Han Thar Thit Publishing House

Han Thar Thit Publishing House Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Han Thar Thit Publishing House, Book & Magazine Distributor, 20 Oat Tha Phaya Street, Yangon.

04/10/2025

သျှင်ဥတ္တမကျော် တောလား (၄)
သျှင်ဥတ္တမကျော်၏ ဆယ့်နှစ်ရာသီတောလား ရတု

(၄)
တထာဂတ၊ နှိုင်းဆမမြော်၊ မြတ်ရှင်တော်ကို၊ ပူဇော်ကြရာ၊ အကြောင်းမှာကား၊ ရာသီသမိုက်၊ နွေစရိုက်ဝယ်၊ လေလိုက်သာမော၊ ညှာကြောခိုင်လျော့၊ မြိုင်ကြော့ကြော့မှာ၊ လျော့ကေသာရစ်၊ ရထည်သစ်ကို၊ စနစ်ခေါက်လွင်၊ သမိုက်ဆင်သည်၊ ဘယ်တင်သိုင်းရစ်၊ လှုံထည်သစ်နှင့်၊ နတ်စစ်ကညာ၊ မေခလာလျှင်၊ နန္ဒာသူဇ၊ သုနန္ဒနှင့်၊ စိတြမှန်ကူ၊ ဘုံမြင့်သူတို့၊ နှိုင်းတူဘက်ကင်း၊ တရားမင်းကို ဝပ်စင်းခယ၊ ပူဇော်ကြ၏၊ ဟေမမြိုင်ခွင်၊ ပျော်မြူးရွှင်သည်၊ သမင်ဒရယ်၊ ယုန်ငယ်စိုင်ဆတ်၊ သုံးလူ့နတ်ကို၊ ဦးညွတ်ကြရာ၊ ဟိမဝါဝယ်၊ ပါဏာတိပါတ်၊ ငှက်ခတ်သမား၊ မုဆိုးများလည်း၊ လေးမြားထမ်းကာ၊ တောလည်လာသော်၊ မြတ်စွာသုံးလူ့၊ သဗ္ဗညုကို၊ ဖူးလိုညွှတ်ခ၊ စည်းဝေးကြသည်၊ ဘုမ္မရုက္ခာ၊ အာကာသဓာတ်၊ မိုးနတ်မကျန်၊ ဂုမ္ဘဏ်မကြွင်း၊ ဂဠုန်မင်းနှင့်၊ လေးစင်းအဏ္ဏဝါ၊ အာဏာစိုးနှိမ်၊ ရေနန်းအိမ်က၊ နာဂိန္ဒရ၊ ပနန္ဒနှင့်၊ စသည်များစွာ၊ နတ်သူရာတို့၊ ထိန်ဝါသန့်ရှင်း၊ ကိုယ်ရောင်လင်းပ၊ ဝပ်စင်းကြ၍၊ သကျရှင်တော်၊ သုံးလူ့ဘော်ကို၊ ပူဇော်ညွတ်လာ၊ နတ်ကညာအား၊ စိတ်မှာစွဲကပ်၊ ငှက်ခတ်မုဆိုး၊ အာရုံကိုး၍၊ မြတ်နိုးကြင်နာ၊ ဝမ်းမြောက်စွာနှင့်၊ ပျူငှါသစ်ဆန်း၊ ကြော့ကြငှန်းမှာ၊ တော့သန်းရွေလယ်၊ တဘုန်းမယ်တို့၊ ရွှေကြယ်ရံခ၊ စန်းငွေလသို့၊ ဘဝတင့်လှိုင်း၊ မြတနှိုင်းသို့၊ ဘက်ဆိုင်းအကုန်၊* တက်လှိုင်းပုံသည်၊ ဝသုန်ရေက၊ ရှိသမျှကို မကမကန်၊ အတန်တန်နှင့်၊ ပြန်ပြန်လှယ်လှယ်၊ ကြင်ရေးချယ်ခဲ့၊ ဆယ်လှော်စံသိန်၊ ဉာဏ်ဖြင့်ချိန်လျက်၊ ဘယ်ခါသက်အံ့၊ အမြွက်သံရှင်၊ သိလိုချင်ခဲ့၊ ကေရှင်မာလာ၊ ထုံဂန္ဓာဝယ်၊ မိလ္လာရည်ရွက်၊ တာသူ့ဘက်မှာ၊ အသက်ပဏ္ဏာ၊ သဆက်ရာလည်း၊ မဟာဇောတိရသ်၊ လောကဓာတ်ဝယ်၊ မျက်မြတ်ရည်မှန်၊ ဘိုးနဂ္ဃံသို့၊ ဖန်ဉာဏ်ယူဆင်၊ တင့်ရေးအင်ကို၊ တွေးထင်ရော်ရမ်း၊ ခက်လွန်လွန်းစွ၊ ထက်စွန်းဘုံပျံ၊ ယုန်ဗိမာန်ကို၊ လက်တံလှမ်းချီ၊ ဖမ်းမမှီသို့၊ မြင့်သီဝေးမြှော်၊ ထင်ရေးရော်၍၊ တော်ညာဝင်ကို၊ လွမ်းရေးပိုခဲ့၊ မြင့်မိုရ်မဏ္ဍလာ၊ ဝတိန်ချာဝယ်၊ တိမ်ပြာကိုးမှတ်၊ ရိုးမည်နတ်လည်း၊ အမြတ်ကျော်ခေါင်၊ ကောဝိညောင်က၊ လွမ်းအောင်သာလင့်၊ ဗျာပွားဆင့်လိမ့်၊ သက်ပင့်ဆွတ်ချိမ့်၊ ကြင်သည်းငြိမ့်မျှ၊ ရွှေအိမ့်ပရမေ၊ လှလွန်းဆွေသာ၊ နောင်ကိုးရာဟု၊ စိတ်မှာမပြယ်၊ အာရုံခြယ်လျက်၊ ရှုဘွယ်တပုံ၊ ယဉ်မျိုးစုံခဲ့၊ ကိုးဂုဏ်လူ့ဆွေ၊ အစိန္တေ၏၊ ခြောက်ထွေရောင်လျှပ်၊ ဣဒ္ဓိပါဒ်ဖြင့်၊ ငှက်ခတ်သမား၊ လူတလွှားတို့၊ မြင်ငြားကုန်ကြ၊ ပီတိကြွ၍၊ လွှတ်ထလေးမြား၊ ကွယ်ရာထားလျက်၊ ဘုရားရှင်ဘုန်း၊ လျှိုးပုန်းရွံ့ကြောက်၊ တောတလျှောက်၌၊ နတ်လျောက်နတ်မှာ၊ သုံးလူ့ချာကို၊ သဒ္ဓါလှုလှု၊ ပူဇော်မှုဖြင့်၊ တောထုတောင်ရိုး၊ ပျပ်ဝပ်ကျိုးသည်။ ။ မုဆိုးချုံက လ,ချောင်းတည်း။
***

A crowd of worshippers hail the great superman. It is summer. In the delightsome forest realm the whistling wind rocks the leaves and branches to and fro.
Megala, Nanda, Thuza and Thunanda bend their aureoled brows at the feet of the righteous King. The tresses of these high-born fairy forms are loosened in sweet disorder and their spotless saris are bravely thrown about their snowy shoulders.
The deer and the hare that gambol and bound in the woodland join the adoring throng. Hunters of fur and feather while roving in the forest approach the Sage. Their hearts spring up in adoration.
The fairy inhabitants of the earth and air and water and wood appear in radiant forms and fall on their faces before the superman.
The sight of the worshipping goddesses thrills the huntsmen with passion and pleasure. The strange ways of the divine-galaxy are full of s*x and the spell of s*x. They call to mind princesses who move about in the place attended by a train of million maids. They shine clear as the fair bosom of the silver moon engirt by stars of gold. Resplendent as an emerald that darts its luster in a flood of light, they eclipse all that is fair on earth and in water.
The simple swains wonder when the celestial beauties would open their hearts and utter their loves in silvery accents. The love-smitten company lay their lives lowly at the feet of the goddesses as if for priceless gems. Is it worth their while? One may doubt and doubt. But who can tell? They are like those that think to lay hold of the moon with their pigmy hands. This dismal fact flashes upon their faint minds. Mayhap the god of the skies seated on Meru’s brow has inspired in them a hopeless passion. Thus they fondly surmise.
The ravishing looks of the goddesses catch their breath away and put their hearts in a flutter. They still dream of their brides-to-be with winsome airs and graces. The gladful light of the six rays flashing forth from the great Sage dispels their wistfulness. They lay aside their bows and arrows and in utter faith gaze towards Him with adoration together with the fairy worshippers.
***

