26/09/2025
ဘဝအိပ်မက် ပန်းအိပ်မက်(မစန္ဒာ)
==========================
ယခင်အပတ်မှအဆက်
“ကျေးဇူးတင်ပါတယ် ဒေါ်ဒေါ်ရယ် တစ်ပတ်ဆယ်ရက်တော့ ဒေါ်ဒေါ်တို့သာ ကြည့်ရှုစောင့် ရှောက် ထားပါတော့နော်။ ကိုကောင်းထက်နဲ့ အဘထင် ကိုလည်းပြောပြီး အပ်ခဲ့ပါဦးမယ်။ နောက်ပြီး ဟိုဘက်ခန်းက အန်ကယ်ကြီးကိုရောပေါ့”
ထားခဲ့လျှင် အကောင်းဆုံးဟု ယူဆ၍သာ ထားခဲ့ရမည်ဖြစ်သော်လည်း ကလေးသုံးဦးကို တကယ်တမ်းထားခဲ့ရမည် ဆိုတော့လည်း ကိုရန်ဝေးက စိတ်မချချင်ပြန်ပေ၊ သို့သော်လည်း အကူအညီတောင်းစရာ ဆွေမျိုးရင်းချာလည်း အနီးအနားမှာ မရှိပေ။ အင်းစိန်တွင် ဘကြီးတစ်ယောက်ရှိပြီး ညီဝမ်းကွဲ တစ်ယောက်က ဒဂုံမြို့သစ်တွင်နေသည်။ အနီးဆုံးဟူ၍ ကြည့်မြင်တိုင်တွင် နှစ်ဝမ်းကွဲ အစ်မတစ်ယောက်ရှိသည်။ သို့သော် ပစိပစပ်များလှသည်ဆိုပြီး မခင်လှက ကြည့်၍မရချေ။
ကိုရန်ဝေး၏ စိတ်ထဲတွင် လေးတေးတေးကြီး ဖြစ်နေသည်။ မတတ်သာ၍ သွားရမည်သာဖြစ် သော သည်ခရီးကို ရှောင်လွှဲ၍မရမှန်း သိလျက်နှင့် အတွင်းစိတ်က ရှောင်လွှဲချင်နေသည်။ သည်အသက် အရွယ်အထိ အမေနှင့် တစ်ခါမျှ ခွဲ၍မအိပ်ဖူးဘူးသော ကဲကဲကိုသာ သနားနေသည်။ နေရာတကာတွင် အတတ်ဆန်းချင်၊ ဆော့ချင်လှသော ကိုတူးကိုလည်း စိတ်မချ။ နောက်ပြီး သူတို့သွားနေတုန်း ဖျားကြ၊ နာကြမှာကိုတော့ အစိုးရိမ်ဆုံးဖြစ်သည်။
“ကိုဦး သားကြီး၊ ငါ့သားကြီးကိုပဲ ဖေဖေ အားကိုး ရတော့မှာပဲ၊ ညီလေးနဲ့ ညီမလေးကို ဂရုစိုက် ဟုတ်လား”
“စိတ်ချပါ ဖေဖေ”
ကိုဦးက အသက်ကို တစ်ဝကြီးရှိုက်၍ ရှူလိုက်သည်။ သူ့ကို စူးစိုက်ကြည့်နေသော ဖခင်၏ မျက်လုံးများကို တည့်တည့်ရင်ဆိုင်ကာ ကြည့်ရင်း ပြုံးပြလိုက်သည်။ ထို့နောက် ခပ်တိုးတိုး ထပ်ပြော သည်။
“စိတ်ချပါ ဖေဖေ သားဂရုစိုက်ပါ့မယ်”
အိပ်မပျော်သော ညဟူသည်ကို ယခင်က ကိုဦး တစ်ခါတစ်ရံမျှ မကြုံဖူးဘူးခဲ့ပေ။ ဖေဖေသည် ကိုဦး၏ ရင်ထဲသို့ တာဝန်သိစိတ်နှင့်အတူ စိုးရိမ်ကြောင့်ကြ ပူပင်တတ်ခြင်းများကိုပါ တစ်ပါတည်း ထည့်ပေးခဲ့ဟန်တူသည်။ အခုတော့ ကိုဦးအကုန် လုံးအတွက် စိတ်ပူနေမိသည်။ အောက်ထပ်တွင် အန်တီမွှေးနှင့် အတူတူသွား၍အိပ်သော ကဲကဲတစ်ယောက် ကောင်းကောင်းအိပ်မပျော်နိုင်ဘဲ ဖြစ်နေရှာမည်ကို တွေးပြီး စိုးရိမ်သည်။ ထို့နောက် ကိုတူး၊ ကိုတူးက အသက်သာဆယ်နှစ်ရှိပြီ ဖြစ်သော်လည်း သေးမလွတ်သေး။ အဆင်မသင့်လျှင် အိပ်ရာထဲ သေးပေါက်ချတတ်သည်။ အခါတိုင်း မေမေက တစ်ရေးနိုးထလာပြီး ကိုတူးကိုအိမ်သာထဲ ဆွဲခေါ်သွားတတ်သည်။ အခုတော့ ထိုတာဝန်သည် သူ၏ တာဝန်လုံးလုံးဖြစ်ချေပြီမို့ ကိုဦးခမျာ သူ့ညီငယ် ကို ရှူးရှူးတည်ရန် စိတ်စောနေသည့်အတွက် အိပ်မပျော်နိုင်အောင် ဖြစ်နေသည်။
သူတို့ညီအစ်ကိုနှင့်အတူ လာအိပ်သော ဘဖိုးထင်ကို အိမ်ရှေ့ခန်းတွင် နေရာပေးပြီး၊ သူတို့က မေမေတို့ခုတင်ပေါ် တက်အိပ်နေရသည့် အတွက်လည်း ပိုပြီးစိုးရိမ်နေမိသည်။ တော်ကြာ သူအနိုး နောက်ကျလျှင် မေမေတို့၏ မွေ့ရာကြီးသည် ကိုတူး၏ ရှူးရှူးများနှင့် ရွှဲနစ်သွားနိုင်လေသည်။ ခုနတုန်းက ကိုတူးကို တစ်ခါနှိုးသေးသည်။
သို့သော် ကိုရွှေတူးက မထ “မပေါက်ချင်ဘူး မပေါက်ချင်ဘူး” ဟု အော်ကာ တရှူးရှူးနှင့်ပြန်၍ အိပ်ပျော်သွားလေသည်။
“ဆယ့်နှစ်နာရီ ထိုးရင်တော့ ရအောင်ကို နှိုးမယ်”
ကိုဦးက ဆုံးဖြတ်ရင်း ခြင်ထောင် အမိုးဖြူဖြူကိုစိုက်၍ ကြည့်နေသည်။ ခြင်ထောင်အမိုးက ပိတ်ကားလိုဖြစ်ပြီး သူ့ကိုယုံကြည်အားကိုးစွာ ကြည့်နေသော ဖေဖေ့ကိုလည်းကောင်း၊ “ကျွန်မ စိတ်ထဲလေးလိုက်တာ ဦးရန်ဝေးရယ်၊ အမေတစ်ခုခုများ ဖြစ်နေပြီလား" ဟုမေးရင်းက တအိအိငိုနေသော မေမေ့ကိုလည်းကောင်း မြင်ယောင်လာသည်။
အခု အချိန်လောက်ဆိုလျှင်လည်း ဘွားဘွားကြီး ဆုံးသွားကြောင်း မေမေသိသွားလောက်ပြီမို့ ဘယ်လောက်များ ငိုနေမလည်းတွေးပြီး ကိုဦး၏ ရင်ထဲတွင် ပန်းဟိုက်ဟိုက် ဖြစ်နေသည်။
“သူ့အမေသေသွားပြီဆိုတော့ မေမေ အရမ်းဝမ်းနည်းမှာပေါ့၊ အင်း ငါတို့လည်းတကယ် လို့များ ဖေဖေသေတယ်ဆို၊ မေမေ သေတယ်ဆိုရင် အမလေး…. ဘုရား… ဘုရား”
