July Moe

July Moe 💞သားလေးနဲ့သမီးလေးရေ..အားမငယ်နဲ့နော်..မေမေရှိတယ် အရာအားလုံး မေမေရင်ဆိုင်ဖြေရှင်းပေးမယ် 💞

ရင်ခွဲငလျင်~~~~~~~~~🥀🥀🥀🥀🥀🥀အိမ်ရှေ့ ထန်းလက်အဖီအောက်တွင် ကြက်သွန်ရွေးနေရင်း သိမ့်ခနဲ သိမ့်ခနဲ ဖြစ်သွားသည်ကို ခံစားလိုက်ရသည...
10/04/2025

ရင်ခွဲငလျင်
~~~~~~~~~
🥀🥀🥀🥀🥀🥀

အိမ်ရှေ့ ထန်းလက်အဖီအောက်တွင် ကြက်သွန်ရွေးနေရင်း သိမ့်ခနဲ သိမ့်ခနဲ ဖြစ်သွားသည်ကို ခံစားလိုက်ရသည်။ အိမ်ပေါ်မှ ဝုန်းခနဲ ဂွမ်းခနဲ ပြုတ်ကျသံများကြားရသည်။

"ငလျင်လှုပ်တယ်ဟေ့ ငလျင် "

"အထဲမနေကြနဲ့ တလင်းထဲ ထွက်ကြဟဲ့"

"ကျော်သိန်းတို့ ဝက်ကြီးတို့ ဆင်းခဲ့ကြအိမ်ပေါ်မနေနဲ့ဟဲ့ အိမ်ပြိုပိရင် သေတတ်တယ်။"

တောရွာပီပီ ဟိုမှသည်မှအော်သံပြောသံများကြားရသည်။

"အရီးရေ ငလျင်လှုပ်တယ်တော့် တော်ဘယ်နားမတုန်း "

တဝိုင်းတည်းအတူနေသည့် တူဖြစ်သူ ငချစ်မိန်းမ‌ေအးစိုး က လှမ်းအော်သည်ဖြစ်၍ အသံပြန်ပေးလိုက်သည်။

"ငါ ထရွက်တဲထဲမယ်ဟေ့ .. ညည့်ကလေးတွေသာ ခေါ်"

ဟုတ်ပါ့ လှုပ်လိုက်သည့်ငလျင်က အတော်ကြမ်းသည်။ နွားစားကျင်းထဲမှရေများ ဘောင်ဘင်ခတ်ပြီး ဖိတ်ကျကုန်သည်။ ‌ထိုင်နေရာမှ အိမ်ပေါ်ကို ကဲကြည့်တော့ ညောင်ရေအိုးများမှောက်ကျနေသည်ကို တွေ့ရသည်။ ခဏ စောင့်နေပြီး ထပ်မလှုပ်သည့်အတွက် ‌ေဒါ်ညိုစိမ့် ထိုင်ရာမှထသည်။ သို့သော် ဒူးတွေက မကောင်းလှပြီမို့ ချက်ချင်း မရ။ အထိုင်အထ ခက်ချင်ပြီ။ ငလျင်အရှိန်နှင့် မူးသွားသည့်အတွက် ပို မထနိုင်။ ဖြေးဖြေးကုန်း ထပြီး အိမ်ပေါ်သို့သွားသည်။ စားပွဲပုလေးပေါ်မှ ပြုတ်ကျသည့် ပစ္စည်းတချို့ကို ကောက်တင်ပြီး ညောင်ရေအိုးနှစ်လုံးနှင့် ထွက်ကျနေသည့်ပန်းများကို ယူလိုက်သည်။

ဝိုင်းဝဆီမှ လူရိပ် မြင်သဖြင့် ဒေါ်ညိုစိမ့် လှမ်းအကြည့် ဝိုင်းထဲဝင်လာသည့် သားကိုတွေ့လိုက်သည်။

"ဟင် ဦးဇင်း"

"ခွမ်း"

"အမလေး "

ဦးဇင်းထင်၍ လှမ်းကြည့်နေစဉ် ဘုရားစင်ဘေးနား ချိတ်ထားသည့် ဦးဇင်း ဓာတ်ပုံမှန်ဘောင်က ကျကွဲသွားသည်။ ဒေါ်ညိုစိမ့် မှန်ဘောင်ကို မကောက်အားသေးဘဲ ဝင်လာသည့် ဦးဇင်းကို လိုက်ရှာမိသည်။

"ဦးဇင်း... ဟော်တော် ဘယ်ပျောက်သွားပါလိမ့်"

ဇဝေဇဝါနှင့် အိမ်ဘေးသွားကြည့်သည်။မရှိ။
အိမ်သာကို လှမ်းကြည့်သည် ။ မရှိ။

ဒေါ်ညိုစိမ့် ပြုံးမိသည်။ ဟုတ်ပေသား။ ဦးဇင်းပြန်လာမှာ နှစ်ရက်လိုသေးသည်။ သည်နေ့မှ စာမေးပွဲဖြေတုန်း။ သူ့စိတ်က သားကို လွမ်းလှပြီမို့ မြင်ယောင်‌ေနခြင်း ဖြစ်မည် ။

ပြီးတော့ ရွာဈေးကားက ညနေမှ ဆိုက်တတ်သည်။ မန္တလေးက ဦးဇင်းစီးလာမည့်ကားကိုက နေ့လည်မှ ‌ဆိုက်တတ်သည်မဟုတ်ပါလား။ ဆိုင်ကယ်ကယ်ရီနှင့် ပြန်လာလျင်တောင်မှ သည်ချိန်မရောက် ။ မှုန်သီစ ပြုသည့် မျက်စိတို့နှင့် နာရီကြည့်လိုက်တော့ နာရီပြန်တစ်ချက်။

အေးစိုးရောက်လာပြီး ညောင်ရေအိုးတွေပြန်တင်ပေးသည် ။ မှန်ဘောင်က မှန်အကွဲတွေကျုံးသည်။ အိမ်ထဲက ဟိုဟိုသည်သည်ပြုတ်ကျသည်များကို ကောက်တင်ပေးသည်။ မှန်ဘောင်ကိုတော့ ဖိုးချစ်မြို့ပေါ်သွားမှ ပြန်ထည်ခိုင်းရမည်။

ဒေါ်ညိုစိမ့်ကြက်သွန်ဆက်ရွေးသည်။ အတွေးကမူ မရပ်တော့။ သည်ထန်းရွက်အဖီလေးကိုလဲ သားပြန်လာချိန် အေးအေးလူလူနေဖို့ ထိုးထားခြင်း ဖြစ်သည်။ အညာသူပီပီ ရာသီပူချိန် ထန်းလက်တဲထဲတွင်နေရမှ အေးသည်ဟုထင်သည်။ သားရဟန်းပြန်လာချိန် အမေ့အိမ်လာသခိုက် မပူစေချင်။လေပူတိုက်လျင် နှစ်နံစပ်ဖျင်စောင်ကို ရေဆွတ်ကာပေးမည်။ ကာပေးစရာ ဝါးလုံးတန်းလဲ အသင့်ဖြစ်အောင် တဲထိုးပေးသည့် ဖိုးညှက်တို့က လုပ်ပေးသွားကြသည်။

သားအကြောင်း တွေးမိတော့ ဒေါ်ညိုစိမ့်မျက်နှာပြုံးလာသည်။ သားကို ကျောင်းပို့ပြီး ခွဲမအိပ်နိုင်သဖြင့် ဆယ့်တစ်နှစ်မှ ရှင်ပြုရသည်။ ဒါသည်ပင်လျင် သူတို့အဖေ ကိုဘကောင်းက ကလေးကကြီးလှပြီဟု ဇွတ်စီစဉ်သောကြောင့်သာ။ ဒေါ်ညိုစိမ့်အလိုအတိုင်းဆိုလျင် ပဉ္ဇင်းအရွယ်ရောက်တောင် စိတ်ချမည်မဟုတ်။ ကိုဘကောင်းကလဲ လုပ်န်ုင်ကိုင်နိုင်၊ရေမိုးလဲ အဆင်သင့်လေတော့ သားအလှူမှာ ဝက်သားဗြောင်ကျေံးမည်ဟုစီစဉ်သည်။ သို့သော် မင်းဖြစ်မဲ့သူ ယောင်ကလေးနဲ့ ဆိုသလိုပင် ရဟန်းအထိ ဖြစ်မည့်သားက ဝက်မပေါ်ရပါဘူးဟု တငိုငိုတယိုယိုလုပ်သောကြောင့် ငါးခြောက်ဆီမွှေးနှင့်ပဲဟင်းသရက်ချဉ်သုပ်နှင့် ငရုတ်သီးကြော် ကျောက်ဖရုံဟင်းချိုသာ ကျွေးရသည်။

သားဖြစ်သူပါရမီရင့်ပုံမှာလည်း ပြောစရာမရှိ။ ရှင်ဖြစ်သည့်နေ့မှစ၍ မအေ့အိမ်ကို ဆွမ်းခံနှင့် ဆွမ်းချိုင့်ဆွဲရန်သာ လာသည်။ ကျန်သည့်အချိန် ကျောင်းတွင်သာ ဘုန်းကြီး ကျက်ခိုင်းသည့်စာ ကျက်နေလေသည်။ တပတ်နဲ့လဲမထွက်။ တလနဲ့လဲ မထွက်။ သုံးလကြာပြီး ကျောင်းအပ်ရတော့မည့်အချိန်ရောက်လဲ မထွက်။ အပြီးဝတ်မည်သာ တွင်တွင်ပြော၏။ ဘုန်းကြီးရောသူ့အဖေရောက သဘောကျလှပြီ။ ဒေါ်ညိုစိမ့်ကတော့ မကျနိုင်။

"ငါ့သား... ကိုရင်...တခြ ကလေးအဖော်တွေ ကျောင်းအပ်ပြီးကုန်ပြီသားရဲ့ ၊ မြို့ပေါ်ပြောင်းတက်ရမှာလေ၊ အမေစက်ဘီးလဲဝယ်ပေးမယ်၊ လူထွက်တော့နော်"

"အမေ သားဒီလိုကိုရင်ဝတ်နေတာ အမေရှက်လို့လား"

"အမလေး မဟုတ်ရပါဘူးငါ့သားရယ် ၊ အမေက သား စာမတတ်မှာစိုးလို့ပါ"

"ခုစာသင်နေတာပဲအမေရဲ့ ၊ ပရိတ်ကြီးဆို ကုန်ပေါ့"

"မဟုတ်ဘူးလေဟယ် အင်္ဂလိပ်စာတို့ သင်္ချာတို့ မတတ်ဘဲနေမှာပေါ့ဟဲ့ အမေတို့လို အအ ဖြစ်နေမှာပေါ့"

"အို တတ်တတ် မတတ်တတ် မထွက်ဘူး၊ ဇွတ်လူထွက်ခိုင်းရင် ကျုပ် ခဗျားအိမ်မလာဘူး"

ဘယ်လိုပြောပြောမရတော့ သူတို့အဖေကိုပြောခိုင်းရသည်။ သို့သော်ညား သူတို့အဖေက လုံးလုံးမှ မပြော။

"ကျုပ်သားကြီးရင် ပညာတတ်ကြီးဖြစ်ရင် မစိန်ရင်တို့လို့ ဘွဲ့ဓာတ်ပုံကြီးချိတ်ချင်တာတော့် "ဟုမျက်ရည်စမ်းစမ်းနှင့် ပြောမိတော့

"ဟဲ့ ညိုစိမ့် ‌ဘုန်းကြီးဖေ ဘုန်းကြီးမေ လူတိုင်းမဖြစ်ဘူး၊ နင့်ဘွဲ့ဓာတ်ပုံက လူတိုင်းချိတ်နိုင်တယ် သူဝတ်ချင်တာ မတားနဲ့" ဟု ငေါက်သဖြင့် ကိုရင်လူထွက်မည့်ဇာတ် အပြီးရပ်ရတော့သည်။