03/10/2025

သျှင်ဥတ္တမကျော် တောလား (၃)
သျှင်ဥတ္တမကျော်၏ ဆယ့်နှစ်ရာသီတောလားရတု

(၃)
ဝသန်ဟေမ၊ ဂိမှအပြင်၊ ဒွါဒသင်ဝယ်၊ နဝင်္ဂကိုး၊ ဂုဏ်တော်ဖြိုးသား၊ တန်ခိုးဘုန်းခြောက်၊ လျှံတောက်ရောင်ခြည်၊ ဘဝဂ်လည်မျှ၊ ခြောက်မည်ဉာဏ၊ သမ္ဗုဒ္ဓ၏၊ ဆုံးစမမြင်၊ ကျေးဇူးအင်ကို၊ ကြည်လင်ရစ်ဝိုင်း၊ ရှိပန်လှိုင်း၍၊ ရွှေသိုင်းဝင့်ချီ၊ မိုးရင့်သီလျက်၊ မတီကေတု၊ တိုင်းဇေယျုက၊ သမုတိမှန်၊ ကေသာနှံသည်၊ ရွှေလျှံသဇင်၊ ဂမုန်းအင်လည်း၊ ဦးကင်မြင့်ဘောင်၊ ရနံ့လှောင်ခဲ့၊ သီခေါင်မြင့်စွာ၊ ဗွေအာကာဝယ်၊ ငွေတာရာခ၊ ကက္ကဋနှင့်၊ ဖုသျှနန်းယာဉ်၊ စန်းနှင့်ယှဉ်၍၊ ကဉ္စနာဖလ်၊ သူရကန်မူ၊ စံဗာဟီစွန်း၊ ရွေ့ရွေ့ယွန်းခဲ့၊ ဆန်းရာသီစ၊ မကာရ၌၊ လောကချစ်ရှင်၊ စက်မြန်းချင်လည်း၊ မင်ဣန္ဒာပေါက်၊ တိမ်တလျှောက်မှာ၊ ကြိုးခေါက်ဆန်းကြယ်၊ မကန်းနွယ်နှင့်၊ ဘယ်ရာသီကျန်၊ မဆန်ရွံ့ကြောက်၊ အထုံလှောက်၍၊ ငုံပေါက်လဲလှိုင်၊ လေဆိုင်ညှာညွန့်၊ ကွန့်စံသည့်နည်း၊ ငြိမ့်ငြိမ့်ဖြည်းလျက်၊ ရေကြည်းမျှညီ၊ ယင်ပေါင်ချီသည်။ သိသီရစက်၊ လများထက်၌၊ နေစက်ဗိမာန်၊ တိမ်ယာဉ်ပျံဝယ်၊ ထိမ်လျှံခြည်ပျောက်၊ ဆဒ္ဒန်ပေါက်မူ၊ ရောင်ခြောက်မပြုံ့၊ စွယ်ဖျားနုံ့လျက်၊ ကုံ့တြင်းသိမ်၊ နဝင်းအိမ်မှာ၊ ရွှေချိန်တာရာ၊ သံကောက်မာနှင့်၊ ရတနာစုံ၊ စန်းနိတုံလည်း၊ ဘုံဝေရမ္ဘ၊ ယုဂန်ဝက၊ ပပထွန်းလျှံ၊ တည့်မွန်းမှန်သော်၊ ရေလျှံသမုဒ်၊ ဗုဇွန်ထုပ်လည်း၊ လှိုင်းပုတ်မခံ၊ ကျောက်နန်းစံခဲ့၊ မတန်ယဉ်ဆုံး၊ အင်ဂမုန်းနှင့်၊ နန်းသုံးသဇင်၊ ကြိုင်သင်းရွှင်၍၊ မင်းလွင်လိုလို၊ စုံတခိုဝယ်၊ လေချိုဝန်းလု၊ လွမ်းရတု၌၊ ရွက်နုမငြိမ်၊ မြေနှင့်ချိန်လျက်၊ စိမ့်မြိုင်ရဂုံ၊ ကြိုင်လှိုင်ထုံသည်၊ အမုံချပ်ရပ်၊ ငုံဖူးကပ်၍၊ လှည့်ပတ်လက်တံ၊ လောင်းပန်းကျန်မူ၊ လွန်ဟန်တင့်ဆုံ၊ ပြာရီခြုံလျက်၊ မှိုင်းမှုန်ဆင်လာ၊ ခဲမုတ္တာနှင့်၊ ချိန်ရာသီခွင်၊ မိန်သဘင်မှာ၊ ငွေစင်ရထား၊ ယန္တရားသည်၊ အသွားတူညီ၊ ဖဂ္ဂုဏီနှင့်၊ ယှဉ်မှီတွဲကာ၊ ဗျိုင်းတာရာတို့၊ မြိုင်မှာမြိုင်လျောက်၊ ရွှေပိတောက်လည်း၊ ဖူးညှောက်ပွင့်ချိန်၊ သီဒါသိမ်ဝယ်၊ သောင်တိမ်ငွေဥ၊ သဲဗွေနုနှင့်၊ ဝတ်စုညွန့်ချီ၊ သရဖီမူ၊ ကြိုင်ဆီလှိုင်သတ်၊ ရေဖက်ဆွတ်တည့်၊ ချွေလွှတ်ဆောစွာ၊ သည်ချိန်ခါကို၊ သောတာပန်မည်၊ မဟာထေရ်တို့၊ မကြည်နိုင်အောင်၊ ခိုးမြူမှောင်ခဲ့၊ ဘုန်းခေါင်ပရမေ၊ သုံးလူ့ဆွေလျှင်၊ ဒေသစာရီ၊ ပြည်ကပ္ပီသို့၊ ကြွချီအာသန်၊ ချိန်ခါတန်ကို၊ တောင်ပံယှက်ငိုက်၊ မြေနှုတ်စိုက်၍၊ အလိုက်ဘာသာ၊ ဟင်္သာသောင်တင်း၊ ပိန်ညင်းဇင်ရော်၊ ငှက်တော်ကြိုးကြာ၊ သာရကာနှင့်၊ တမာကြက်တော၊ ဥသြငှက်ကျား၊ ငှက်ငနွားလည်း၊ ဝပ်တွားဘီလုံး၊ ရွှေငုံးချိုးခါ၊ သူတို့မှာမူ၊ မြတ်စွာဘုရား၊ သုံးလူ့ဖျားကို၊ တတ်အားသမျှ၊ ဖူးကုန်ကြလျက်၊ ရှိစုံဆက်သည်။ ။ တောကြက်တောင်ပံ လ,ဖြုန်းတည်း။
***
From season to season all the long year thro, the thrice-three attributes of Sakyamuni retain their pristine splendour. Blest with six-fold wisdom, he is crowned with the six glories that flame and touch the skirts of the sky. The golden-breasted thazin and the gamon-in bow full joyously in Ketumadi, that land of victory. They gaily nod and bend in the welkin blue adoring the Sage to whom humanity owes a boundless debt of thanks. He who wears a crown is wont to grace his brow with these laughing flowers that diffuse their sweets thro’ the palace air.
In the spangled sky, the crab and Phussha shed their glad gleam in the train of the musing moon. The sun veers in its course towards the outer path.
In the month of Pyatho the firmament is wrapt in fretted clouds flecked with darkful spots. The pent-up vapours must need pour forth in showers. The season is all unmeet for the Beloved to set out for the royal city.
The butea bloom bursts in a thrill of scent and rustles in the breeze. Both land and water surge with waving blossoms that fire tusk of the young white elephant looks forlorn for the frosty air has quenched its six rays.
As the sun is seen in Aquarius, Libra and Maga dart their mellow beams. Bright with the gay medley of silver and gold and gems, the moon moves slow from Yugan’s brow. At dead of night, she shines full and the seas overflow their bounds and crabs hide in craggy holds for the violence of the waves.
The gamon-in and the thazin, loth to depart, bloom and scent in the air, tho’ their season is past. The air is hazy and the young leaves of the woods, toss and droop in an eddy of soft breezes. The lettan and meaner flowers are gay with blushing buds and peeping bells.
The Tabaung sky looks dismal and is dappled with pearly cloud. Petgunni and the egret shine bye the side of the silvery moon. Padauk buds and blooms cluster round the branches.
Rivers and rills seem glorious with silvery sands. The tharapi buds and sprouts and sheds its sweetness. The early fall of rain forms torrents that sweep sere leaves into larger streams. The touching mingle of mist and gloom fills even the spirits of saints with nameless longings. In this self-season, the Sage journeyed to Kapilawut - the seat of the king. Sheldrakes, thaungdins, kingfishers terns, drongoes, saruses, minas, parrots, cuckoos, storks, imperial pigeons, billons, quails, doves and partridges stretch their wings and bend their beaks to the ground and ender reverence to their kind. The forest rings with the clapping of wings.
***

02/10/2025

သျှင်ဥတ္တမကျော် တောလား (၂)
သျှင်ဥတ္တမကျော်၏ ဆယ့်နှစ်ရာသီတောလားရတု

(၂)
စကြဝဠာ၊ အာဏာဇာတိ၊ ခေတ်ဝိသယ၊ နှိုင်းမမျှသား၊ အနန္တဂုဏ်၊ သဗ္ဗညုံ၏၊ ဘုံဘဝဂ်ဖျား၊ ဘုန်းတော်အားလည်း၊ ပျံ့ရှားကြိုင်သင်း၊ ထိန်ထိန်လင်းလျက်၊ ထုတ်ချင်းခတ်လျှို၊ တန်ခိုးမိုသော်၊ ဗဟိုမဇ္ဈေ၊ ဝီထိချွေ၍၊ ရွှေဖလ်ရဝိန်၊ လယ်လမ်းနှိမ်လျက်၊ နာဂိန္ဒရာ၊ ဗျိုင်းတာရာနှင့်၊ မဟာကက္ကဋ၊ ရွှေကာကတို့၊ သည်လသင်းကြန်၊ ချိန်ဝသန်ကို၊ အားသွန်မလို၊ တန်ခိုးသိုခဲ့၊ တိမ်ညိုမိလ္လာ၊ တိမ်စူကာနှင့်၊ တိမ်ပြာရောယှက်၊ မရန်းဖက်၍၊ တိမ်သက်တန့်ရောင်၊ အဝါပေါင်ဝယ်၊ မှောင်ခဲ့တခါ၊ ပြာခဲ့တချို့၊ ညိုခဲ့တလီ၊ ရီခဲ့တဖုံ၊ မှုံခဲ့တချက်၊ ယုဂန်ထက်က၊ လေးဘက်လုံးခြုံ၊ တိမ်ဂဠုန်လည်း၊ နဂါးရုံကြွေ့၊ ရန်ချင်းတွေ့သော်၊ ခိုးငွေ့လွှတ်ပြိုင်၊ ဂုဏ်ချင်းဆိုင်ခဲ့၊ မဏ္ဍိုင်မူလ၊ ပြိဿတွင်ရာ၊ ဝိသာခါနှင့်၊ စကားဝါထုံ၊ ရနံ့လှုံသည်၊ မေထုန်လက်ဖျား၊ စမ္ပာယ်နားလျက်၊ ပျံ့ရှားဧလှိုင်၊ ပုန်းညက်ခိုင်လည်း၊ နံ့ကြိုင်ကြကဋ်၊ ထုံရည်ဆွတ်၍၊ နက္ခတ်အာသဠ်၊ တပါဒ်ကျန်ဝယ်၊ လမ္ဗရာမွန်၊ ဗုဇွန်ကျာကျာ၊ ဒိန္ဒိမာနှင့်၊ မဟာဝိဇယ၊ သံစုံခ၍၊ မြူးကြွပစ္စုန်၊ ထောင်အားသုန်သည်၊ လွှမ်းခြုံသင်တိုင်း၊ တိမ်အလှိုင်းဖြင့်၊ တိုင်းအမ္ဗုန်ဆီ၊ မိုးမေဃီလျှင်၊ ဘေဒနီကျင်း၊ ဗျူဟာခင်း၍၊ နတ်မင်းဝလာ၊ ဒေဝရာမူ၊ စွေရွာကြူးခေါက်၊ ရေရူးမောက်၍၊ ထုံးပေါက်အင်းအိုင်၊ ဂနိုင်စိမ့်စမ်း၊ တင်းကျမ်းသုန်သုန်၊ စီးသွယ်ခြုံသည်၊ ယမုံဂင်္ဂါ၊ ရေညီလာနှင့်၊ သီဒါသဘင်၊ ရှုအင်မခန်း၊ အဆန်းဆန်းလျှင်၊ မကရ်းလိပ်ငါး၊ ရွှင်မြူးစားလျက်၊ ပျော်ပါးစံပ၊ ရွှေမျာ့းတသင်း၊ တွင်းရွှေဂူဟာ၊ လိုဏ်နန်းသာက၊ ကက္ကဋာမွန်၊ ရွှေဗုဇွန်လည်း၊ အားသွန်ညွတ်ခ၊ သုံးလူ့ဘကို၊ ဖူးကြသောဟန်၊ ရေနန်းစံခဲ့၊ ဝသန်ကာလ၊ ရာသီစဝယ်၊ ထွန်ချမင်္ဂလာ၊ တောင်သူမှာလည်း၊ ဘာသာဓလေ့၊ ပျော်မွေ့စိုက်ပျိုး၊ ကောက်ပဲမျိုးကို၊ အားကြိုးလုံ့လ၊ ဂုဏ်စွမ်းပြလျက်၊ မြေခထန်းညှာ၊ သည်ချိန်ခါဝယ်၊ အာဋာနာဋ၊ ကုဝေရနှင့်၊ ယက္ခတွင်ဘိ၊ မဟဒ္ဓိတာနော၊ ကုမ္ဘောဂန္ဓဗ္ဗ၊ ဒေဝယက္ခာ၊ သာတာဂီရိ၊ မည်ရှိစိုးမှူး၊ နတ်ဘီလူးတို့၊ သုံးဦးပရမေ၊ ဂုဏ်မြုတေကို၊ ဖူးလေတုံမြောက်၊ လက်ပမ်းပေါက်ဖြင့်၊ ဝမ်းမြောက်ဝမ်းသာ၊ စေတနာနှင့်၊ သဒ္ဓါရွှင်မြူး၊ ကြည်ညွတ်နူးသည်။ ။ ဘီလူးသွားကို လ,ဖြဲတည်း။
***
In the three-fold region of Time and Place, the all-wise Sage stands without a peer. His endless glory reaches even the ringing rafters of the firmament. The blaze of majesty flashes free and cleaves clean the boundless space. The raying sun traces its path along the middle way. In this season of Thingyan showers, there is a rapture in the skies. Behold, the elephant, the egret, the crab and the crow conserve their lustrous rays against of cloudland close and stand on Yugan’s brow in motley-coloured livery. The rainbow of the changeful clouds is tinted with sable and azure and purple and yellow and varied kindred hues. Pile upon pile of drifting columns vault in their tricksome courses and clash together as the roe and the dragon net in a fierce contest. In Kason, Withakha appears and sheds its lucent beams. The fresh flame of the young new year quickens the scented sagawa from leaf to flower. The Nayone sun strikes the sweet jasmine branch into bloom. The ponnyet bursts in flower and loads Wazo airs with a grateful odour. A gay-hearted noise announces the advent of the rains. In the bosom of Jove joy is lord. Celestial drums send forth a mighty roll and the fairy conch swells the pealing note. The luster of the l***y sun is quenched in wreaths of cloud and the jocund sound rings thro’ the azured vault like the thunderous rattle of arms. The god of the sky sends sheets of swift rain. Pools and lakes and woods, marshes and streams and springs brim over and form countless rivulets. Rivers and streams look ravishing in a thousand charms. In bold joyance, schools of magans, crowds of turtles, shoals of fishes hold festival and join the crabs that crouch at the mouths of their cozy holes in adoration before the man of men. With the fall of rain the gleesome Hillman drives full hard his wonted harrow and sows his seed. When the palmyra casts its fleshy fruit, Atanada, Kuwera, Thatagiri and other fairy ogres duly bow before the Overman and clap their arms and show their snowy teeth with a liberal laugh.
***
စာလုံးပေါင်း သတ်ပုံတွေကို မူရင်းစာအုပ်ပါအတိုင်း ရိုက်ထားပါတယ်။

