22/10/2025
ကျောက်နွားသိုးတောင်ခရီး (၄)
--------
ဦးကိုမောင်
--------
တစ်နာရီခန့်နားပြီး ဆက်ထွက်လာကြ၏။ တောကြီးကား နေပြောက် မထိုးနိုင်အောင် မှိုင်းမှုံစွာ အုံ့ဆိုင်းနေသည်မို့ အောက်ခြေရှင်းသောနေရာကို ရွေး ချယ်ကာ သွားကြရသဖြင့် ခရီးမတွင်လှချေ။ ကုန်းတက်ကုန်းဆင်း တောတိုးခြုံ ထွင်ဖြင့် လာခဲ့ကြရာ မကြာမီ လမ်းဖုံဖုံလေးတစ်ခုကို တွေ့ကြရ၏။
တောင်ပေါ်ကရင်ရွာအိမ်စုလေးတစ်ခုသို့ နှစ်နာရီခန့်အကြာမှာ ရောက် သွားကြလေသည်။ ကျော်သိန်းက လူကြီးကိုမေးမြန်း၍ ခရီးစဉ်အကြောင်း ပြောပြ သည်။ ကရင်အဖိုးကြီးကလည်း လက်ညှိုးတထိုးထိုးဖြင့် ပြန်ဖြေသည်။ ထို့နောက် သူ့အိမ်သို့ခေါ်သွားကာ ရေနွေးကြမ်းစသည် တည်ခင်း၏။ ထွန်းမြိုင်တို့က တော ဆိတ်သားကြပ်တင်အချို့ကို လက်ဆောင်ပေးလိုက်သည်။
ကျွဲကူးရွာက ထွန်းမြိုင်မိတ်ဆွေသူကြီးကို မေးကြည့်ရာ သူနှင့်အမျိုး တော်သည်။ မြောက်ဘက်မှာ လေးတိုင်ခန့်ဝေးသည်ဆို၍ ထွန်းမြိုင် အားရှိသွား ၏။ လူလွှတ်ပြီး သွားခေါ်ပေးရမလားဟု မေးသည်။ မခေါ်ခိုင်းတော့ပဲ ခရီးဆက် မည်။ ကျောက်နွားသိုးတောင်ကို သုံးတိုင်ဝေးသေးသည်။ အပြန်ဝင်လာမည်ဟု ပြော၍ ဆက်ထွက်လာခဲ့ကြ၏။
တောင်မြင့်ကြီးများမရှိသောကုန်းကြီးဖြစ်၍ ခရီးကပိုတွင်လာလေသည်။ ထွန်းမြိုင်တို့ခြေလှမ်းနှင့် တစ်နာရီခရီးကို နှစ်နာရီသာသာ လျှောက်လိုက်ကြရ သည်။ နေဝင်စမှာ ကျောက်နွားသိုးတောင်ခြေရောက်သွားကြလေသည်။ ထိုနေ့ တစ်နေ့လုံး ရှစ်နာရီသာသာလမ်းလျှောက်ခဲ့ကြရသဖြင့် လူတွေအကုန်ပင်ပန်းနေ ကြပြီ ဖြစ်သည်။
ကျောက်ကမ်းပါးတစ်ခုကို နောက်ကျောပေးကာ နေရာယူလိုက်ပြီး နောက်၊ ထင်းမီးဖိုစသည်စီစဉ်လိုက်ကြကာ ထမင်းအကျန်ကို စားဖို့ပြင်ဆင်သည်။ မစားမီ မြကြီးပြင်ဆင်လာသော မြင့်အောင်လေးတစ်လုံးနှင့် ပင်ပန်းသမျှ ခွက် လှည့်လိုက်ကြလေတော့သည်။
UUUUU
