07/04/2021
ကလေးမြို့ ဆန္ဒပြသူတွေရဲ့ခံတပ်ဖြိုခွဲခံရ၊ ၈ ဦး သေဆုံး
~~~~~~
■ စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ ဆန္ဒပြသူတွေ အခိုင်အမာ ဆောက်လုပ်ထားတဲ့ ပင်မခံတပ်ကို အာဏာသိမ်းစစ်ကောင်စီတပ်တွေ အလုံးအရင်းနဲ့ ဒီကနေ့ ပစ်ခတ်ဖြိုခွဲခဲ့တာကြောင့် သေနတ်ကျည်ထိမှန် သေဆုံးသူ ၈ ဦးအထိရှိသွားပြီလို့ ဒေသခံတွေက RFA ကိုပြောပါတယ်။
သေဆုံးသူ ၅ ယောက်ရဲ့ အလောင်းကိုပဲ ရပ်ကွက်နေသူတွေပြန်ရထားပြီး ကျန်တဲ့သုံးလောင်းကတော့ စစ်ကောင်စီတပ်တွေက ကောက်သွားတယ်လို့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။
သေနတ်ကျည်ထိမှန်ပြီး ပြင်းပြင်းထန်ထန် ဒဏ်ရာရတဲ့သူတွေလည်း အများကြီးရှိနေပါတယ်လို့ဆိုပါတယ်။
စစ်ကောင်စီတပ်အင်အား ရာနဲ့ချီဟာ ပင်မခံတပ်ဖြစ်တဲ့ တာဟန်းခံတပ်ကို ဒီမနက်အစောပိုင်း ၅ နာရီကစပြီး ဖြိုခွဲနေတာဖြစ်ပြီးတော့ လက်နက်ကြီးတွေနဲ့ပါ ပစ်ခတ်တယ်လို့ ဒေသခံက ပြောပါတယ်။
ဒီနေ့မနက် ၁၀ နာရီအထိ ကလေးမြို့က ဆန္ဒပြတဲ့သူတွေ ငြိမ်းငြိမ်းချမ်းချမ်းဆန္ဒပြခွင့်ရှိပြီး ပစ်ခတ်မှုတွေ မလုပ်ဘူးလို့ ဆန္ဒပြခေါင်းဆောင်တွေကို စစ်ကောင်စီတပ်ဖွဲ့ တာဝန်ရှိသူတွေက ပြောဆိုခဲ့ပြီးနောက် အခုလိုဖြိုခွဲခံရတာလို့ ဆိုပါတယ်။
ကလေးမြို့မှာ စစ်ကောင်စီတပ်က နေ့တိုင်းဆက်တိုက်ဖြိုခွင်းနေတာကြောင့် တာဟန်းရပ်ကွက်ထဲမှာ ဆန္ဒပြပြည်သူတွေပေါင်းပြီးပင်မ တပ်စခန်းတစ်ခုကို မတ်လ ၂၇ ရက် နေ့ကတည်းက အခိုင်အမာ တည်ဆောက်ထားတာဖြစ်ပါတယ်။
ဒီနေ့ ပစ်ခတ်ခံရမှုတွေပြီးနောက် ဒီခံတပ်ရဲ့ အကာအရံတွေကိုလည်း မြေထိုး ဘတ်ဖိုးကားနဲ့ဖယ်ရှား ရှင်းလင်းလိုက်တယ်လို့သိရပါတယ်။
ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းချိန်ကစလို့ ဒီနေ့အထိ စစ်ကိုင်းတိုင်း ကလေးမြို့မှာ စစ်အာဏာရှင် ဆန့်ကျင်ကန့်ကွက်ဆန္ဒပြရင်း စစ်ကောင်စီတပ်က ပစ်ခတ်လို့ သေဆုံးရတဲ့သူ ၂၅ ဦးရှိသွားပါပြီ။