01/10/2025

သျှင်ဥတ္တမကျော်၏ ဆယ့်နှစ်ရာသီတောလားရတု

(၁)
စက်ဆယ့်နှစ်လီ၊ ဒွါဒသီဝယ်၊ သုံးလီဥတု၊ လက်ဝယ်လုသား၊ ရတုသာစွ၊ လမဏ္ဍလျှင်၊ သဘင်ဂိမှာန်၊ တာသင်းကြန်ဟု၊ လေပြန်လွှင့်ကူ၊ ဘုံသစ်ထူ၍၊ ဥဏှဂူနတ်၊ ဖလ်ရဟတ်လည်း၊ သဟဿရောင်၊ ခြည်တထောင်ဖြင့်၊ ပြောင်ပြောင်ဝင်းထိန်၊ အာဏာနှိမ်လျက်၊ ပြင်းရှိန်အန္တ၊ ဂုဏ်စွမ်းပြသော်၊ လေခမြေသက်၊ ဈာန်ဝိတက်သို့၊ သစ်ရွက်ရော်ရီ၊ ဣန္ဒနီဝယ်၊ သိင်္ဂီတဝက်၊ ဖက်၍ဆေးစုံ၊ ချယ်သောပုံသို့၊ ရဂုံမြိုင်တွင်း၊ တောလုံးလင်းသား၊ သီးကင်းနုစ၊ အချို့ကမူ၊ သြဇရသာ၊ နတ်သုဒ္ဓါသို့၊ ချိုစွာတင့်မော၊ ငှက်ပျောသခွါး၊ သဖန်းခါးနှင့်၊ သျှစ်သျှားသမ္ဘရာ၊ သြဇာသရက်၊ ဖက်သက်တရော်၊ မြတ်ရှင်တော်ကို၊ ပူဇော်လို့ငှါ၊ သီးကြရှာ၏၊ မဟာလှေကား၊ ဆတ်သွားရင်ခတ်၊ ခိုင်ညွှတ်ကံ့ကော်၊ ထိုထိုသော်လည်း၊ တော်သင်းကြန်ဝင်၊ ဥည်သဘင်၌၊ ညွန့်ရှင်လုလု၊ ဂုဏ်တင်းပြုလျက်၊ မာန်ပုံဖက်၍၊ မင်းထက်မင်းဖျား၊ တို့ဘုရားကို၊ ညွတ်တွားသဒ္ဓါ၊ ဖူးပွင့်လာ၏၊ အာကာသဓာတ်၊ ကောင်းကင်ရပ်က၊ ဇောတရသ်ချယ်၊ နတ်ဘုန်းကြွယ်တုံ၊ ပြိုင်ဆွယ်ကာက၊ ကက္ကဋနှင့်၊ ဟင်္သာ့တာရာ၊ ရံဝန်းကာလျက်၊ ညီလာစုံခံ၊ ကွန့်မြူးစံရှင့်၊ တိမ်ပြတာန်စု၊ တဂုဏ်လုသည်၊ ကျေးဥအရောင်၊ မိလ္လာဘောင်ဝယ်၊ တိမ်တောင်စက်သွား၊ တိမ်ရထားနှင့်၊ ကိုးပါးနဝရတ်၊ တိမ်ပြာဿာဒ်လည်း၊ လူ့ထွဋ်ပရမေ၊ သုံးလူ့ဆွေကို၊ ညွတ်ခွေဦးတင်၊ ရှိပန်ဆင်ခဲ့၊ တောခွင်တောင်ထု၊ ပျော်ကြောင်းလုသည်၊ တောင်သူ့ဓလေ့၊ ယာမီးကြွေ့သား၊ မျိုးစေ့မြေနှံ၊ ဒေဝမာန်လျှင်၊ ညံတခြိမ့်ခြိမ့်၊ ဘဝင်စိမ့်မျှ၊ သိမ့်သိမ့်ရိုက်ကျော်၊ ဗုဇွန်ဆော်၍၊ ခါတော်သဘင်၊ ဖက်နွှဲယဉ်သို့၊ ညွန့်ရှင်ခက်သွယ်၊ တောနိကာယ်တုံ၊ အံ့ဘွယ်သရဲ၊ ကဲကြဆင့်ဆင့်၊ ပင်လုံးဝင့်လျက်၊ ပင်မြင့်ပင်လတ်၊ ပင်ပျပ်ပင်စောက်၊ ဖူးညှောက်ကိုက်နု၊ စည်းဝေးပြု၍၊ သီးမှုသန္ဓေ၊ သုံးလူ့ဆွေကို၊ ရိုသေလှစွာ၊ ကမ္ဘာလိုလိုက်၊ စရိုက်အားကိုး၊ ညွန့်ညွန့်ဖြိုးသည်။ ။ သီးမျိုးခိုင်ညှာ လ,ပြွတ်တည်း။
***
The sun swings westward aslant. Signs and seasons speed in procession to where the let keeps its station high in the eastern sky. Innocent freshness decks the Thingyan season of the infant year. April airs sweep along in fitful gusts. Phoebus’ crystal disc shoots its fiercest blaze in a thousand rays. Withered leaves shaken from the spray glide down on the aery surge as if in mystical ecstacy. Their sapphire hue seems dashed with gold. A clamour of colour fills the vernal woods. Tender fruits peep from the budded quicks and mellow clusters luscious as ambrosia sway in the air. The golden banana, the cold cucumber, the bitter sycamore, the tart sh*tsha, the acid lime, the delicious custard-apple, the juicy mango, the restless petthet and the riotous grewia rush to render their homage to the thrice-adored Sage. The Mahahlega varied in colour, the satthwa fragrant as ever, the yingat with its yellow bud, the gangaw subtle in odour put forth their blooms on this occasion of joy and mirth. In the pride of nature impatient of out-blooming the rest, each bares its breast in adoration to the King of Kings. Lesser lights constellate in the ambient sky and take fancy shapes. Lo, the crow, the crab, the sheldrake shine around the moon’s loveliness. Bank of cloud shot with shades of azure and sable fleece the sky. They shift and wave and form now a wheel, then a chariot and again a nine jeweled turret. The noiseless columns bow before the peerless superman in splendid rivalry. Joyous peals of thunder usher in the seeding-season and urge the tribes of the hills to burn and till and sow their land as is their use and wont. It is now the time of song and dance. The drumming thunder rings through the folding circles of heaven like the plangent roll of the crustacean drum in honour of the enlightened One. In the forest grove trees and planets both high and low – are crowned with sprout and bud and fruit. Fruit-laden branches and boughs pay their vows mortal-wise to the exalted One.
***