သည်လိုနှင့် ၁၃နှစ်သားရှိတော့ မြို့ပေါ်စာသင်တိုက်ကို ဘုန်းကြီးကပို့သည်။ သားသွားခါစရပ်များတွင် ဒေါ်ညိုစိမ့် အိမ်မြှောင်အမြီးပြတ်သလိုပင်။ ဆ်ဆတ်လူးနေတော့သည်။ ငါးရက်ဈေးနေ့ ဈေးလိုက်သွားတိုင်း ကိုရင့်ကျောင်းသွားသည်။ နောက်တော့ ကိုရင်ရွာပြန်ချင်မည်စိုးသဖြင့် စာသင်တိုက်ဆရာတော်က ဒေါ်ညိုစိမ့်ကို တလတခါသာတွေ့ရမည်ဟု အမိန့်ထုတ်ရသည်။ ဒါကိုပင် မနက်မိုးမလင်းခင် မြို့ပေါ်ကို ခြေလျင်သုတ်သုတ်နှင်ပြီး ကိုရင်တို့ဆွမ်းခံထွက်ချိန်အမီ သွားချောင်းရသေးသည်။ ရွာက ယူလာသည့် အကြော်အလှော်လေးများကို အများဆွမ်းလောင်းသလို စောင့်လောင်းရသည်။

ကိုရင် အကြီးတန်းရောက်သည့်နှစ်တွင် ကိုဘကောင်းလေဖြတ်သည်။ ကိုဘကောင်း မဆုံးခင် ကိုရင့်ကို ရဟန်းတက်ပေးချင်သော်လည်း အသက်မပြည့်သေးသဖြင့် တက်မရသေး။ ကိုဘကောင်းကျန်းမာရေးကယုတ်လျော့လာသည်မို့ ၁၉နှစ်သုံးလတွင် ဘုန်းကြီးက ရဟန်းတက်ခိုင်းသည်။ သူ့သားရဟန်းတက်လျင် သိမ်အထွက် တွင် ရွှေထီးမိုးပေးမည်ဟု ကြုံးဝါးထားသူကြီးမှာ သား သိမ်အထွက်ကို ပက်လက်ကုလားထိုင်ပေါ်ကသာကြည့်သွားရရှာလေသည်။

"အမေ အမေ"

အတွေးထဲ မျောနေသခိုက် ဦးဇင်းအသံကို အနားကကပ်ခေါ်သလို ပီပီသသကြားလိုက်ပြန်သည်။

"ဟယ် အေးစိုးရေ ငါတော့ မဟုတ်တော့ပါဘူး.. ကိုဘကောင်းရှိသေးရင် နင်က သားစိတ်နဲ့ရူးတော့မှာလို့ ပြောဦးမှာ "

"ဘာလို့တုန်း အရီး "

"ငါ ခုနတုန်းကလဲ ဝိုင်းပေါက်က ဦးဇင်းဝင်လာတယ်ထင်နေတာတော့် ခုလဲ ငါ့ ခေါ်တယ်ထင်နေတာ"

"လာတော့မှာပါအရီးရယ် နှစ်ရက် လိုတော့တာ "

"ဟုတ်ပါ့ နှစ်ရက်လိုတော့တာ, ညည့် နက်ဖြန်ကျ ပေါ်ပေါ်သည်ကို ကြက်မြစ်ကြက်သည်း မှာပါအေ့၊ ငါ့သားကကြိုက်တယ် ၊ ကြက်သွန်နီ ငရုတ်သီးလေးနဲ့သုပ်ပြီး ရေနွေးမြည်းရတာကို သူအလွန်ကြိုက်တာ"

အဲဒီညက ဦးဇင်းကိုအိမ်မက်သည်။ လွယ်နေကျလွယ်အိတ်ကလေးနှင့် အအေးဘူးလေးကို တဖက်ကကိုင်ပြီး အမေ့ကျုပ်ပြန်တော့မယ်ဟု နှုတ်ဆက်နေလေသည်။ သင်္ကန်းကို ခေါင်းခြုံထားပြီး မျက်နှာညိုးလှသဖြင့် ဒေါ်ညိုစိမ့်ဝမ်းနည်းနေမိသည်။ ငါ့သားရယ်မျက်နှာလဲ မကောင်းဘူး အမေ့ဘက်တည့်တည့်လှည့်စမ်းပါ ဟုဆိုတော့ ဟိုဘက်ပိုလှည့်သွားသည်။ လှည့်ပါဟဲ့ ဒီဘက်ဟု ဇွတ်ဆွဲလှည့်တော့ မျက်နှာတစ်ခြမ်းလုံး သွေးများရွှဲနေပြီး သင်္ကန်းတွေပါ သွေးတွေစိုနေလေသည်။ ငါ့သား ငါ့သားဟု ခြေမကိုင်မိ လက်မကိုင်မိ အော်နေဆဲမှာပင် တဖြေးဖြေး အဝေးသို့ရောက်သွား‌တော့သည်။

မနက်နိုးလာတော့ သားအတွက် ရည်ရွယ်ပြီး ဆွမ်း ပန်း ရေချမ်း ကပ်သည်။ အိမ်မက်မကောင်းသည်မို့ ဆန်တဆုပ် ငှက်စာကျွေးပြီး ယတြာချေသည်။ ဖိုးချစ်ကို သားဆီ ဖုန်းဆက်ခိုင်းရသည်။ ဖုန်းကမဝင်
ဒေါ်ညိုစိမ့် စိတ်ပူလှသဖြင့် ရွာဦးကျောင်းသွားလျှောက်ပြန်သည်။ ဆရာတော်ဖုန်းခေါ်တော့လဲ ဖုန်းက မဝင်။

"စိတ်မပူပါနဲ့ ညိုစိမ့်ရဲ့ အိမ်မက်ဆိုတာ ကတောက်ကတက်မက်တတ်တာပဲ မေတ္တာသာပို့"

ဒေါ်ညိုစိမ့် မျောက်မီးခဲကိုင်မိသလိုပင် ။ ဘယ်လိုခေါ်ခေါ် ဖုန်းတွေက မဝင်။

ငချစ်ကတော့ နှစ်သိမ့်သည်။

"ငလျင်ကြောင့် လိုင်းတွေ ပြတ်လို့ထင်ရဲ့ အရီးရယ် အဲလောက်ပူမနေပါနဲ့ ၊ ကျုပ်မနက်ဖြန်မြို့ပေါ်တက်ပါဦးမယ်။"

ဟုတ်တော့ဟုတ်သည်။ ဒေါ်ညိုစိမ့်တို့ရွာက ဖုန်းလိုင်းရော အင်တာနက်လိုင်းပါ မမိတချက်မိတချက်။ မြို့ပေါ်သွားမှ သေချာပေါက်လိုင်းမိသည်။

တနေ့လုံး တညလုံး မေတ္တာပို့လိုက် ၊ သမ္ဗုဒ္ဓေရွတ်လိုက် ၊ ငိုလိုက်နှင့် အချိန်ကုန်သွားသည်။ မနက်စော ငချစ်မြို့ပေါ်သွားပြီး နေ့လည်လောက်ကျ ပြန်လာသည်။

"ငချစ် ဘာသတင်းကြားခဲ့သေးတုန်း ဖုန်းဆက်လို့ရောရလားဟယ်"

"အရီး နက်ဖြန် ကျုပ်ရယ် ဘတင်မောင်ရယ် ဘုန်းကြီးရယ် မန္တလေးလိုက်သွားပေးမယ်သိလား
ဖုန်းရပါတယ်အရီးရဲ့ ငလျင်ကြောင့် ကားတွေမထွက်ဘူး သွားခေါ်ပေးမယ် "

"အေးပါဟယ် အဲလိုဆိုကောင်းတာပ မဟုတ်ရင် ငါ့သား လှေတတန် လှည်းတတန် လာနေရမှာ "

ဒေါ်ညိုစိမ့် တပြုံးပြုံးပြောရင်း အိမ်ထဲ ဝင်သွားသည်။ သူ့အိမ်သားကြွလာသခိုက် လှဲရပြုရအောင်ခေါင်းအုံးအသစ်ကို ‌အစွပ်စွပ်သည်။ သင်ဖျာချောကို လိပ်ရာမှ ဖြည်ပြီး ဖုန်သုတ်သည်။ ထန်းလက်တဲထဲက ကွပ်ပျစ်ပေါ် ဖြန့်ခင်းပြီး အလိပ်‌ေပြအောင် ရေနည်းနည်း ဖြန်းသည်။

ငချစ်က သူ့အရီးကိုကြည့်ရင်း ဘယ်နှယ့်လုပ်ရပါ့ဟု တွေးနေမိသည်။ မြို့ပေါ်ရောက်သခိုက် တစ်တော့နှင့် ဖေ့ဘုတ်မှနေ၍ မန္တလေးမြို့ရော ဦးဇင်းနေသည့်ကျောင်းပါ ဖွတ်ဖွတ်ကျေပြိုကျသည်ကို တွေ့ခဲ့ရသည်။ စာမေးပွဲဖြေသည့် ဉ္းဇင်းတွေတိုက်ပြိုပိသည်ဟုလည်း တွေ့ခဲ့သည်။ ဦးဇင်းဖုန်းကလဲ စက်ပိတ်ထားပါတယ်ချည်း အော်နေသည်။ တခြားဦးဇင်းသူငယ်ချင်းဖုန်းနံပါတ်များလဲ မသိ။ မြို့ကအပြန် အိမ်မလာဘဲ ရပ်မိရပ်ဖဖြစ်သည့် ဘတင်မောင်ကိုသွားပြောပြသည်။ ဘတင်မောင်က ဘုန်းကြီးလျှောက်တော့ဘုန်းကြီးက နက်ဖြန်လိုက်သွားမည်ဟု ဆုံးဖြတ်သည်။

ငချစ်မျက်လုံးထဲ ဦးဇင်းကို မြင်နေမိသည်။ ဦးဇင်းက ဖြူဖြူရှည်ရှည် ။ ပိန်သော်လဲ မနွဲ့ ။ တောင့်တောင့်တင်းတင်းရှိသည်။ ဘကြီးကောင်းမျက်နှာကျနှင့် အရီးမျက်နှာပေါက်မို့ ချောသည်ဟုပြောလို့ရသည်။ အရီးလို မျက်လုံးဝိုင်းဝိုင်း နှာတံရှည်ရှည်။ ပြီးတော့ ဦးဇင်းက အမြဲပြုံးနေတတ်သည်။ စာလဲတော်လှသည်။ ဘာဘွဲ့တွေရယ်မပြောတတ်သော်လဲ ပူဇော်ပွဲလုပ်ပေးရတာ သုံးကြိမ်ရှိပြီ။

အသားဖြူလူပုံချောကိုမှ အရီးတို့ကလည်း
လယ်နှင့်ယာနှင့် နွားနှင့်မို့ ရေစီးသာအောင် မြောင်းဖော်ကြသည့် အပျိုချောလဲ မရှား။ ဦးဇင်းကတော့ လူ ဟူသည့်အမြင်ထက် ပိုပုံမရ။ စိတ်ဝင်စားဟန်လဲ မပြ။ သိသိသာသာသူ့နားကပ်လျင် သိသိသာသာရှောင်လိုက်သည်သာ။ အခုတော့ ဘယ်လိုဖြစ်လေမည်မသိ။ ဘေးကင်းစေရန်သာ ဆုတောင်းရတော့သည်။

နောက်တနေ့ စောစော ထွက်ကြသည်။ မန္တလေးနှင့်သူတို့ရွာ လိုင်းကားနှင့် နေ့ချင်းပြန်လို့မရ ။ ခုတော့ ဘုန်းကြီးကားနှင့်မို့ အစောထထွက်လျင် ပြန်လို့ရမည်။ ရမှလဲ ဖြစ်ပေမည် ။ မဟုတ်လျင် အရီးညိုစိမ့်ရူးလိမ့်မည်ထင်သည်။

သူတို့ရောက်သွားချိန်တွင်တော့ မန္တလေးသည် မြို့ပျက်ကြီးလိုဖြစ်နေတော့သည်။ အပြိုအပျက်များ၊ ပူဆွေးငိုကြွေးနေသူများ၊ ဆေးရုံကားများ ၊ နာရေးယာဉ်များ ရှောင်မလွတ်တော့ပေ။

ဦးဇင်းနေသည့်ကျောင်းကို သူတို့ရောက်တော့ ပြိုပျက်နေ‌ေသာ ကျောင်းဆောင်များကြားတွင် ယာယီမိုးကာတဲများနှင့် ဖြစ်သလိုသီတင်းသုံးနေကြသော ဆရာတော်များ၊ ရဟန်းငယ်များကို တွေ့ရသည်။ သူတို့ ကားဝင်လာတော့ အားလုံးက လှည့်ကြည့်ကြသည်။ဆရာတော်က သက်တော် ၇၀ မို့ မထေရ်ကြီးစာရင်းဝင်နေပြီ ဖြစ်ရာ ကားပေါ်က ဆင်းတော့ ဆရာတော် ဦးဇင်းကို အပ်ခဲ့သည့် ဦးဥတ္တရက မျက်နှာပျက်စွာ လာဆီးကြိုလေသည်။

