ်သည်။ အကယ်၍ အပ်တစ်ချောင်းကို အမြင့်မှ ချလိုက်ပါလျင်၊ ရေအနက် ပေများစွာကို ဖောက်ထွင်းကာ ပင်လယ်ကြမ်းပြင်သို့ ရောက်သွားမည်ဖြစ်ပြီး၊ လက်ရှိ ထိုနေရာတွင် ရေစီးကြောင်းများ၏ အနှောင့်အယှက် မရှိပါက အပ်သည် တည်ငြိမ်စွာ ရပ်တည်နေမည်ဟု သူမ စိတ်ကူးကြည့်မိသည်။
သူမ၏ အသက်မွေးမှုဘဝတလျှောက် ယခုလိုပင် ကုန်းပါတ်တစ်ခုပေါ် မတ်တပ်ရပ်ပြီး ဤတည်ငြိမ်ခြင်း၏ အံ့ဖွယ်ရာကို အကြိမ်ရေ မည်မျှ လေ့လာခဲ့ဖူးပါသနည်း။ အကြိမ်တစ်ထောင်လော။ နှစ်ထောင်လော။ မကြာသေးမီက အိပ်မပျော်သည့် ညတစ်ညတွင် ကိုယ်ပိုင်မှတ်တမ်းစာအုပ်များကို ပြန်လေ့လာခဲ့ပြီး ကုန်းမြေကို မမြင်ရဘဲ သမုဒ္ဒရာကြီးကို ဖြတ်ကျော်ခဲ့သည့် နေ့ရက်များအားလုံးကို သူမ ပေါင်းကြည့်ခဲ့သည်။ စုစုပေါင်း ကိုးနှစ်နီးပါး ရှိသည်။
သူမ၏ မှတ်ဉာဏ်သည် ထိုရှည်လျားသည့် နှစ်ကာလများတလျှောက် ဟိုရောက်ဒီရောက်- ဒီဇယ်အင်ဂျင်များ တဝုန်းဝုန်းမြည်နေသည့် မိုင်းရှင်းသင်္ဘော၏ သစ်သားပြားခင်း ကုန်းပတ်ပေါ်တွင် ရေတပ်အရာရှိလေးအဖြစ် ကင်းစောင့်ခဲ့ရသည့် နေ့ရက်များဆီသို့၊ ကမ္ဘာတဝန်းရှိ ရေညိုရောင်ဒေသ အထူးစစ်ဆင်ရေးများ၌ ပါဝင်ခဲ့သော သူမ၏ လုပ်သက်အလယ်ပိုင်း ရပ်နားချိန်ဆီသို့၊ ထို့နောက်တော့ ပစ္စုပန်နေ့ဆီသို့။ ယခုအခါတွင်ကား အတောမသတ်နှင့် စာနာစိတ်ကင်းစွာ ကျရောက်နေသည့် နေရောင်အောက်တွင် သူမ၏ ကွပ်ကဲမှုအောက်ရှိ သပ်ရပ်လှပသည့် အာလီဘတ်ခ် အတန်းအစား ဖျက်သင်္ဘော သုံးစင်းသည် နော်တီကယ် ၁၈ မိုင် နှုန်းဖြင့် တောင်နှင့် အနောက်တောင်ဘက်ဆီသို့ လှိုင်းထန်သည့်ကြားမှ ခုတ်မောင်းနေသည်။
သူမ၏ သင်္ဘောငယ်အုပ်စုသည် ကာလကြာရှည် အငြင်းပွားနေသည့် စပရက်တလီကျွန်းစုရှိ မစ္စချစ်ဖ်ကျောက်တန်းမှ ရေမိုင် (၁၂) မိုင် အကွာတွင် “ရေကြောင်းသွားလာမှု လွတ်လပ်ခွင့်အရ ကင်းလှည့်ခြင်း” ဟူ၍ သာယာနာပျော်ဖွယ် ခေါင်းစဉ် တပ်ထားသည့် မစ်ရှင်အရ ရောက်ရှိနေခြင်း ဖြစ်သည်။ ထိုအသုံးအနှုန်းကို သူမ မုန်းသည်။ စစ်မှုထမ်းဘဝရှိ အရာများစွာလိုပင်၊ ထိုခေါင်းစဉ်သည် သူတို့ မစ်ရှင်၏ အမှန်တရားကို ဖုံးကွယ်ရန် ရည်ရွယ်ထား၏၊ ထိုမစ်ရှင်မှာ ရိုးရိုးရှင်းရှင်း ပြောရလျှင် ရန်စခြင်းသာ။ ဤရေပြင်သည် အငြင်းပွားဖွယ်မရှိ နိုင်ငံတကာရေပိုင်နက် (အနည်းဆုံးတော့ အတည်ပြုပြီးသား ရေကြောင်းဥပဒေ သဘောတူညီချက်များအရ)။
သို့တစေ တရုတ်ပြည်သူ့သမ္မတနိုင်ငံက ထိုဧရိယာများကို သူတို့နယ်မြေပိုင်နက်ဟု အခိုင်အမာ ပြောဆိုထားသည်။ သူမ၏ သင်္ဘောအုပ်စုဖြင့် အငြင်းပွားဖွယ်ရာ စပရက်တလီကျွန်းစုကို ဖြတ်သန်းခြင်းသည် သူ့ခြံစည်းရိုးကို သင့်ပိုင်နက်ဘက်ထဲ အနည်းငယ်ကျူး၍ နေရာယူထားသည့် အိမ်နီးချင်း၏ တန်ဖိုးရှိသော ရှေ့မျက်နှာစာ မြက်ခင်းပေါ် ဘီးရာထင်အောင် ကားဖြတ်မောင်းခြင်းနှင့် ဥပဒေအရ အတူတူပင်။ ထိုသို့သော ခြံစည်းရိုးကို အနည်းငယ်၊ အနည်းငယ်နှင့်၊ နောက်ထပ်အနည်းငယ် ချဲ့ထွင်လာခြင်းမျိုးကို တရုတ်တို့ ဆယ်စုနှစ်များစွာ လုပ်ဆောင်ခဲ့ပြီးဖြစ်ရာ နောက်ဆုံးတွင် တောင်ပစိဖိတ်တစ်ခုလုံးကို ပိုင်ဆိုင်သည်ဟု အခိုင်အမာ ပြောဆိုလာနိုင်ပါသည်။
ထို့ကြောင့် ..သူတို့မြက်ခင်းပေါ် ကားဘီးရာ အထင်းသားကျန်အောင် လှည့်မောင်းရမည့်အချိန် ရောက်ပြီဟု သူမ စဉ်းစားမိသည်၊ ဂရုတစိုက် ဖန်တီးထားသည့် သူမ၏ အမူအရာပေါ်တွင် အနည်းငယ်သော အပြုံးအရယ် သဲလွန်စတစ်ခု ပေါ်လာသည်။ ဤသို့ပင် ခေါ်သင့်သည် ထင်သည်၊ ရေကြောင်းသွားလာမှု လွတ်လပ်ခွင့်အရ ကင်းလှည့်ခြင်း အစား 'ကားဘီးရာ ကျန်အောင် ဖြတ်မောင်းခြင်း' ဟု ခေါ်ကြပါစို့။ အနည်းဆုံးတော့ သူမ၏ ရေတပ်သားများလည်း ဤနေရာတွင် မိမိတို့ ဘာလုပ်နေသည်လဲ နားလည်သွားပါလိမ့်မည်။
သူမ၏ အလံတင်သင်္ဘော ဂျွန်ပေါလ်ဂျုံးစ်၏ နောက်ဘက်ကုန်းပတ်ဆီ သူမ လှည့်ကြည့်လိုက်သည်။ သင်္ဘောနောက်က ပြန့်ပြန့်ကားကား မိုးကုပ်စက်ဝိုင်းပေါ်ဝယ် တိုက်ပွဲဝင်ပုံစံအတိုင်း စီတန်းနေသော ကျန်ဖျက်သင်္ဘောနှစ်စင်း ဖြစ်သည့် ကားလ်လီဗင်နှင့် ချောင်ဟွန်းတို့ ရှိနေ၏။
