13/10/2021
🖐🏻 လက်ဝဲလက်ယာနိုင်ငံရေးအယူအဆ 🖐🏻
🔅နိုင်ငံရေးလေ့လာတဲ့သူ တော်တော်များများဟာ လက်ဝဲနိုင်ငံရေးစနစ်နဲ့ လက်ယာနိုင်ငံရေးစနစ်ဆိုတဲ့ အခြေခံစနစ်နှစ်ခုကို သိကြပါလိမ့်မယ်။ နောက်ပိုင်းမှာတော့ လက်ဝဲ၊ လက်ယာ၊ အလယ်အလတ်ဆိုပြီး ရှိလာပါတယ်။
🔅အဲဒီသုံးခုပေါ်မူတည်ပြီး ဒီဘက်ခေတ်တွေမှာ လက်ဝဲစွန်း/လက်ယာစွန်း လို့ခေါ်တဲ့ Left/Right Wing Extremist တွေ၊ လက်ဝဲ/လက်ယာကိုမှ အလယ်အလတ်နဲ့နီးတဲ့ Center Left/Right တွေ ရှိလာပါတယ်။
🔅ဒါဆို လက်ဝဲ၊ လက်ယာဆိုတာ ဘာကိုခေါ်တာလဲ။ ဘယ်ကစပေါ်လာတာလဲဆိုတာ သိထားဖို့လိုလာပါတယ်။ ဒီ လက်ဝဲ၊ လက်ယာ အယူအဆဟာ သမိုင်းမှာ ၁၇၈၉ ခုနှစ်ကနေ ၁၇၉၉ ခုနှစ်ထိ ဆယ်နှစ်ကြာကာလရှည်ကြီးဖြစ်ခဲ့တဲ့ ပြင်သစ်တော်လှန်ရေးအပြီး လွှတ်တော်တွင်း နေရာထိုင်ပုံကနေ ပေါ်ပေါက်လာတာပဲ ဖြစ်ပါတယ်။
🔅အဲဒီလွှတ်တော်ရဲ့ လွှတ်တော်အမတ် ၇၄၅ ယောက်မှာ ၂၆၄ ယောက်ဟာ တော်လှန်ရေးပြီးသွားတဲ့နောက်မှာ အရင်ဘုရင်စနစ်ဟောင်းကိုပဲ ကြိုက်ကြလို့ ရှေးရိုးစွဲသမား(Conservative)လို့ ခေါ်ကြပါတယ်။ အဲဒီရှေးရိုးစွဲ ဘုရင်ကိုထောက်ခံတဲ့သူတွေဟာ လွှတ်တော်ရဲ့ ညာဘက်ခြမ်းမှာ ထိုင်ကြပါတယ်။
🔅ဘုရင်ကိုမထောက်ခံတဲ့ ကျန်တဲ့သူတွေကတော့ လွှတ်တော်ရဲ့ဘယ်ဘက်ခြမ်းမှာ နေရာယူဆွေးနွေးမှုတွေပြုရာကနေ လက်ဝဲဘက်ကလူ၊ လက်ယာဘက်ကလူဆိုတဲ့ အပြောအဆို၊ အတွေးအခေါ်၊ အယူအဆတွေ ပေါ်ပေါက်လာတာပဲ ဖြစ်ပါတယ်။
🔅အဲဒီအချိန် ပြင်သစ်တော်လှန်ရေးဟာ အခြေခံလူတန်းစားတွေအတွက် အခွင့်အရေးလုံးဝမရခဲ့ပါဘူး။ ဒါကြောင့်မို့လို့ အခြေခံလူတန်းစားတွေဟာ ဘုရင်စနစ်ကို မထောက်ခံဘဲ တော်လှန်ရေးဆက်လုပ်ချင်ကြတဲ့ လက်ဝဲနိုင်ငံရေးသမားတွေကို ထောက်ခံခဲ့ကြပါတယ်။
🔅ဒီလိုနဲ့ ပြည်သူ့လွတ်လပ်ရေးဝါဒ၊ ဘာသာရေးလွတ်လပ်ခွင့်ဝါဒ စတဲ့ ပြုပြင်ပြောင်းလဲရေးသမားတွေဟာ လက်ဝဲဝါဒကို လက်ခံသူတွေ ဖြစ်လာကြပြီး အာဏာအမိန့်ကို ဦးစားပေးလို့ အမျိုးသားအကျိုးစီးပွါးအတွက်ဆိုတဲ့လူတွေဟာ လက်ယာသမားတွေ ဖြစ်လာပါတယ်။