"ဦးဥတ္တရ တိက္ခဉာဏရော"

ဆရာတော့် အမေးကို မဖြေသေးဘဲ ဆရာတော်များစုထိုင်နေရာ စားပွဲဆီသို့ပင့်လာသည်။ သူကတော့ ဦးဥတ္တရမျက်နှာမြင်သည်နှင့် အခြေနေမကောင်းမှန်း သိပြီ။

"ဆရာတော်ကြီး ဦးဝေပုလ္လပါဘုရား တိက္ခဉာဏ ရဲ့ဆရာပါ "

ဦးဥတ္တရက အသိပေးလျှောက်ထားလိုက်တော့ ဆရာတော်များ လှုပ်လှုပ်ရှားရှားဖြစ်သွားသည်။

"တိက္ခဉာဏရော တိက္ခဉာဏ "
ဆရာတော်က သူတို့မျက်နှာများကိုကြည့်ရင်း အဆောတလျင်မေးသည်။

တစ်ပါးက လက်အုပ်ချီရင်း

"တပည့်တော်များကျောင်းတိုက်က တိုက်ထဲမှာ ပိတဲ့ ပြုတဲ့သူ မရှိပါဘူးဘုရား "

"စာဖြေဋ္ဌာနပါ ပြိုကျတယ် ခိုက်မိကြတယ်ဆို "

"မှန်ပါ စာဖြေဋ္ဌာနမှာတော့ အထိအခိုက်ရှိပါတယ်ဘုရား ဒဏ်ရာရတဲ့သူတွေ မေမြို့ဆေးရုံပို့ထားတယ်ဘုရား"

"အင်း တိက္ခ အဲ့သည်ပါသွားသလား"

"တိက္ခဉာဏကတော့ ...."

"အင်း"

ဆရာတော်က လေသံတုံ့ဆိုင်းသွားသည်။ ဆက်ထွက်လာမည့်စကားကို ငချစ် သိသိကြီးနှင့်နားမထောင်ရဲတော့ ။အိုဗျ ကိုကြီးငချစ်ဟု နှုတ်ဆက်သည့် ဦးဇင်းအသံကိုကြားနေလေသည်။

"တိက္ခဉာဏကတော့ အဆောက်အဦး ပြိုကျတဲ့အထဲမှာပါလို့ အနိစ္စရောက်သွားပါပြီဘုရား "

"အိုဘုရား ဘုရား"

ဘတင်မောင်ကတော့ အမလေး အမလေးတကာ မျက်ရည်များကျလာလေသည်။

သူတို့ရွာ၏ အညွန့် အဖူးလေး။ သာသနာမျိုးဆက်လေး။ ရှားရှားပါးပါးလေး။ သေရှာပြီကော ။

ငချစ်ကတော့ ဆောင့်ကြောင့်ထိုင်နေရာမှ ဖင်ထိုင်ရက်ကျသွားသည်။ မျက်ရည်များလဲ ဒလဟော။ ငါ့ညီလေး ။ တမိပေါက်တယောက်ထွန်းလေး။ ဘုန်းကြီးဖြစ်ချင်လွန်းသူလေး မရှိတော့ပြီတဲ့လား။သူ့အမေ အရီးညိုစိမ့်ကို ဘယ်လိုပြောရပါ့ ။

"အလောင်းကတော့ ခုမနက်ပဲ ဖော်လို့ရပါတယ် ဘုရား ဆေးရုံကြီး ရေခဲတိုက်မှာသွားယူရပါမယ်၊ သိပ် ရုပ်မပျက်လို့ ရွာပြန်သယ်ချင်ရင်လဲ နာရေးကားစီစဉ်ပေးပါမယ်ဘုရား။ ဒီကတပါးထည့်လိုက်ပါမယ် ။ ဟိုမှာရှိတဲ့ ကျောင်းကတာဝန်ခံကိုယ်တော်နဲ့ ချိတ်ဆက်လုပ်ပေးပါမယ်ဘုရား။ "

ဆရာတော်ကြီးမှာ အတော်နှင့်စကားပြန်မပေးနိုင်ဘဲ ငူငူကြီး ထိုင်နေလေသည်။ ငချစ်နှင့် ဘတင်မောင်ကတော့ မျက်ရည်တွေတွေကျပြီး အသံမထွက်အောင်ရှိုက်မိကြသည်။ ဘယ်နှယ့်လုပ်ကြပါ့။ စာမေးပွဲပြီး သူပြန်လာလျင် ဖွင့်မည့် ယဉ်ကျေးလိမ္မာ သင်တန်းအတွက်လဲ အကုန်စီစဉ်ပြီးပြီ။ အရီးပေါက်တို့အလှူမှာလဲ သူ့ကိုသိက္ခာထပ်ပြီး တရားဟောခိုင်းဖြိုလူ့တရပ်လောက် ဗီနိုင်းကြီးလဲထုတ်ပြီးပြီ။ ဘယ်နှယ့်လုပ်ကြပါ့။

ဆရာတောက်ကြီးက စားပွဲခုံပေါ်လက်ထောက်ကာ အားယူ ထသည်။

"သည်နှစ်ပြန်လာရင် စာချုပ်စာတမ်းနဲ့ သူ့ကို ကျောင်းအပ်တော့မလို့... အသက်ကလေးမှ ၂၆နှစ် ... ၆ဝါရှိသေးတာကွာ လင်္ကာရက သုံးဘွဲ့ ... ငါက တိပိဋကထိမှန်းတာကွ... မောင်တိက္ခလေး သူက ငါ့ သင်္ဂြိုဟ်မယ်မှတ်တာ... ငါက သူ့သင်္ဂြိုဟ်ရမယ်လို့ လုံးလုံးမှ မတွေးမိဘူး"

ဆရာတော့်စကားကြားတော့ စုထိုင်နေသည့်ဆရာတော်များပါ မျက်နှာနီမြန်းကုန်ကြသည်။

"ကဲကဲ ငချစ် သည်က ထည့်ပေးမဲ့တစ်ပါး ပင့်ခဲ့ ဘယ်လိုနေနေ ရွာပြန်သယ်မယ် ...သည်မယ် ကျီးနဲ့ဖုတ်ဖုတ်တော့ ငါ့တပည့် ငါမထားခဲ့နိုင်ဘူး"

အငိုမျက်လုံးများဖြင့် ဆရာတော့်ကို တွဲထွက်ခဲ့ကြသည်။ ပါလာသည့်ဦးဇင်းကချိတ်ဆက် လုပ်ကိုင်ပေးသဖြင့် ရေခဲတိုက်ရောက်ပြီးနာရီဝက်လောက်နေတော့အလောင်းကို တွေ့ရသည်။ ညာဘက်ခေါင်းတခြမ်း ကြေနေသည် ။ ဘယ်ဘက်ခြေထောက်မှာ စိစိညက်ညက်ကြေနေပြီ။ ရင်ဘက်တွင်လည်း ကန့်လန့်ဖြတ် အညိုအမည်းအစင်းကြီး။ နှာခေါင်းနှင့် ပါးစပ်မှာ သွေးစီးကြောာင်းများရှ်သည် ။ သူ့ မူပိုင်အပြုံးလေးကမူ နှုတ်ခမ်းထက်တွင်ရှိနေဆဲ။

သူတပည့်အလောင်းကိုမြင်တော့ ဆရာတော်ကြီးမျက်ရည်ကျတော့သည်။ ထပ်ရောက်လာသည့်သံဃာအလောင်းများမှာလဲ မြင်မကောင်း။ ဘတင်မောင်နှင့်ဆရာတော်ကို ရွာကကားနှင့်ပြန်လွှတ်ကာ သူက အလောင်းသယ်ပေးမည့်ကားနှင့် ပြန်လိုက်လာခဲ့သည်။ ဆရာတော့် အမိန့်နှင့် ရွာတွင်ကျန်ခဲ့သည့် တောထွက်ဦးဇင်းကြီးနှင့် ကိုရင်ကြီးကို ရွာအသင်းကအအေးခေါင်း ပြင်ထားရန်တိုးတိုးတိတ်တိတ်ခိုင်းရသည်။ ဘတင်မောင်တူ ကိုကျော်စနှင့် ကိုကျော်မြကို သွားကူခိုင်းပြီး သတင်းမထွက်စေရန်ပိတ်ရသည်။ ဆရာတော်က

"ညိုစိမ့် မသိစေနဲ့ ဘယ်သူမှလဲမသိစေနဲ့ အလောင်းပြင်ပြီးမှ အကြည့်ခံမယ် "
ဟု မိန့်သည်။ သူတို့ရွာကျောင်းက ရွာထိပ်ဝယ်သီးသန့်ဖြစိပြီး ရွာနှင့်အလှမ်းဝေး၍ တော်သေးသည်။ သတင်းကို နဲနဲ ထိန်းလို့ရပေမည်။

သူကတော့ အလောင်းကိုကြည့်ကောင်းအောင်ပြင်ဆင်ပေးပြီး အပုပ်နည်းအောင်လုပ်ပေးကြသည်ကို စောင့်ကာ အလောင်းတင်သည့်ကားနှင့် ပြန်လာခဲ့သည်။ ညိုစပြုလာသည့် လက်သည်းလေးတွေ ။ ဒဏ်ရာ အနာတရနှင့် လက်ဖြူဖြူရှည်ရှည်လေးတွေကို ကြည့်မိသည်။ ဆုံးပါပေါ့ ငါ့ညီရယ် ဆုံးပါပေါ့။ ကလေး‌တွေနှင့် တရွတ်သီထိုးသူ့ကို သည်လက်ကလေးတွေက အရီးသိအောင်တမျိုး မသိအောင်တမျိုး မုန့်ဖိုးပေးတတ်ခဲ့သည်။ သူနှင့် လိုက်ဖက်လှသည့် သင်္ကန်း ညိုဝါဝါ အောက်က လက်ကလေးတွေ လှုပ်မလာတော့ပြီ။ ငါ့ညီလေး ဦးဇင်းရယ် အရီးကို ကိုကြီးငချစ် ဘယ်လိုပြောရတော့မတုန်းငါ့ညီရဲ့ ။

"ခေါင်းကို တိုင်ကရိုက်ချသွားဟန်တူပါရဲ့ ခြေထောက်ကတော့ ကွန်ကရစ်ပြားကြီး ပိတာ၊ ရင်ဘက်ပေါ်က စာဖြေခုံနဲ့ တိုင်အကျိုးနဲ့ပိနေတာ ကိုချစ်ရယ်"
အဖော်လိုက်လာသည့် သူ့သူငယ်ချင်းဦးဇင်းက အလောင်းကိုကြည့်ရင်းပြောသည်။

"သိပ်သဘောကောင်းတာဗျာ ဘယ်တော့မှ စိတ်ဆိုးစိတ်ပျက်ဆိုတာ မရှိဘူး အမြဲပြုံးပြီး အမြဲ အကောင်းမြင်တာ ၊သွားဖြေခါနီးတုန်းကတောင် အအေးဘူး မင့်ဖို့သယ်ခဲ့မယ် လို့ပြောပြီး သင်္ကန်းလေးခေါင်းခြုံထွက်သွားတာ ၊ အဲဒါ နောက်ဆုံးမြင်ရတာပဲ"

"ဦးဇင်းကမှ နောက်ဆုံးမြင်လိုက်ရ‌၊ အသံလေးကြားလိုက်ရပါသေးတယ် ဦးဇင်းရယ် တပည့်တော့် အရီးက ဒီလိုမြင်ရင် ရူးလိမ့်မယ်"

တလမ်းလုံး စကားအထူး မဆို ဖြစ်ကြ။ ရွာရောက်တော့ မှောင်ပြီ။ ကျောင်းဝင်းထဲဝယ် လူလေးငါးယောက် တိတ်တိတ်ဆိတ်ဆိတ် ပြင်ဆင်လုပ်ကိုင်နေကြသည်။ အအေးခေါင်းကို အဆင်သင့် ဖွင့်ထားသည့်အတွက် အလောင်းကို အရင်ရွှေ့ကြသည် ။ အနံ့နည်းနည်း ထွက်စပြုနေပြီ။

