12/12/2016
ကျွန်တော်ကားဆရာ
ဖိုးတူး
-------------
သော်ဇင်အုန်း
OMG မဂ္ဂဇင်းမှာကားမောင်းခဲ့တဲ့အတွေ့အကြုံလေးတွေ
ရေးဖြစ်နေခဲ့တာတော်တော်လေးကြာပြီပေါ့။ ကားတွေအကြောင်းဖော်ပြပေးနေတဲ့မဂ္ဂဇင်းဆိုတော့ ဒီနေ့ကားဈေးကွက်ရဲ့မငြိမ်သက်မှုအခြေအနေတွေက
ရိုက်ခတ်တဲ့ဒဏ်ကိုခံနေရတယ်လို့ထင်မိပါတယ်။ ဒါပေမယ့်
အရှိန်အဟုန်မပျက် ဆက်လက်ထုတ်ဝေနိုင်တာကချီးမွမ်းစရာပါ။ ကားလောကရဲ့ရိုက်ခတ်မှုတွေဟာပြည်သူအများနဲ့မဆိုင်ဘူး
ပြောလို့ရသလို သက်ဆိုင်တယ်လို့ပြောလို့လည်းရပါတယ်။
ကားဈေးမြင့်၊ ဓာတ်ဆီဒီဇယ်ဆီဈေးမြင့်တဲ့ကိစ္စဟာအားလုံးနဲ့
သက်ဆိုင်ပါတယ်။ ကားဈေးမြင့်ရင်လူအများကားဝယ်မစီးနိုင်ဘူး။ ဘတ်စ်ကားတွေတက္ကစီတွေနဲ့သွားရမယ်။ ဆီဈေးမြင့်တော့
ကားငှားစီးရတာဈေးပိုပေးရတယ်။ ဘတ်စ်ကားစီးရတဲ့ဒုက္ခတွေကတော့
အားလုံးသိပြီးသားပါ။ တစ်နယ်နဲ့တစ်နယ်ကူးလူး ယှက်နွယ်နေတဲ့ ကုန်စည်စီးဆင်းမှုတွေကလည်း သယ်ယူပို့ဆောင်စရိတ်ပိုတိုးလာပြီပေါ့။ ကုန်ဈေးနှုန်းတွေတက်ပြီပေါ့။ သံသရာလည်နေမှုဟာအားလုံးဆီမှာ . . . ။
တက္ကစီဂိတ်မှာသွားထိုင်တော့လည်း ကားဆရာတွေဆီကအဆင်မပြေတဲ့ အသံတွေပိုကြားရတယ်။ မီဒီယာတွေမှာ တွေ့မြင်ဖတ်ရှုနေရတာတွေ
ကလည်း စိတ်မချမ်းမြေ့စရာတွေ။ အငှားယာဉ်မောင်းတက္ကစီသမားတွေကို ခရီးသည်ကမယုံ။ ခရီးသည်တွေကိုလည်းကားဆရာကမယုံ။ လိုရာခရီးရောက်ဖို့ ပို့ဆောင်ပေးမှုဝန်ဆောင်စရိတ်ရဖို့လေးတွေကို ကိုးကွယ်ရာဘာသာရွတ်ဆိုမှုတွေနဲ့သွားလာနေကြရ။
ပစ္စည်းဥစ္စာတင်မက အသက်ကိုပါရန်ရှာနေတာတွေကလည်း မကြားချင်အဆုံး။ ယာဉ်မောင်းအချင်းချင်း ခိုက်ရန်ဒေါသဖြစ်ပွားမှုတွေ
ကလည်း နေ့တိုင်းဖြစ်နေကြတယ်။ လမ်းပေါ်မှာမောင်းနေကြသူချင်း
အတူတူ နည်းနည်းလေးမှသည်းညည်းးမခံကြဘူး။ ထစ်ကနဲဆိုရိုက်ကြပြီ။ နည်းနည်းလေးတောင်မှမစောင့်ဆိုင်းနိုင်ကြတော့ဘူး။
'ရိုက်ကွာချကွာ' နဲ့ . . . .။
'စိတ်ရှည်သည်းခံလမ်းကြောင်းမှန်မောင်းရန်မော်တော်ကား' ဆိုတဲ့စာသားလေးတောင် ဘယ်နေရာရောက်သွားလဲမသိတော့ဘူး။ ယာဉ်မောင်းချင်းချင်းရန်ပွဲတွေကမမြင်ချင်အဆုံး . . . ။