30/09/2025

ဆဒ္ဒန်ဆင်မင်းဝတ္ထု
(ဇာတ်သိမ်း)
***
မူဆိုးလူဖျက်၊ ဘုတ်သဘက်လည်း၊ ခြောက်ရက်ခရီးနှင့်၊ ပြည်ကြီးဗာရာ၊ နန်းအောင်ချာသို့၊ လျင်စွာဆိုက်ရောက် တည့်လေလျှင်၊ ဝေယန်ညာစွယ်၊ ကမ္ဗုလယ်၌၊ စံပယ်ပျော်ပါးသော၊ မိဘုရား သုဘဒ္ဒါအား၊ ခြောက်ဖြာရောင်ထင်၊ စွယ်တော်ရှင်ကို၊ ဝင်၍ ချက်ခြင်းဆက်လေ၏။
ဆက်ပြီးလတ်သော်၊ ဆဒ္ဒန်ဆင်မင်း၊ မှာရင်းစကား၊ အကြောင်းများကို၊ မထားမချန်၊ စေ့စုံအောင်ပြန်သည်တွင်၊ ဗိမာန်နန်းဘွား၊ သုဘဒ္ဒါမိဘုရားသည်၊ စကားရှေ့နောက်၊ ပြန်လှန်ကာ ထောက်လတ်သော်၊ နောက်နောက်ကျိကျိ၊ နှလုံးတော်ရှိလှ၍၊ မဏိခြယ်စီ၊ သိင်္ဂီရိုးညှောက်၊ အံ့လောက်ဆန်းပြား၊ ရွှေယပ်မားဖြင့်၊ သနားစိတ်ဝင်၊ ခံယူတင်ပြီး၊ ရင်ခွင်တော်၌၊ စွယ်တော်ကို ပိုက်ပြန်၍၊ တစိုက်စိုက် ရှုရင်းပင်၊ ပြုမိသည့် ဖြစ်ထွေ၊ လင်သေသည့် အကြောင်း၊ ဘဝဟောင်းက၊ ငယ်ပေါင်းပြီပြီ၊ လည်ချင်းမှီ၍၊ နာရဏီခိုင်၊ အင်ကြင်းမြိုင်နှင့်၊ မြဆိုင်ပညောင်၊ ရွှေဂူချောင်ဝယ်၊ ဆွေမောင်နှင့်မယ်၊ ကျီစယ်သမှု၊ ပန်းခိုင်လု၍၊ ကယုကယင်၊ ချစ်တုံ့တင်လျက်၊ ကြင်ကြင်လည်လည်၊ ပျော်ဖူးခဲ့သည်များကို၊ ကြံစည်စေ့စေ့၊ တစိမ့်စိမ့် အောက်မေ့၍၊ တငွေ့ငွေ့ ဆင်ခြင်၊ ပူစကို ငင်မိလျှင်၊ ပူပင်လယ်ပွေ၊ လှိုင်းဘောင်ဘင် ဝေသောကြောင့်၊ မဖြေနိုင် မဆည်နိုင်၊ သည်းဆိုင်မှာ လောင်ခြစ်၊ ကျမျက်ရည် ချောင်းဖြစ်အောင်၊ အော်ဟစ်၍ ငိုဆဲတွင်၊ နကိုယ် ဘောက်လှဲ၍၊ ဗာရာမင့် လည်ဆွဲသည်။ ရင်ကွဲနာနှင့်၊ နတ်ရွာစံတော်မူလေ၏။ … ။
ဆင်မင်းမြတ်စွာ၊ သေလွန်ရာလည်း၊ သုဘဒ္ဒါ မိဘုရားနှင့်၊ ပေါက်သား မာတင်၊ ရှစ်ထောင်သော ဆင်တို့သည်၊ ကောင်းကင်သမုဒ္ဒရာ၊ ဟိမဝါတောတောင်၊ နှံ့အောင် ရှာ၍၊ ရန်သူကို မတွေ့မှ၊ ရှေ့တည်မိရာ၊ ပြန်ခဲ့လာ၍၊ ရာဇာဘုန်းလျှံ၊ ဆင်မင့်းထံသို့၊ ခြံရံ ဆိုက်ရောက်ကြလေသတည်း။ ။
မဟာသဗ္ဗဘဒ္ဒါ၊ ဘွဲ့ခရာနှင့်၊ ညာမဟေသီ၊ ဆွေနာဂီလည်း၊ စေတီ ငွေတုံး၊ ပျက်ပြို ဆုံးသကဲ့သို့၊ တုံးလုံးလျောင်းစက်၊ လင်သေသည့်အချက်ကို၊ ဉာဏ်သက်၍ ထောက်မြော်သော်၊ စွယ်တော်ကို ဖြတ်ရာ၊ သွေးစက်ရာများနှင့်၊ လက္ခဏာ အခန်းခန်း၊ သေပုံတော်ဆန်းလှ၍၊ မြောက်နန်းတော် လက်ကိုင်းဟု၊ ဟုတ်တိုင်းကို တွေးတောမိလေ၏။ ။
ထိုပြီးနောက်မှ၊ ငွေတောင်မာတင်၊ မိမိလင်ကို၊ ဦးတင်ဝန္ဒနာ၊ ကန်တော့ငှာဖြင့်၊ လကျ်ာသုံးပတ်၊ လှည့်ပြီးလတ်သော်၊ ကိုယ်တော်မြတ် အလောင်းကို၊ နှာမောင်းဖြင့် ပွေ့ချီ၊ ကိုယ်ချင်းမှီ၍၊ ထိုဤ သွဲ့ဝှဲ့၊ မဖွဲ့တတ်ပြီ၊ မပြီသနိုင်၊ အသည်းစိုင်ကို၊ ဖြတ်ချိုင်ဂျွမ်းလှန်၊ ရန်ပုံခွင်း မှန်သကဲ့သို့၊ အလွန်ဆွေးပူ၊ ကြေကွဲတော်မူလှ၍၊ ကျူကျူသံအိုင်၊ တောဂနိုင်ကို၊ တပြိုက်နက်တည်း၊ ပဲ့တင်သံ ကြည့်စေလျက်၊ လှည်း၍ ငိုတော်မူသတည်း။ … ။
ထက်ဝန်းရံဆောင်၊ ဆင်ရှစ်ထောင်တို့လည်း၊ ခေါင်ခေါင်ကျည်ကျည်၊ အော်မြည်လှိုက်ဖို၊ မြေကြီးပြိုမလောက်၊ ထိုဤ ပြေး၍၊ ငိုကြွေးပူပန်ကြပြီးလျှင်၊ နန်းမတောင်ညာ၊ သုဘဒ္ဒါလည်း၊ လိမ္မာရေးခြားသော ဆင်ပေါက်တစီးကို ခေါ်စေ၍၊ ရွှေ ငွေ မြ ဂူ၊ ပန်းမဉ္ဇူနှင့် ၊ နန္ဒမူတောင်မင်း၌၊ သီတင်းသုံးနေတော်မူသော၊ ပစ္စေကဗုဒ္ဓါ၊ ဆရာသခင်တို့အား၊ အရှင်ဘုရားတို့၊ ပစ္စည်းလေးပါး ဒါယကာ၊ မဟာဆဒ္ဒန္တ၊ ပေါက်လှနာဂရတ်၊ ဆင်မင်းမြတ်သည်၊ လောကတ္တယ၊ ဘဝဇာတိ၊ ဝဋ်ရှိသောသူ၊ လူခပ်သိမ်းတို့၊ ရှောင်တိမ်းခြင်းငှါ၊ မတတ်ရာသော၊ ခန္ဓာဘင်္ဂ၊ မရဏသဘော၊ ရွေ့လျောဖောက်ပြန်၊ ဆုံးသေလွန်၍၊ နတ်ဌာန် လားတော်မူချေပြီ။ … ။ တကာတော် ဆင်မင်း၏၊ ရုပ်ကြွင်းဝတ္ထု၊ ကလာပ်စု၌၊ အသုဘ ကမ္မဋ္ဌာန်းကို၊ စီးဖြန်းတော်မူရအောင်၊ ဝိသာလ မာလက၊ စုံလှပန်းမာန်၊ မြေသုသာန်သို့၊ ဈာန်ဝသီဘော်၊ စက်ယာဉ်ကျော်ဖြင့်၊ ကြွတော်မူကြပါမည့် အကြောင်းကို၊ လျှောက်ပါသည်ဘုရား ဟု၊ အမိန့်တော်ပင့်စာနှင့်၊ တကာတော်မ၊ သဗ္ဗဘဒ္ဒါ၊ မဟာအတုလ၊ နာဂိန္ဒဒေဝီ၊ တံဆိပ်နာမံတော် ရှိသော၊ မိဘုရားခေါင်ကြီး ဘုရားက၊ သွား၍ပင့်ချေ၊ ယခုစေသောကြောင့်၊ ခြေရင်းတော်သို့၊ ပင့်ခေါ်မည် ရောက်ပါကြောင်းကို၊ လျှောက်လေဟု စေတော်မူလိုက်၏။ … ။