"ကဲ ငချစ် ညိုစိမ့်ကို သွားပြောချေတော့ ။ ‌ကျောင်းကို လာလို့ ၊ ကျော်စတို့ ကျော်မြတို့ အနောက်စက အိမ်တွေ တိတ်တိတ်ပြောထားချေကြ။ ညိုစိမ့်အရင် မသိကြစေနဲ့ "

ဆရာတော့်အမိန့်အတိုင်း ကိုကျော်စတို့ဆိုင်ကယ် တစ်စီးကိုယူကာ အရီးဆီ လာခဲ့သည်။ ရွာလယ်လမ်းပင် မီးလင်းနေပြီ။

သူ့ဆိုင်ကယ်သံကို အရီးကြားဟန်တူသည်။ အိမ်ရှေ့ထွက်စောင့်နေသည်။

"ငချစ် အပြန်မှောင်လိုက်သာဟဲ့ ငါစောင့်‌ေနတာ ကြာပေါ့ ဦးဇင်းရော ဘယ်မတုန်း"

"ဉီးဇင်းက ... "ငချစ်အသံ တိမ်ဝင်သွားသည်။

"ဟဲ့ ဘာတုန်း"

ချောင်းဆိုးပြီး အသံထိန်းကာ

"ဦးဇင်းက ကျောင်းမယ် အရီး ကျောင်းလိုက်ခဲ့လေ ဆရာတော်က ခေါ်ခိုင်းလိုက်တာ"

"အမယ် ငချစ်ရဲ့... ဆရာတော်က ငါ့သား ကျောင်းအပ်မယ်ပြောနေတာ ဟဲ့.... ခု ခရီးရောက်မဆိုက်အဲဒါပြောမလို့ နေမှာ ... ကျောင်းတင်ပွဲတော့ ရှိတဲ့ယာ ကုန်ပစေ မေသက်ထားဆွေငှားပြီး ဆိုင်းနဲ့ဝိုင်းနဲ့ လုပ်လိုက်စမ်းမယ်။ "

အိမ်ရှေ့ထိထွက်မလာနိုင်သည့် မီးအလင်းကြောင့် မှောင်ရီရီ ဖြစ်နေရာ
ငချစ် ကျသည့်မျက်ရည်တို့ကို အရီး မမြင်။

"ငါ တဘက်လေးယူလိုက်ဦးမယ် ..."

"ရပြီရပြီ ငချစ်"

"အင်းအရီး နောက်ကသေချာကိုင် "

"အေးပါဟဲ့ "

ကျောင်းသွားသည့် လမ်းတလျှောက် သူ့သားကျောင်းတင်ပွဲအတွက် ရေပက်မဝင်ပြောနေသည့်အရီးအသံကို နားထောင်ကာ ငချစ်မှာ မျက်ရည်တဖြိုင်ဖြိုင်။

"အမယ် မီးတွေလင်းလို့ပါ့ရောဟဲ့ ,အာဂန္တုပါသေးသလားငချစ် , ငါ့သားနှယ် အမေကိုများထွက်မစောင့်ဘူး, သည်အမေက သူ့စိတ်ပူလို့ ရူးနေမင့်ကို "

‌အအေးခေါင်းကို တိုက်ကျောင်းလေးပေါ်ပြင်ပြီး ပုံမှန်မီးသာထွန်းထားသည့်အတွက် အရီး မမြင် ။ ကျောင်းရှေ့ ထန်းလက်တဲထဲတွင် ဆရာတော်နှင့် အတူထိုင်နေသည့့် သူ့သားသူငယ်ချင်း ဦးဇင်းလေးကို သူ့သားထင်ပြီး ပြောကာဆိုကာနှင့် တဲထဲဝင်သွားသည်။

"ငါ့သား "

ဦးဇင်းက လှည့်ကြည့်သည်။

"အလိုတော် ငါ့သားမဟုတ် ဒကာမကြီးက လွဲလို့ပါဦးဇင်းရယ်"

"တပည့်တော်မယ် မျက်စိများကလည်း
မကောင်းတော့ဘူးဘုန်းဘုန်းရဲ့ "

"ဘုန်းဘုန်းတပည့်ရော "

ဆရာတော်က အသံထိန်းရင်း

"အေး ညည့်သားတိုက်ပေါ်မယ် "

"ဪ တပည့်တော် ဝပ်ချခေဦးမယ်ဘုရား တပည့်တော့်မယ် ပူလိုက်ရတာ ဘုန်းဘုန်း သွားခေါ်ပေးမှ စိတ်အေးရတော့တယ် "

"ညိုစိမ့် "

"ဘုရား "

ဆရာ့တော့် အသံက အက်ပြိုနေလေပြီ။ ရွာထဲက လူများလဲ ဟိုမှ သည်မှရောက်လာကြပြီ။

"ညည့်သားလေးလေ"

"တင်ပါ့"

"ညည့်သားလေး ငလျင်နဲ့ပါသွားတယ် ညိုစိမ့်ရဲ့ ညည့်သားမရှိတော့ဘူးဟဲ့ "

"ဘုရား"

အရီးထံမှ ထွက်လာသည့် ဘုရားဟူသည့်အသံမှာ ရင်ခေါင်းသံကြီးနှင့် ဖြစ်သည်။ ထိုအသံနှင့့် တပြိုင်နက်ပင် နောက်ကို ချာခနဲ့လှည့်ကာ တိုက်ဆီသို့ ပြေးလေသည်။ ဒူးမကောင်းသဖြင့် တနဲ့နဲ့ သွားနေရသူမှာ ဘယ်ကခွန်အားရလေသည်မသိ။ တိုက်လှေကားသုံးထစ်ကိုလဲ ခုန်တက်သွားသလားမှတ်ရသည်။ တိုက်ထဲတွင်မီးများလင်းထိန်နေအောင်ဖွင့်ထားပြီးဖြစ်သည်။ ရောက့်နှင့်နေသည့် မိန်းမသူများက အရီးကို ဆီး ဖက်ထားကြသည်။ သူရော အဖော်ဦးဇင်းရောအရီးနောက်အပြေးလိုက်ကြသော်လည်းမမီ။

အအေးခေါင်းဘေးတွင် ကြောင်ကြောင်ကြီးရပ်ကာ အလောင်းကိုစိုက်ကြည့်နေသည့် အရီးကို မိန်းမများက ဖက်ထားကြသည်။

အတူပါလာသည့် ဦးဇင်းလေးက တောင့်တောင့်ကြီးဖြစ်မေသည့် အရီးကို ဖက်ပြီး "မယ်တော်ကြီး ငိုချလိုက် ငိုချလိုက်" ဟု ပြောသော်လည်း မငိုပဲ သူ့သားအလောင်းကို တလှည့် ဖက်ထားသည့် ဦးဇင်းလေးကို တလှည့်ကြည့်ကာ ခွေ လဲ ကျသွားတော့သည်။

*********
"အမေ လာလေ"

သားက သင်္ကန်းကို သပ်သပ်ရပ်ရပ် ရုံထားပြီး သူ့ကို လက်ကမ်းခေါ်သည်။

"သား "

"ဗျာ အမေ"

"အမေတို့အတူတူသွားရမှာလား "

"အင်းပေါ့အမေ ကျုပ်နဲ့ အတူတူသွားမှာ"

ကမ်းနေသည့် သားလက်ကို အားကိုးတကြီး ဆုပ်လိုက်သည်။

ဘယ်တော့မှ အပြုံးမပျက်သည့်သားက သင်္ကန်း အရုံမပျက် လွယ်အိတ်လေးကို လွယ်ကာ သူ့လက်ကိုဆွဲရင်း ပြုံးပြလေသည်။

********
"ဤကောင်းမှု၏ ဤကောင်းမှု၏"

"အဖို့ဘာဂ အဖို့ဘာဂ"

"ရသမျှကို ရသမျှကို "

"လွန်ခဲ့သောလွန်ခဲ့သော"

"လေးရက်ခန့်က လေးရက်ခန့်က"

"ဘဝနတ်‌ေကျာင်း ဘဝနတ်‌ေကျာင်း"

" ပြောင်းရွှေ့စံသော ပြောင်းရွှေ့စံသော "

"ဦးတိက္ခဉာဏနှင့် ဦးတိက္ခဉာဏနှင့် "

"ယမန်နေ့က ယမန်နေ့က "

"ဘဝတပါး ဘဝတပါး "

"ပြောင်းသွားကွယ်လွန်သော ပြောင်းသွားကွယ်လွန်သော "

"မယ်တော်ကြီး မယ်တော်ကြီး"

"ဒေါ်ညိုစိမ့်တို့ ဒေါ်ညိုစိမ့်တို့"
................

ငါ့ညီရေ ...
အရီးရေ....
သာဓုခေါ်ကြပါနော်
ဝဋ်ကြွေးတွေဆိုရင်လဲ ကျေပါစေတော့ ငါ့ညီရယ်။
တကယ်တော့လေ ဒီငလျင်က အရီးရင်တင်မဟုတ် ကျုပ်တို့တရွာလုံးရင်ကို ခွဲလိုက်တာပါပဲ ။

သွားနှင့်ပါတော့ အရီးရယ် သွားနှင့်ပါတော့ ။

အို .. ငါ့ညီလေးရဲ့
သွားနှင့်ကြပါတော့ ....

#မြရည်နန္ဒာ
#ခေမင်္ကရ

🍚မန္တလေးမြို့၌ ငလျင်ဘေးဒုက္ခသည်များ အခမဲ့သုံးဆောင်နိုင်သော စားသောက်ဆိုင်များ⛑️1. ရွှေကွတ်ခိုင်   ☎️ 09-953832339 | 09-43...
29/03/2025

🍚မန္တလေးမြို့၌ ငလျင်ဘေးဒုက္ခသည်များ အခမဲ့သုံးဆောင်နိုင်သော စားသောက်ဆိုင်များ⛑️

1. ရွှေကွတ်ခိုင်
☎️ 09-953832339 | 09-43016082
📍 58/36D| ရှမ်းခေါက်ဆွဲ ပြင်ဆင်ထားပါသည်။ အကူအညီလိုအပ်သူများ စိတ်ချလက်ချ အခမဲ့ သုံးဆောင်နိုင်ပါသည်။

2. Beer Prince
📍 65/108 | ထမင်းကြော်၊ ခေါက်ဆွဲကြော်နှင့် ရေသန့်များ ရရှိနိုင်ပါသည်။

3. xiaolajiao အကင်ဆိုင်
📍 63/39*40| အခမဲ့ ထမင်းဖြူ ရယူနိုင်ပါသည်။

4. chilichacha
📍 လိပ်စာဖော်ပြမထား။

5. 39° bar
📍 54/30 | အခမဲ့ ထမင်းဖြူ နှင့် ရေသန့်ရရှိပါသည်။

6. 📍007 beach bar
ကွင်းပြင်လွတ်၌ ခိုလှုံနိုင်ပြီး အခမဲ့ ထမင်းကြော်သုံးဆောင်နိုင်ပါသည်။

7. WeiDongNan အရှေ့တောင်အရသာစားသောက်ဆိုင်
📍 60/35*35A

8. IN.718 bar
☎️ 09-888599899 | 09-665713227
📍 55*56/39D| အခမဲ့ ထမင်းကြော်နှင့် ထမင်းဖြူ ရယူနိုင်ပါသည်။

-

အမြန်လမ်းအသုံးပြုသူများ သတိပြုရန်~~~~~~~~~~~~~~~~~~~~~~~~၂၀၁/၀ ပ​လွေးတံတားနိမ့်ကျ၁၉၄/၂ အသွားလမ်း ကျိုး၁၉၃/၁ ၂ တံတားအဝင်န...
29/03/2025

အမြန်လမ်းအသုံးပြုသူများ သတိပြုရန်
~~~~~~~~~~~~~~~~~~~~~~~~

