18/06/2026
#ကျွဲမြီးတိုစာစုများ
ညကပေါ်တူဂီပွဲကြည့်ပြီးတဲ့နောက် အင်တာနက်ပေါ် တက်ကို မလာချင်တော့ပါဘူး။ ဘာကြောင့်လဲဆိုတော့ ရော်နယ်လ်ဒိုကို အပြစ်တင်ကြတာတွေ၊ ဝေဖန်ထားကြတာတွေကို မမြင်ချင်၊ မဖတ်ချင်၊ မကြည့်ချင်လို့ပါ။ ဒါပေမယ့်လည်း အမှန်တရားကို သိတဲ့၊ တကယ်ဘောလုံးအကြောင်းကို နားလည်တဲ့ သူတွေကတော့ ပုဂ္ဂိုလ်စွဲတွေမပါဘဲ သုံးသပ်နိုင်ကြမယ်ထင်ပါတယ်။ အက်ဒ်မင်ကိုယ်တိုင်က ဒိုလေးဖန်ပါ။ ဒိုလေးဖန်မို့ မက်ဆီကို ဖောင်းထုမယ်မထင်ပါနဲ့။ မက်ဆီကိုလည်း သဘောကျတဲ့သူပါ။ ပိုအားပေးဖြစ်သွားတာ ဒိုလေးပဲဆိုပါတော့။ ဘာကြောင့်လည်းဆိုတော့ ပါရမီအပြည့်ပါသူနဲ့ ပါရမီအပြည့်မပါဘဲ ကျောထောက်နောက်ခံအားပေးမှုပါ အားနည်းခဲ့တဲ့ဒိုလေးက ကျွန်တော်တို့ခင်ဗျားတို့လို သာမန်လူတွေနဲ့ ပိုနီးစပ်လို့ပါ။ မက်ဆီဆိုလည်း ကြိုးစားအားထုတ်မှုက ဒိုလေးလောက်လူမသိကြရင်တောင် ဒိုလေးထက်တော့ မလျော့ဘူးဆိုတာ သိကြမှာပါ။ ဒါကြောင့် GOAT နှစ်ဦးလုံးကို အားပေးပါတယ်။
လိုရင်းပြန်ပြောရရင် ဒိုလေးညကပွဲမှာညံ့တယ်ပြောနေကြတဲ့၊ တစ်သင်းလုံးအပြစ်ကို ခေါင်းပေါ်ပုံချခံနေရတဲ့အဖြစ်ကို အမြင်မတော်လို့ ဒီစာကိုရေးလိုက်တာပါပဲ။ ပေါ်တူဂီဆိုတာ အရင်က အလယ်အလတ်နိုင်ငံပါပဲ ဘောလုံးမှာ။ အခုလိုတစ်သင်းလုံးထိပ်သီးကစားသမားတွေပြည့်နေတဲ့အဖြစ်က အခုမှဖြစ်တာပါ။ အွန်နရီတောင်ပြောထားသေး.. ဒိုလေးအရွယ်ကောင်းမှာ ဒီလူစာရင်းဖြစ်ခဲ့လို့ကတော့ ကမ္ဘာ့ဖလားရဖို့ ၉၀% လောက် သေချာတယ်ဆိုတာ။ ဒိုလေးက အဲ့အဆင့်ရောက်ဖို့ အရင်းပြုခဲ့သူပါပဲ။ သူ့မတိုင်ခင်ကလည်း ဖီဂိုရှိခဲ့ပေမယ့် တစ်နိုင်ငံလုံးအပြင် တစ်ကမ္ဘာလုံးအပေါ်အကျိုးသက်ရောက်မှုနဲ့ ကွင်းတွင်းကွင်းပြင်လွှမ်းမိုးမှုက အကွာကြီးပါပဲ။ ဆိုတော့ ဒိုလေးကိုဗဟိုပြုပြီး တိုးတက်လာခဲ့တဲ့ဘောလုံးအသင်းမို့ တစ်ခုခုဆိုလည်း ဒိုလေးကိုပဲ မြင်နေကြပါတယ်။ ညကပွဲမှာ ဒိုလေးက