02/09/2026
🚹 အသက် ၂၀ ကျော်လာရင် လူတော်တော်များများက ပိုင်ဆိုင်မှုနဲ့ကိုယ့်တန်ဖိုးကိုတိုင်းတာတတ်ကြ တယ်။
“ငါ့မှာ ကားမရှိဘူး”
“အိမ်မရှိဘူး”
“ငွေမစုနိုင်သေးဘူး”
“Business မရှိဘူး”
“Relationship မရှိဘူး”
“အလုပ်ကလည်း သိပ်မကောင်းဘူး”
“မိဘဆွေမျိုးမရှိဘူး”
“ညီအစ်ကိုမောင်နှမမရှိဘူး”
အဲဒီလိုအတွေးမျိုးတွေဝင်လာပြီးတော့ ကိုယ့်ကိုယ်ကိုမအောင်မြင်ဘူးလို့ထင်လာတတ်တယ်။ ဒါပေမယ့် မေးခွန်းကိုပြောင်းကြည့်ပါ။
“ငါ့မှာဘာရှိလဲ” မဟုတ်ဘဲ “ငါ ဘာဖြစ်လာပြီလဲ”
ဒီမေးခွန်းက ဘဝကိုပြောင်းလဲစေတတ်တယ်။
မင်းမှာစုဆောင်းငွေများများစားစားမရှိသေးဘူးဆိုပါစို့။
ဒါပေမယ့် မင်းကလွန်ခဲ့တဲ့သုံးနှစ်ကထက်ပိုပြီး ငွေရှာတတ်လာပြီလား။
မင်းမှာကိုယ်ပိုင်လုပ်ငန်းမရှိသေးဘူးဆိုပါစို့။
ဒါပေမယ့် မင်းကလူတွေရဲ့ပြဿနာကိုဖြေရှင်းပေးနိုင်တဲ့ နယ်ပယ်တစ်ခုမှာကျွမ်းကျင်တဲ့ Skill တစ်ခုရလာပြီလား။
မင်းမှာ အိမ်မရှိသေးဘူးဆိုပါစို့။
ဒါပေမယ့် ကိုယ့်ဝင်ငွေကိုကိုယ်စီမံနိုင်လာပြီလား။
မင်းရဲ့အသက်မွေးဝမ်းကျောင်းလုပ်ငန်းတစ်ခုခုမှာ မတည်ငြိမ်သေးဘူးဆိုပါစို့။
ဒါပေမယ့်လွန်ခဲ့တဲ့နှစ်ကထက်ပိုကောင်းတဲ့အခွင့်အရေးတွေ ရလာအောင် ကိုယ့်တန်ဖိုးကို တည်ဆောက်နေပြီလား။
အဲဒါတွေက ပိုင်ဆိုင်မှုမဟုတ်ဘူး။ ဒါပေမယ့်အရင်းအနှီးတွေပါ။ မင်းအသက် ၂၅ မှာ မင်းရဲ့ဘဝကို အပြီး သတ်တည်ဆောက်ဖို့မလိုဘူး။
အသက် ၂၅ မှာ ကိုယ့်ဘဝအကြောင်းအားလုံးသိနေဖို့မလိုဘူး။ တကယ်တော့ လူတော်တော်များများဟာ အသက် ၂၅ မှာ သူတို့ဘာလုပ်ချင်တယ်ဆိုတာ သေချာမသိကြ သေးပါဘူး။
တချို့ကဘွဲ့ရပြီးမှသူတို့ရွေးခဲ့တဲ့ဘာသာရပ်ကို မကြိုက်တော့ဘူး။ တချို့ကအလုပ်ဝင်ပြီးမှ သူတို့လုပ်နေ တဲ့အလုပ်ဟာ သူတို့ဘဝတစ်လျှောက်လုပ်ချင်တဲ့အလုပ်မဟုတ်ဘူးဆိုတာ သိလာတယ်။ တချို့က Relationship တစ်ခုထဲဝင်ပြီးမှ ကိုယ့်အတွက်ဘယ်လိုလူမျိုးက သင့်တော်တယ်ဆိုတာသိလာတယ်။
တချို့ကစီးပွားရေးတစ်ခုလုပ်ပြီးကျရှုံးမှ ဘာတွေမလုပ်သင့်ဘူးဆိုတာနားလည်လာတယ်။ အဲဒါတွေဟာ အချိန်ဖြုန်းတာမဟုတ်ဘူး။ အတွေ့အကြုံရယူတာပါ။