၂၀၁/၀ ပ​လွေးတံတားနိမ့်ကျ
၁၉၄/၂ အသွားလမ်း ကျိုး
၁၉၃/၁ ၂ တံတားအဝင်နိမ့်
၁၉၀/၁-၂ ​မှောက်ခုံ​ချောင်းတံတား သွား+ပြန် နိမ့်
၁၈၉/၁ အပြန်လမ်း တွန်​့​ခေါက်
၁၈၈/၇ အသွားလမ်း box အဝင်နိမ့်ကျ
၁၈၈/၁-၂ အပြန်လမ်း ကျိုး(​ဘေးကသွားလို့ရ)
၁၈၆/၂ လမ်းသားကွဲအက်
၁၇၉/၄ အပြန်လမ်းကျိုး
၁၇၇/၂ အသွားလမ်းကျိုး
၁၇၆/၀-၁ အသွားလမ်းကျိုး
၁၇၃/၆ အပြန်း box အဝင်လမ်းacကျိုး
၁၇၂/၅ အပြန်လမ်း ​ပေ၂၀၀ ac တွန့်​ခေါက် (​ဘေးကသွားလို့ရ)
၁၇၁/၆ အပြန်လမ်း ​တံတားဝင်လမ်း တွန့်​ခေါက် (​ဘေးကသွားလို့ရ)
၁၆၈/၅ အပြန်လမ်း တံတား​ပေါ် ac ကျိုး (​ဘေးကသွားလို့ရ)
၁၆၈/၀ အပြန်လမ်း လမ်းကျိုး (​ဘေးကသွားလို့ရ) grader / dozer ဝင်ရမယ်
၁၆၇/၆ ပြန် ကွန်ကရစ် လမ်းကျိုး
၁၆၇/၅ ပြနိ ကွနိကရစ်လမ်း ကျိုး
၁၆၇/၁-၂ ပြန် ကွန်ကရစ်လမ်းကျိုး
၁၆၆/၆-၇ ပြန် ကွန်ကရစ်လမ်းကျိုး
၁၆၀/၀-၁ ပြန် လမ်း/ကွဲ/ကျိုး ပြင်းထန်
၁၆၅/၇ ပြန် လမ်းကျိုး
၁၆၅/၁ ဆွာ​ချောင်း ၈၀၀ ​ပေ ,P3,4,5 ယိုင်, လမ်းသား အပြန်လမ်း ၄ ​​ပေ နိမ့်ကျ, diversion လိုပါသည်။
အမြန်လမ်းသွားကြမဲ့သူတွေသတိပြုဖို့ပါ။