တမန်ဆင်လည်း၊ ကောင်းကင်ဖြင့် သွား၍၊ ငါးရာသော ပစ္စေကဗုဒ္ဓါတို့ကို ပင့်ခေါ်ပြီးလျှင်၊ အလောင်းတော် ခေါင်းရင်းက၊ သီတင်းသုံး နေစေသတည်း။ ။
ထိုပြီးနောက်မှ၊ ပေါက်လှမုန်ယို၊ ဆင်ပျိုနှစ်စီး၊ မာတင်ကြီးတို့သည်၊ စောမီးဘုန်းမော်၊ အလောင်းတော်ကို၊ မြောက်ကော်ကြပ်မ၊ အစွယ်နှင့် ကြွပြီးလျှင်၊ ပစ္စေက ဗုဒ္ဓါတို့၏ ခြေကို၊ ရိုသေညွတ်နှိမ်၊ သုံးကြိမ်ဦးခိုက်စေပြီးမှ၊ အကျော် စမ္ပာ၊ နံ့သာ ကရမက်၊ ထင်းပုံထက်သို့၊ စွယ်ရှက်ခါ ချီတင်၍၊ စီရင် သင်္ဂြုဟ် ကြလေကုန်၏။ ။
ပစ္စေကဗုဒ္ဓါ၊ ရဟန္တာရှင်ပျံ၊ ထေရ်ဘုန်းလျံတို့လည်း၊ ညဉ့်သုံးယံပတ်လုံး၊ စုရုံးညီညာ၊ ဒေသနာ ပရိယတ်ကို၊ ရွတ်ဘတ်စီးဖြန်းတော်မူ၍၊ ကမ္မဋ္ဌာန်း အသုဘ၊ ရှုကုန်ကြပြီးလျှင်၊ လင်းမှပင် ပြန်ကြွတော်မူကြလေ၏။ ။
သုဘဒ္ဒါမိဘုရားနှင့်၊ အများသောင်းသောင်း၊ ဆင်အပေါင်းတို့လည်း၊ ဦးခေါင်းညွတ်ဆိုက်၊ သင်းချိုင်းကို ဦးခိုက်လျက်၊ ရစ်ဝိုက်လက်ျာ၊ သင်းချိုင်းပြာကို၊ နှာမောင်းဖြင့် ယူငင်၍၊ ချစ်ခင်မရဲ၊ ဦးကင်းထက်ကြဲပြီးလျှင်၊ ကန်တော့ပွဲ ခံကြ၍၊ ညာစံမဟာ၊ သုဘဒ္ဒါကို၊ သိင်္ဂါဇမ္ဗူ၊ ရွှေဂူဗိမာန်၊ နန်းဝေယန်သို့၊ ပြန်တော်မူချိန်သင့်ပြီဟု၊ ချီးပင့်ခေါ်လျက်၊ သံတော်ဦးတင်ကြကုန်၏။ ။
မိဘုရားမြတ်၊ ဆင်များ့နတ်လည်း၊ စောထွတ်မိမိုင်း၊ လင်သက်နှိုင်း၏၊ သင်းချိုင်းတော်ရာ၊ မြေမျက်နှာကို၊ မခွါတတ်အား၊ မသွားခဲ့ရက်၊ ငဲ့ကွက်စောင်းလှည့်၊ ပြန်ကြည့်ကြည့်နှင့်၊ လှော်မှည့် ရတနာ၊ မျက်နှာမဉ္ဇူ၊ လဣန္ဒူကို၊ လွှမ်းမြူတိမ်တောင်၊ မြှေးရစ်မှောင်သို့၊ ခေါ်ယောင်မြှော်ကာ၊ ပေါ်လာလိမ့်နိုး၊ ထင်ကိုးဆိုင်းလင့်၊ တဖင့်နွှဲနွှဲ၊ မျက်ရည်ရွှဲနှင့်၊ ပျော်မြဲရပ်ဌာန်၊ ရွှေဂူဗိမာန်၊ နန်းဝေယန်သို့၊ ပြန်ရှာတော်မူရလေသတည်း။ ။
ဤဆဒ္ဒန် ဒေသနာ၌၊ မဟာဗောဓိသတ်၊ ဆင်မင်းမြတ်သည်၊ စွယ်ဓာတ်နှစ်ဆူကို၊ အမူကြမ်းခက်၊ မူဆိုးကြီးလက်သို့၊ ရက်ရက်ရောရော၊ လှူသော အခါ၊ တိရိစ္ဆာန် ဖြစ်ပါလျက်၊ ဗြဟ္မာလူနတ်၊ စည်းစိမ်မြတ်ကို၊ ဝဋ်၏ မျိုးစေ့၊ ဖြစ်လေ ရွှေ့လျှင်၊ တပ်မွေ့ စုံမက်၊ မနှစ်သက်သောကြောင့်၊ နှုတ်မြွက်၍ မတောင်းပဲ၊ ၎င်းလောကီ၊ စည်းစိမ်အီကို၊ မညှီမနံ၊ မရွံနိုင်ငြား၊ ကောင်းသည်ဟု ခံစားလျှင်၊ ဆယ်ပါးသော သံယောဇဉ်၊ စပ်ယှဉ်ကပ်ငြိ၊ တိုးပွါးဘိ၍၊ ဇာတိမပြတ်နိုင်လေရာ၊ ဇာတိဝဋ်ညှောက်၊ မကုန်ပျောက်က၊ အဖောက်ဖောက် အပြန်ပြန်၊ မဖန်ဖန် အခါခါ၊ နာလိုက်လား၊ သေလိုက်လား၊ ချားရဟတ်ပုံ၊ ငုပ်တုံပေါ်ပြန်၊ ဒုက္ခကြီး ဝဲဆန်၍၊ နိဗ္ဗာန်အလွန်ဝေးချိမ့်မည်၊ ဤအဖြစ်ကို၊ စင်စစ်တွေးမိ၊ ဆင်မင်းသိသောကြောင့်၊ လောကီ့စီးပွါး၊ ချမ်းသာများကို ပယ်ရှား စွန့်ပစ်တော်မူသတည်း။ ။
ဤထုံးစံကို၊ နည်းခံစွဲသူ၊ ခုလူတို့သည်၊ ထောက်ကူမစ၊ ရှေးပုညကြောင့်၊ သာသနာ့အတွင်း၌၊ အလင်းကြုံဘိ၊ ဒွိဟိတ်, တိဟိတ်၊ စိတ်ဝိပါက်ယှဉ်၊ လူစင်ဧကန်၊ ဖြစ်သည်မှန်လျက်၊ တိရစ္ဆာန်လောက်မျှ၊ အရိပ်ကိုမသိကြဘဲ၊ ဒါနကောင်းမှု၊ ပြုကြသောခါ၊ ဝဋ်ချမ်းသာကို၊ တဏှာလိုက်စား၊ ဆုတောင်းမှားကြလျှင်၊ နာလိုက်လား၊ သေလိုက်လား၊ တမွှားမွှားနှင့်၊ အလျားလိုက်မျော၊ ဆင်းရဲ၍ မောကြမည်၊ သဘောကြီးကြပါစေကုန်။ … ။
ထို့ကြောင့်၊ ကုသိုလ်ကမ္မပထ၊ ပြုသမျှ၌၊ သာဝက ပစ္စေကာ၊ သမ္မာသမ္ဗုဒ္ဓ၊ ဝဋ်မှဆန်တက်၊ ဆုသုံးချက်ကိုသာ၊ နှုတ်မြွက်ကောင်းကောင်း၊ ရလွယ်ကြောင်းဖြင့်၊ ဆုတောင်း မြတ်ထွတ် စေရမည်။ သဇ္ဇန ပုဂ္ဂိုလ်၊ မဂ်ဖိုလ်ငံ့မြှော်၊ သူတော်သူမြတ် အပေါင်းတို့ …. ။ … ။
ဤတွင်ရွေ့ ဆဒ္ဒန်ဆင်မင်းဝတ္ထု ပြီး၏။
***