လုပ်ရိုးလုပ်စဉ်အတိုင်း ဦးစံပွင့်က ဖယောင်းတိုင် သုံးတိုင်ထွန်းကာ ဘုရားရှိခိုး၊ မေတ္တာပို့ အမျှဝေလုပ်ကြသည်။ ထိုညက အထူးရွတ်ဖတ်နေသည်ကို လည်း ကြားရ၏၊ ကျောက်ဆောင်ကြီးက အမိုးလိုဖြစ်နေသည်မို့ သူတို့တစ်ခြမ်း ထွန်းမြိုင်တို့တစ်ခြမ်း နေရာယူကြသည်။ မီးဖိုကြီးက နှစ်ဖိုဖြစ်၏။ ခွေးများက တော့ ထမင်းကျွေးပြီးချိန်ထဲက ကြိုးချည်ထားလိုက်သည်မို့ သူတို့မီးဖိုလေးနားမှာ ကွေးနေကြလေပြီ။
ညက တစ်ဖြည်းဖြည်းနက်လာသည်။ ထုံးစံအတိုင်း ညသတ္တဝါတို့၏ အသံမျိုးစုံတို့က တောကို ပို၍လေးနက်စေသည်ထင်ရ၏။ ဒီးဒုတ်ဖိုမ အချီအချ အော်သံ၊ လသာညမို့ လင်ကောင်ပိုးတို့၏ငှက်ဆိုးထိုးသံ၊ ဂျီဟောက်သံများ ပုံမှန် လိုလိုကြားနေရ၏။ တစ်နေ့လုံး နေလှန်းချိန်မရသော တောဆိတ်သားတို့ကို ကြပ် စင်ဆောက်၍ တင်ထားရသည်။ မြကြီးကတော့ ဆိတ်သားကို နောက်တစ်နေ့စာ အတွက် ချက်ပြီးပြီ။ ထမင်းလည်း ချက်ပြီးပြီ။ နှင်းစက်တို့ တပေါက်ပေါက်ကျနေ သံကြားရ၏။ သန်းခေါင်ကြက်တွန်ချိန်မှာ ထွန်းမြိုင်လည်း ငိုက်စပြုလာသည်မို့ ထမင်းစားပြီးထဲက တန်းအိပ်ပျော်သွားသော ကျော်သိန်းကို နှိုးလိုက်သည်။
ထို့နောက် ခေတ္တခဏကျောဆန့်ရင်း အိပ်ပျော်သွားလေသည်။ ထိုညက မိုးလင်းလုလု လင်းကြက်တွန်ချိန်မှာတော့ သူတို့အားလုံးရောင်နီကို အသင့်ကြိုဆို နေကြလေပြီ။ ဦးစံပွင့်ရွတ်ဖတ်နေသည်များက အတော်ကြာလှပြီဖြစ်သည်။ သူတို့ သိပ်နားမလည်။ စုန်းဆိုသောစကားလုံးကိုတော့ နားလည်သည်။
"ဣန္ဒဇော်ဂနီ၊ ယက္ခဇော်ဂနီ၊ ဗျဂ္ဃဇော်ဂနီ၊ ဒေဝဇော်ဂနီစသည့် ဇော်ဂနီ လေးမျိုးကို အထူးမေတ္တာပို့ပါသည်၊ သက်ဆိုင်ရာလမ်းမှန်ကို ညွှန်ပြပြေးကြပါရန် တိုင်တည်ပါ၏"
"အသီးအပွင့်စား ရွာသူ မြေစုန်း
အချိုအချဉ်စား နဖားတပ်ခေါင်းစုန်း
မစင်ချေးခြောက်စား စင်ကွပ်မျိုးကိုယ်စုန်း
အသွေးအသားစား စုန်းမ ခေါ် မောက်လုံးစုန်း
အူအသည်းစား မောက်ပြားစုန်း ခေါ် ရွာသမီး
ကဝေမြောက်စုန်းခေါ် ခေါင်ချုပ်ကဝေ
၃၇ မင်းကို စေနိုင်သူကိုလည်းကောင်း
အိန့်တလိန်းစုန်း ခေါ် စုန်းတို့အချုပ် ဇော်ဂနီကိုလည်းကောင်း..........