သူမသည် ဤစစ်သင်္ဘောသုံးစင်းအပြင် မိခင်ဆိပ်ကမ်း ဆန်ဒီယေဂိုတွင် ကျန်ရှိနေသေးသည့် နောက်ထပ် လေးစင်းကိုပါ တာဝန်ယူရသည့် ဗိုလ်မှူးချုပ် ဖြစ်သည်။ သူမသည် သူမအသက်မွေးမှုဘဝ၏ အထွပ်အထိပ်အဆင့်တွင် ရပ်တည်နေသည်။ သူမ အလံတင် သင်္ဘော၏ ရေယက်ကြောင်းများနောက်မှာ ကျန်သင်္ဘောများဆီ စိုက်ကြည့်လိုက်သည့်အခါ၊ ထိုသင်္ဘောများ ရှိရာအရပ်တွင် သူမကိုယ်သူမ ပြီးပြည့်စုံသော တည်ငြိမ်သည့် သမုဒ္ဒရာပြင်ပေါ်တွင် မတ်တပ်ရပ်နေသည့်အလား အလင်းရောင်ထဲ ပေါ်လာလိုက် ပျောက်သွားလိုက် ဖြစ်နေသည့်အလား ရှင်းလင်းစွာ မြင်နေရသည်။
လွန်ခဲ့သည့် တစ်ချိန်က သူမသည် ရေတပ်ဒုဗိုလ်လေး ဆာရာဟန့် ဖြစ်ခဲ့သည်၊ ယခုအခါ ရင့်ကျက်၍ ဉာဏ်ပညာပြည့်ဝသည့် ကပ္ပတိန် ဆာရာဟန့် ဖြစ်နေပြီ၊ ဒုတိယကမ္ဘာစစ်ကို ဆင်နွှဲခဲ့သည့် နှလုံးသားထဲက စကားလုံးဖြစ်သည့် ဆော်လမွန်အုပ်စုခေါ် ဖျက်သင်္ဘောတပ်ဖွဲ့ ၂၁ ၏ တပ်မှူး ဗိုလ်မှူးချုပ်။ ရေတပ်သားများ သူတို့ကိုယ်သူတို့ ခံယူထားသည်က ခွန်အားပြည့် ခြင်္သေ့များ။ ထိုခံယူချက်နှင့်အညီ သင်္ဘောခုနစ်စင်း၏ ကုန်းပတ်များပေါ်မှ သူတို့တပ်မှူးအမျိုးသမီးကို ချစ်စနိုးခေါ်ကြသည်က ခြင်္သေ့ဘုရင်မ။
သူမသည် ခဏမျှ မတ်တပ်ရပ်ကာ သင်္ဘောရေယက်နောက်သို့ စိတ်ပူပန်စွာ စိုက်ကြည့်နေရင်း ရေထဲတွင် သူမပုံရိပ် ပျောက်ဆုံးနေသည်ကို တွေ့လိုက်ရသည်။
ဆေးဘက်ဆိုင်ရာ ဘုတ်အဖွဲ့ထံမှ အစီရင်ခံစာသစ်ကို ယမန်နေ့ကမှ သူမ ရရှိခဲ့သည်။ ယိုကိုဆူကာ ရေတပ်စခန်းမှ သင်္ဘောကြိုးများ အားလုံးဖြုတ်ပြီး မထွက်ခွာခင်လေးတွင် ဖြစ်သည်။ ထိုစာအိတ်သည် သူမ အိတ်ကပ်ထဲတွင် ရှိသည်။ ထိုစာရွက်ကို တွေးလိုက်သည်နှင့် အရိုးကောင်းစွာ မဆက်သည့် သူမ၏ ဘယ်ဘက်ခြေထောက်တွင် နာကျင်မှု ခံစားလိုက်ရ၏၊ ထိုနာကျင်မှုနောက်တွင် ကျောရိုးအောက်ခြေမှ စတင်ကာ ကြိုတင်ခန့်မှန်းနိုင်သော စူးခနဲ ဝေဒနာတစ်ရပ် လိုက်လာသည်။ ထိုဒဏ်ရာဟောင်းသည် နောက်ဆုံးတော့ သူမကို ဒုက္ခပေးလာခဲ့ပြီဖြစ်သည်။ ဆေးဘက်ဘုတ်အဖွဲ့က သူတို့ အဆုံးအဖြတ်ကို ပေးခဲ့ပြီ။ ယခု ခရီးစဉ်သည် ခြင်္သေ့ဘုရင်မ၏ နောက်ဆုံးခရီးစဉ် ဖြစ်လိမ့်မည်။ ဒါကို ဟန့် လုံးဝမယုံကြည်နိုင်သေး။
အလင်းရောင်သည် ရုတ်တရက်၊ မသိမသာ ပြောင်းလဲသွားသည်။ ဟန့်သည် ပင်လယ်ပြင်၏ ချောမွေ့သည့် မျက်နှာပြင်ပေါ်တွင် ရှည်မျောမျော အရိပ်တစ်ခု ဖြတ်သန်းသွားသည်ကို သတိပြုမိသည်၊ ယခုအခါ လေတိုက်ခတ်မှုကြောင့် ရေမျက်နှာပြင်သည် လှိုင်းတွန့်လေးများအဖြစ် ပြောင်းလဲသွားသည်။ အပေါ်ဘက်ဆီ မော့ကြည့်လိုက်တော့ ကောင်းကင်တစ်ခွင်မှာ တစ်ခုတည်းသော ပါးလွှာသည့် တိမ်တိုက် ဖြတ်သန်းသွားနေသည်။ ထို့နောက် ထိုတိမ်တိုက်ခမျာ အညှာတာမဲ့သည့် ဆောင်းနှောင်းနေမင်းကို မကျော်ဖြတ်နိုင်ဘဲ အငွေ့ပျံကာ ပျောက်ကွယ်သွားသည်။ ရေပြင်သည် တစ်ဖန် လုံးဝ တည်ငြိမ်သွားပြန်သည်။
သူမ၏ အတွေးများကို သူမနောက်ရှိ လှေကားပေါ်သို လျင်မြန်စွာနှင့် ပေါ့ပါးစွာ တက်လာသည့် လိုဏ်သံများ ထွက်နေသော ခြေသံများက အနှောင့်အယှက်ပေးလိုက်သည်။ ဟန့် သူမနာရီကို ကြည့်လိုက်သည်။ သင်္ဘော၏ ကပ္ပတိန် ဒုဗိုလ်မှူးကြီး ဂျိန်းမောရစ်သည် ထုံးစံအတိုင်း အချိန်နောက်ကျနေသည်။
* * *
၂၀၃၄၊ မတ်လ ၁၂၊ ၁၀း၅၁ (ဂျီအမ်တီ + ၄း၃၀)
ဟော်မုဇ် ရေလက်ကြား
ဗိုလ်မှူး ခရစ္စ ဝက်ဂျ် မစ်ချယ်အဖို့ ထိုခံစားချက်မျိုး မည်သည့်အခါကမှ ခံစားခဲ့ဖူးခြင်း မရှိသလောက်ပင်….။
သူ့ဖခင်ကတော့ သူ့ထက် အနည်းငယ် ပိုခံစားဖူးသည်။ ဥပမာ- သူ့ အက်ဖ်အေ ၁၈ ဟော့နက် ဂျက်တိုက်လေယာဉ်ပေါ်က FLIR (အနီအောက်ရောင်ခြည်သုံး ရှေ့ကြည့်ကိရိယာ) ပျက်သွား၍ လက်ကိုင်ဂျီပီအက်စ်နှင့် မြေပုံကိုသာသုံးပြီး ရာမာဒီရှိ မိမိခြေလျင်တပ်စု တစ်ခုအတွက် ဂျီဘီယူ-၃၈ ဗုံးနှစ်လုံးကို အန္တရာယ်ဖြစ်လောက်အောင် နီးကပ်စွာ ဖြုတ်ချခဲ့ရသည့် တစ်ချိန်တုန်းကလိုမျိုး….