29/09/2025

ဆဒ္ဒန်ဆင်မင်း ဝတ္ထု (ဦးပုည)
အပိုင်း (၃)
***
ထိုအခါ၊ မူဆိုးပေတလူ၊ အခေါက်ထူသည်၊ သူနှင့်ဆင်မင်း၊ ရန်ဘက်ချင်းကဲ့သို့၊ ချက်ချင်းထကြွ၊ ကများ ကတည့်၍၊ လွှကြီးကိုင်လျက်၊ ဖြတ်မည်ဟု တက်သော်လည်း၊ မတက်နိုင်ချေ၊ ပန်းဟိုက်၍ နေသည်တွင်၊ (ပရမေလောင်းလျာ၊ ဆင်ရာဇာလည်း) မြေမှာဝပ်ကာ၊ ဦးခေါင်းတော်ညွတ်ရှာ၍၊ ဖြတ်သာအောင် ပြုတော်မူလေ၏။ မူဆိုးညစ်ထေး၊ ငမိုက်ခွေးလည်း၊ လေးစွန်တောင်နှင့်၊ အာခေါင်ကို လှန်၊ ဒိုင်းထောက်၍ ကန်ပြီးလျှင်၊ ထက်သန်မြမြ၊ ကြောက်မက်ဘွယ် လွှကြီးနှင့်၊ အာစကို ဖြတ်တိုက်၊ ဦးနှောက်ကို ခိုက်လုအောင်၊ အလျားလိုက် ထိုးသွတ်၊ စွယ်ရင်းကို ပွတ်သည်တွင်၊ ပေါက်လွှတ် ဘရဖွာ၊ ကန်ကျိုး၍ လာသကဲ့သို့၊ အာခံတွင်းမှ၊ သွေးချောင်းကျလျက်၊ ဒုက္ခဝေဒနာ၊ ကြီးစွာဖြစ်တော်မူလေ၏။ ။ စွယ်တော်မူကား၊ ပြတ်မည်ဝေးစွ၊ အရာမျှ မထင်၊ ပင်ပန်းဖုတ်လှိုက်၊ မူဆိုးဟိုက်လှပြီ၊ သုံးတိုက်လုံးနတ်၊ ဆင်မင်းမြတ်လည်း၊ ဥပဒ်ကြီးစွာ၊ ဝေဒနာကို၊ ပညာဖြင့် သိမ်းဆည်း၍၊ သည်းညည်းတော် အတန်တန် ခံရှာပြီးလျှင်။ -
အသင်မူဆိုး၊ ငါကိုယ်တော်လည်း၊ ညှိုးလျော်နာကျည်း၊ ခွန်အားနည်းပြီ။ သင်လည်း လုံ့လ၊ ဖြတ်တိုက်၍ မရပြီ။ ငါ့အစွယ်မြတ်၊ ရိုးတော်ဓာတ်ကို၊ ငါဖြတ်၍ လှူတော်မူမည်၊ ကျူငွေတုံးလား၊ နှာမောင်းဖျားကို၊ သင်ကားကိုင်ကြွ၊ ချီပင့်မ၍၊ လွှကို ငါ့အား၊ ဆက်နှင်းပေတော့ဟု ဆိုပြီးသော်၊ လွှသံစောင်းကို၊ နှာမောင်းနှင့် ရစ်ပတ်၊ ကိုယ်တော်တိုင် တိုက်ဖြတ်လျှင်၊ စွယ်တော်မြတ်အစုံသည်၊ နိတုံရောင်စို၊ ရွှေတောင်ကြီးပြိုသကဲ့သို့၊ ပြတ်တိုတုံး၍၊ ဖုန်းဖုန်း မြေသို့ကျလေ၏။ ။ ထို့နောက်မှ၊ စွယ်တော်နှစ်ချောင်းကို၊ နှာမောင်းနှင့် ပွေ့ယူ၊ ချီတော်မူပြီးလျှင်၊ ပေးလှူအံ့သောငှာ၊ သာယာနာပျော်၊ မူဆိုးကိုခေါ်၍၊ အမိန့်တော် ဤသို့ရှိ၏။ ။
သမ္မ လုဒ္ဒပုတ္တ အဟံ ဣမေ ဒန္တေ တုယှံ ဒဒမာနော နေ၀ မယှံ အပ္ပိယာတိ ဒမ္မိ၊
န သက္ကတ္တ မာရတ္တ ဗြဟ္မတ္တာဒီနံ သမ္ပတ္တိ ံ ပတ္ထေန္တော။
ဣမေဟိ ပန မေ ဒန္တေဟိ သတဂုဏေန သဟဿဂုဏေန သတသဟဿ ဂုဏေန
သဗ္ဗညုတညာဏဒန္တာ၀ ပိယတရာ။
သဗ္ဗညုတညာဏပ္ပဋိဝေဓာယ ဣမံ ပုညံ ပစ္စယော ဟောတု။
၎င်းပါဌ်၏ အနက်အဓိပ္ပါယ်ကား -
သမ္မ လုဒ္ဒပုတ္တ၊ အဆွေမူဆိုးသား။ ဣမေ ဒန္တေ၊ ဤ ငါ၏အစွယ်စုံတို့ကို။ တုယှံ၊ သင့်အား။ ဒဒမာနော၊ ပေးလှူသော။ အဟံ၊ ငါသည်။ မယှံ၊ ငါ့အား။ အပ္ပိယာတိ၊ မချစ်အပ်သော ဝတ္ထုဟု၊ နှလုံးသွင်း၍။ နေဝဒမ္မိ၊ ငါမလှူ။ သက္ကတ္တ မာရတ္တ ဗြဟ္မတ္တာဒီနံ၊ သိကြားမင်း၏ အဖြစ်၊ မာရ်မင်း၏ အဖြစ်၊ ဗြဟ္မာမင်း၏ အဖြစ် - အစရှိသည်တို့၏။ သမ္ပတ္တိ ံ၊ စည်းစိမ်ကို။ ပတ္ထေန္တော၊ တောင့်တသည် ဖြစ်၍လည်း။ နဒမ္မိ၊ ငါမလှူ။ ပန၊ စင်စစ်သော်ကား။ မေ၊ ငါ၏။ ဣမေဟိ ဒန္တေဟိ၊ ဤအစွယ်တို့ထက်။ သတဂုဏေန၊ အဆအရာအားဖြင့်၎င်း။ သဟဿဂုဏေန၊ အဆအထောင် အားဖြင့်၎င်း။ သတသဟဿ ဂုဏေန၊ အဆအသိန်း အားဖြင့်၎င်း။ သဗ္ဗညုတညာဏ ဒန္တာဝ၊ သဗ္ဗညုတဉာဏ် တည်းဟူသော အစွယ်တို့ကိုသာလျှင်၊ ပိယတရာ၊ အလွန်တရာ သာ၍ ငါချစ်တော်မူအပ်ကုန်၏။ မေ၊ ငါ၏။ ဣဒံပုညံ၊ ဤအစွယ်ကို လှူရသော ကောင်းမှုသည်။ သဗ္ဗညုတညာဏပ္ပဋိဝေဓာယ၊ သဗ္ဗညုတဉာဏ်ကို ရခြင်း၏။ ပစ္စယော၊ အထောက်အပံ့သည်။ ဟောတု၊ ဖြစ်စေသတည်း။ ။
ဤသို့သော အမိန့်တော်ဖြင့်၊ သုံးဘော်ဝဋ်ဋ၊ ဘုံဘဝဟု၊ သင်္ခါရနယ်ဝင်၊ အပင်မဟုတ်၊ စည်းစိမ်စုတ်များကို၊ ရွှေနှုတ်မြွက်ဟ၊ မတောင့်တဘဲ၊ ဘဝသင်္ခါရ၊ ဒုက္ခခပ်သိမ်း၊ ငြိမ်းရာ အမှန်၊ နိဗ္ဗာန်ခေမာ၊ စိုးချုပ်ချာသော၊ မဟာသဗ္ဗညုတ၊ အတုလဉာဏ်တော်၊ ဆုမြတ်ကျော်ကိုသာ၊ မြွက်ဖော်သံရှင်၊ ပန်ဆင် တောင့်တတော်မူပြီး၍၊ ညီးညီးလျှံဝါ၊ ခြောက်ရောင်ဖြာသော၊ ကိုယ်အင်္ဂါမြတ်၊ စွယ်တော်ဓာတ်ကို၊ နဝရတ်ခြယ်စီ၊ ရွှေစေတီ ကဲ့သို့၊ ပိုက်ချီယုယ၊ နှာမောင်းဖြင့် မ-ပြီးလျှင်၊ ကြောက်စရာ့သဘက်၊ မူဆိုးကြီးလက်သို့၊ ရက်ရက်လွယ်ကူ၊ အပ်နှင်းတော်မူသဖြင့်၊ ဘူမဏ္ဍလာ၊ စက္ကဝါရေမြေ၊ လေအဆုံးရောက်၊ ဘဝဂ်ပေါက်မျှ၊ လှုပ်ချောက်ဝှန်ဆူ၊ နတ်လူကောင်းချီး၊ ဆော်ပဲ့တင်တီးလျက်၊ အလှူကြီးပေးတော်မူသတည်း။
ထို့နောက်မှ၊ မူဆိုးကိုခေါ်၍၊ အဆွေတော် သောနုတ္တိုရ်၊ မောင်မင့်သခင်၊ ပလ္လင်ညာရံ၊ ရွှေဘုံပျံမှာ၊ စံပေသည့်နတ်၊ မယ်သုဘဒ်ကို၊ ဆတ်ဆတ်သဘော၊ ငါမှာတိုင်း ပြောပါလေ၊ တောဟေမဝန်ချောင်၊ အိုင်သာခေါင်တွင်၊ ငွေတောင်ကြီး့သွင်၊ ခင်မ-လင်ကို၊ အရှင်လတ်လတ်၊ သင်စေ၍ သတ်ခဲ့ပြီ။ စွယ်တော်မြတ် နှစ်ချောင်း၊ ခြောက်ရောင်မောင်းကိုလည်း၊ ၎င်းဆင်ကြီး၊ မသေမီ ဖြတ်လှီး၍၊ သွေးစီးယိုထွက်၊ နာကျင်အောင် နှိပ်စက်ပြီးလျှင်၊ အသက်ဆုံးစေခဲ့ပါပြီ။ ဤစွယ်တော်စုံကို၊ ရွှေဘုံသူ့ မှန်ကူ၊ သုံးရက်တော်မူသေးလျှင်၊ ရန်သူကြီးအစွယ်ကို၊ ရွှေလက်ဝယ် ဆက်သပါမည်၊ အားရ စိတ်ရွှင်၊ ကျေနပ်အောင် စီရင်၍၊ ပြုချင်တိုင်း ပြုတော်မူပါတော့ဘုရား ဟု၊ မောင်မင့်သခင်၊ မုန်းပင်စိုက်ပျိုး၊ ပြေချိန်တိုင်ရွေ့မှ၊ မပြေနိုင် ငြိုးတတ်သည့်၊ မူဆိုးတပိုင်း၊ မိန်းမရိုင်းကြီးကို၊ ငါမှာတိုင်း ပြောပါလေ။ ။
ထိုမှတပါးလည်း၊ မိဘုရား သုဘဒ္ဒါသည်၊ အိုင်သာဆဒ္ဒန်၊ ဤရေကန်တွင်၊ သည်ရံ မဟာ၊ သုဘဒ္ဒါနှင့်၊ ဝဲယာရွေရံ၊ စံသည့် ကာလ၊ ဒေါသအပြစ်၊ မဖြစ်မမြောက်၊ မမုန်းလောက် သည်ကို၊ အဆောက်အဦ၊ ပြစ်ကြီးယူပြီးလျှင်၊ ငြူစူမျက်ဝင်၊ ငါချစ်လင်ကို၊ သင်မိဘုရား၊ သတ်ဖြတ်နိုင်အား ပေငဲ့၊ စိမ်းကား မျက်ငြိုး၊ သစ်ယောင်းခက် ချိုးသကဲ့သို့၊ ချစ်ကြိုးဖြတ်ဖြေ၊ သင်သတ်ရက် လေသောကြောင့်၊ သင့်သက်ဝေလင်၊ ငါဆဒ္ဒန်ဆင်သည်၊ မြေတွင်တုံးလုံး၊ မြားချက်နှင့် ဆုံးခဲ့ပြီ၊ ရွေသုံးရံချယ်၊ ကြာရိပ်လယ်မှာ၊ ရယ်ကာမောကာ၊ မျက်နှာငွေလ၊ ရွှင်ပပနှင့်၊ ခင်မဝမ်းမြောက်တော် မူပါလေတော့ … ဟူသော စကားကိုလည်း၊ မြားဆိပ်မူး၍၊ တောင်လူးမြောက်လည်း၊ နာကျည်းဝေဒနာ၊ မချိရာက၊ မှာတော်မူလိုက်ပါသည် ဘုရားဟု၊ ခြားနားအောင် တင်ပါလေ။ ။
သင်မူဆိုးသည်၊ ကြိုးစားအားသစ်၍၊ ခုနစ်နှစ်, ခုနစ်လ၊ လာခဲ့ရသော်လည်း၊ ငါ့စွယ်တော်မြတ်၊ ဣဒ္ဓိပါဒ်ကြောင့်၊ လတ်တလောခြင်း၊ ခုနစ်ရက် အတွင်း၌၊ မောင်မင်းပြည်သို့ ရောက်လိမ့်မည်။ ဘေးရန်ကာသန်း၊ ပရိတ်ပန်းတို့ကိုလည်း၊ ငါမန်း၍ ပေးတော်မူလိုက်မည်၊ ဆဗ္ဗဏ္ဏရသ္မိ ံ၊ ထိန်ထိန်ကျက်သရေ၊ စွယ်တော်စုံ အမြုတေကို၊ ရိုသေစွာ သင်ထမ်း၍၊ လာလမ်းကို ပြန်ပေတော့ဟု၊ စေ့ရေ ကြောင်းလျား၊ မှာတော်ပုံ ထားပြီးလျှင်၊ မုတ္တာမူးချိန်၊ စိန်စီမြခဲ၊ ရွှေလည်ရွဲကဲ့သို့၊ မခွဲကြချင်၊ လွန်ကဲစွာ ချစ်ခင်သည့်၊ ညာတင်မဟာ၊ သုဘဒ္ဒါကိုလည်း၊ မြင်ရှာတော် မူချင်သေး၍၊ တရေးရေး ရမ်းရော်၊ လာနိုးနိုး မြှော်ဆဲတွင်၊ ကြမ်းချော် ခက်ထန်၊ မြားဆိပ်မွှန်၍၊ ဆဒ္ဒန်ဆင်ကောင်း၊ ဘုရားလောင်းသည်၊ မယားဟောင်း လက်ချက်နှင့်၊ အသက်ဆုံးတော် မူရလေ၏။
***

