05/06/2020
ဆီဆိုင်တပ်သိမ်းမြေ နောက်ကွယ်က အမြတ်ထုတ်သူများ…..
====================
ရွေးကောက်ပွဲနီးလာသည်နှင့်အမျှ နိုင်ငံရေးသမားများသည်လည်း အလှုပ်ရှုပ်လာတော့မည်။ နိုင်ငံရေး နှင့် ပတ်သက်လျှင် အမျိုးမျိုးသော အဓိပ္ပာယ်ဖွင့်ဆိုကြသကဲ့သို့ ခံယူချက်လည်း ကွဲပြားမည် ထင်ပါသည်။ လူသားများသည် နိုင်ငံရေးသတ္တဝါများပင် ဖြစ်သည်ဟု တွေးခေါ်ပညာရှင် အရစ္စတိုတယ်လ်က ဆိုခဲ့ဖူးသည်။ ဗိုလ်ချုပ်အောင်ဆန်းကလည်း (ကျွန်ုပ်တို့သည် နိုင်ငံရေးကို ရှောင်ရှားစေကာမူ နိုင်ငံရေးသည် ကျွန်ှပ်တို့နှင့် ကျွန်ှပ်တို့အိမ်၊ ရုံး၊ အလုပ်ရုံစသည်တို့တွင် ပေါ်ပေါက်လျက်ရှိ၏) ဟု ပြောခဲ့ဖူးသည်။ ထို့ကြောင့် လူမှန်လျှင် နိုင်ငံရေးနှင့် ကင်းကွာ၍ မရပေ။ ယခုဆီဆိုင်တွင် ဖြစ်ပွားနေသော တပ်သိမ်းမြေကိစ္စမှာလည်း နိုင်ငံရေးပင် ဖြစ်သည်ဟု မြင်မိပါသည်။
ဆီဆိုင်က တပ်သိမ်းမြေကိစ္စကို ကြည့်လျှင် အဓိက ရန်တိုက်ပေးနေသည်မှာ ပြည်သူနှင့် PNO ဖြစ်နေသည်ကို မြင်တွေ့ရမည် ဖြစ်သည်။ တနည်းအားဖြင့် ပြောရရင် ကြက်နှစ်ကောင်ထဲက တစ်ကောင်ကို အိုးမဲသုတ်ပြီး အချင်းချင်း ခွပ်ခိုင်းသည့် သဘောဖြစ်မည် ထင်ပါသည်။ ပအိုဝ်းလူမျိုးများ စည်းလုံးညီညွတ် နေကြသည်မှာ ပအိုဝ်းအမျိုးသား ခေါင်းဆောင် ဖြားတန်စင်ဖါအောင်ခမ်းထီ၏ အရှိန်အဝါနှင့် ကင်းမည် မဟုတ်သည်ကို သိနေကြသည့် နိုင်ငံရေးသမားများက ဖြားတန်အောင်ခမ်းထီဦးဆောင်နေသော PNO၏ ဟာကွက်ကို အမြဲချောင်းနေမည်မှာ မလွဲဧကန်ပင် ဖြစ်သည်။ မည်သည့် အဖွဲ့အစည်းမဆို အနည်းနှင့်အများ ဟာကွက်ရှိစမြဲဖြစ် သည်။ ပြည်သူနှင့် PNOသည် နှစ်ပေါင်းများစွာ အေးအေးချမ်းချမ်းနေထိုင် လာခဲ့ကြ သည်မှာ ယနေ့တိုင်ပင်ဖြစ်သည်။ ပြည်သူနှင့် PNO လက်တွဲညီညီ ပူးပေါင်းလုပ်ဆောင်နေသော ဒေသဖွံ့ဖြိုးမှု လုပ်ငန်းများကြောင့် နိုင်ငံတော်သာမက နိုင်ငံတကာအဖွဲ့အစည်းများလည်း လေးစားဂုဏ်ယူ လျက်ရှိနေပါ သည်။ ပအိုဝ်းလူမျိုးတို့၏ စည်းလုံးညီညွတ်မှုကို ဖျက်ဆီးလိုလျှင် ပြည်သူနှင့် အင်အားကြီးသော PNOကို ရန်တိုက်ပေးသည်မှတပါး အခြားမရှိ ဆိုရမလို ဖြစ်သည်။ ထို့ကြောင့် ပြည်သူနှင့် PNOကို ရန်တိုက်ပေးရန် အက်ကြောင်းရှာဖွေရင်း မြေယာပြသာနာက အကြောင်းဖန်လာသည်ဟု ဆိုရမည် ဖြစ်သည်။
၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင်လည်း နိုင်ငံရေးသမားများ၏ အားပေးအားမြောက်မှုကြောင့် မြေယာကိစ္စနှင့် ပတ်သက်၍ တောင်ကြီးမြို့တွင် မြေသိမ်း PNO အလိုမရှိ ဟူ၍ ဆန္ဒပြပွဲများ ပြုလုပ်ခဲ့ဖူးသည်။ ထိုဆန္ဒပြပွဲကြောင့် တောင်ကြီးမြို့ကို PNO ရှုံးနိမ့်စေသော အရာများထဲက တစ်ခုအပါအဝင် ဖြစ်မည်ထင်ပါ သည်။ ထို့သာဓကကို ယူပြီး ယခု ၂၀၂၀ ရွေးကောက်ပွဲတွင်လည်း PNOကို ထိုးနှက်ရန်အတွက် မြေယာပြသာနာသည်သာ အထိရောက်ဆုံးဟု ယူဆဖွယ်ရှိသည်။ မတ်မတ်ရရ NLD အစိုးရ တက်လာသည့် ၂၀၁၆ခုနှစ် မေလတွင် တောင်သူများထံမှ သိမ်းဆည်းခံ မြေယာများ ပြန်လည်စိစစ်ပေးရေး၊ မြေယာပြ သာနာများ လျင်မြန်စွာဖြေရှင်းပေးနိုင်ရေးဟူ၍ လယ်ယာမြေနှင့် အခြား မြေများသိမ်းဆည်းခြင်း ခံရမှုများ ပြန်လည်စိစစ်ရေး ဗဟိုကော်မတီတရပ် ဖွဲ့စည်းခဲ့သည်။ ထိုကော်မတီတွင် ဒုသမ္မတအပြင် တခြားသော ပြည်ထောင်စုဝန်ကြီးဌာနမှ ပုဂ္ဂိုလ်များလည်း ပါဝင်ပါသည်။ ထိုကော်မတီ၏ ရည်ရွယ်ချက်သည် ကောင်း သလောက် သိပ်ပြီးအလုပ်မဖြစ်သည်ကို တွေ့ရပါသည်။ ဥပမာ- ဆီဆိုင်တပ်သိမ်းမြေကိစ္စကို ကြည့်လျှင် ရှမ်းပြည်နယ် လယ်ယာမြေနှင့်အခြားမြေများသိမ်းဆည်းခြင်းခံရမှုများပြန်လည်စိစစ်ရေးကော်မတီအဖွဲ့က လာရောက် ညှိနှိုင်းပေးသလိုလိုနှင့် ဘာအဖြေမှ တိတိကျကျ ပေးသွားဘဲ ပြန်သွားသည်ကို ကြည့်ခြင်းဖြင့် သိနိုင်ပါသည်။ အာဏာရှိအစိုးရအဖွဲ့တောင်မှပင် မြေယာကိစ္စကို ထိထိရောက်ရောက် မကိုင်တွယ်နိုင်လျှင် ပအိုဝ်းလူမျိုးခေါင်းဆောင် တွေက ဘယ်ကအာဏာကို ယူပြီး လုပ်ပိုင်ခွင့်ရှိမည်နည်း။ သိမ်းဆည်းမြေပြ သာနာသည် ပအိုဝ်းဒေသတစ်ခုတည်း မဟုတ်ဘဲ တနိုင်ငံလုံး ရင်ဆိုင်နေရသော နိုင်ငံရေးပြသာနာတစ်ခုသာ ဖြစ်သည်။
နောက် စဉ်းစားစရာတစ်ခုမှာ ဆီဆိုင်တပ်သိမ်းမြေကိစ္စသည် ယခင်နှစ်များတွင် တပ်မတော်နှင့် တောင်သူများ အတူတကွ လုပ်ကိုင်ခဲ့ကြပြီး ယခုနှစ်တွင် တောင်သူများအား ပေးမလုပ်တော့ကြောင်း သတင်း များဖော်ပြချက်အရ သိရသည်။ အဘယ်ကြောင့်နည်း။ တပ်မတော် ဘက်ကလည်း ၂၀၂၀ ရွေးကောက်ပွဲ နီးလာ၍ ပညာပြသည့် သဘောဖြစ်နေသလား။ စဉ်းစားစရာဖြစ်နေပါသည်။ ၂၀၂၀ ရွေးကောက်ပွဲတွင် PNOက ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအပြင် တောင်ကြီးနှင့် အခြားသော ပအိုဝ်းလူမျိုး နေထိုင်ရာ မြို့နယ်များကို ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဟု သတင်းများထွက်ပေါ်ခဲ့သည်။ ဤသို့ဆိုလျှင် တပ်မတော် ထောက်ခံတဲ့ USDP က PNO နှင့် အကြိတ်အနယ် ယှဉ်ပြိုင်ရမည့် အခြေအနေဖြစ် နေသောကြောင့် အပေးအယူ လုပ်ရန် ကမ်းလှမ်းချင်သော သဘောဖြစ်နေသည်ဟု မြင်မိပါသည်။ ထို့ကြောင့် နိုင်ငံရေးသမားများ၏ ကစားကွက်ထဲကို ပါမသွားစေရန် PNOက တမင်သက်သက် ရှောင်နေသည်ဟု မြင်မိပါသည်။ သို့သော်လည်း PNOက တင်မြောက်ထားသော ဆီဆိုင်မြို့နယ်၊ မဲဆန္ဒနယ်(၁)၊ လွှတ်တော်ကိုယ်စားလှယ် ခွန်လှသိန်းက ဆီဆိုင်တပ်သိမ်း မြေကိစ္စနှင့် ပတ်သက်၍ ဥပဒေဘောင်း အတွင်းတွင်သော်လည်းကောင်း၊ လွှတ်တော် လမ်းကြောင်းနှင့်သော် လည်းကောင်း ကူညီ ဖြေရှင်းပေးနေသည်ဟု ခမ်းသားငဝ်း သတင်းဌာန အင်းတာဗျူးတွင် ဖြေကြားထားပါသည်။ (ထို့ပြင် PNO အနေဖြင့် တောင်သူများ စိတ်ကျေနပ်မှု ရှိစေရန် နည်းလမ်းတမျိုးမျိုးနှင့် ထပ်မ ံချည်းကပ်လိမ့်မည်ဟု မြင်မိပါသည်။ )
ဆီဆိုင်က တပ်သိမ်းမြေကိစ္စကိုကြည့်လျှင် PNOကို အဆိုးမြင်ဒါဒဖြင့် ပုံသွင်းနေသော ပွဲလှန့်တုန်း ဖျာဝင်ခင်းသည့် ပုဂ္ဂိုလ်များလည်း တွေ့နေရပါသည်။ PNOကို ပြစ်တင်ရန် အကြိမ်ကြိမ် စောင့်နေသော သူများက ယခုအခြေ အနေသည် သူတို့၏ အခွင့်အရေးများသာ ဖြစ်သည်ဟု ယူဆပါသည်။ ပအမဖ ဥက္ကဌ ခွန်စိုးမြင့်က ပအိုဝ်းဒေသကို စစ်တပ်တွေ ဝင်ရောက်ခြင်းသည် ဖြားတန်ဦးအောင်ခမ်းထီက ဖိတ်ခေါ်တာခြင်း ဖြစ်သည်ဟု သူ၏ ပိုစ့်တွင် တင်ထားပါသည်။ စဉ်းစားကြည့်ရအောင်။ တပ်မတော်သည် နိုင်ငံတော်ကို ကာကွယ်ရန်မှာ သူ၏ ပင်မ တာဝန်ပင် ဖြစ်သည်။ ထို့ကြောင့် မြန်မာနိုင်ငံကို စစ်ဌာနချုပ်(၇)ခုဖြစ်သော မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အရှေ့မြောက်ပိုင်းစစ်ဌာနချုပ်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၊ အရှေ့တောင်ပိုင်း စစ်ဌာနချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ အနောက်တောင်တိုင်း၊ အနောက်ပိုင်း တိုင်းနှင့် အနောက်မြောက်တိုင်း စစ်ဌာနချုပ်နှင့် အလယ်ပိုင်း တိုင်းစစ်ဌာနချုပ်ဟူ၍ ထားရှိထားသည်ကို တွေ့မြင်ရမှာ ဖြစ်ပါသည်။ ဤသည်ကို ကြည့်ခြင်းအားဖြင့် တပ်မတော်သည် မြန်မာနိုင်ငံအနှံ့ရှိနေသည်ကို ငြင်းဆို၍ မရပေ။ ဥပမာ- ကျိုင်းတုံ၊ မိုင်းဆတ်၊ မိုင်းယန်း၊ မိုင်းယောင်း၊ တာချီလိတ်တို့မှာ ရှိနေသည့် ခလရ-၄၉၊ ခမရ ၂၂၁၊ ခလရ-၂၂၅၊ ၂၂၆၊ ၂၂၇၊ ၂၄၄၊ ၂၄၅ စသဖြင့် ပြောပြ၍ မကုန်လောက်အောင် တပ်မတော်တပ်များရှိနေသည်ကို မည်သူက ခေါ်လာသနည်း။ ပြန်မေးစရာ ရှိပါသည်။ ရှမ်းပြည်နယ်တွင် စစ်တပ်မရှိသည့် မြို့နယ်များကို ရှာဖွေကြည့် စေချင်ပါသည်။ ထို့ကြောင့် ခွန်စိုးမြင့်၏ ပြောပုံအရဆိုလျှင် ရှမ်းပြည်နယ်တွင်ရှိသော စစ်တပ်မှန်သမျှ ဖြားတန်အောင်ခမ်းထီက ခေါ်လာသလို ဖြစ်နေပါသည်။