သူ့အဖိုးဖြစ်သူ “ပေါ့ပ်” ကတော့ သူတို့နှစ်ယောက်လုံးထက် ပိုခံစားခဲ့ရသည်။ ‘တက်’ ထိုးစစ်ကာလ(ဗီယက်နမ်)အတွင်း ငါးရက်ကြာ ပင်ပန်းနွမ်းနယ်စွာ မောင်းနှင်ခဲ့စဉ်ကပေါ့။ သစ်ပင်ထိပ်နားဖြတ် ပျံသန်းမှုများတွင် သာမန် စက္ခုအာရုံ ချိန်ခွက်ကိုသာ အားကိုးလျက် မြေပြင်နှင့် အလွန်နီးကပ်စွာ ပျံသန်းရင်း စနိတ်ခ်နှင့် နိပ် မီးလောင်ဗုံးများ ကြဲချခဲ့ရသည်မှာ သူ၏ အေ-၄ စကိုင်းဟော့ခ် လေယာဉ်ကိုယ်ထည်ကို မီးလျှံများ ဟပ်သည်အထိ ……..။
သူ့ဘိုးအေကြီး “ပေါ့-ပေါ့” ကတော့ သူတို့အားလုံးထက် အများဆုံး ခံစားခဲ့ရသည်။ အရက်ကြိုက်သူ၊ ပိုမိုကြမ်းတမ်းစွာ တိုက်ခိုက်တတ်သူ၊ မရင်းတပ် ထူးချွန်ဆု ငါးကြိမ်တိုင်တိုင် ရခဲ့သူ ဗိုလ်မှူး ဂရက်ဂိုရီ ပက်ပီ ဘွိုင်အင်တန် ဦးဆောင်သည့် နာမည်ကျော် သိုးမည်းအုပ်၏ ဗီအမ်အက်ဖ်-၂၁၄ လေယာဉ်ဖြင့် ဂျပန် ဇီးရိုးတိုက်လေယာဉ်များကို ရှာဖွေရင်း တောင်ပစိဖိတ်ကို ကင်းလှည့်ခဲ့ရစဉ်က။
မျိုးဆက်လေးဆက်ကြာ မစ်ချယ်မိသားစုကို ဆွဲဆောင်ထားသည့် ဖမ်းဆုပ်၍ မရသော ဤခံစားချက် မှာ အခြားမည်သည့်အရာမျှ မဟုတ်ဘဲ၊ လေယာဉ်ထိုင်ခုံတွင် စွဲမြဲစွာ ထိုင်ချလျက်၊ စစ်မှန်သည့် ပင်ကိုယ်ဗီဇ သိစိတ်သက်သက်ဖြင့် ပျံသန်းခြင်း ခံစားမှုပင်။
(“ငါ ပက်ပီနဲ့အတူ ကင်းလှည့်တုန်းက မင်းတို့ အခုခေတ်လို နည်းပညာတွေ သိပ်မရှိဘူး။ ပစ်မှတ်ရှာ ကွန်ပျူတာတွေ မရှိဘူး၊ အလိုအလျောက်မောင်းစနစ် မရှိဘူး။ ကိုယ့်ကျွမ်းကျင်မှု၊ ကိုယ့်ထိန်းချုပ်စနစ်နဲ့ ကံကောင်းခြင်းပဲ ရှိတယ်။ လေယာဉ်ပေါင်းမိုးပေါ်မှာ ချိန်ခွက်ပုံတွေ အမဲဆီခဲတံနဲ့ ဆွဲထားပြီး ပျံတက်ကြတယ်၊ ပက်ပီနဲ့အတူ ပျံတက်ရင် ကိုယ်ရဲ့ မိုးကုပ်စက်ဝိုင်းကို အနီးကပ် စောင့်ကြည့်ရမယ်ဆိုတာ မြန်မြန်ဆန်ဆန်ပဲ သင်ယူရလိမ့်မယ်။ မိုးကုပ်စက်ဝိုင်းကို အနီးကပ် ကြည့်ရမယ်၊ ပက်ပီကိုလည်း ကြည့်ရမယ်။ သူက စီးကရက်ကို လေယာဉ်မောင်းခန်းထဲကနေ လွှင့်ပစ်ပြီး သူ့ပေါင်းမိုး ပိတ်လိုက်ပြီ ဆိုတာနဲ့ သူ တကယ်လုပ်တော့မယ်၊ ဇီးရိုးဖိုက်တာတွေနဲ့ တိုက်ခိုက်ရတော့မယ်ဆိုတာ သိလိုက်ရပြီ”)