ရန်ပွဲတွေအကြောင်းစဉ်းစားရင်း တက္ကစီမောင်းခဲ့တုန်းက သူငယ်ချင်းတစ်ယောက်ကိုသတိရမိတယ်။ ကျွန်တော်တို့ အထိုင်ချတဲ့နေရာတက္ကစီဂိတ်က ဘားလမ်း (မဟာဗန္ဓုလပန်းခြံလမ်း) နဲ့ဘဏ်လမ်းဆုံတဲ့နေရာလေးမှာ။ ဟိုးတုန်းကဌာနဆိုင်ရာပေါင်းစုံရှိတဲ့နေရာ။ မြို့လည်ခေါင်။ ဟိုတုန်းကတည်းကကားအင်မတန်ကျပ်တဲ့နေရာ။ ကျွန်တော်တို့ကကိုယ့်ကားကွက်နဲ့ကိုယ့်ဖောက်သည်နဲ့ဆိုတော့ ဘယ်လောက်ကားကြပ်ကြပ်ဘယ်နေရာရောက်ရောက် အဲ့ဒီနေရာပဲပြန်လာဂိတ်ထိုးကြတယ်။ ကျွန်တော့်သူငယ်ချင်းကိုဖိုးတူး လို့ခေါ်တယ်။ နာမည်ရင်းမဟုတ်ပါဘူး။ သူ့ကားနံပါတ်ရဲ့
နောက်ဆုံးနှစ်လုံးက ၄၂ဖြစ်နေလို့သူ့ကိုဖိုးတူးလို့ခေါ်တာ။ လူပုံကတော့ခပ်ဖြောင့်ဖြောင့်ပဲ။ ချောတယ်လို့ပြောလို့ရတဲ့အဆင့်ထဲမှာ
ပါသပေါ့။ မောင်းတာကသူ့မိဘရဲ့ကား။ လူကအသားဖြူပြီးသန့်သလောက် စိတ်ကတော့လက်တစ်ဆစ်။ ရန်လိုက်ဖြစ်နေတာမဟုတ်ပါဘူး။ သူ့ကိုကြောတယ်ထင်ရင် သူ့ကိုမတရားလုပ်ရင်သူ့ရှေ့မှာ
သူမတရားဘူးလို့ ထင်တာတွေ့ရင် သူကလက်မြန်တယ်။
မလေးရှားမှာ အလုပ်သွားလုပ်ခဲ့တုန်းက မလေးတစ်အုပ်နဲ့
တစ်ယောက်ထဲ ချခဲ့တဲ့သူပေါ့။
တစ်နေ့ ...
နေ့လည်ခင်းကြီးအင်္ကျီတွပေကျံ၊ လူပုံပန်းကရန်ဖြစ်လာတဲ့အမူအရာနဲ့ ဂိတ်ရောက်လာတယ်။ ဘာဖြစ်တာလည်းဝိုင်းမေးတော့
လမ်းမှာကားတစ်စီးနဲ့ တိုက်မလိုဖြစ်သတဲ့။ တစ်ဖက်ကားက
မှားနေတော့ သူကမှားကြောင်းပြောတာလက်မခံဘဲ
ပြန်ရန်လုပ်သတဲ့။ လမ်းလည်ခေါင်ကြီးမှာဆိုတော့
ကားတွေပိတ်ကုန်ရော။ ဒါနဲ့သူက သတ္တိရှိရင်နှစ်ယောက်ချင်းထိုးမယ် စိန်ခေါ်လိုက်တော့ တစ်ဘက်လူကလည်းလက်ခံသတဲ့။ ဒါနဲ့ပုဇွန်တောင်ဘီအိုစီဝင်းနားမှာနှစ်ယောက်တည်း သွားထိုးကြသတဲ့။ သူထိုးကိုယ်ထိုးနဲ့ နှစ်ယောက်စလုံးဒဏ်ရာတွေနဲ့။
မောလွန်းတော့ နှစ်ဦးသဘောတူကျေနပ်လားမေး။
ရန်ပွဲရပ်ပြီးပြန်လာတာတဲ့။ အင်မတန်အံ့သြစရာရန်ဖြစ်တာပေါ့။
ဖြေရှင်းနည်းလမ်းသစ်ပေါ့။ ကျွန်တော်တို့တွေ သူ့ကိုကြည့်ရင်း
ခေါင်းတညိမ့်ညိမ့်နဲ့။ မှန်တာမှားတာအသာထား ကလေးတွေတုန်းကလိုဖြေရှင်းလိုက်တာပါ။ လမ်းပေါ်မှာ
ယာဉ်မောင်းတွေ စကားများနေတာ၊ ရန်ဖြစ်နေတာတွေ့တိုင်း ဖိုးတူးမျက်နှာကိုမြင်ယောင်မိတယ်။ ခုခေတ်အချိန်မှာ
ဖိုးတူးတစ်ယောက် အငြင်းပွားမှုတွေကို ဘယ်လိုများဖြေရှင်းနေသလဲဆိုတာ တွေ့ဖြစ်တဲ့အခါကျမှ
စိတ်ဝင်တစားမေးကြည့်ရဦးမယ် . . .။