19/09/2025
စစ်ကိုင်းတိုင်းရှိ ခရီးသွားဇုန်(၆)ဇုန်တွင် မုံရွာဇုန်နှင့် ကလေးဇုန်တို့သည် ပြည်တွင်းခရီးသွားပိုမိုဝင်ရောက်
စစ်ကိုင်းတိုင်းရှိ ခရီးသွားဇုန်(၆)ဇုန်အနက် မုံရွာဇုန်နှင့် ကလေးဇုန်တို့သို့ ပြည်တွင်းခရီးသွားပိုမိုဝင်ရောက်လျက်ရှိသည်ဟု တိုင်းဝန်ကြီးချုပ်ဦးမြတ်ကျော်မှ စက်တင်ဘာ ၁၈ ရက်ကကျင်းပသော တိုင်းဒေသကြီးဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ (၈/၂၀၂၅)အစည်းအဝေး၌ ပြောကြားခဲ့ခြင်းဖြစ်သည်။
ခရီးသွားဇုန်(၆)ဇုန်တွင် မန္တလေးငလျင်ကြီးဒ-ဏ်ကြောင့် စစ်ကိုင်းခရီးသွားဇုန်အား ဧည့်သည်အဝင်ရပ်ဆိုင်းခဲ့သော်လည်း စစ်ကိုင်းမြို့မှ ဟိုတယ်တည်းခိုရိပ်သာ(၄) လုံးမှာ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက်ဆောင်ရွက်ပြီးဖြစ်၍ တိုင်းဒေသကြီးအတွက်အပါအဝင် ခရီးသွားလုပ်ငန်းကြီးတစ်ခုလုံးအတွက်အကျိုးရှိမည်ဟု ပြောသည်။
မကြာမီ သီတင်းကျွတ်ကာလနှင့် ကျောင်းပိတ်ရက်များရောက်ရှိလာတော့မည်ဖြစ်၍ သွားလာလည်ပတ်ကြမည်ဖြစ်ရာ ဟိုတယ်၊ တည်းခိုရိပ်သာများအနေဖြင့် ဝန်ဆောင်မှုကောင်းများနှင့် ဆောင်ရွက်ပေးရန်လိုအပ်သည်ဟု ပြောသည်။
"ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်းဟာ အတတ်ပညာနဲ့ အသိပညာပေါင်းစပ်ဆောင်ရွက်ရတဲ့ လုပ်ငန်းတစ်ခုဖြစ်ပါတယ်။ ဝန်ဆောင်မှုကောင်းတွေပေးဖို့၊ သဘာဝပတ်ဝန်းကျင်ကိုချစ်ခင်မြတ်နိုးတန်ဖိုးထားတတ်ဖို့၊ ယဉ်ကျေးမှုအမွေအနှစ်တွေကို ထိန်းသိမ်းစောင့်ရှောက်ရမယ်ဆိုတဲ့ခံယူချက်ရှိဖို့၊ ဒေသအလိုက်မတူကွဲပြားတဲ့ ဓလေ့ထုံးစံယဉ်ကျေးမှုတွေကို အပြန်အလှန်လေးစား အသိအမှတ်ပြုတတ်ဖို့လိုပါတယ်"ဟု တိုင်းဝန်ကြီးချုပ်ဦးမြတ်ကျော်က ပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာကြသူများက သက်ဆိုင်ရာကဏ္ဍအလိုက်ဆောင်ရွက်နေမှုများ၊ အကြံပြုဆွေးနွေးချက်များနှင့် လိုအပ်ချက်များကို ရှင်းလင်းတင်ပြခဲ့ကြသည်။