ကွန်ဂိုနောက်တန်း အနည်းဆုံး ၂ ယောက် (တစ်ခါတစ်လေ ၃ ယောက်) လောက်ကို အလုပ်ရှုပ်နေစေခဲ့ပေမယ့် သူနဲ့တွဲဆော့မယ့်သူက မရှိ၊ သူ့ဆီလည်း ဘောလုံးမရောက်နဲ့ နောက်ဆုံး ကွင်းလယ်အထိပါ ဆင်းဆယ်ယူရ၊ တောင်ပံတွေပါ ထွက်လို့ထွက်နဲ့ ဒီအရွယ်နဲ့မလိုက်အောင် ရုန်းခဲ့ပါတယ်။ နည်းပြက သရေရရင် ကျေနပ်နေတဲ့အသင်းကို တိုက်စစ်မဖွင့်၊ တောင်ပံတွေမှာ လှုပ်မယ့်ကောင်တွေမထည့်ဘဲ ဒိုလေးကို ပင်လယ်ထဲက ကျွန်းဆွယ်လို တစ်ကောင်တည်းအဆက်ပြတ်နေတဲ့အကွက်ကြီးကို စောစောစီးစီးမပြင်ဆင်ခဲ့ဘဲ ကွင်းလယ်မှာပဲပေးပို့မှုတွေအိုင်နေတဲ့ ကမ္ဘာ့အကောင်းဆုံးကွင်းလယ်အထိုင်ကို မဖျက်ရဲခဲ့ပါဘူး။ ဟာလန်းတို့၊ မက်ဆီတို့ pressing မလုပ်လို့ အပြစ်မတင်ကြပေမယ့် ဒီအဘိုးကြီး pressing မလုပ်တာကိုတော့ အပြစ်ပြောချင်နေကြတာ ၂၀၂၃ လောက်တည်းကပါ။ ပေါ်တူဂီအသင်းသားတွေကိုကြည့်ရတာလည်း အသင်းမအောင်မြင်ရင် အပြစ်ပြောသမျှခေါင်းခံပေးမယ့် ဒိုလေးရှိနေတာကို အသုံးချနေကြသလိုပါပဲ။ လုံးဝကိုမမိုက်ပါဘူး။ ဒီပုံအတိုင်းဆို ဒိုလေးနောက်တစ်ခေါက်ငိုရဖို့များနေပါပြီ။ ရော်ဘတ်တိုမာတီးနက်ဇ်တစ်ယောက် ဒိုလေးကို ပံ့ပိုးမှုကောင်းကောင်းပေးနိုင်တဲ့ ကစားကွက်ဖော်ဆောင်ဖို့က အရေးကြီးနေပါပြီ။ Positional play အကောင်းဆုံး တိုက်စစ်မှူးတစ်ယောက်လုံးရှိနေတာကို အသုံးမချနိုင်တာတော့ နည်းပြရော ကျန်တဲ့အသင်းသားတွေပါ လိုအပ်နေတာပါပဲ။
ဘာပဲဖြစ်ဖြစ် GOAT ကြီးနှစ်ဦးလုံး ကမ္ဘာ့ဖလားရဖူးစေချင်တဲ့စိတ်ကြောင့်ရော ဒိုလေးဖြစ်နေလို့ကို ပေါ်တူဂီကို ဆက်အားပေးသွားမှာပါ။ ဘယ်တော့မှဇွဲမလျှော့တဲ့ ဒိုလေးပြန်လာမယ်ဆိုတာ ယုံကြည်လျှက်..😠
မှတ်ချက် - နောက်ပိုင်းမကျေမနပ်၊ ဘူပိတ်တာတွေရေးရင် ဒီ "ကျွဲမြီးတိုစာစုများ" ဆိုတဲ့ခေါင်းစဉ်နဲ့ပဲ ရေးတင်သွားပါမယ်။ များရော ဘောလုံးပရိသတ်များပါ Like/Follow လုပ်ထားပေးပါဗျ။
#ဘောလုံး
#ဆောင်းပါး
#ကမ္ဘာ့ဖလား