30/06/2024
🛜 WiFi နည်းပညာပေါ်ပေါက်လာပုံသမိုင်းကြောင်း
Wi-Fi ဆိုတဲ့စကားလုံးကို ကြားလိုက်ရုံနဲ့ ယနေ့ခေတ်မှာ ကျွန်တော်တို့အားလုံး ရင်းနှီးကျွမ်းဝင်နေကြပါပြီ။ ဒါပေမယ့် ဒီနည်းပညာ ဘယ်လိုပေါ်ပေါက်လာခဲ့သလဲဆိုတာ သိတဲ့လူနည်းပါတယ်။ ဆိုတော့ Wi-Fi ဘယ်လိုပေါ်ပေါက်လာခဲ့လဲဆိုတဲ့ သမိုင်းကြောင်းလေးကို ပြောပြချင်ပါတယ်။
Wi-Fi နည်းပညာရဲ့ မူလအစက 1985 ခုနှစ်လောက်မှာ စတင်ခဲ့ပါတယ်။ အမေရိကန် Federal Communications Commission (FCC) က ISM (Industrial, Scientific and Medical) ဆိုတဲ့ ရေဒီယိုလှိုင်းနှုန်းတွေကို လိုင်စင်မလိုဘဲ သုံးခွင့်ပြုခဲ့ပါတယ်။ ဒီဆုံးဖြတ်ချက်က Wi-Fi နည်းပညာ ပေါ်ပေါက်လာဖို့ အဓိကအခြေခံဖြစ်ခဲ့ပါတယ်။
Wi-Fi နည်းပညာ ဖွံ့ဖြိုးတိုးတက်လာတဲ့နေရာမှာ ဩစတြေးလျနိုင်ငံရဲ့ အခန်းကဏ္ဍက အရေးပါပါတယ်။ WiFi နည်းပညာကို တစ်ဦးတစ်ယောက်တည်းက တီထွင်ခဲ့တာ မဟုတ်ပါဘူး။ 1990 ပြည့်နှစ်များအစပိုင်းမှာ ဩစတြေးလျ သိပ္ပံပညာရှင် John O'Sullivan ဦးဆောင်တဲ့ Commonwealth Scientific and Industrial Research Organisation (CSIRO) က သုတေသီတွေဟာ WiFi နည်းပညာရဲ့ အခြေခံဖြစ်တဲ့ radio wave အချက်ပြမှုနည်းပညာကို တီထွင်ခဲ့ကြပါတယ်။
အရင်က ကွန်ပျူတာတွေ တစ်လုံးနဲ့တစ်လုံးချိတ်ဆက်ဖို့၊ အင်တာနက်ချိတ်ဆက်ဖို့ဆိုရင် ကြိုးတွေကိုပဲ သုံးရပါတယ်။ WiFi နည်းပညာကို တီထွင်ရတဲ့ ရည်ရွယ်ချက်က ကွန်ပျူတာတွေနဲ့ အခြားစက်ပစ္စည်းတွေကို ကြိုးမဲ့ချိတ်ဆက်နိုင်ဖို့နဲ့၊ အင်တာနက်အသုံးပြုမှု ပိုမိုလွယ်ကူအဆင်ပြေစေဖို့ပါ။
1997 ခုနှစ်မှာ Institute of Electrical and Electronics Engineers (IEEE) က 802.11 ဆိုတဲ့ ကြိုးမဲ့ကွန်ရက်စံချိန်စံညွှန်းကို ထုတ်ပြန်ခဲ့ပါတယ်။ ဒါဟာ Wi-Fi နည်းပညာရဲ့ ပထမဆုံး တရားဝင်စံချိန်စံညွှန်း ဖြစ်လာခဲ့ပါတယ်။
1999 ခုနှစ်မှာ Wi-Fi Alliance ဆိုတဲ့ အဖွဲ့အစည်းတစ်ခု ပေါ်ပေါက်လာခဲ့ပါတယ်။ သူတို့က "Wi-Fi" ဆိုတဲ့ အမည်နဲ့ လိုဂိုကို တီထွင်ခဲ့ပြီး၊ IEEE 802.11 စံချိန်စံညွှန်းနဲ့ ကိုက်ညီတဲ့ ထုတ်ကုန်တွေကို အသိအမှတ်ပြုပေးခဲ့ပါတယ်။