28/09/2025

ဆဒ္ဒန်ဆင်မင်း ဝတ္ထု (ဦးပုည)
အပိုင်း (၂)
***
သောနုတ္တရ၊ နာမ ခေါ်ရိုး၊ တောမူဆိုးသည်၊ ဆဒ္ဒန်အိုင်တွင်းသို့၊ သက်ဆင်းမိလျှင်၊ ဆင်မင်းနေရာ၊ အလာအသွား၊ အထားအနေ၊ ရေဆင်းရေတက်၊ အချက်ချက်ကို၊ ကွယ်ဝှက် ပုန်းအောင်း၊ ချောင်းမြောင်း ဆင်ခြင်၊ သိမြင်သောအခါ၊ ဝိသာလမာလက အရပ်တွင်၊ ဥမင် ပေါင်းကူး၊ မြေကိုတူး၍၊ မြားဦး စိန်ရွက်၊ ဆင်မင်းချက်နှင့်၊ ချိန်လျက် ထုတ်ချောက်၊ အထက်က ဖောက်ပြီးလျှင်၊ ဒေါက်ချာ ဆံကျစ်၊ ဖန်နှစ် နီမြန်း၊ သင်္ကန်းရဲရဲ၊ ဆင်ဝတ်ကဲ၍၊ လည်ဆွဲပုတီး၊ တရပတ်ကြီးများနှင့်၊ မထေရ် သီလဝင်၊ တကယ့်ရှင်ကဲ့သို့၊ ဥမင်ထောင့်က၊ သကောင့်သားကြီး၊ အနုကြမ်းစီးမည်ဟု၊ အပြီးစောင့်လျက်၊ နေလင့်၏။ ။
ပုနဒိဝသေ၊ တနေ့မိုးသောက်၊ နက်ဖြန်ရောက်သော်၊ ပေါက်လှရတနာ၊ လောင်းမြတ်စွာသည်၊ မဟာသုဘဒ်၊ သက်မှတ် ကြည်နူး၊ ရွေများမှူးကို၊ တပ်ဦး တင်တော်မူပြီးလျှင်၊ ရှစ်ထောင် မာတင်၊ ဆဒ္ဒန်ဆင်တို့ကို၊ သေနင်္ဂဗျူဟာ၊ ပဒုမာ ပွင့်ချပ်၊ ရှက်စပ်ဦးကင်း၊ တပ်ကြီး ခင်းလျက်၊ အိုင်တွင်းသို့ သက်ဆင်းတော်မူသတည်း။ ။ သက်ပြီးလတ်သော်၊ ပွင့်ဝတ်ရောထွေး၊ အိုင်ရေအေးကို၊ လျှော်ဆေးဖြိုးဖြိုး၊ သွန်းချိုးသုံးဆောင်ပြီး၍၊ မိုက်ခေါင်ကြီးနေရာ၊ ဝိသာမာလက၊ ထာဝရအရပ်သို့၊ ချဉ်းကပ် နားနေရာ၊ ကိုယ်အင်္ဂါအစိတ်မှ၊ လျှောဘိတ်သော ရေစက်သည်၊ ချက်တော်မှ စုဆင်း၍၊ မြားတွင်းမှ ဝင်ပြီးလျှင်၊ မူဆိုးကြီး မျက်နှာသို့၊ ဖြောင့်စွာ စီးကျလေသတည်း။ ။
မူဆိုး အနရိယာ၊ တောတံငါလည်း၊ အခါအခွင့်၊ ဤယခု သင့်လှပြီ၊ ခံတွင့်းအပါး၊ မုတ်ဆိတ်ကြားမှာ၊ ပျားလာ၍ စွဲချေမှကို၊ မခဲမငြို၊ မျိုရုံသာ လိုတော့သည်ဟု၊ ပိုလ်တထောင်တင်ရေး၊ ဧရထေးကို၊ ကွေး၍ ကွင်းအောင်၊ အပြင်းငင်လျက်၊ လျင်လှသော မြားဟုန်ဖြင့်၊ အားကုန် လွှတ်လိုက်လေသည်တွင်၊ ဆင်မင်း ချက်ကို၊ မြားစက် လျှပ်လျှပ်၊ စိန်သွား ဟပ်၍၊ သည်းချပ် အူမ၊ မွမွပြတ်ကြွေ၊ ထောင်းထောင်းကြေအောင်၊ နှောက်မွှေ ကုန်စင်၊ ကျောက်ကိုထွင်၍၊ ကောင်းကင်သို့ မြားတက်လေသတည်း။ ။
ဆင်မင်းဖျားလည်း၊ မြားထိသောဒဏ်၊ ပြင်းထန်ဆူလှိုက်၊ ခိုက်ခိုက်တုန်မျှ၊ နာကျင်လှသောကြောင့်၊ သကလ ဝနံ၊ တောင်ယံပတ်ကုံး၊ တောအလုံးကို၊ ရိုက်ချုန်းမြည်ဟီး၊ ပဲ့တင်တီးလျက်၊ သံကြီးငေါ်ငေါ်၊ သုံးကြိမ်ကြော်၍၊ ဟစ်အော် ညည်းညူတော်မူသတည်း။ ။
သုဘဒ္ဒါ မိဘုရားခေါင်နှင့်၊ ရှစ်ထောင်သော ဆင်အပေါင်းတို့လည်း၊ ဘုရားလောင်းအသံကို ကြားလျှင်၊ ကြောက်အားကြီးစွာ၊ ကျာကျာ အော်မြည်၊ သုန်သုန်လည်လျက်၊ ရှေ့တည်မိရာ၊ ပြေးခွါပြီးမှ၊ အကြံရ၍၊ တို့ဘုရာ့းရန်သူကို၊ ဘမ်းယူ သတ်ညှစ်မည်ဟု၊ ပတ်လည် တောတောင်၊ မိုးခေါင်ပျံတက်၊ ပတ်ပတ်ညက်မျှ၊ ရှာဘွေကြစဉ်၊ ခင်မ-မဟာ၊ သုဘဒ္ဒါမူ၊ သည်းချာသက်နှင်း၊ ဆဒ္ဒန်မင်းကို၊ ကိုယ်ချင်းမှီကပ်၊ အသာအပ်၍၊ တန့်ရပ်ထူထောင် စေသတည်း။ ။
ဆင်မင်းဘုန်းကြွယ်၊ ဗောဓိနွယ်လည်း၊ မယ်သုဘဒ္ဒါ၊ သာသာအေးအေး၊ ကိုယ်ငွေ့ပေးလျက်၊ ဖေးကာမ၍၊ ယုယ သိုက်မြိုက်၊ နှာမောင်းနှင့် ပိုက်ရာတွင်၊ အဟိုက်ပြေ၍၊ နေသာရုံ ရှိတော်မူသတည်း။ ။ ထိုပြီး တထောက်၊ အကြံတော် ပေါက်သည်မှာ၊ နောက်ထပ်၍ တခါ၊ မြားချက်လာချေက၊ သုဘဒ္ဒါ မိဘုရားကို၊ ထိပါးဘွယ် မြင်သောကြောင့်၊ နှင်တော်မူလို၍။ ။ အဘယ်သုဘဒ္ဒါ၊ ဆင်တကာမူ၊ ငါ၏ရန်သူကို၊ ဘမ်းယူရှာမည် သွားကြသည်။ သင်မှာတမူ၊ ငါ့ရန်သူနှင့်၊ စိတ်တူ ညီညာ၊ ကြံဘက်ပါ၍၊ မရှာမလိုက် နေသလောဟု မိန့်တော်မူသည်တွင်၊ သုဘဒ္ဒါမိဘုရားလည်း၊ ချစ်အားထက်ပင်၊ ကြောက်အားဝင်၍၊ ဆင်မင်းမြတ်ကို၊ သုံးပတ် လက်ျာရစ်၊ ပုဆစ်နှိမ်ကျိုး၊ ရှိခိုးပြီးသော်၊ သွယ်စီးဖြိုင်ဖြိုင်၊ မျက်ရည်အိုင်နှင့်၊ အနိုင်သာခွါခဲ့၍၊ အာကာသ ကောင်းကင်သို့၊ ငယ်လင်ရှိရာ၊ ပြန်ကြည့်ခါနှင့်၊ တက်ရှာတော် မူရလေသတည်း။
ဆင်မင်းဖျားလည်း၊ ဤမြားပစ်ချက်၊ အထက် ရှေ့နောက်၊ တောင်မြောက် ဝဲယာ၊ လာဘွယ်မရှိ၊ အောက်ကဟု သိလေ၍၊ ဘူမိမြေရပ်၊ ခွါတော်နှင့် ရှပ်သည်တွင်၊ ပျဉ်ချပ် ကျိုး၍၊ မုဆိုးငုတ်တုတ် ပေါ်လေ၏။ ထိုအခါ၊ ယမ်းတိုက်နှင့် မီးစ၊ ထိပါးကြ သကဲ့သို့၊ ဒေါသ ပဋိဃာတ်၊ ခြောင်းခြောင်းလွှတ်၍၊ သတ်တော့မည် အငြိုးနှင့်၊ မူဆိုး၏ ဦးခေါင်းကို၊ နှာမောင်းဖြင့် ဆွဲတော်မူလေ၏။
ထိုအခါ၊ တံငါလုဒ္ဒက၊ အကြံရတည့်၍၊ ကိုယ်က သင်္ကန်းကို ခွါပြီးလျှင်၊ နှာမောင်းတော် အထက်၌၊ ခေါက်လျက် တင်လိုက်လေသတည်း။ ။ ဆဒ္ဒန်ဆင်ကောင်း၊ ဘုရားလောင်းလည်း၊ မောင်းမောင်း နီလွင်၊ သင်္ကန်းကို မြင်တည့်လျှင်၊ လေးသင်္ချေနှင့် ကပ္ပါတသိန်း ပတ်လုံး၊ သုံးဆယ် ပါရမီ၊ စာဂီပဉ္စ၊ စရိယ သုံးဆင့်၊ ဆည်းပူးကျင့်၍၊ ပွင့်အံ့ တျားတျား၊ ဖြစ်ပြန်ရကား၊ ပွါးမိသော အမျက်ကို၊ ချက်ချင်း ငြိမ်းစေ၏။ ။ ဤဖန်ရည်သင်္ကန်းကား၊ ရဟန်း ပရမတ်၊ ဝဋ်ကင်းလွတ်သော၊ အရဟတ္တဖိုလ်၏ တံခွန်၊ မြတ်မွန်လှချေ၏ တကား၊ ဤအဝတ်ကို၊ ယွင်းချွတ် ထိခိုက်၊ မမှားထိုက်ပေ၊ ရိုသေမြတ်နိုး၊ ရှိခိုးပူဇော် ထိုက်ပေသည်၊ ငါ့ရန်သူကို၊ ငါသတ်လိုလည်း၊ ထိုသူယုတ်၏၊ အမြိုက်ခေါင်ထွတ်၊ သင်္ကန်းမြတ်ကို၊ ဝတ်လျက် ရှိပချေသည်၊ ဘုရား လှိုဏ်ခေါင်း၊ အောင်း၍ မာန်သွေး၊ ဟောင်သည့်ခွေးကို၊ အရေးပြုကာ၊ ခွင့်မသာသကဲ့သို့၊ ထိုသူယုတ်အား၊ သတ်မိငြားသော်၊ တရားတော်ဂိုဏ်း၊ မလွတ်ရာချေဟု၊ ရွှေနှလုံးထား၊ ဘုရားတဆူ၊ မြတ်ထွတ်တော်မူလှ၍၊ ရန်သူမှန်လျက်၊ မူဆိုးပျက်အား၊ အသက်ကို ချမ်းသာပေးတော်မူလေသည်။ ။
ထို့နောက်မှ မူဆိုးသားနှင့် စကားပြောတော်မူလို၍ …

အနိက္ကသာဝေါ ကာသာဝံ၊
ယော ဝတ္ထံ ပရိဒဟိဿတိ။
အပေတော ဒမသစ္စေန၊
န သော ကာသာဝမရဟတိ။ ။
ယော စ ဝန္တ ကသာဝဿ၊
သီလေသု သုသမာဟိတော။
ဥပေတော ဒမသစ္စေန၊
သဝေကာသာဝမရဟတိ။ ။
ဟူသော နှစ်ဂါထာကို ရွတ်တော်မူ၏။

