
14/03/2025
ယူရိုပါလိဂ်ဖလားနဲ့ပိုနီးကပ်လာတဲ့ မန်ယူ
ယူရိုပါလိဂ်ကွာတားအဆင့်ကို မန်ယူ တက်ရောက်နိုင်ခဲ့ပါပြီ။ ဆိုစီဒက်ကို အိမ်ကွင်းမှာ ၄-၁ နဲ့ အနိုင်ရ၊ နှစ်ကျော့ပေါင်း ၅-၂ နဲ့ အနိုင်ယူပြီး ကွာတားဖိုင်နယ်ကို မန်ယူ ထိုက်ထိုက်တန်တန် တက်ရောက်နိုင်ခဲ့တာပါ။ မန်ယူ နိုင်ပွဲရဖို့ လုံးဝထိုက်တန်တယ်။ ချီးကျူးချင်စရာလည်း ဖြစ်တယ်။
ဆိုစီဒက်က ဦးဆောင်ဂိုးသွင်းခဲ့ပေမယ့် မန်ယူဟာ ပုံစံပျက်မသွားဘူး။ နောက်ပိုင်းမှာ ဆိုစီဒက်ကို တောက်လျှောက်ဖိပြီး ဂိုးတွေလည်း ဆက်တိုက်ရခဲ့တယ်။ မန်ယူရဲ့ချေပဂိုးနဲ့အနိုင်ဂိုးက ပင်နယ်တီဂိုးတွေ ဆိုပေမယ့် အငြင်းပွားစရာ မရှိပါဘူး။ ပင်နယ်တီပေးကိုပေးရမယ့်အလုံးတွေပါ။
ဖာနန်ဒက်စ်က ပင်နယ်တီ ၂ ဂိုးသွင်းပြီးတဲ့နောက် မန်ယူ နိုင်ပွဲသေချာစေမယ့် တတိယဂိုး ထပ်သွင်းခဲ့တယ်။ နာကျင်အချိန်ပိုမှာ ဒါလော့ ဂိုးသွင်းပြီး ပွဲသိမ်းသွားပါရော။ ဖာနန်ဒက်စ်က ဒီပွဲမှာ ဟတ်ထရစ်ရှင်ဘွဲ့ရခဲ့တယ်။ အသင်းကိုလည်း ဦးဆောင်ကစားပြနိုင်ခဲ့တယ်။
မန်ယူကစားသမားအားလုံးလိုလို အားကုန်ထုတ်ကြိုးစားပေးခဲ့ကြတယ်။ စွမ်းဆောင်ရည်လည်း ကောင်းတယ်။ တိုက်စစ်သမားတွေ ဂိုးမသွင်းနိုင်ခဲ့တာကတော့ အားမရစရာပဲ။ ဂိုးရဖို့ ဖာနန်ဒက်စ်ကိုပဲ အားကိုးနေရတာမျိုးကို ပြင်ဆင်နိုင်ဖို့ လိုဦးမယ်။
ဘာပဲပြောပြော မန်ယူကတော့ ကွာတားဖိုင်နယ် ရောက်လာပါပြီ။ ဒီအဆင့်ရောက်လာတဲ့အထိ တစ်ပွဲမှ မရှုံးသေးဘူး။ မန်ယူက ပရီးမီးယားလိဂ်မှာသာ ရုန်းကန်နေရတယ်။ ယူရိုပါလိဂ်မှာတော့ တော်တော်အခြေအနေကောင်းနေတယ်။ မန်ယူဟာ ကွာတားဖိုင်နယ်မှာ လိုင်ယွန်နဲ့အားပြိုင်ရမယ်။
ဒီလိုခြေစွမ်းမျိုးကို ထပ်ပြနိုင်ခဲ့ရင် လိုင်ယွန်နဲ့ပွဲအတွက်လည်း မန်ယူ စိုးရိမ်စရာ ရှိမှာမဟုတ်ဘူး။ လိုင်ယွန်ကို အနိုင်ယူဖြတ်ကျော်ပြီးလို့ ဆီမီးဖိုင်နယ်ရောက်လာပြီဆိုရင်တော့ ယူရိုပါလိဂ်ဖလားကို မန်ယူ အမှန်တကယ် မျှော်လင့်နိုင်ပါလိမ့်မယ်။
Crd Ygn-တုံချွမ်