Swar Myint

29/03/2025

အဘက်ဘက်က ပျက်စီးဆုံးရှုံးမှု
ဘက်ကိုသာ ဦးတည်သွားပြီဆိုတာ
၂၀၂၁ ဖေဖော်ဝါရီက စလိုက်တာပဲလေ
ကိုယ်လည်းကောင်းအောင်မလုပ်ဘူး
လုပ်သမျှလူတွေကိုလည်း ကန့်လန့်တိုက်
လိုက်ဖျက်ဆီးတယ် ရိုးရိုးလိုက်ဖျက်တာ
အားမရတော့ တိုင်းပြည်ပါတက်သိမ်းတယ်
ဒီချိန် တိုင်းပြည်က ထွက်ပြေးနေရတဲ့
ပရဟိတသမားတွေ လူငယ်လေးတွေရဲ့
တန်ဖိုး ... ဒင်းကတော့ သိမယ်မထင်ပါဘူး
ခံရတာ ပြည်သူတွေပဲလေ.. အောက်ကစာ
crd ပါ...

ဒီအချိန်မှာ တက်ကြွတဲ့
လူငယ်တွေသာရှိစမ်းပါ

ညတွင်းချင်း မန်းလေးဆင်းကြမယ့်
လူတွေက ထောင်နဲ့ချီရှိလိမ့်မယ်
အမြန်လမ်းသွားလို့မရပါဘူးဆိုတာတောင်
လူငယ်တွေရဲ့ ဇောနဲ့ လူငယ်တွေရဲ့မာနနဲ့
" ရအောင်သွားမယ်ကွာ " ဆိုပြီး
တာဝန်ရှိတဲ့လူကြီးတွေကိုတောင်
ရန်တွေ့ပြီးသွားကြမှာ ။

ကျောင်းတွေပိတ်နေချိန်လေ
အရမ်းတွေအားနေတဲ့အချိန်ပေါ့

အရမ်းကိုတက်ကြွနေတဲ့အရွယ်လေ
အရမ်းကို အားကောင်းတဲ့အရွယ်
မိုးတိမ်ကိုတောင် ဒူးနဲ့တိုက်မယ့်အရွယ်တွေပေါ့

မန်းလေးမလိုက်နိုင်တဲ့လူတွေက
မနက်ဖြန်လောက်ဆို အလှူငွေကောက်ဖို့တာဝန်
လိုအပ်တာဝယ်ပြီး အထုပ်ကြီးအထုပ်ငယ်အသွယ်သွယ်နဲ့ ပို့ဖို့ကူဖို့လှူဖို့ plan တွေချနေလောက်ပြီပေါ့

" မန္တလေးရေ အားမငယ်နဲ့ ငါတို့ရှိတယ်" ဆိုတာမျိုး
" စစ်ကိုင်းရေ ငါတို့လာပြီဟေ့ " ဆိုတာမျိုး
" ပျဉ်းမနားရေ ခနလေးစောင့် ငါတို့လာပြီ" ဆိုတာမျိုး ပလူပျံနေမှာအသေအချာပဲပေါ့
ဘယ်မြို့ကို ငါတို့သွားကြမလဲ
ဘယ်မြို့ကိုအရင်ကူမလဲဆိုတာရွေးရင်း
ရန်တွေလည်းဖြစ်နေလောက်ရောပေါ့ ....

ပေါ်ပင်ပဲပြောပြော တကယ်လို့ပဲဆိုဆို
ငါ့ညီ ငါ့ညီမတို့ ပြာယာတွေခတ်နေမှာပဲ 😟

ကိုဗစ်ပထမလှိုင်းတုန်းက
လူငယ်တွေရဲ့အင်အားကို မြင်ခဲ့ရတာ
ကြက်သီးတောင်တဖြန်းဖြန်းထခဲ့ရတဲ့အထိ

အခုတော့ ငါ့ညီ ငါ့ညီမတို့ရေ
မင်းတို့ထဲက တချို့တွေလည်းမရှိတော့သလို
တချို့တွေလည်း မသိနိုင်ကြတော့ဘူးမဟုတ်လား

လွမ်းတယ်ကွယ်
ငါ့ညီ ငါ့ညီမတို့ 🥹

ကလေးတို့လည်း ရောက်ရာအရပ်ဘေးကင်းပါစေ
ငါတို့လည်း ဘေးကင်းပါစေ
မြန်မာပြည်ကြီးလည်း ဘေးကင်းပါစေ ။

Min Yel Kyaw Swar

... အေးဘုံဝမ်းမြောက်ပါလေတော့...မြကြီး ပေါ်တာဆွဲခံလိုက်ရတယ် ဆိုတဲ့ သတင်း ကြားကြားချင်း အားလုံး တုန်လှုပ်သွားကြတာ။ သူ့သားလ...
01/03/2025

... အေးဘုံဝမ်းမြောက်ပါလေတော့...

မြကြီး ပေါ်တာဆွဲခံလိုက်ရတယ်
ဆိုတဲ့ သတင်း ကြားကြားချင်း
အားလုံး တုန်လှုပ်သွားကြတာ။
သူ့သားလေး ဖျားနေလို့ ညဘက်
ဆေးထွက်ဝယ်တုန်း စစ်ကားနဲ့တွေ့ပြီး
ပါသွားတာတဲ့။ အသက် လေးနှစ်ပဲ ရှိ
သေးတဲ့ သူ့သား ဘုံကြီးလေး ဘယ်လို
ကျန်ခဲ့ရှာမလဲ ဆိုတဲ့ မေးခွန်းက လူတိုင်း
ရဲ့ ခေါင်းထဲ ဖျတ်ကနဲ ရောက်တာ။

ဒီရွာမှာတော့ မြကြီး ကို လူတိုင်းသိတယ်။
ညစ်ပတ်ပေရေနေတဲ့ အဝတ်အစား အပြဲ
အစုတ်နဲ့ အမြဲ မူးရူးနေတဲ့သူ။ မိဘမရှိဘူး
တကောင်ကြွက်။ တခါတလေ အုတ်ခုံ
ပေါ် အိပ်နေတတ်တယ်။ တခါတလေ
မြောင်းထဲမှာ အိပ်ပျော်နေတတ်တယ်။
ဗိုက်ဆာရင် ဈေးကို လာပြီးခိုင်းတာလုပ်တယ်။

ဒါသယ်ပေးဆိုလည်းသယ်။
ဒါသွားပို့ပေးဆိုလည်း သွားပို့။
ဒါထမ်းဆိုလည်း ထမ်း။
ခိုးတယ် ဝှက်တယ်တော့ မကြားဖူးဘူး။

အဲ အရက်သောက်ပြီးလို့ ဇိမ်ယစ် အိပ်နေ
ပြီ ဆိုရင်တော့ သိန်းတရာပေးလည်း
ခိုင်းလို့မရတော့ဘူး။

ဒီလိုကောင်မျိုး မိန်းမရပြီ ဆိုတော့
အကုန်လုံးက အံ့သြလိုက် ကြတာ။
သူနဲ့ယူမယ့် မိန်းမကို မမြင်ဖူးခင်
ကတည်းက ဝိုင်းသနားလိုက်ကြတာ။

သနားသင့်ပါတယ်။ သူ့မိန်းမ အေးဘုံက
သူနဲ့ရပြီးကတည်း ယောက်ျားလုပ်စာ
မစားဖူးဘူး။ ကောက်စိုက်၊ ပျိုးနှုတ်ပြီး
ယောက်ကျားကို ရှာကျွေးရတာ။
ထမင်းစားခါနီး ယောက်ျားကို ဘယ်
မြောင်းထဲ အိပ်ပျော်နေလဲက လိုက်ရှာ
ရသေးတာတဲ့။ အိမ်ပြန် မလိုက်နိုင်ဘူး
လို့ ပြောလို့ ထမင်းခူးလာပြီး မြောင်းထဲ
ထိ ဆင်းပြီး ခွံ့ကျွေးတယ်တဲ့။

အေးဘုံခင်ဗျာ ကိုယ်ဝန်အရင့်အမာကြီး
နဲ့ ဗိုက်နာတော့ ဆိုက္ကားဂိတ်က လူတွေစု
ပြီး ပိုက်ဆံမရဘဲနဲ့ ဆေးရုံလိုက်ပို့ရတာ။
မြကြီး ဘယ်မြောင်း ဘယ်အုတ်ခုံမှာ
အိပ်ပျော်နေလဲ မသိတဲ့ အခြေအနေလေ။

အေးဘုံက ဆေးရုံမှာပဲ သားလေး မွေး
ပြီး မီးတွင်းထဲမှာပဲ ဆုံးသွားတယ်။
ကိုယ်ဝန်အရင့်အမာကြီးနဲ့ လုပ်ခဲ့ရတဲ့
အလုပ်ကြမ်းတွေက သူ့ကို ဒုက္ခပေးသွား
လားတော့မသိဘူး။ အမူးမပြေသေးတဲ့
မြကြီး ဆေးရုံ ရောက်လာတော့ အေးဘုံ
က နောက်ဆုံး စကားလေး တခွန်းပဲ အသံ
ယဲ့ယဲ့လေးနဲ့ ပြောနိုင်ရှာတယ်။ သားလေး
ကို စောင့်ရှောက်ပါ ကိုမြကြီးရယ်တဲ့.။
သူ့ဘဝမှာ အားကိုးစရာ ဆိုလို့ ရှင်ပဲရှိ
တော့ တာပါတဲ့။

မြကြီး တုန်လှုပ်သွားတယ်။
ချက်ခြင်း အမူးပြေသွားတယ်။

အနှီးထုတ်ထဲက မျက်လုံးတောင် မပွင့်
သေးတဲ့ ကလေးနီတာရဲ သေးသေးလေး
က လူတယောက် ဘဝကို တကယ်
ပြောင်းလဲ ပြစ်ခဲ့ပါတယ်။

အဲဒီအချိန်က စပြီး မြကြီး အရက်လုံးဝ
မသောက်တော့ဘူး။ မိုးမလင်းခင်
ကတည်းက ကလေးလေးကို အနှီးလေးနဲ့
ထုတ်ပြီး ခေါ်လာတယ်။ ဈေးမှာ ထမ်း
စရာ ရှိတာ လိုက်ထမ်းတယ်။ ခိုင်းသမျှ
တလေးတစားနဲ့ အကုန်လုပ်တယ်။
ဆိုက္ကားဂိတ်က ဆိုက္ကားသမားတွေက
တော့ ဝဋ်ကြွေးပေါ့။ ကလေးကို အလှည့်
ကျချီပေးရတယ်။ ဆိုက္ကားနင်းတဲ့
ကိုဇော်ကြီး မိန်းမက နို့တိုက် ကလေး
လည်း ရှိနေတော့ ဒီကလေးကို
နို့ပါတိုက်ပေးရတယ်။

ဆိုက္ကားဂိတ်က လူတွေ စုပြီး
သူ့သားလေးကို ဘုံကြီး လို့ နာမည်ပေး
ထားကြတယ်ဗျ။ အေးဘုံနဲ့ မြကြီး
သားမို့လို့ အဲဒီလို ပေးတာမဟုတ်ဘူး။
အကုန်လုံးက မဆီမဆိုင် ဘုံ တာဝန်ယူပြီး
ဝိုင်းစောင့်ရှောက်နေရလို့ အရွဲ့တိုက်ပြီး
ချစ်စနိုးနဲ့ ပေးထားတာ။

ဆိုက္ကားသမားတွေ ပိုက်ဆံစုပြီး
နို့မှုန့်ဘူးတွေ ဝယ်ပေးကြတယ်။
အနှီးတွေ ဝယ်ပေးကြတယ်။
.................................