----------
ကေလးၿမိဳ႕ ဆႏၵျပသူေတြရဲ႕ခံတပ္ၿဖိဳခြဲခံရ၊ ၈ ဦး ေသဆုံး
~~~~~~
■ စစ္ကိုင္းတိုင္း၊ ကေလးၿမိဳ႕မွာ ဆႏၵျပသူေတြ အခိုင္အမာ ေဆာက္လုပ္ထားတဲ့ ပင္မခံတပ္ကို အာဏာသိမ္းစစ္ေကာင္စီတပ္ေတြ အလုံးအရင္းနဲ႔ ဒီကေန႔ ပစ္ခတ္ၿဖိဳခြဲခဲ့တာေၾကာင့္ ေသနတ္က်ည္ထိမွန္ ေသဆုံးသူ ၈ ဦးအထိရွိသြားၿပီလို႔ ေဒသခံေတြက RFA ကိုေျပာပါတယ္။
ေသဆုံးသူ ၅ ေယာက္ရဲ႕ အေလာင္းကိုပဲ ရပ္ကြက္ေနသူေတြျပန္ရထားၿပီး က်န္တဲ့သုံးေလာင္းကေတာ့ စစ္ေကာင္စီတပ္ေတြက ေကာက္သြားတယ္လို႔ ေဒသခံတစ္ဦးက RFA ကိုေျပာပါတယ္။
ေသနတ္က်ည္ထိမွန္ၿပီး ျပင္းျပင္းထန္ထန္ ဒဏ္ရာရတဲ့သူေတြလည္း အမ်ားႀကီးရွိေနပါတယ္လို႔ဆိုပါတယ္။
စစ္ေကာင္စီတပ္အင္အား ရာနဲ႔ခ်ီဟာ ပင္မခံတပ္ျဖစ္တဲ့ တာဟန္းခံတပ္ကို ဒီမနက္အေစာပိုင္း ၅ နာရီကစၿပီး ၿဖိဳခြဲေနတာျဖစ္ၿပီးေတာ့ လက္နက္ႀကီးေတြနဲ႔ပါ ပစ္ခတ္တယ္လို႔ ေဒသခံက ေျပာပါတယ္။
ဒီေန႔မနက္ ၁၀ နာရီအထိ ကေလးၿမိဳ႕က ဆႏၵျပတဲ့သူေတြ ၿငိမ္းၿငိမ္းခ်မ္းခ်မ္းဆႏၵျပခြင့္ရွိၿပီး ပစ္ခတ္မႈေတြ မလုပ္ဘူးလို႔ ဆႏၵျပေခါင္းေဆာင္ေတြကို စစ္ေကာင္စီတပ္ဖြဲ႕ တာဝန္ရွိသူေတြက ေျပာဆိုခဲ့ၿပီးေနာက္ အခုလိုၿဖိဳခြဲခံရတာလို႔ ဆိုပါတယ္။
ကေလးၿမိဳ႕မွာ စစ္ေကာင္စီတပ္က ေန႔တိုင္းဆက္တိုက္ၿဖိဳခြင္းေနတာေၾကာင့္ တာဟန္းရပ္ကြက္ထဲမွာ ဆႏၵျပျပည္သူေတြေပါင္းၿပီးပင္မ တပ္စခန္းတစ္ခုကို မတ္လ ၂၇ ရက္ ေန႔ကတည္းက အခိုင္အမာ တည္ေဆာက္ထားတာျဖစ္ပါတယ္။
ဒီေန႔ ပစ္ခတ္ခံရမႈေတြၿပီးေနာက္ ဒီခံတပ္ရဲ႕ အကာအရံေတြကိုလည္း ေျမထိုး ဘတ္ဖိုးကားနဲ႔ဖယ္ရွား ရွင္းလင္းလိုက္တယ္လို႔သိရပါတယ္။
ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ စစ္အာဏာသိမ္းခ်ိန္ကစလို႔ ဒီေန႔အထိ စစ္ကိုင္းတိုင္း ကေလးၿမိဳ႕မွာ စစ္အာဏာရွင္ ဆန႔္က်င္ကန႔္ကြက္ဆႏၵျပရင္း စစ္ေကာင္စီတပ္က ပစ္ခတ္လို႔ ေသဆုံးရတဲ့သူ ၂၅ ဦးရွိသြားပါၿပီ။
Photo - CJ