ဖိတ်ခေါ်တင်မြှောက်ပါ၏၊ ပသပါ၏ အနှောင့်အယှက်ကင်းစွာ တွေ့ရှိရပါလို၏၊
ပြုသမျှ ကုသိုလ်တို့ကိုလည်း တောပိုင်တောင်ပိုင်ကွင်းပိုင်မှ အစ မကျွတ်မလွတ် သေးသော အစိမ်းသရဲ၊ မြေဖုတ်ဘီလူး၊ ပြိတ္တာ၊ အသူရကာယ်အစရှိကြကုန်သော"
ဦးစံပွင့်၏ အသံက တိုးလိုက်ကျယ်လိုက်ကြားနေရသည်။
"ကဝေတွေ စုန်းတွေလည်း စုံလင်နေတာပဲဗျ ကျောတောင်ချမ်းမိတယ်" ဟု မြကြီးက မှတ်ချက်ပြုသည်။ ထွန်းမြိုင်က အထူးမပြော။
"သူတို့အလုပ် သူတို့လုပ်နေတာပဲကွာ ကိုယ်နဲ့ မဆိုင်ပါဘူး" ဟုသာ ဆို သည်။
မကြာမီ တင်မြှောက်ခြင်းများ ပြီးသွား၏။ ဦးစံပွင့်က ထွန်းမြိုင်အနား လာထိုင်၏။ ကျောက်နွားသိုးတောင်သည် သိပ်မမြင့်လှပေ။ ကုန်းကမူအကြီးစား တစ်ခုလို ထီးထီးတည်ရှိလေသည်။
"မောင်ထွန်းမြိုင်အကူအညီနဲ့ ဒီကိုရောက်လာတာ ဝမ်းသာမိတယ်၊ အခု ကိစ္စတွေက ရှေးခေတ်အခါက ဂမ္ဘီရအစီအစဉ်တွေမို့ သူတို့လမ်းစဉ်အတိုင်း အချို့ ကို လေ့လာပြီး အစပြန်ရှာရတာပဲ"
"ဒီနေ့ စရေဓါတ်ပေါ်တဲ့အချိန်က မနက်ကိုးနာရီမို့ မနက်ကိုးနာရီမှ တောင်ပေါ်ကို တက်ကြပါမယ် အခုစောသေးတယ်" ဟုပြောကာ သူ့တပည့်များ အနီးသို့ ပြန်သွား၏။ ထွန်းမြိုင်က သူ့လူများနှင့် တောင်တက်လမ်းကို အကဲခတ် ရန် ထွက်သွားကြလေသည်။
"သူတို့က ကိုးနာရီမှာ စရေဓါတ်ပေါ်ချိန်အလုပ်စမယ်တဲ့ကွာ၊ ခုမှ ခုနစ် နာရီတောင် ထိုးဦးမယ်မထင်ဘူး"
"စရေဓါတ်ပေါ်တယ်ဆိုတာက ဘာလဲ ကိုထွန်းမြိုင်" ဟု မြကြီးက မေး သည်။
"ငါလည်း ဘယ်သိမလဲကွ သူပြောတာကိုသာ မင်းတို့သိအောင် ပြောပြ တာ" ဟု ထွန်းမြိုင်က ဖြေလိုက်သည်။
"ဂူပေါက်က ဟိုဘက်ခြမ်းမှာကွ၊ ငါ ဟိုတုန်းက ရောက်ဖူးတယ် သဘာဝ ဂူကြီးပါ၊ သိပ်တော့မကြီးလှဘူး ဆယ်တောင်လောက်တော့ ရှည်မယ်" ဟု ထွန်းမြိုင်က ပြောပြလိုက်လေသည်။
"တောင်က နိမ့်နိမ့်လေးပါဗျာ၊ တက်ရလှ နာရီဝက်ပေါ့ ဂူကို အရင်သွား ကြည့်ရအောင်၊ အကောင်ပလောင်လေးဘာလေး ရှိလိုရှိငြားပေါ့ မကောင်းဘူး လား" ဟု ကျော်သိန်းက ပြောလိုက်ရာ ရှေ့ကလမ်းထွင်နေသော မြကြီးလည်း တောင်ကို ပတ်ဖို့ လမ်းထွင်သွားလေတော့သည်။
