03/10/2024
ကျွန်တော့်မှာ ရွေးစရာများများ မရှိဘူး …
လူရယ်လို့ဖြစ်လာတာနဲ့ ကျွန်တော်တို့တွေဟာ ကျွမ်းကျင်ရာ လိမ္မာရာ လုပ်ကိုင်ကြရင်း အသက်မွေးကြရပါတယ်။ ကိုယ့်ရဲ့အချိန် သို့မဟုတ် ကိုယ့်ရဲ့လုပ်အားကိုပေးပြီး တနေ့တာ စားဝတ်နေရေးဖြေရှင်းဖို့ရာ အဆင်ပြေစေမယ့် လုပ်အားခ(ငွေကြေး)ကို ရှာဖွေကြရပါတယ်။ အရောင်းအဝယ်လုပ်တယ်လို့ ပြောရင်လည်းမမှားပါဘူး။ ကိုယ်ပိုင်တဲ့ အချိန်၊ ကျွမ်းကျင်မှုကို ရောင်းကုန်တခုအဖြစ်သတ်မှတ်ပြီး ပိုက်ဆံရှာတယ်ဆိုပါတော့။
အရောင်းအဝယ်ဆိုတဲ့နေရာမှာ ကိုယ့်မှာ အရင်း ၁၀၀ တန်တဲ့ ရေတဗူးရှိတယ်ဆိုပါစို့။ ဒီ 100 တန် ရေတဗူးကို ၁၀၀၀ နဲ့ ပြန်ရောင်းချင်ရင် ရောင်းလို့ရပါတယ်။ လိုအပ်တဲ့သူ၊ ကြိုက်တဲ့သူ၊ တတ်နိုင်တဲ့သူက ဝယ်သွားပါလိမ့်မယ်။ အခုအချိန်မှာ အားလုံးက ကြိုက်ရောင်း ကြိုက်ဝယ်စနစ်နဲ့ လုပ်ကိုင်နေကြတာဖြစ်လို့ သိပ်ပြဿနာမရှိပါဘူး။ (ကိုယ်တိုင်က ဝယ်ပါ၊ ဝယ်ပါ အတင်းလိုက်ရောင်းရင်တော့ ပြဿနာရှိပါတယ်။ )
ဒါပေမယ့် ကိုယ့်မှာ 100 တန် ရေဗူးရှိတယ်။ အားလုံးကလည်း 100 နဲ့ပဲ အရောင်းအဝယ်လုပ်နေကြတယ်။ ဒါကို 1000 ပေးမယ်၊ ရောင်းမလားလို့ မေးလာရင် စဥ်းစားစရာအများကြီးရှိပါတယ်။ ဥပမာ - ရေဗူးချင်းအတူတူ တခြားမှာ ၁၀၀ နဲ့ ရနိုင်ရက်၊ ကိုယ့်ဆီကမှ ဘာလို့ ၁၀၀၀ ပေးပြီး လာဝယ်ရသလဲ ? ရေဗူးအပြင် တခြားလိုချင်တာရှိလို့လား ? ကိုယ်မသိလိုက်ချိန်မှာ ဈေးကွက်ပြောင်းလဲသွားပြီလား စသဖြင့် ပြန်လည် သုံးသပ်ဖို့ လိုပါတယ်။ ရောင်းရပြီးရော၊ မြတ်ရင် ပြီးရော လွယ်လွယ်ဆုံးဖြတ်လိုက်လို့မဖြစ်ပါဘူး။ပြောချင်တာကတော့ အလွယ်မလိုက်ဖို့၊ ရတိုင်းမယူဖို့၊ တဆုံးမနှိုက်ဖို့ပဲဖြစ်ပါတယ်။
ဘာဖြစ်လို့လဲ ဒါတွေပြောနေရသလဲဆိုတော့ အခုအချိန်မှာ ပုံမှန်မဟုတ်တဲ့ လစာပေးတဲ့ အလုပ်ခေါ်စာတွေ အများကြီး တွေ့လာရလို့ပါပဲ။ ပုံမှန်လစာဆိုတာက တာဝန်နဲ့ ရာထူးပေါ်မှာမူတည်ပြီး ယေဘုံယျသတ်မှတ်ထားတဲ့ နှုန်းထားတခုဖြစ်ပါတယ်။ ဥပမာ - အခြေခံဝန်ထမ်းဆို ဘယ်လောက်၊ ပညာရှင်ဆို ဘယ်လောက်၊ မန်နေဂျာဆို ဘယ်လောက် စသဖြင့် အလွယ်သတ်မှတ်ထားတာတွေ ရှိပါတယ်။