ဘဝမှာ တစ်ခါတလေလမ်းမှားသွားတာဟာပြဿနာမဟုတ်ဘူး။
လမ်းမှားနေမှန်းသိပြီးတော့လည်း ဆက်လျှောက်နေတာက ပြဿနာ။
💥 အသက် ၂၅ မတိုင်ခင်သိထားသင့်တဲ့အရာတစ်ခု
မင်းဟာ မင်းရဲ့အလုပ်မဟုတ်ဘူး။ အလုပ်တစ်ခုပျက်သွားလို့မင်းဘဝမပျက်ဘူး။ Business တစ်ခုကျရှုံး သွားလို့ မင်းဟာကျရှုံးသူတစ်ယောက်မဖြစ်သွားဘူး။ Relationship တစ်ခုပျက်သွားလို့ မင်းရဲ့တန်ဖိုး မကျသွားဘူး။ Exam တစ်ခုကျလို့မင်းဘဝအဆုံးမဟုတ်ဘူး။ Interview တစ်ခုမအောင်လို့ မင်းဟာ မတော်တဲ့လူမဟုတ်ဘူး။ လူတစ်ယောက်က မင်းကိုငြင်းပယ်လို့ မင်းဟာချစ်ဖို့မထိုက်တဲ့လူ မဟုတ်ဘူး။ အသက် ၂၀ ကျော်ကာလမှာ လူငယ်တွေအများဆုံးလုပ်မိတဲ့အမှားတစ်ခုက ဖြစ်ရပ်တစ်ခုကို ကိုယ့်ရဲ့ Identity ဖြစ်အောင်လုပ်လိုက်တာပါ။
“ငါအလုပ်မရဘူး” ကနေ “ငါက အသုံးမကျဘူး” ဖြစ်သွားတယ်။
“ငါ Business ကျရှုံးတယ်” ကနေ“ငါက စီးပွားရေးလုပ်လို့မရဘူး” ဖြစ်သွားတယ်။
“သူက ငါ့ကိုမချစ်ဘူး” ကနေ “ငါက ချစ်ဖို့မကောင်းဘူး” ဖြစ်သွားတယ်။
ဒီလို မတွေးပါနဲ့။ လုံးဝမတွေးမိပါစေနဲ့။
မင်းရဲ့အတွေ့အကြုံတွေက မင်းကိုဖော်ပြနိုင်ပေမယ့် မင်းကိုအပြီးသတ်သတ်မှတ်ပေးလို့မရဘူး။
အောင်မြင်မှုရဲ့နောက်ကွယ်မှာ မမြင်ရတဲ့အချိန်တွေရှိတယ်။ တစ်နေ့မှာမင်းကိုယ်တိုင်လည်း ပြန်ကြည့်ရင်းအံ့ဩသွားနိုင်တယ်။
“အဲဒီအချိန်တုန်းက ငါဘာလို့ဒီလောက်စိတ်ပူခဲ့တာလဲ”
အသက် ၂၂ နှစ်တုန်းက စိတ်ပူခဲ့တဲ့အရာတွေထဲကတချို့ဟာ အသက် ၂၇ နှစ်ရောက်တဲ့အခါ အရေးမကြီးတော့ဘူး။
အသက် ၂၇ နှစ်တုန်းက စိတ်ပူခဲ့တဲ့အရာတွေထဲက တချို့ဟာ အသက် ၃၂ နှစ်ရောက်တဲ့အခါ အရေးမကြီးတော့ဘူး။
အဲဒါကြောင့် အခုမင်းရောက်နေတဲ့အခြေအနေကို အမြဲတမ်းဖြစ်နေမယ့်အခြေအနေလို့မယူဆပါနဲ့။
ဒီနေ့ငွေမရှိတာက နောက်ဆုံးဘဝအခြေအနေမဟုတ်ဘူး။ ဒီနေ့ မင်းရွေးချယ်ထားတဲ့အလုပ်မကောင်း တာက နောက်ဆုံးအလုပ်မဟုတ်ဘူး။ ဒီနေ့မသေချာတာက နောင်တစ်ချိန်လုံးမသေချာနေမယ်လို့ မဆိုလိုဘူး။ ဘဝဟာအမြဲရွေ့နေတယ်။ မင်းလည်းရွေ့နေတယ်။
ဒါဆို အသက် ၃၀ မတိုင်ခင် ဘာလုပ်သင့်လဲ။
ဆက်လက်ဖော်ပြပါမယ် --
ခေတ်သစ်လူ
စက်တင်ဘာ ၂ ရက်/၂၀၂၆ ခုနှစ်