အဲဒါကြောင့် မြကြီး ပေါ်တာဆွဲခံလိုက်
ရတယ် ဆိုတဲ့ သတင်း ကြားကြားချင်း
အားလုံး တုန်လှုပ်သွားကြတာ။

ကျွန်တော် မြကြီးအိမ်ရောက်တော့
ဆိုက္ကားနင်းတဲ့ ကိုဇော်ကြီးက ဘုံကြီးကို
ပေါင်ပေါ်တင်ထားပြီး မုန့်ဝယ်ကျွေး
ထားတယ်။ ကျွန်တော်တို့ မျက်စမျက်နနဲ့
ငါတို့ ဘယ်လို ဆက်လုပ်ကြမလဲ လို့
အသံတိတ်မေးတယ်။မြကြီး ပေါ်တာ
ပါသွားတာ ဘုံကြီး မသိသေးဘူးလေ။

အဲဒီအချိန်ကစပြီး ဘုံကြီးက သူ့အဖေ
အလုပ်က ပြန်လာတာကို စောင့်မယ်ဆို
ပြီး ဘယ်သူကမှ အဲဒီ အိမ်က ခေါ်လို့မရ
ဘူး။ ဆိုက္ကားဂိတ်က လူတွေ အလှည့်ကျ
သူနဲ့ အတူသွားအိပ်ပေးကြတယ်။ ထမင်း
တော့ အလှည့်ကျ ပို့ပေးကြတာပေါ့။

ကလေးက ဖအေကို အချိန်တိုင်းမေးပြီး
ထမင်းမစား၊ မအိပ်တာ ကြာတော့ နေမ
ကောင်း စဖြစ်လာတယ်။ အိပ်ရာထဲပါ
လဲရော။ အားလုံး နည်းမျိုးစုံ ကြိုးစား
ကြပေမယ့် မြကြီးကို အဆက်အသွယ်
မရကြပါဘူး။

ကလေးက ဒီအတိုင်းသွားမယ်ဆိုရင်
စိုးရိမ်ရတယ်ပေါ့ဗျာ။ ကလေးက
ကျွန်တော်ကိုမြင်တော့ ကျွန်တော့်
လက်လေးကို ကိုင်ပြီး မေးရှာတယ်။
ဦးကျော် သားအဖေကြီး ပြန်လာတော့မှာ
လားဟင်တဲ့။ အစားလည်း မစား အိပ်
လည်း မအိပ်တဲ့ ဘုံကြီးက လမ်းတောင်
မလျောက်နိုင်တော့ဘဲ အိပ်ရာထဲမှာ
လဲနေတဲ့ အဆင့်ရောက်သွားရှာပါပြီ။

နောက် သုံးပတ်လောက်နေတော့ မြကြီး
ဆီ က အဆက်အသွယ်ရတယ်။ သူ
အတင်းအကြပ် စစ်သားစုဆောင်းခံ
ထားရတာတဲ့။ သင်တန်းဆရာကို
သတ်ပြီး အခုထွက်ပြေးနေတာတဲ့။
အခု (--) ကို ရောက်နေတယ်တဲ့။
ကလေးကို သတိရလွန်းလို့ လုပ်မိလုပ်ရာ
လုပ်ပြီး ထွက်ပြေးလာတာတဲ့။
အခု PDF တွေဆီမှာတဲ့။ သားလေးကို
အရမ်းတွေ့ချင်နေပေမယ့် သူ့ကိုစစ်သား
တွေ အများကြီး လိုက်ရှာနေလို့ ပြန်လာ
လို့ မရဘူးတဲ့။

ချက်ခြင်းပဲ ဆိုက္ကားဂိတ်မှာ အကုန်စုပြီး
တိုင်ပင်ကြတယ်။ ဘုံကြီးကို မြကြီးဆီ
ရောက်အောင် ပို့ပေးဖို့ အားလုံး တညီတညွတ်
တည်း သဘောတူကြတယ်။ ပြဿနာက
လမ်းခရီး။ မြကြီး အခု ရောက်နေတဲ့
နေရာကို လိုင်းကားမရောက်ဘူး။
မိုင် 1000 လောက် အကွာအဝေး။
လိုင်းကားရောက်ရင်တောင် ဘုံကြီးက
အခု အိပ်ရာထဲမှာ အားပြတ်ပြီး လဲနေတာ
မို့ လိုင်းကား စီးနိုင်တဲ့ အခြေအနေ
မဟုတ်တော့ဘူး။

ဘာလုပ်ရမလဲ မသိဖြစ်နေတဲ့ အချိန်မှာ
ရွာဦးကျောင်း ဆရာတော်က သူ့ဒိုင်နာ
ကားကို ယူသုံးဖို့ လာပြောတယ်။ ဦးဇင်း
ရဲ့ ကပ္ပီယက မောင်းတတ်တယ်။ သူ့ကို
ခေါ် ၊ကားကို ဆီထည့်ပြီး မောင်းသွား
ကြ ဒကာကြီးတို့တဲ့။ ဘုံကြီးနဲ့ သူ့အဖေ
ပြန်ဆုံလို့ရရင် ကျေနပ်ပါတယ်တဲ့။

ကားနဲ့ ဒရိုင်ဘာရတော့
ဆီဖိုးလိုက်ရှာရတယ်။

ကိုဇော်ကြီး မိန်းမက ပိုက်ဆံ 55000
လာပေးတယ်။ ငါဖုန်းဝယ်ဖို့ တပတ်
5000နှုန်း စုထားတာတဲ့။ ဘုံကြီးလေး
သူ့အဖေနဲ့ ပြန်တွေ့မယ်ဆိုရင် ငါဖုန်းမ
ကိုင်ဖူးလည်း ကျေနပ်တယ်အေတဲ့။
ဒါကို ဆီဖိုးသုံးလိုက်တဲ့။ ကျန်တဲ့ ဆိုက္ကား
သမားတွေလည်း စုထားကြတဲ့ ပိုက်ဆံ
အသီးသီး ထုတ်ပေးကြတယ်။ ကားဆီဖိုး
ပေါ့။ ကျွန်တော်လည်း အရက်ဆိုင်ကို
ပေးရမယ့် အကြွေး 25000 ကို ဆီဖိုးထဲ
ပဲ စိုက်ပေးလိုက်တယ်။

သတိလစ်ပြီး မျော့မျော့လေးပဲ
ကျန်တော့တဲ့ ဘုံကြီးကို ပွေ့ချီလာပြီး
ကားပေါ်တင်တယ်။ ကားစထွက်တော့
အကုန်လုံး ဘုံကြီးကို နှုတ်ဆက်ကြ
တယ်။ ကိုဇော်ကြီး မိန်းမကတော့
တရှုံ့ရှုံ့ငိုလို့ပေါ့။ သူနို့တိုက်ပြီး မွေးခဲ့
ရတဲ့ ကလေးလေး မဟုတ်လား။

မြကြီးရောက်နေတဲ့ နေရာက ဖုန်းလိုင်း
မမိ၊ အင်တာနက်မရှိ ဆိုတော့ ဖုန်းကြို
ဆက်ထားဖို့ မလွယ်ဘူးပေါ့။

နောက် 3 ရက်နေတော့ လိုက်ပို့ပေးတဲ့
ကားသမား ပြန်လာတယ်။ ဘုံကြီးနဲ့
သူ့အဖေ မြကြီး ကျစ်ကျစ်ပါအောင်
ဖက်ထားကြတဲ့ မြင်ကွင်းလေးကို ဗွီဒီယို
ရိုက်လာခဲ့တယ်။ ဖုန်းအပေါစား ကင်မရာ
ခပ်ညံ့ညံ့၊ အလင်းရောင် မှိန်ပျပျနဲ့
ရိုက်ထားတဲ့ အဲဒီမြင်ကွင်းလေးဟာ
ဆိုက္ကားဂိတ်က ယောက်ျားရင့်မာကြီး
တွေကို မျက်ရည်ကျစေခဲ့တယ်။

အဲဒီနေ့က အောင်ပွဲခံတဲ့ အရက်ဝိုင်းက
အရက်ဆိုင်မှာ မဟုတ်ဘူး။ အေးဘုံရဲ့
မြေပုံဘေးမှာ။ ငါတို့တွေ ဆင်းရဲပေမယ့်
နင့်သားလေးကို မေတ္တာတရားတွေ၊ ဖေးမ
ကူညီ မှုတွေ နဲ့ကြီးပြင်းလာစေခဲ့ပါတယ်
အေးဘုံရာလို့ ခွက်မြှောက်ပြီး ပြောဖြစ်ခဲ့
ကြတယ်။

Credit- ကျော်ကျော်

Happy Birthday ပါအကို မင်းမော်ကွန်းရယ်လို့ ပရိသတ်ရှေ့စရောက်ကတည်းက ချစ်ခဲ့ရတဲ့အကို အကို့ကို ချစ်တာ ကျောင်းမှာဆို တကျောင်း...
26/02/2025

Happy Birthday ပါအကို

မင်းမော်ကွန်းရယ်လို့
ပရိသတ်ရှေ့စရောက်ကတည်းက
ချစ်ခဲ့ရတဲ့အကို

အကို့ကို ချစ်တာ
ကျောင်းမှာဆို တကျောင်းလုံးသိ ,
ရုံးမှာဆို တရုံးလုံးသိ
သူငယ်ချင်းတွေလည်းသိ,
လုပ်ဖော်ကိုင်ဖက်တွေလည်းသိ,
စီနီယာတွေလည်းသိ
ဂျူနီယာတွေလည်းသိ ,
ချစ်သူလည်းသိ ,
အိမ်ထောင်ဘက်လည်းသိ,
ကိုယ်နဲ့ ဆက်စပ်သမျှ အားလုံးသိ..

