14/10/2026
ပြည်ပရောက် ရန်ကုန်ခေတ်သစ်၊ ဧရာဝတီ၊ Myanmar Now၊ မဇ္ဈိမနှင့် DVB သတင်းဌာနတို့ကို နိုင်ငံတကာရဲတပ်ဖွဲ့-အင်တာပိုလ်မှတစ်ဆင့် ဖမ်းဆီးနိုင်ရေး စစ်တပ်ကြိုးပမ်းမှု နိုင်ငံတကာသတင်းထောက်များအဖွဲ့ချုပ်-IFJ ရှုတ်ချ
ရန်ကုန်၊ အောက်တိုဘာ ၁၄
ပြည်ပအခြေစိုက် လွတ်လပ်သော မြန်မာသတင်းဌာန ၅ ခုနှင့် စစ်အာဏာရှင်ဆန့်ကျင်ရေး အင်အားစုများကို အင်တာပိုလ် (INTERPOL) မှတစ်ဆင့် နိုင်ငံတကာအဆင့် ဖမ်းဆီးနိုင်ရေး ကြိုးပမ်းနေသည့် မြန်မာစစ်တပ်၏ လုပ် ရပ်ကို နိုင်ငံတကာသတင်းထောက်များအဖွဲ့ချုပ် (IFJ) က ပြင်းပြင်းထန်ထန် ရှုတ်ချလိုက်သည်။
IFJ ၏ အောက်တိုဘာ ၁၄ ရက် ထုတ်ပြန်ချက်အရ စစ်တပ်လက်အောက်ခံ ဒုတိယပြည်ထဲရေးဝန်ကြီး မင်းသူက အောက်တိုဘာ ၆ ရက်တွင် ပြည်ပရောက် သတင်းဌာနများဖြစ်သည့် Myanmar Now၊ ရန်ကုန်ခေတ်သစ်သတင်းဌာန (Khit Thit)၊ ဧရာဝတီ (The Irrawaddy)၊ မဇ္ဈိမ (Mizzima) နှင့် ဒီမိုကရက်တစ်မြန်မာ့အသံ (DVB) တို့ကို အင်တာပိုလ်မှတစ်ဆင့် Red Notice များ ထုတ်ပြန်နိုင်ရေး ဆောင်ရွက်ထားကြောင်း ပြောဆိုခဲ့သည်။
Red Notice ဆိုသည်မှာ ရာဇဝတ်မှုဖြင့် သံသယရှိသူတစ်ဦးကို ရှာဖွေဖော်ထုတ်ပြီး လွှဲပြောင်းပေးရေးလုပ်ငန်းစဉ်အတွက် ယာယီဖမ်းဆီးနိုင်ရန် နိုင်ငံတကာရဲတပ်ဖွဲ့များထံ ပေးပို့သည့် အသိပေးချက်ဖြစ်သည်။ သို့သော် Red Notice သည် နိုင်ငံတကာဖမ်းဝရမ်းတစ်ခု မဟုတ်သကဲ့သို့ အင်တာပိုလ်က ထုတ်ပြန်ပေးခြင်းသည်လည်း သက် ဆိုင်ရာနိုင်ငံများကို ဖမ်းဆီးပေးရန် မဖြစ်မနေ အမိန့်ပေးခြင်း မဟုတ်ပေ။
စစ်တပ်က အဆိုပါသတင်းဌာနများအပြင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နှင့် စစ်တပ်ဆန့်ကျင်ရေးအင်အားစုများမှ ပုဂ္ဂိုလ်များကိုပါ ပစ်မှတ်ထား၍ နိုင်ငံတကာမှတစ်ဆင့် ဖမ်းဆီးနိုင်ရေး ကြိုးပမ်းနေကြောင်း သိရသည်။
အင်တာပိုလ်၏ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃ တွင် အဖွဲ့အစည်းအနေဖြင့် နိုင်ငံရေး၊ စစ်ရေး၊ ဘာသာရေးနှင့် လူမျိုးရေးဆိုင်ရာ ကိစ္စရပ်များတွင် ဝင်ရောက်စွက်ဖက်ခြင်း သို့မဟုတ် လုပ်ဆောင်ခြင်းကို တင်းကျပ်စွာ တားမြစ်ထားသည်။ ထို့ကြောင့် နိုင်ငံရေးအရ ဆန့်ကျင်သူများကို ဖိနှိပ်ရန် အင်တာပိုလ်ကို အသုံးချခြင်းသည် အဖွဲ့အစည်း၏ စည်းမျဉ်းများနှင့် ကိုက်ညီမှုရှိမရှိ မေးခွန်းထုတ်စရာ ဖြစ်လာသည်။
စစ်တပ်လက်အောက်ခံ သတင်းမီဒီယာများ၏ ဖော်ပြချက်အရ ပြည်ပရောက် သတင်းသမားများကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေများအပါအဝင် ဥပဒေအမျိုးမျိုးဖြင့် အမှုဖွင့်ထားပြီး နိုင်ငံကူးလက်မှတ်များကိုလည်း ပယ်ဖျက်ထားကြောင်း သိရသည်။ အဆိုပါလုပ်ရပ်များမှတစ်ဆင့် ပြည်ပနိုင်ငံများမှ မြန်မာနိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးရေး လုပ်ငန်းစဉ်များ စတင်နိုင်ရန် ကြိုးပမ်းနေခြင်းဖြစ်သည်။