ကိုဦးသည် အိပ်ရာထဲမှ ဆတ်ခနဲထ၍ ထိုင်လိုက်မိသည်။ ဘုရားကို မတ, စဖူး တ,ရင်း ရင်တွေ တအားခုန်လာသည်၊ ထိုသို့ သာဆိုလျှင် သူဘာလုပ်ရမည်နည်း။ မိမိကိုယ်ကိုလည်းကောင်း၊ ညီလေးနှင့် ညီမလေးကိုလည်းကောင်း၊ သူမည်ကဲ့ သို့ တာဝန်ယူစောင့်ရှောက်ရမည်နည်း။
“ဖေဖေရော မေမေရော နေကောင်းပါတယ်၊ ဘာလို့ သေရမှာလဲ ဖွဖွ.. လွဲပါစေ ငါ ဘာတွေ တွေးနေမိတာလဲ”
ကိုဦးက သူ့ကိုယ်သူအပြစ်တင်ရင်း သမ္ဗုဒ္ဓေဂါထာကို ရွတ်သည်။ သမ္ဗုဒ္ဓေကို ကိုဦး အမြဲရွတ် သည်။ စိတ်ညစ်လျှင်သော်လည်းကောင်း၊ ကြောက် လျှင်သော်လည်းကောင်း၊ စိုးရိမ်ကြောင့်ကြ ဖြစ်မိလျှင်သော်လည်းကောင်း နောက်ဆုံးဆရာမ စာမေးခါနီးလျှင်ပင် ဖေဖေသင်ပေးထားသော ထိုသမ္ဗုဒ္ဓေဂါထာကို ရွတ်ဖတ်ဖြစ်သည်။ ငါးခေါက်လောက် ဆက်တိုက်ရွတ်ပြီးလျှင်ကား အတန် အသင့် စိတ်သက်သာရာ ရတတ်လေသည်။
အိမ်ရှေ့ခန်းတွင် ချိတ်ထားသော တိုင်ကပ် နာရီမှ တစ်၊ တောက်၊ တစ်၊ တောက်နှင့် အသံကို ကြားနေရသည်။ ကိုဦးသည် သမ္ဗုဒ္ဓေ ရွတ်လက်စကို ဆက်မရွတ်မိဘဲ စိတ်ထဲမှ တစ်...တောက်၊ တစ်...တောက်နှင့်လိုက်၍ ဆိုနေမိပြန်သည်။
အောက်ထပ်မှ ဘဘကြီး၏ ချောင်းဆိုးသံကိုကြားရသည်။ ထို့နောက် အိပ်ရာမှထပြီး ရေချိုး ခန်းတံခါးဖွင့်သံ၊ ချောင်းထပ်ဆိုးသံ။
“ဘဘကြီးက ချောင်းဆိုးပျောက်ဆေးလည်း သောက်ရဲ့လား မသိပါဘူး”
ကိုဦးက စိတ်မကောင်းစွာ တွေးမိသည်။ ချောင်းဆိုးပြီးတိုင်း မျက်စိမျက်နှာမကောင်းဘဲ မောနေတတ်သော်လည်း ဆေးသောက်ရန်ကိုကား ဘာဖြစ်လို့များ မေ့လျော့နေရလေသနည်းဟု အံ့သြနေမိသည်။ သူတို့ချောင်းဆိုးလျှင်ကား မေမေသည် လျက်ဆားကို ကွမ်းရွက်ကလေးနှင့် ထုတ်ကာ ပါးစောင်တွင် ငုံထားတတ်သည်။ ကွမ်းရွက်စိမ်းက အာငွေ့နှင့်နွေးကာ အစိုပြန်ပြီး လျက်ဆားနှင့်အတူ လည်ချောင်းထဲသို့ တစိမ့်စိမ့်ကျဆင်းသွားတတ်သည်။ ခဏနေလျှင် လည်ချောင်းယားနေခြင်းပျောက်ပြီး ချောင်းဆိုးလည်း သက်သာ သွားတတ်သည်။ ကဲကဲကတော့ လျက်ဆားကငန်သည်။ ကွမ်းရွက်ကစပ်သည်နှင့် ချေးများချင်သည်။ တစ်ခါတစ်ရံလည်း မေမေလစ်လျှင် လစ်သလို ထွေးထုတ်ပစ်တတ်သည်။ သည်တော့လည်း သူတစ်ခုခုဖြစ်လျှင် တော်တော်နှင့် မပျောက် တတ်ချေ။