ဒီလစာတွေထဲမှာမှ JD, JR အပေါ် မူတည်ပြီး အပေါ်အောက် 20% လောက် ကွာနိုင်ပါတယ်။ ဥပမာ - ကိုယ်ကမန်နေဂျာရာထူးဆိုပေမယ့် လုပ်သင့်တာထက် ပိုလုပ်ရမယ်ဆို 10 သိန်း ရမယ့်နေရာမှာ ၁၂ သိန်း ပေးတာမျိုးဖြစ်ပါတယ်။ အေးကွာ … မန်နေဂျာတော့လုပ် ဒါပေမယ့် လုပ်စရာများများစားစားမရှိလို့ ၈ သိန်းပဲယူကွာ … ဆိုတာမျိုးကလည်း သဘာဝကျပါတယ်။
ဘယ်လိုမျိုးက ဘဘာဝမကျဘူးလည်းဆိုတော့ ပြောထားတဲ့ Job Requirement, Job Description က အခြေခံဝန်ထမ်းအဆင့်ပဲရှိတယ်။ ပေးတဲ့လစာကတော့ မန်နေဂျာ၊ CEO အဆင့်ဖြစ်နေတယ်ဆိုရင် အများကြီးမှ အများကြီး စဥ်းစားဖို့ လိုပါတယ်။
အောက်ကပုံမှာ ပြထားတာတွေကတော့ တချိန်က အလုပ်တခုမှာ ခင်မင်ခဲ့တဲ့ လုပ်ဖော်ကိုင်ဖက်တဦးက လာနှုတ်ဆက်တာဖြစ်ပါတယ်။ သူ့လိုပဲ လာပြီးတိုင်ပင်တဲ့သူတွေ အများကြီးရှိပါတယ်။ အခြေအနေအချိန်အခါ၊ လုပ်ငန်းတွေ မတူကြပေမယ့် လာပြောသမျှထဲမှာ တူညီတာတခုကတော့ “ကျွန်တော့်မှာ ရွေးစရာ များများစားစား မရှိတော့ဘူး” ဆိုတာပါပဲ။
ကိုယ့်ရဲ့အတွေ့အကြုံအရ သူတို့ဘယ်ကိုသွားရမယ်၊ ဘာတွေလုပ်ရမယ်၊ ဘယ်လိုနေထိုင်ရတော့မယ်ဆိုတာတွေကို ကြိုတင်တွက်ဆလို့ရပေမယ့် သူတို့ရဲ့ “သွားတော့မယ်” ဆိုတဲ့ ဆုံးဖြတ်ချက်ကိုတော့ တားစီးနိုင်စွမ်း ကျွန်တော့်မှာ ရှိမနေတော့ဘူး။ သူတို့မှာ ဘာပြဿနာတွေ ရှိနေလဲ၊ ဘာတွေရင်ဆိုင်နေရလဲဆိုတာ သူတို့ အသိဆုံးပဲမို့၊ မလုပ်နဲ့လို့ ပြောတာထက် ငါလုပ်ခဲ့တုန်းက ဘယ်လို ဆိုတာကသာ သူတို့ရဲ့ ဆုံးဖြတ်ချက်တွေမှာ ပိုပြီး အထောက်အကူဖြစ်မယ်လို့ ယုံကြည်ပါတယ်။
နောက်ဆုံးမှာချင်တာကတော့ ဘယ်လောက်ပဲ ရွေးချယ်စရာများများမရှိတဲ့ အခြေအနေကို ရောက်နေပါစေဦး၊ အရောင်းအဝယ်တခု လုပ်တဲ့နေရာမှာ ကိုယ်ဖွင့်တဲ့ဈေးထက် မတန်တဆ လာပေးနေပြီဆိုရင်တော့ ဆုံးဖြတ်ချက်ကို အလျင်စလိုမချဘဲ သေသေချာချာပြန်စဥ်းစားပြီးမှ ရွေးချယ်စေချင်ပါတယ်။
“ဆင်းရဲလွန်းလို့ ပိုက်ဆံကလွဲပြီး ဘာမှမရှိဘူး” ဆိုတဲ့ ဘဝကနေ အမြန်ဆုံး ရုန်းထွက်နိုင်ကြပါစေကွာ...
#လူရိုင်း