ဗိုလ်မှူးဝက်ဂျ် ထိုပြောဆိုချက်လေးကို သူ့ဘိုးအေကြီးထံမှ နောက်ဆုံးကြားခဲ့ရသည်မှာ သူ အသက်ခြောက်နှစ်အရွယ်က ။ အသက် (၉၀) ကျော်သော်လည်း မျက်လုံးထက်မြက်ဆဲ ထိုလေယာဉ်မှူးကြီး၏ အသံတွင် အနည်းငယ်မျှသာ တုန်ယင်မှုရှိသည်။ ယခု ကြည်လင်သည့် နေရောင်က သူ့လေယာဉ်ပေါင်းမိုးပေါ် ကျရောက်နေချိန် ထိုစကားများကို သူ့ဘိုးအေကြီးက သူ့နောက်ခန်းတွင် လိုက်ပါလာ၍ ပြောဆိုသည့် အလား ရှင်းလင်းစွာ ကြားနေရသည်။ သို့သော် သူ ပျံသန်းနေသည့် အက်ဖ်-၃၅ လိုက်တနင်း ဂျက်တိုက်လေယာဉ်ကား ထိုင်ခုံတစ်လုံးတည်းသာ ရှိသည်။
ထိုအချက်က ဝက်ဂျ်အဖို့ မောင်းနေသည့် တိုက်လေယာဉ်နှင့် ပတ်သက်၍ သူ မကျေမနပ်ဖြစ်ရသည့် အကြောင်းအရာ များစွာထဲမှ တစ်ခုသာ။ သူသည် အီရန်လေပိုင်နက်နှင့် အလွန်နီးကပ်စွာ ပျံသန်းနေသဖြင့် သူ့ညာဘက်တောင်ပံကို နယ်နိမိတ်လိုင်းတစ်လျှောက် ဝေ့ဝိုက် လွန့်လူးနေရသည်။ သို့သော် ထိုလှုပ်ရှားမှုကို လုပ်ဆောင်ရန် မခက်ခဲ။ အမှန်တော့ ထိုမျှတိကျစွာ ပျံသန်းခြင်းသည် ကျွမ်းကျင်မှု လုံးဝ မလိုအပ်။ ပျံသန်းမှုအစီအစဉ်ကို အက်ဖ်-၃၅ လေယာဉ်ပါ လမ်းညွှန် ကွန်ပျူတာထဲ ထည့်သွင်းထားပြီးသား။ ဝက်ဂျ် ဘာတစ်ခုမှ လုပ်စရာမလို။ လေယာဉ်က သူ့ဘာသာသူ ပျံသန်းနေခြင်း။ သူသည် ထိန်းချုပ်ကိရိယာများကို ကြည့်ရှုခြင်း၊ မောင်းခန်းမှ မြင်ကွင်းကို နှစ်သက်စွာ ကြည့်ရှုခြင်းနှင့် နောက်ခန်းတွင် မရှိတော့သည့် သူ့ဘိုးအေကြီး၏ ဝိညာဉ်က သူ့ကို လှောင်ပြောင်နေသည်ကို နားထောင်ခြင်းသာ လုပ်နေသည်။
