12/03/2021
မျှော်လင့်ခြင်းတည်းဟူသော ရသကို ငါတို့ မြည်းစမ်းပြီးသည့်နောက်
လစ်ဗျားစာဆို ခါလက် မတ္တာဝါ (၁၉၆၄)
မြန်မာပြန် - စိုင်းစမ်ခမ်း
ပုန်းကွယ်ရာနေရာမှ ငါတို့ထွက်လာပြီးသည့်နောက်၊
ငါတို့၏ဝိဉာဥ်ဖြင့် တည်အပ်သော ဂူသချိုင်းဝယ်၊
အဘယ်ကြောင့် တဖန် ငါတို့ နေကြပါအံ့နည်း။
အပိုင်းပိုင်းကျိုးကြေလျက်ရှိသော ငါတို့၏ခန္ဓာကိုယ်ကို
ဆုတောင်းပတ္ထနာပြုခြင်း ဖြေသိမ့်ခြင်းအားဖြင့်
ပြန်လည်ပြင်ဆင် ကုစားခဲ့ပြီ။
ငါတို့ခန္ဓာမှ ဆွဲငင်ဆုတ်ဖြဲခဲ့သော ထိုအပိုင်းအတစ်တို့သည်
အသားစိုင်များမှလွဲ၍ မည်သည့်အရာ ဖြစ်ပေအံ့နည်း။
မျှော်လင့်ခြင်းတည်းဟူသော ရသကို ငါတို့မြည်းစမ်းပြီးသည့်နောက်၊
အဖော်အပေါင်းတို့၏ ဒဏ်ရာများကို
ငါတို့၏ တစုတပေါင်းတည်း ညီညွတ်ခြင်း မော်ကွန်းတေးတို့ဖြင့်
တယောက်တလှည့် ဆေးကြော ကြပ်စည်းပြီးသည့်နောက်၊
အာခံတွင်းထဲ ငုံထားသည့် ဝိုင်တကျိုက်အားဖြင့်
နှုတ်ကို တင်းတင်းစေ့၍ ထာဝရပိတ်ထားရန်
ငါတို့ မလိုလားကြကုန်အံ့လော။
တခုတည်းသော အိပ်မက်ကို အတူမက်ခဲ့ကြပြီးနောက်၊
ထောင်ချီသော တံလျှပ်တို့၏ မာယာကြားမှ စစ်မှန်သောရေကို အတူရှာဖွေ တွေ့ရှိကြပြီးနောက်၊
သူရိယနေမင်း၏ မျက်မှောက်မှ ငါတို့ အဘယ်ကြောင့် ပြေးပုန်းရပါအံ့နည်း။
သို့တည်းမဟုတ် အမိုက်အမှောင်၏ လမ်းဆုံးကို ငါတို့အတူ လွန်မြောက်ကြပြီးနောက်၊
မဲမှောင်သည့် ညခင်းကောင်းကင်ကို ငါတို့ အဘယ်ကြောင့် ကြောက်ကြကုန်အံ့နည်း။
ငါတို့၏ သေခြင်းအားဖြင့် အဖန်ဖန် အသက်ပြန်ရှင်ကြပြီးနောက်
မရဏသေမင်း၏ အရိပ်အောက်ဝယ် ငါတို့ အဘယ်ကြောင့် ရှင်သန်နေထိုင်ကြကုန်အံ့နည်း။
သင်တို့ ကြားကြကုန်လော့ ဇိုဝိရာ၊ ဘေဒါ၊ အာ့ဂျ်ဒါဗျာ၊ တိုဘရုခ်၊ နာလွတ် မြို့အပေါင်းတို့၊
သင်တို့ ကြားကြကုန်လော့ ဒါနာ၊ မူစရတ္တာ၊ ဘင်္ဂါဇီ၊ ဇင်သန် မြို့အပေါင်းတို့၊
သင်တို့ ကြားကြကုန်လော့ ငါ၏ သွေးကြောချဉ်ဆီတို့၌ ဖွဲ့တည် ပြည့်လျှံနေသော
အိုးအိမ်၊ လမ်းမြောင်၊ အိမ်တလင်းပြင်၊ မင်းလမ်းမ အပေါင်းတို့
တနေ့သောအခါ များမကြာမီကာလ၌
လွတ်လပ်သော သင့်နေ့ခင်း အလင်းအောက်ဝယ်၊
မြင့်မားတင့်တယ်သော သင်၏သစ်ရိပ်ဝါးရိပ်အောက်ဝယ်၊
အာဇာနည်ရင်ပြင်၌ တည်ထားအပ်သော ပလ္လင်ထက်ဝယ်၊
ဖော်ယူလာသည့် သင့်သူရဲကောင်း ရုပ်ကြွင်းတို့ စံပယ်ကြကုန်အံ့။
ချစ်သူခင်သူအပေါင်းတို့သည်လည်း တယောက်လက်ကိုတယောက် ဆုပ်ကိုင်ထားကြကုန်အံ့။
စီးဆင်းအပ်သော သွေးတို့ကပေးသည့် အသက်ဓတ်ကို ငြင်းပယ်လျက်
သေဆုံးကြကုန်သည့် အာရုံကြောတို့၏ အကြောင်းကို ရှည်ဝေးစွာ ငါသည် စိတ်ကူးစူးစမ်းကြည့်ရန် မလိုပေ။
မျှော်လင့်ချက် စိုးစဉ်းမျှမရှိသည့် မြင်ကွင်းတို့ကို မြင်ယောင်ကြည့်ရန် ငါ၏အတိတ်ကို နက်ရှိုင်းစွာ တူးဆွကြည့်ရန် မလိုပေ။
သို့သော်ငြားလည်း ယခုအခါ ငါသည် မျှော်လင့်ခြင်းတည်းဟူသော ရသကို မြည်းစမ်းပြီးသည့်နောက်၊
ငါ၏ ကြမ်းတမ်းသော အပြစ်ကင်းခြင်းတရားက ငါ့ကို ထွေးပွေ့ယုယခြင်းအား ငါသည် စုံမက်စွာ ခံယူခဲ့ပြီ။
မကုန်ဆုံးနိုင်အောင် ရှည်လျားသည်ဟု ထင်မှတ််ခဲ့သော ငါ့ရာစုနှစ်တို့သည် မည်မျှရှည်လျားခဲ့ပါသနည်း။
ငါသည် ရေတွက်ခြင်းအလို့ငှါ စိတ်မပါတော့။
ငါသည် တိုင်းတာရန်အလို့ငှါ စိတ်မပါတော့။
နိုင်လိုမင်းထက်တရား ခါးသက်သော ပေါင်မုန့်သည် မည်မျှတူးခါးခဲ့ပါသနည်း။
ငါသည် တဖန်ပြန် အမှတ်ရရန်အလို့ငှါ စိတ်မပါတော့။
သွေးတို့သွန်းလောင်း၍ ပင်ပန်းကြီးစွာ ရုန်းကန်ကြိုးစားခဲ့ကြပြီးနောက် လက်ဝယ်ပိုင်ပိုင်ရောက်သည့်
မျှော်လင့်ခြင်းတည်းဟူသော ရသကို ငါတို့မြည်းစမ်းပြီးသည့်နောက်၊
အခြားသော ဘဝတဏှာတို့ကို ခင်တွယ်စရာဟူ၍ ရှာဖွေကြရမည် ဆိုပါက၊
အခြားတပါးသော လူဖြစ်ခြင်းတရားတို့ကို ရှာဖွေကြရမည် ဆိုပါက၊
ငါတို့သည် အမြန်ဆုံး သေရန်ကိုသာ တောင့်တကြကုန်၏။