🔅လက်ဝဲသမားတွေဟာ ဘုရင်စနစ်ကို မထောက်ခံသူတွေဖြစ်သလို ခုခေတ်မှာဆိုလဲ အုပ်ချုပ်သူတွေ၊ အစိုးရတွေကို လုံးဝမရှိတော့တဲ့ အခြေအနေအထိ ရောက်စေချင်တဲ့သူတွေ ဖြစ်ပါတယ်။ လက်ဝဲစွန်းမှာရှိတဲ့ Anarchism ဆိုတာလဲ ဒီသဘောတရားပါပဲ။
🔅လက်ယာဝါဒီတွေကျတော့ အုပ်ချုပ်ရေးတစ်ခုကို အားကောင်းစေချင်ပြီး လူတွေကို အဲဒီယန္တရားအောက်မှာ ထိန်းကျောင်းမောင်းနှင်လိုတဲ့သူတွေ ဖြစ်ကြပါတယ်။ အာဏာကသာ အခရာဖြစ်သွားတာမို့ အာဏာရှင်စနစ်တွေ ဖြစ်ပေါ်လာပါတယ်။ ဖက်ဆစ်စနစ်ဆိုတာ လက်ယာစွန်းစနစ်ပဲ ဖြစ်ပါတယ်။
🔅နိုင်ငံရေးကစားကြတဲ့အခါမှာတော့ တစ်သမတ်တည်းမသွားကြတာမျိုးတွေလဲ ရှိပါတယ်။ အောက်ခြေကစလာတဲ့ လက်ဝဲအဖွဲ့အစည်း/လူတစ်ယောက်ဟာ အထက်ပိုင်းရောက်လာတဲ့အခါ လက်ယာဖြစ်သွားတတ်သလို အထက်မှာရှိနေခဲ့တဲ့လက်ယာဝါဒီဟာ အောက်ပြန်ကျသွားတဲ့အခါ လက်ဝဲပြန်ဖြစ်သွားတတ်တာမျိုးတွေလဲ ရှိနေပါသေးတယ်။
🔅ဥပမာပြောရရင် ပြင်သစ်တော်လှန်ရေးမှာ အစက အရင်းရှင်တွေနဲ့ ဘူဇွာတွေဟာ ဈေးကွက်လွတ်လပ်ခြင်းကို အထောက်အပံပေးပြီး လက်ဝဲဘက်ခြမ်းမှာ ရှိနေပေမဲ့ နောက်ပိုင်း ဘုရင်စနစ်ကိုဖြုတ်ချလို့ အရင်းရှင်စနစ် တဖြည်းဖြည်းကြီးမားလာတဲ့အခါမှာတော့ မူလလက်ဝဲဝါဒကနေ သွေဖည်လာပြီး လက်ယာဘက်ကို ရောက်လာပါတော့တယ်။
🔅သမိုင်းတစ်ခေတ်မှာ နာမည်ကြီးခဲ့တဲ့ နာဇီပါတီဟာဆိုလဲ နဂိုမူလအဓိပ္ပါယ်ဟာ အမျိုးသား ဆိုရှယ်လစ် ဂျာမနီ အလုပ်သမားပါတီဆိုပြီး အာဏာမရခင်အချိန်တွေမှာ လက်ဝဲဆန်ဆန် ပြုပြင်ပြောင်းလဲရေးတွေကို ကြွေးကြော်လုပ်ကိုင်ခဲ့ပေမဲ့ အာဏာတွေရလာတဲ့အခါမှာတော့ လက်ယာစွန်းအဖွဲ့အစည်းတစ်ခု ဖြစ်သွားတာကို တွေ့မြင်နိုင်ပါတယ်။
🔅ဒါကြောင့် အမေရိကန်မှာဆို အလယ်ဘက်သန်းတဲ့ Democratic Party နဲ့ Conservative ဖြစ်တဲ့ Republican Party တို့ဟာ အားပြိုင်ရင်း သမ္မတနေရာကို တစ်လှည့်စီယူထိန်းညှိနေတာကို တွေ့ရပါတယ်။ ဒီမိုကရက်တစ်က အိုဘားမား၊ ရီပဘလစ်ကန်က ထရမ့်၊ ခုနောက်ဆုံး ဒီမိုကရက်တစ်က ဂျိုးဘိုင်ဒန် တို့နဲ့ အစွန်းမရောက်အောင် ညှိယူနေတာကို တွေ့ရပါတယ်။