သူ့ ခေါင်းဆောင်းနောက်တွင် ရှူးဖိနပ်ဘူးအရွယ်ခန့်ရှိ အရန်ဘက်ထရီယူနစ်တစ်ခုကို ကျပ်သိပ်နေအောင် ထည့်ထားပြီး၊ ထိုဘက်ထရီအသံက အက်ဖ်-၃၅ ၏ တာဘိုဖန်အင်ဂျင်သံထက်ပင် မယုံနိုင်လောက်အောင် ကျယ်လောင်နေပုံရသည်။ ဤဘက်ထရီသည် တိုက်လေယာဉ်၏ လျှို့ဝှက်နည်းပညာများအား အဆင့်မြှင့်တင်မှုအသစ်ကို စွမ်းအားပေးသည်၊ ထိုထပ်တိုး ကိရိယာအကြောင်း ဝက်ဂျ် များများစားစား မသိခဲ့ရ။ လျှပ်စစ်သံလိုက် နှောင့်ယှက်ဖျက်ဆီးရေး ကိရိယာတစ်မျိုး ဟူ၍သာ နားလည်ခဲ့ရသည်။ သူ့မစ်ရှင်အကြောင်း အကျဉ်းချုပ်မပြောမီ၊ လော့ခ်ဟိဒ်ကုမ္ပဏီမှ အရပ်သားအင်ဂျင်နီယာနှစ်ယောက် သင်္ဘော၏ အောက်ထပ်တွင် သူ့လေယာဉ်အား လက်ဆော့နေသည်ကို တွေ့၍ လက်နက်တာဝန်ခံတပ်ကြပ်ကို သတိပေးခဲ့သည်။ ထိုတပ်ကြပ်ကိုယ်တိုင်ပင် ဂျော့ချ်အိပ်ချ်ဒဗလျူဘုရှ်သင်္ဘော၏ စာရင်းတွင် အရပ်သားများ ပါဝင်ကြောင်း မှတ်တမ်းမတွေ့။ ဤအကြောင်းကြောင့် သင်္ဘောကပ္ပတိန်ကိုပင် ဖုန်းဆက် သတင်းပို့ခဲ့ရပြီး၊ နောက်ဆုံးတော့ ကပ္ပတိန်က ထိုအရှုပ်အထွေးကို ဖြေရှင်းပေးခဲ့သည်။ တပ်ဆင်နေသည့် နည်းပညာ၏ အရေးကြီး လုံခြုံမှုအဆင့်ကြောင့် ထိုအင်ဂျင်နီယာများ ရှိနေခြင်းသည်ပင် အလွန် လျှို့ဝှက်ထားရသောကိစ္စ ဟူ၏။ အဆုံးတွင် ထိုကိစ္စသည် ဝက်ဂျ်အတွက် သူ့မစ်ရှင်အကြောင်းကို ရှုပ်ထွေးစွာ သိရှိလိုက်ရသည့် နည်းလမ်း ဖြစ်ခဲ့သည်၊ အစောပိုင်း အခက်အခဲလေးမှလွဲ၍ ပျံသန်းမှုအစီအစဉ်၏ အခြား အစိတ်အပိုင်းတိုင်းသည် ချောချောမွေ့မွေ့ ဆက်လက် လုပ်ဆောင်နေခဲ့သည်။
လွန်လွန်မင်းမင်း ချောမွေ့နေခြင်းလည်း ဖြစ်နိုင်သည်။ ဒါက ပြဿနာ ဖြစ်ရသည်။ ဝက်ဂျ်အဖို့ သည်းမခံနိုင်အောင် ပျင်းရိရသည်ကိုး။ သူသည် အာရေဗျကျွန်းဆွယ်ကို ပါရှားမှ ပိုင်းခြားထားသော စိမ်းပြာရောင်ရေပြင်ဖြစ်သည့် ဟော်မုဇ် ရေလက်ကြားဆီ အောက်ဘက်သို့ ငုံ့ကြည့်လိုက်သည်။ သူ့နာရီကို စစ်ဆေးလိုက်သည် - လွန်ခဲ့သော (၂၅) နှစ်က