ဤသည်ကို ကြည့်ခြင်းအားဖြင့် ခွန်စိုးမြင့်(ပအမဖ)သည် မိမိ၏ လက်ရှိပအမဖပါတီကို မြှင့်တင်ရန် အချိန် ကောင်းတုန်း ဝင်ကြော်ငြာလိုက်သည့် သဘောပင်ဖြစ်သည်။ သို့သော်လည်း အခွင့်အရေးယူသည့်ပုံစံမှာ ပရောဖက်ရှင်နယ် နိုင်ငံရေးသမား မပီသသူဟုသာ မြင်မိပါသည်။ အဘယ်ကြောင့်ဆိုသော် ပြည်သူကို ကူညီရမည့်အစား မိမိ၏ ပြိုင်သည်ပါတီကိုသာ အပြစ်လိုက်ရှာနေသည့် ပုံစံဖြစ်နေသည်။ အမှန်မှာ ပြည်သူ၏ အခက်အခဲများကို ကိုယ်တိုင်ဝင်ရောက် ကူညီဖြေရှင်းသင့်အရာသာ ဖြစ်သည်။ Myanmar Development Institute မှ ဆရာမ ခင်မမမျိုးက ၂၀၁၀ အလွန်တွင် ပရော်ဖက်ရှင်နယ် နိုင်ငံရေးသမား နည်းလာသည်ဟု ထောက်ပြထားပါသည်။ ဆရာမ၏ ထောက်ပြချက်အရ နိုင်ငံရေးသမားဘဝ ခံယူထားသူများက နိုင်ငံရေးအသိ၊ နိုင်ငံရေးခံယူချက်ရှိလျှင် လုံလောက်ပြီဟု ယူဆကြပြီး နိုင်ငံရေးပညာ၊ ဥပဒေပညာ၊ စီးပွားရေးပညာ၊ စီမံအုပ်ချုပ်မှုပညာ၊ လုံခြုံရေးပညာနှင့် သံတမန်ရေးရာ ပညာများ လေ့လာမှု အားနည်းနေသည်ဟု ပြောထားပါသည်။ ဤစကားသည် ယခုလက်ရှိ ခွန်စိုးမြင့်နှင့် တိုက်ဆိုင်နေ သလားလိုပင် အောက်မေ့ရပါသည်။
နောက်ထပ် ဆီဆိုင်တပ်သိမ်းမြေ ကိစ္စကြောင့် အမြတ်ရသွားသူမှာ သတင်းမီဒီယာဌာနပင် ဖြစ်သည်။ ရွှေတြိဂံဒေသသတင်းလွှာမှ သတင်းထောက်တစ်ယောက်၏ ဖော်ပြချက်အရ ဆီဆိုင်တပ်သိမ်းမြေ သတင်း ရုပ်သံတစ် ခုကြောင့် (၁)ရက်အတွင်း သူ့တို့၏ သတင်း Page မှာ Like လုပ်သူ ၂၀၀၀ နီးပါးရှိပြီး ဖတ်ရှုသူ (၉)သောင်းကျော်ရှိသည်ဟု ဖော်ပြထားပါသည်။ အခြားသော သတင်းဌာနများလည်း အနည်းနှင့်အများ Like & shard တော်တော်များများရမည် ထင်ပါသည်။ သို့သော်လည်း တပ်သိမ်းမြေကိစ္စကို ခနခနဖော်ပြသောအခါ တောင်သူများကို ကူညီရာမရောက်ဘဲ တောင်သူများကို စိတ်ဆင်းရဲအောင်၊ စိတ်အားငယ်အောင် လုပ်နေသလိုပင် ဖြစ်နေပါသည်။ တစ်ဖက်တွင်လည်း ပအိုဝ်းလူမျိုး မညီညွတ်သည့်အကြောင်းကို ကမ္ဘာသိအောင် ဖြန့်ပေးနေသလိုဖြစ်ပြီး တစ်ဖက်တွင် မိမိသတင်းဌာန နာမည်ရှိအောင် ရေးစရာသတင်း ပေါ်များအောင် လုပ်နေသလိုပင် ဖြစ်နေသည်။ ပြသာနာကို လိုက်လံဖော်ထုတ်ပြီး တောင်သူများ အဆင်ပြေသွားလျှင် ကျေးဇူးတင်စဖွယ်ဖြစ်သော်လည်း ပြသာနာမပြေလည်ဘဲ တောင်သူများ ပိုပြီးဒုက္ဒရောက်၊ အဖမ်းခံရရင် သတင်းမီဒီယာများ၏ မယောဂနှင့် ကင်းမည် မထင်ပေ။