အနက်အဓိပ္ပါယ်သော်ကား … ။
အချင်းမူဆိုး၊ အကြင်သူသည် ကိုယ်တွင်း၌ ကိလေသာဟူသော ဖန်ရည်အပြည့်ရှိ၏၊ ဣန္ဒြေကို ဆုံးမခြင်း၊ သစ္စာစောင့်ခြင်းမှ ကင်း၏၊ ထိုသူယုတ်သည် ဖန်ရည်စွန်းသော သင်္ကန်းကို မဝတ်ထိုက်။ အကြင်သူမြတ်သည်ကား၊ ကိုယ်တွင်း၌ ရှိသော ကိလေသာကို၊ စင်ကြယ်စွာ အန်ထုတ်အပ်၏။ ဣန္ဒြေကို ဆုံးမခြင်း၊ သစ္စာစောင့်ခြင်းနှင့်လည်း ပြည့်စုံ၏။ စတုပါရိသုဒ္ဓိသီလ လေးပါးတို့၌လည်း ကောင်းစွာ တည်၏။ ထိုသူမြတ်သည်သာ ဖန်ရည်စွန်းသော သင်္ကန်းကို စင်စစ်ဝတ်ထိုက်၏ ဟူသတည်း။
ထို့နောက်မှ အချင်းမူဆိုး၊ သင်မူဆိုးကား၊ လူမျိုးတကာ၊ ကြံငှါမရဲ၊ ကြံဝံ့ခဲသော အကြံကို ကြံ၍၊ ငါ့ထံရောက်ဝင်၊ ငါသို့စင်ကို၊ အရှင်လတ်လတ်၊ သင်သတ်သည့် အကြောင်းကား၊ အဘယ်အကျိုးထူး၊ ကျေးဇူးကြီးမား၊ သင်၌ ပွါးမည်ကြောင့်၊ ငါ့အား သင်သတ်ရသနည်းဟု မေးတော်မူ၏။ ။
(ထိုအခါ၊ တံငါမူဆိုး၊ လူမိုက်မျိုးလည်း၊ ရှိခိုးဝပ်စင်း၊ မှန်ရာကို လင်းသည်မှာ) ။ ။ ဆင်မင်းသခင်၊ ထိပ်ခေါင်တင်။ လူအိုမူဆိုး၊ ကျွန်တော်မျိုးသည်၊ ကိုယ်ကျိုးဆန္ဒ၊ ကိုယ့်ကိစ္စကြောင့်၊ သတ်ရသည် မဟုတ်ပါ။ ကာသိမင်း၏၊ သက်နှင်းတောင်ညာ၊ သုဘဒ္ဒါဟု၊ အဆာကျယ်လှ၊ ရှင်ဘုရင်မကြီးက၊ မြ မရှား၊ စိန်မရှား၊ အလွန်ပင်များသည်ကို၊ နားလေး လေဟန်၊ ဆင်စွယ်မှ ပန်လိုသည်၊ သာမန်ဂုဏ်ငယ်၊ ဆင်နက်စွယ်များကိုလည်း၊ နားဝယ်မခံ၊ ညှီစော်နံ၍၊ ရွံသတဲ့ဘုရား။ ။ ဆင်မျာ့ဘုန်းမော်၊ ဆင်မင်းကျော်၏၊ စွယ်တော် နှစ်ချောင်း၊ ခြောက်ရောင် မောင်းကိုသာ၊ နားဍောင်းပွတ်၍၊ ဆင်ဝတ်တော်မူလိုသည်၊ ဆဒ္ဒန် ဘုန်းကြွယ်၊ ကိုယ်တော်မြတ် အစွယ်ကိုမှ၊ နားဝယ် လှလှ၊ မဆင်ရလျှင်၊ စိတ်ချပေတော့၊ သူသေပါတော့မည်ဟု၊ ရွှေနန်းကြော့ရှင်၊ သူချစ်လင်၏၊ ရင်ခွင်ကြားမှာ၊ ခေါင်းထား၍ အသော့၊ ငိုပါရော့သည် ဘုရား။ ပင်ပန်းလှိုက်ဖို၊ သူ့မယား ငိုတည့်လျှင်၊ ဟိုလူကြီးက၊ ပြာရီးပြာရာ၊ ပစာအရေး၊ မတွေးမမြော်၊ ကျွန်တော်ကို ခေါ်ပြီးလျှင်၊ ဟဲ့နော် လုဒ္ဒက၊ ဆင်စွယ်ကို မရလျှင်၊ ဇီဝိတ နတ္ထိ၊ နင်သေမည် အမှန်ဟု၊ မင်းသမီး မာန်စွဲနှင့်၊ အန်ခဲ၍ မိန့်တော်မူရာတွင်၊ ခုသေမလောက်၊ ကျွန်တော်မျိုး ကြောက်လှ၍၊ ဓားအောက်ကသာ၊ အနိုင်နိုင် ခွါပြီးမှ၊ တောအောက်ပင်သေသေ၊ ဖြစ်လိုရာ ဖြစ်စေဟု၊ မသွေမဖောက်၊ ဆက်ပါမည် လျှောက်သည်တွင်၊ နှစ်ယောက်စလုံး၊ တပြုံးပြုံးနှင့်၊ အသုံးကံကျွေး၊ ငါးရွာစားပေးပြီးလျှင်၊ ကျေးဇူးရှင်မ၊ သူကိုယ်တိုင် လမ်းပြ၍၊ ဘုန်းဘုရာ့း စွယ်တော်မြတ်ကို၊ အဖြတ် ကျွန်တော် ရောက်ပါသည်။ ။ အစွယ်လိုသူ မိဘုရား၊ အသွားစေသူ မင်းဧကရာဇ်၊ လေးပစ်သူ ဘုရာ့းကျွန်တော်၊ ကြံဘော်ကြံဘက်၊ သုံးယောက်သား အနက်တွင်၊ ကံကွက်ကြား၍၊ ငမိုက်သား မူဆိုးလေ၊ နင်ချည်းပင် သေပေတော့ဟု၊ ငွေတောင့်အဟန်၊ ဆဒ္ဒန်မင်းမြတ်၊ ကျွန်တော်အား သတ်လျှင်လည်း၊ မလွတ်နိုင်ရာ၊ သေရပါတော့မည်၊ ကရုဏာရှေးရှု၊ လွှတ်တော်မူလျှင်လည်း၊ လူမလိမ္မာ၊ ကျွန်မိစ္ဆာသည်၊ ချမ်းသာရပါတော့မည် ဘုရားဟု၊ လျှောက်ထားတောင်းပန်လေ၏။ ။
အလောင်းတော်မြတ်၊ ဗောဓိသတ်လည်း၊ လောကတ္တယ၊ ဘဝပါရဂူ၊ နီးတော်မူသောကြောင့်၊ ရန်သူပုဂ္ဂိုလ်၊ သောနုတ္တိုရ်အား၊ ရွှေကိုယ်တော်ပွါး၊ ရင်နှစ်သားကဲ့သို့၊ သနားစုံမက်၊ အသက်ကို ချမ်းသာပေးတော်မူပြီးလျှင်၊ အသင်မူဆိုး၊ သင့်စကားတွင်၊ မိဘုရား သုဘဒ္ဒါ၊ အရိပ်ပါသောကြောင့်၊ ငါစဉ်းစားမိ၊ စင်စစ်သိပြီ၊ ဤမိဘုရားသည်၊ အခြားသူမဟုတ်၊ ငါ၏ သက်မျှ၊ စူဠသုဘဒ္ဒါ၊ ရတနာရောင်ချိပ်၊ ဘွဲ့ရွှေလိပ်နှင့်၊ ညောင်ရိပ်စံမြန်း၊ ကြင်မခန်းသည့်၊ မြောက်နန်းဒေဝီ၊ သင်းဖြစ်ပေသည်။ ။ ငါ၏ အစွယ်၊ နားဝယ်သ’ရန်၊ ဆင်လိုဟန်နှင့်၊ ကြံဘန်လို့ ပြောသော်လည်း၊ သဘောမဟုတ်လှလေဘူး၊ ဆဒ္ဒန်အစွယ်ကို၊ အကယ်၍ လိုဘိမူ၊ အဟိုရှေးက၊ ဘေးတော် ဘိုးတော်၊ ခမည်းတော်ဘုရား၊ ဆင်မင်းဖျားတို့၏၊ ခြောက်ပါးရောင်ဟုံ၊ စွယ်တော်စုံကို၊ နိတုံဇမ္ဗူ၊ ဤရွှေဂူ၌၊ သိမ်းယူသိုထား၊ ရှိကြောင်းများကို၊ ထင်ရှား သင်းသိလျက်တကား။ ။ ငါ၏ ကိုယ်၌၊ မဆိုလောက်ဘွယ်၊ အပြစ်ငယ်ကို၊ ကြီးကျယ်ဝတ္ထု၊ ရန်ငြိုးပြု၍၊ ယခုငါ့ကို၊ သေစေလိုသောကြောင့်၊ ထိုထို ပရိယာယ်၊ ဝေဝုစ်လှယ်လျက်၊ ဆင်စွယ် နားပန်၊ ဆင်လိုဟန်များနှင့်၊ ဉာဏ်ဝင်္ကန္တ၊ ယုတ်မာလှသည့်၊ အမိုက်မ အတတ်၊ သင်းကြံ၍ သတ်သည်ကား၊ ဆတ်ဆတ်မုချ မုန်တော့သည်။ သို့စင်မျှလောက်၊ မထောက်မဆ၊ ကြံရက်သည့် မိန်းမ၊ အားမရသရွေ့၊ သူမမေ့ရာပြီ။ ရှေ့သို့သံသရာ၊ ဖြစ်တိုင်းမှာပင်၊ လောင်စာရန်ငြိုး၊ မီးဆက်၍ ပျိုးမည်ကြောင့်၊ မိန်းမဆိုးအမုန်း၊ သည်ဘဝမှာ၊ သည်မျှနှင့် တုံးစေတော့၊ တောပုန်းချုံလျှိုး၊ သင်မူဆိုးအားလည်း၊ ဖြိုးဖြိုးကြွယ်ဝ၊ မင်းဆုလာဘ် ရစေတော့၊ နန်းမတောင်ညာ၊ သုဘဒ္ဒါတို့။ မလာကြခင်၊ စွယ်တော်ရှင်ကို၊ လျင်လျင် ဖြတ်ချိုး၊ သင်မူဆိုး စိတ်ရှိတိုင်းပြုတော့ဟု၊ သဗ္ဗညု ဘုရားလောင်းက၊ မယားဟောင်း စိတ်ကြေအောင်၊ ခွင့်ပေးတော်မူလေသတည်း။ ။
***

Address

20 Oat Tha Phaya Street
Yangon

Website

Alerts

Be the first to know and let us send you an email when Han Thar Thit Publishing House posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share