1997 ခုနှစ်မှာ ပထမဆုံး WiFi စံချိန်စံညွှန်း IEEE 802.11 ကို ထုတ်ပြန်ခဲ့ပြီး အမြန်နှုန်းမှာ 2 Mbps သာရှိခဲ့တယ်။ 1999 ခုနှစ်မှာတော့ ပိုမိုမြန်ဆန်တဲ့ WiFi 802.11b စံချိန်စံညွှန်းကို မိတ်ဆက်ခဲ့ပြီး အမြန်နှုန်း 11 Mbps အထိ တိုးမြှင့်နိုင်ခဲ့ပါတယ်။
နောက်ပိုင်းနှစ်တွေမှာ 802.11g, 802.11n (WiFi 4), 802.11ac (WiFi 5) စတဲ့ စံချိန်စံညွှန်းအသစ်တွေ ဆက်တိုက်ပေါ်ထွက်လာခဲ့ပြီး မြန်နှုန်းနှင့် လုံခြုံရေးပိုင်းတွင် သိသိသာသာ တိုးတက်လာခဲ့တယ်။ 802.11g က 54 Mbps, 802.11n က 600 Mbps, 802.11ac က 3.5 Gbps အထိ အသီးသီး တိုးတက်လာပါတယ်။
ယခုအခါ WiFi 6 (802.11ax) နဲ့ WiFi 6E တို့က နောက်ဆုံးပေါ် စံချိန်စံညွှန်းများဖြစ်လာပြီး အမြန်နှုန်း 9.6 Gbps အထိ ရှိလာပါတယ်။ WiFi 6E နဲ့ WiFi 6 က အမြန်နှုန်းတူတယ်ဆိုပေမယ့် WiFi 6E က 6 GHz လှိုင်းကို သုံးတာမို့ လိုင်းကြပ်တာတွေ မရှိသလို ပိုပြီးငြိမ်ပါတယ်။
2000 ပြည့်နှစ်များအစပိုင်းကစပြီး Wi-Fi နည်းပညာဟာ လျင်လျင်မြန်မြန်ပဲ ပျံ့နှံ့လာခဲ့တယ်။ Laptop တွေ၊ Smartphone တွေမှာ Wi-Fi ချိတ်ဆက်နိုင်တဲ့ စွမ်းရည်တွေ ပါလာခဲ့ပါတယ်။ ကဖေးဆိုင်တွေ၊ စားသောက်ဆိုင်တွေ၊ လေဆိပ်တွေမှာ Wi-Fi hotspot တွေ ပေါ်ပေါက်လာခဲ့ပါတယ်။
အခုခေတ်မှာတော့ WiFi က ကျွန်တော်တို့ နေ့စဉ်ဘဝရဲ့ တစ်စိတ်တစ်ပိုင်းလိုဖြစ်နေပြီ။ စမတ်ဖုန်းတွေ၊ တက်ဘလက်တွေ၊ ကွန်ပျူတာတွေ ချိတ်ဆက်ဖို့ WiFi မရှိမဖြစ်ဖြစ်နေပြီ။ ရုံးတွေ၊ ကျောင်းတွေ၊ ဆေးရုံတွေမှာတောင် WiFi က အရေးပါနေပြီ။ Smart Home ကိရိယာတွေဆိုလည်း WiFi နဲ့ပဲ အလုပ်လုပ်ကြတာများတယ်။
Wi-Fi နည်းပညာဟာ နှစ်ပေါင်း 30 ကျော်အတွင်းမှာ ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝရဲ့ မရှိမဖြစ် အစိတ်အပိုင်းတစ်ခု ဖြစ်လာခဲ့ပါတယ်။ ဒီနည်းပညာကြောင့်ပဲ ကျွန်တော်တို့ဟာ ကြိုးမဲ့အင်တာနက်ကို အလွယ်တကူ အသုံးပြုနိုင်လာခဲ့ကြပါတယ်။