ခမ်းသားငဝ်းသတင်းတစ်ခုတွင် တောင်သူများ အခက်အခဲကို PNLOမှ ဦးခွန်မြင့်ထွန်းက NCA လမ်းကြောင်းဖြင့် ကူညီသွားမည်ဟု ဖော်ပြထားသည်။ စဉ်းစားကြည့်ရအောင်။ စာရေးသူလည်း NCAနှင့် ပတ်သက်၍ သိပ်မသိပေ။ သို့သော် ဦးခွန်မြင့်ထွန်း၏ ကူညီမှုက တောင်သူများအတွက် ထိရောက်မှုမရှိဘဲ နိုင်ငံရေးစကားကို အသုံးချကာ ဝှေ့ဝိုက်ပြောသွားသည်ဟု မြင်မိပါသည်။ NCA ၏ ပန်းတိုင်သည် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုစနစ် ပေါ်ထွန်းရေးပင် ဖြစ်သည်။ နိုင်ငံရေးသုံးသပ်သူများက ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုစနစ်ဖြစ်ရန် အနည်းဆုံး နှစ်(၃၀)၊ ၄၀ ကြာသည်ဟု ပြောဆိုနေကြသည်များ ကြားသိခဲ့ဖူးသည်။ ယခုအခြေအနေအရ NCAသည် ရှေ့တိုးလည်း မရ၊ နောက်ဆုတ်လည်း မဟုတ်သော ရထားပျက်တခုနှင့် တူနေပါသည်။ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံတောင် ဘယ်ပျောက်နေမှန်းမသိ။ နောက်တစ်ခုမှာ NCA သည် တစ်ဦးတစ်ယောက်ပိုင် မဟုတ်။ အဖွဲ့အစည်းပေါင်းစုံ ပိုင်သည်ဟု ယူဆမိပါသည်။ ထို့ကြောင့် ဦးခွန်မြင့်ထွန်းက ပြောသော တောင်သူများအတွက် ကူညီမှုသည် နိုင်ငံရေးအမြတ်ထုတ်သည့် သဘောပင် ဖြစ်သည်ဟု မြင်မိပါသည်။
ထို့ကြောင့် စာရေးသူ ဆိုလိုချင်သည်မှာ ဆီဆိုင်တပ်သိမ်းမြေကိစ္စသည် နိုင်ငံရေးကစားကွက်သာဖြစ် သောကြောင့် ပြည်သူများ အသိဥာဏ်နှင့်ဆင်ခြင်စေလိုပါသည်။ နောက်ဆုံးအနေဖြင့် နိုင်ငံရေးဆိုသည်မှာ အမေရိကန် လူရွှင်တော် ဂရောက်ချိုမက့်စ်၏ အဆိုအမိန်နှင့် နိဂုံးချုပ်ချင်ပါသည်။ သူပြောသွားသည်မှာ (နိုင်ငံရေးဆိုတာ ပြသာနာကို တွေ့အောင်ရှာမယ်၊ ပြသာနာကလည်း နေရာတကာမှာ တွေ့မယ်၊ တွေ့လို့ ရောဂါနာမည် တပ်လျှင် မမှန်တာ တပ်မယ်၊ နောက်ပြီး ဆေးကုတော့ တလွဲကုမယ်ဆိုတဲ့ အတတ်ပညာ ဖြစ်တယ်)ဟူ၍ ဖြစ်လေသတည်း။
-မိဘပြည်သူများ COVID-19 ရောဂါဘေးမှ ကင်းလွတ်ကြပါစေ
-တောင်သူများ မြေယာကိစ္စ အဆင်ပြေပါစေ
ဆုတောင်းလျက်--
ခြဲုင်းပေး(ခမ်းတွို့)၊(၃-၆-၂၀၂၀)
(မှတ်ချက်-စာရေးသူအမြင်တစ်ခုသာ ဖြစ်သည်။)
Crd;
ခြဲုင်းပေး(ခမ်းတွို့)
ပြန်လည်မျှဝေ
# #ဖတ်ပါ တွေးပါ စဉ်းစားပါ