မာရ်ဂျာအပေါ်တွင် စက်သေနတ်ပစ် ပျံသန်းမှုများအတွင်း သူ့အဖေ ဝတ်ဆင်ခဲ့သည့် သံလိုက်အိမ်မြှောင်နှင့် အမြင့်ပေတိုင်း ကိရိယာပါဝင်သည့် ဘရိုက်တလင်းနာရီ။ သူက ထိုနာရီကို လေယာဉ်ပေါ်ရှိ ကွန်ပျူတာထက် ပိုယုံကြည်သည်။ နှစ်ခုစလုံးက သူသည် အီရန် လေပိုင်နက်ထဲသို့ ဝင်ရောက်မည့် ခြောက်ဒီဂရီ အရှေ့ဘက်သို့ လမ်းကြောင်း ပြောင်းရန် (၄၃) စက္ကန့်သာ လိုတော့ကြောင်း ဖော်ပြနေသည်။ ထိုအချိန်တွင်— သူ၏ ဦးခေါင်းနောက်မှ အသံမြည်နေသော သေတ္တာလေးသာ အလုပ်လုပ်ပါက— သူသည် လုံးဝ ပျောက်ကွယ်သွားလိမ့်မည်။
ဤသည်ကား သပ်ရပ်သည့် လှည့်ကွက်တစ်ခု ဖြစ်ပါလိမ့်မည်။
ထိုမျှ မြင့်မားသည့် နည်းပညာသုံး မစ်ရှင်ကို သူ့အား ယုံကြည်အပ်နှံထားခြင်းမှာ နောက်ပြောင်ခြင်း တစ်ခုလို ဖြစ်နေသည်။ လေယာဉ်အုပ်ထဲရှိ သူ့သူငယ်ချင်းများက သူသည် ရှေးခေတ်တွင်သာ မွေးဖွားသင့်သည်ဟု အမြဲ စနောက်လေ့ရှိသည်။ ထို့ကြောင့် သူသည် “Wedge” (သပ်) ဟူသော နာမည်ကို ရခဲ့ခြင်းပင် - ‘သပ်’ ဟူသည်မှာ ကမ္ဘာပေါ်တွင် ပထမဆုံးနှင့် အရိုးရှင်းဆုံး ကိရိယာ။
ဟော၊ သူ၏ ခြောက်ဒီဂရီ အလှည့်အတွက် အချိန်ကျရောက်လာပြီ။
ဝက်ဂျ်က အလိုအလျောက် မောင်းနှင်စနစ်ကို ပိတ်လိုက်သည်။ စက်ရှိန်ထိန်းလီဗာနှင့် လေယာဉ်မောင်းတုတ်တံတို့ဖြင့် ပျံသန်းခြင်းအတွက် သူ အပြစ်ပေးခံရမည်ကို သိသော်လည်း ဘုရှ်သင်္ဘောသို့ ပြန်ရောက်သည့်အခါ ထိုကိစ္စကို ဖြေရှင်းမည်ဟု ဆုံးဖြတ်လိုက်သည်။
သူက ထိုခံစားချက်ကို အလိုရှိသည်။
တစ်စက္ကန့်မျှသာဖြစ်စေ၊ သူ့ဘဝတွင် တစ်ကြိမ်သာ ဖြစ်စေကာမူ ခံစားလိုသည်။ အော်ဟစ် ဆူပူခံရခြင်းသည်ပင် တန်ဖိုးရှိလိမ့်မည်။ ထို့ကြောင့် သူ၏ ဦးခေါင်းနောက်မှ ဆူညံသံများကြားတွင် သူသည် အီရန်လေပိုင်နက်ထဲသို့ လေယာဉ်ကို ကွေ့ချလိုက်သည်။
* * *
မင်းမြတ်စံ- မြန်မာပြန်
Illustration - ChatGPT & Google