ချစ်ခဲ့ရကျိုးနပ်တယ်အကို

မြန်မာအမျိုးသားကောင်း ပီသခဲ့တဲ့

အကို့ကို ရှေးကထက် ပိုချစ်ရပါတယ်

အကိုကလည်း ရှေးကထက် ပိုကျန်းမာ

အောင် နေပေးပါ .. မိဘကောင်းတွေဆီ

က ကောင်းမွေရပြီးသားအကိုက ဇနီး

ကောင်းနဲ့အတူ အရာရာပြည့်စုံမယ့်

ဘဝခရီးကို ချမ်းမြေ့စွာ လျှောက်လှမ်း

နိုင်ပါစေလို့ ...

feb 26. 2025

ကြည်နူးစွာ တိုက်ဆိုင်မှုတခုက

အကို့ကို ဘယ်လောက်ချစ်သလဲဆိုရင်

အကို့ မွေးနေ့မှာပဲ သမီးလေးကို

(ခွဲမွေးခြင်းမဟုတ်ပဲ) သဘာဝအတိုင်း

မွေးခဲ့တာပါပဲ ..

17/02/2025

အမျိုးတို့ရေ ..
ပိတ်ရက်လေးမှာ တွေးမိတာလေး
သတိထားမိစေဖို့ မျှဝေလိုက်ပါတယ်နော်

သင့်ခန္ဓာကလည်း အငှါးပဲနော်
သေတဲ့အခါ ထားခဲ့ရမှာပဲ

ပစ္စည်းဥစ္စာတွေကလည်း အငှါးပါပဲ
သေတဲ့အခါ မုချထားခဲ့ရမှာပါ

ရာထူးရာခံကဆို တဒင်္ဂအငှါးစစ်စစ်
သေတဲ့အခါတောင် ကြာဦးမယ် မစွမ်း
နိုင်ချိန် အနားယူရတာပဲ မဟုတ်လား..

သင်သေတဲ့အခါ ဘာကိုမှ
ယူမသွားနိုင်ပါဘူး..

သင်ဘာမှမယူသွားနိုင်ပဲ ဘာ့အတွက်​
လောဘ ဒေါသ မောဟ တွေနဲ့ နေထိုင်​နေပါသလဲ

အဲဒီ့အငှားတွေကို အသုံးချပြီး
ယူသွားလို့ရသလောက် ယူသွားဖို့
ကြိုးစားရမှာပါ..

ငှားထားတဲ့ခန္ဓာကြီးကို ဝိပဿနာ
အတွက် ခိုင်းပါ လှုနိုင်တန်းနိုင်ဖို့
ငွေရှာတဲ့နေရာခိုင်းပါ သူတပါး
အဆင်ပြေဖို့ လုပ်အားဒါနခိုင်းပါ..

ငှားထားတဲ့ပစ္စည်းတွေကို လိုအပ်သူ
တွေဆီ လှုပါ တန်းပါ ဝေမျှပါ ..

ငှားထားတဲ့ရာထူးဂုဏ်ရှိန်တွေကို
အသုံးချပြီး အများအကျိုးဆောင်ရွက်ပါ
ချီးမြှောက်သင့်သူကို ချီးမြှောက်ပါ..

အဲဒါဆို အဲဒီ့အငှားပစ္စည်းတွေကနေ
ကိုယ့်အတွက် အမြတ်ထွက်ခြင်းပါပဲ

တချို့မြင်နေရတယ် အမြတ်မထွက်တဲ့
အပြင် ဒီခန္ဓာကြီးအတွက်နဲ့ အကုသိုလ်
တွေ ဝယ်ယူသလို လွယ်လွယ်ယူနေကြတာ

ပစ္စည်းဥစ္စာ ချမ်းသာပြည့်စုံချင်လွန်း
အားကြီးပြီး တနေ့တနေ့ ငရဲသွား
လက်မှတ်ဘွတ်ကင်တင်နေကြသူတွေ..

ရာထူးရာခံ ကုလားထိုင်မြဲဖို့အတွက်
လူပေါ်လူကြောနေကြသူတွေ..
လူ့အသက်ပေါင်းများစွာကိုစတေးပြီး
မသူတော်ဇာတ်ခင်းနေသူတွေ..

ခေတ္တသာ အငှားရထားတဲ့ ဒီအရာတွေကို
တွယ်တာမက်မောရာကနေအကုသိုလ်တွေ
ထပ်ဆင့်ဖြစ်ပြီး အပါယ်လေးဘုံကနေ
လွတ်လမ်းမရှိအောင် ကျင်ကြံနေသူတွေ.

အဓိက က
သင်ဘယ်​နေရာကိုသွားချင်တာလဲ...

သံသရာက လွတ်မြောက်ရာ
မြတ်နိဗ္ဗာန်ကိုလား .. ?

ဆင်းရဲတွင်းနက်တဲ့ အပါယ်လေးဘုံ
ကိုလား ... ?

သင် အသက်ရှင်နေသေးတယ်ဆို
ရွေးချယ်လို့ရပါတယ်နော်...
ဆရာလုပ်ခြင်းမဟုတ်ပါ
တွေးမိတာလေး ဝေမျှခြင်းပါ

ဂျူလိုင်မိုး
၁၇.၂.၂၀၂၅

14/02/2025

ဒီအသိတွေကြောင့်ပဲ မနောကို
လေးစားချစ်ခင်နေရတာ ကျမနဲ့
မနောနဲ့ အယူအဆ အတော်များများ
တူညီတယ် ဒါပေမဲ့သူက ကိုယ့်ထက်
အရာရာပိုပြီးလုပ်နိုင်တယ်.. အခုလည်း
ပိုပြီးဆင်ခြင်မိလို့ ကျေးဇူးပါကိုမနော

ဒါန သီလ ဘာဝနာ မပါဘဲ ကျမရဲ့
တနေ့တာကို မကုန်ဆုံးစေဘူး..

ပုထုဇဉ်မို့ အမှားတချို့ရှိကောင်း
ရှိနိုင်တယ် .. အဲဒါကို အမှားမှန်းသိပြီး
ပြင်နိုင်ဖို့ ကြိုးစားရဦးမယ်..

ကျန်ရှိနေတဲ့ဘဝခရီးမှာ
ကိုယ့်ကြောင့် သူများအဆင်ပြေ
ကောင်းမွန်သွားတာပဲ ဖြစ်စေရမယ်
ကိုယ့်ကြောင့် သူများ ဒုက္ခရောက်
သွားတာဘယ်တော့မှ မဖြစ်စေရဘူး..
ဖြစ်လည်းမဖြစ်ခဲ့ဘူး ..

သတိ
သတိ
သတိ
ငါတို့မှာ အချိန်မရှိတော့ဘူး

ဟော ..
ငါ့မှာ ကိုယ်တပိုင်း မရှိတော့ဘူး😢

အားလုံးအတွက် မင်္ဂလာနှစ်သစ်၊ပျော်စရာနှစ်သစ် မဖြစ်သေးပါဘူး အလုပ်မှာ၊ လမ်းမှာ တွေ့သမျှသူတွေက Happy New Year လို့ လာနှုတ်ဆက...
01/01/2025

အားလုံးအတွက် မင်္ဂလာနှစ်သစ်၊
ပျော်စရာနှစ်သစ် မဖြစ်သေးပါဘူး

အလုပ်မှာ၊ လမ်းမှာ တွေ့သမျှ
သူတွေက Happy New Year လို့
လာနှုတ်ဆက်ကြတိုင်း
ဝတ်ကျေတန်းကျေ
Happy New Year လို့ပြန်
နှုတ်ဆက်နေရပေမယ့်
ကိုယ်တွေ တကယ် ပျော်နိုင်ခွင့်
မရသေးတာ ကိုယ်တွေ အသိဆုံးပါလေ

၇၀ ကျော် ၈၀ နီးပါး
အမယ်အိုကြီး မလွတ်မြောက်
သေးသ၍ နှလုံးသားရှိသူတိုင်း
ပျော်ရက် ကြမယ်မထင်ပါ ..

ပျော်ရက်ကြသူများကိုလည်း
ကိုယ့်စိတ်နဲ့ကိုယ်မို့အပြစ်မပြောလိုပါ ..

ကျမနဲ့ ကျမအမေကတော့
ထုံးစံအတိုင်း ပရိတ် ပဌာန်းရွတ်ရင်း၊
တရားတဖြတ်ထိုင်ရင်း နှစ်ကူးခဲ့ပါတယ်

အမေစု ကျန်းမာပါစေ 🙏
အမြန်ဆုံး လွတ်မြောက်ပါစေ 🙏

မြန်မာနိုင်ငံကြီး အမြန်ဆုံး
ငြိမ်းချမ်းရပါစေ 🙏

အိမ်ဝေးနေသူတွေ အမြန်ဆုံး
အိမ်ပြန်ခွင့်ရပါစေ လို့
လေးလေးနက်နက် ဆုတောင်း
ဖြစ်ခဲ့ပါတယ်...

တကယ် မင်္ဂလာရှိပြီး
တကယ် ပျော်ရွှင်ခွင့်ရမယ့်နှစ်သစ်ကို
အမြန်ဆုံးပိုင်ဆိုင်ပါရစေ 🙏

July Moe
01.01.2025

Address

No-24, 9th Floor ( Htun Condos ) , Ar Thaw Ka Street , Tamwe
Yangon
11211

Opening Hours

Monday 09:30 - 17:30
Tuesday 09:30 - 17:30
Wednesday 09:30 - 17:30
Thursday 09:30 - 17:30
Friday 09:30 - 17:30
Sunday 09:30 - 17:30

Alerts

Be the first to know and let us send you an email when July Moe posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to July Moe:

Share