နာရီဝက်သာသာသွားပြီးမှ ဂူပေါက်ဝနားသို့ ရောက်သွား၏။ ခြုံနွယ် ပိတ်ပေါင်းများ ထူထပ်စွာ ပိတ်ဆို့နေ၏။ ကြိမ်နွယ်တို့ကလည်း ပါသေးသည်မို့ အလွယ်တကူနှင့် ရှင်းမရ။ သုံးယောက်သား နာရီဝက်လောက်ကြာပြီးမှ ဂူပေါက် ပွင့်အောင် လုပ်နိုင်ကြလေသည်။ မြကြီးက ကြိမ်နွယ်ချောင်းဖြင့် အထဲသို့ပစ်၍ အကောင်ပလောင်များ ရှိမရှိစမ်းသပ်သည်။
"ကြည့်မနေပါနဲ့ကွာ ဒီလောက်တောင်ကြိမ်နွယ်တွေ ပိတ်နေတာ မင်း တွေ့ရင် ကြွက်နဲ့မြွေပဲတွေ့ရမယ်" ဟု ထွန်းမြိုင်က ပြောလေသည်။
"အနံ့သိပ်မကောင်းဘူးကွ ဓါတ်မီးကလည်း ယူမလာမိဘူး၊ မီးဖိုကွာ အတွင်းပိုင်းမြင်ရအောင်"
ထွန်းမြိုင်က ပြောလိုက်သည်။ ဝါးကိုင်းသစ်ကိုင်းခြောက်များစု၍ မီးဖို လိုက်ကြ၏။ အလင်းရောင်က တဖြည်းဖြည်းလင်းလာသည်။ ဂူအဆုံးကား လူ တစ်ကိုယ်စာသာသာဖြစ်သည်။ ထိုနေရာကိုမှီ၍နေသော တစ်စုံတစ်ခုကိုမြင်ကြရ ၏၊ အလင်းရောင်ကလည်း အားနည်းသည်။ ဂူကလည်း အကျယ်ကြီးမဟုတ်ချေ။
"အဝမှာ မီးဖိုကြီးဖိုခဲ့ကွာ၊ အကောင်ပလောင်မဝင်အောင်ပေါ့ ငါတို့ပြန် ဆုတ်မယ်၊ သူတို့ကို တောင်ပေါ်ထားပြီးမှ တို့ကပြန်လာကြမယ်" ဟု ထွန်းမြိုင်က ပြောဆိုပြီး စုရပ်ကို ပြန်လာခဲ့ကြလေ၏။
မကြာမီ တောင်တက်ခရီးကို စလိုက်သည်။ မြကြီးက လမ်းထွင်ပေး သည်။ မိနစ်သုံးဆယ်ခန့်အကြာမှာတော့ ဦးစံပွင့်ပြောသော ရှေးအုတ်ချပ်များ စီ ထားရာ နေရာသို့ ရောက်သွားကြလေသည်။ မြို့သားတို့ကား တစ်နာရီနီးပါးတက် ကြရ၏။
"ဆက်တက်သွားကြဦးမလား ဒီနေရာပဲလား" ဟုမေးရာ
"ဒီနေရာပါပဲ မင်းတို့ပြန်ချင်ပြန်ကြပါ၊ ထမင်းစားချိန်မှ ပြန်ဆင်းလာခဲ့ မယ်" ဟု ဦးစံပွင့်က ပြောလိုက်၍ ထွန်းမြိုင်တို့အဖွဲ့က ပြန်ဆင်းကာ ဂူသို့ ပြန် လာကြသည်။
မီးဖြင့် ထိုးကြည့်လိုက်ရာ "ဟာ" "ဟင်" "ဟယ်" သုံးဦးသား သံပြိုင် ထွက်သွားကြလေသည်။
Y Y Y