🔅ဒါပေမဲ့ လက်ဝဲအမည်ခံပြီး အာဏာရှင်စနစ်နဲ့ အုပ်ချုပ်နေတဲ့နိုင်ငံတွေလဲ ရှိပါတယ်။ တရုတ်နဲ့ ရုရှားနိုင်ငံတို့ဟာ သူတို့ရဲ့နိုင်ငံရေးကို ဆိုရှယ်လစ်စနစ်လို့ ဆိုထားကြပေမဲ့ တကယ်တမ်းတော့ အာဏာနဲ့အုပ်ချုပ်နေတဲ့ အာဏာရှင်စနစ် ဖြစ်ခဲ့ဖူးပါတယ်။ ဒါကြောင့်မို့ သူတို့ရဲ့နိုင်ငံရေးကို လက်ဝဲအာဏာရှင်စနစ်(Authoritarian-left)လို့ ပြောလို့ရပါတယ်။
🔅မြန်မာနိုင်ငံဟာလဲ ဦးနေဝင်းလက်ထက်မှာ လက်ဝဲအာဏာရှင်စနစ် ဖြစ်ခဲ့ပါတယ်။ 'Burmese Way to Socialism' ဆိုပြီး ပုဂ္ဂလိက စီးပွါးရေးကို ပြည်သူပိုင်သိမ်းတာတွေ၊ ကမ္ဘာကြီးနဲ့ အဆက်အသွယ်ဖြတ် တံခါးပိတ်ဝါဒကျင့်သုံးခဲ့တာတွေကြောင့် တိုင်းပြည်ဟာ ဆင်းရဲတွင်းနက်ခဲ့ရပါတယ်။
🔅မြန်မာ့နိုင်ငံရေးဟာ အပြောင်းအလဲများပါတယ်။ ဦးသန်းရွှေ၊ ဦးခင်ညွန့်တို့လက်ထက်မှာတော့ နိုင်ငံရေးကို စီးပွါးရေးနဲ့ တွဲမြင်လာကြပါတယ်။ ခရိုနီလူတန်းစားတွေပေါ်လာပြီး အပစ်အခတ်ရပ်ဆဲရေးကို စီးပွါးရေးဆန်ဆန် စလုပ်လာပါတယ်။ လက်ဝဲအာဏာရှင်စနစ်ကနေ လက်ယာဘက်ကို ပြောင်းလဲလာပြီး Capitalism အသွင် ဆောင်လာပါတယ်။
🔅တဖြည်းဖြည်းနဲ့ မြန်မာနိုင်ငံမှာ လက်ယာစွန်းတွေ မသိမသာများပြားလာပြီး လူမျိုးကြီးဝါဒက စိုးမိုးလာပါတယ်။ ဗမာလူမျိုးများပြီး အာဏာပိုင်တွေကိုက ဗမာလူမျိုးကြီးဝါဒကို စွဲကိုင်ထားတဲ့အတွက် ဗမာလူမျိုးကြီးဝါဒ အားကောင်းနေပေမဲ့ ကျန်တဲ့တိုင်းရင်းသားတွေမှာလဲ အမျိုးသားရေးဝါဒတွေ ကိန်းအောင်းနေတာကို သေချာကြည့်ရင် တွေ့နိုင်ပါတယ်။
🔅ခုတော်လှန်ရေးမှာလဲ အာဏာရှင်စနစ်အလွန်ကို ဦးတည်တယ်ဆိုရင် ဒီလို လူမျိုးကြီးဝါဒကို ထိန်းချုပ်ရပါမယ်။ ဘယ်လူမျိုးမှာမဆို ကိုယ့်လူမျိုး၊ ကိုယ့်ဘာသာကို ရှေ့တန်းတင်ချင်တဲ့စိတ်ရှိနေတာကြောင့် အဲဒီစိတ်ဟာ အားကောင်းလာခဲ့ရင် လက်ယာစွန်းရောက်သွားမှာပဲ ဖြစ်ပါတယ်။
🔅နိုင်ငံရေးဆိုတာ ဘယ်ဘက်မှအစွန်းမရောက်တာ ပိုကောင်းပါတယ်။ ဒါပေမဲ့ အစွန်းမရောက်ရင်လဲ နိုင်ငံရေးလုပ်လို့ မရပါဘူး။ လူ့သဘောသဘာဝအရကိုက တစ်ဖက်ဖက်ကို ပိုယိမ်းတတ်တဲ့သဘောလေးတွေ ရှိတာကြောင့် လက်ဝဲသန်တဲ့သူ လက်ယာသန်တဲ့သူ စတာတွေကတော့ ရှိနေအုံးမှာပဲ ဖြစ်ပါတော့တယ်။
#နိုင်ငံရေး