ယင်းကိစ္စကို စစ်တပ်၏ လက်အောက်ခံ ကြံ့ဖွတ်(USDP) အမတ် သန်းသန်းအေးက စစ်တပ်ကို ဆန့်ကျင်သူများအား ဖမ်းဆီးနိုင်ရေး မည်သို့ဆောင်ရွက်နေသနည်းဟု မေးမြန်းခဲ့ပြီးနောက် မင်းသူက ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း စစ်တပ်က သတင်းဌာနများ၏ လုပ်ငန်းလိုင်စင်များကို ပယ်ဖျက်ခဲ့သဖြင့် သတင်းဌာနများသည် ပြည်ပသို့ ပြောင်းရွှေ့၍ သတင်းလုပ်ငန်းများ ဆက်လက်လုပ်ကိုင်ခဲ့ကြရသည်။
လက်ရှိတွင် ရန်ကုန်ခေတ်သစ်၊ ဧရာဝတီနှင့် DVB သတင်းဌာနတို့သည် ထိုင်းနိုင်ငံမှ သတင်းလုပ်ငန်းများ ဆောင်ရွက်နေကြပြီး Myanmar Now သည် ဩစတြေးလျနိုင်ငံမှ သတင်းတင်ဆက်နေသည်။ မဇ္ဈိမသတင်းဌာနကမူ မြန်မာနိုင်ငံအတွင်း ဖြန့်ကြက်ထားသော ဆက်သွယ်ရေးကွန်ရက်များကို အသုံးပြု၍ သတင်းလုပ်ငန်းများ ဆက်လက်လုပ်ကိုင်နေကြောင်း IFJ က ဖော်ပြထားသည်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် မြန်မာသတင်းသမား အနည်းဆုံး ၇ ဦး သတ်ဖြတ်ခံခဲ့ရပြီး ထို့အပြင် အကျိုးအမြတ်မယူသော ဥပဒေရေးရာနိုင်ငံတကာစင်တာ (ICNL) ၏ ၂၀၂၆ ခုနှစ် စက် တင်ဘာလအထိ မှတ်တမ်းအရ စစ်တပ်က သတင်းသမား အနည်းဆုံး ၂၂၇ ဦးကို ဖမ်းဆီးခဲ့ပြီး ၁၀၀ ဦးကို စုစုပေါင်း ထောင်ဒဏ် ၅၄၉ နှစ် ချမှတ်ထားသည်။ ၂၀၂၆ ခုနှစ် ဩဂုတ်လအထိ သတင်းသမား ၂၀ ဦး အကျဉ်းထောင်များအတွင်း ဆက်လက်ဖမ်းဆီးခံထားရကြောင်းလည်း သိရသည်။
စစ်တပ်က ပြည်ပသို့ ထွက်ပြေးတိမ်းရှောင်သွားသည့် ဆန့်ကျင်ရေးအင်အားစုများမှ ပုဂ္ဂိုလ် ၁၃၀၀ ကျော်၏ နိုင်ငံကူးလက်မှတ်များကို ပယ်ဖျက်ထားကြောင်း ပြောဆိုထားသည်။ ထို့အပြင် ပြည်ပမှ စစ်တပ်ဆန့်ကျင်ရေးလှုပ်ရှားမှုများကို ထောက်ခံသူများအား စောင့်ကြည့်ခြင်း၊ အမည်ပျက်စာရင်းသွင်းခြင်းတို့ကို လုပ်ဆောင်နေပြီး ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်ကိုလည်း ပစ်မှတ်ထားခဲ့ကြောင်း IFJ က ဖော်ပြထားသည်။
IFJ ကလည်း မြန်မာစစ်တပ်သည် နိုင်ငံတကာ၏ အသိအမှတ်ပြုမှုရရှိရန် ကြိုးပမ်းနေသလို ပြည်သူများအပေါ် ကျူးလွန်နေသည့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ဖော်ထုတ်နေသော သတင်းဌာနများနှင့် သတင်းသမားများအပေါ် ဖိနှိပ်မှုများကို နိုင်ငံတကာအထိ တိုးချဲ့ရန် ကြိုးစားနေကြောင်း ဝေဖန်သည်။
“မြန်မာစစ်တပ်ဟာ သူတို့ကို နိုင်ငံတကာက တရားဝင်အဖြစ် အသိအမှတ်ပြုလာစေဖို့နဲ့ ပြည်သူတွေအပေါ် ကျူးလွန်နေတဲ့ ဆိုးရွားတဲ့ ချိုးဖောက်မှုတွေကို ဖော်ထုတ်နေကြတဲ့ သတင်းမီဒီယာတွေနဲ့ သတင်းသမားတွေအပေါ် ဖိနှိပ်မှုတွေ တိုးချဲ့ဖို့ ဘယ်နည်းလမ်းကိုမှ ချန်ထားမှာ မဟုတ်ပါဘူး။ မြန် မာနိုင်ငံအတွင်းနဲ့ ပြည်ပမှာရှိတဲ့ သတင်းသမားလုပ်ဖော်ကိုင်ဖက်တွေနဲ့အတူ ဒီရက်စက်ကြမ်းကြုတ်တဲ့ စစ်အာဏာရှင်စနစ်ကို ဆက်လက်ဆန့်ကျင်ရပ်တည်သွားမှာ ဖြစ်ပါတယ်” ဟု IFJ က ထုတ်ပြန်ထားသည်။