“ချောင်းဆိုးရင် ပုစွန်တို့၊ ခရမ်းသီးတို့ မစားရဘူးတဲ့၊ အဲဒါတွေက လည်ချောင်းယားတယ်လို့ မေမေကပြောတယ်။ ဘဘကြီးကတော့ ပုစွန်ကြိုက်တယ်ထင်တယ်၊ ဒါကြောင့် ချောင်းဆိုးမပျောက် တာလားမသိ"
တစ်နေ့တုန်းက ထမင်းစားပွဲပေါ်တွင် စားမကုန်ဘဲ ကျန်နေသော ပုစွန်ထုပ်ဟင်းကို မြင်ယောင်ရင်း ကိုဦးကပုစွန်ထုပ်ကို တရားခံစွဲလိုက်မိသည်။
“မေမေက အန်တီမွှေးကို ဈေးဖိုးပေးသွားတယ်။ အန်တီမွှေးက နက်ဖြန်ကျရင် ဘာဟင်းစား မလဲတဲ့။ အင်း ဘဘကြီးစားတဲ့ ပုစွန်ထုပ်မျိုးကြီးသာ” ကိုဦးတွေးရင်းတောရင်း တံတွေးမျိုလိုက်မိသည်။
“ဒါပေမယ့် မဖြစ်ပါဘူး၊ ပုစွန်ထုပ်က သိပ်ဈေး ကြီးတာ၊ အန်တီမွှေးက ကောင်းမယ်ထင်တာ ဝယ်ပြီး ချက်ပေးပါလိမ့်မယ်လေ၊ ဖေဖေကပြောဖူးတယ် ဆာမှစားတဲ့ ဆာတဲ့အခါကျမှစားရင် ဘာဟင်းနဲ့ဖြစ်ဖြစ် သိပ်ပြီးစားလို့ကောင်းတာပဲတဲ့”
ကိုဦးက ဟိုတွေး သည်တွေးနှင့် မျက်တောင်တွေ တဖြည်းဖြည်း မှေးစင်းလာသည်။ ထို့နောက် မှေးခနဲ အိပ်ပျော်သွားသည်။ ထို့နောက် အိပ်မက် မက်သည်။ အိပ်မက်ထဲတွင် ကိုဦးသည် ငပလီ ကမ်းခြေသို့ ရောက်သွားသည်။ ထို့ပြင် ဘွားဘွားကြီး ကိုလည်း တွေ့ရသည်။ ဘွားဘွားကြီးက ပုန်းညက် ပင်ကြီးအောက်တွင် မေမေ၊ ဖေဖေတို့နှင့်အတူထိုင်ကာ စကားပြောနေသည်။ ကိုဦးတို့ကတော့ သောင်ပြင် တွင် ပြေးလွှားဆော့နေကြသည်။ ခရုတွေကောက်ကြသည်။ ကမ်းစပ်တွင်ငုံ့၍ ခရုကောက်နေစဉ် လှိုင်းလုံးကြီးတစ်လုံးက သူ့ဆီသို့ တလိမ့်လိမ့်ပြေးလာသည်။ ကိုဦးက နောက်ဘက်သို့ဆုတ်ကာ ပြေးသော်လည်း မလွတ် ရေလှိုင်းကသဲသောင်ပြင် ကို ဖြန်းခနဲရိုက်ကာ ရေစက်ရေမှုန်များ ဖွားခနဲ လွင့်သွားသည်။ ကိုဦး၏အင်္ကျီတွင်လည်း ရေများရွှဲကုန်သည်။ ထိုအချိန်တွင် အိပ်မက်မှ ကိုဦးလန့်နိုးလာလေသည်။
“သွားပါပြီဗျ”
ကိုဦးက အိပ်ရာမှ လူးလဲထလိုက်သည်။ သူ့အင်္ကျီတွင်လည်း တကယ့်ကို စိုရွှဲနေသည်။ ပင်လယ် ဆားငန်ရေတော့ မဟုတ်၊ ကိုတူးက သူ့လည်ပင်းကို ခွကာ ရှူးရှူးပန်းလိုက်ခြင်းကြောင့်ဖြစ်သည်။
“ဟေ့ကောင် ….ကိုတူး.... ထထ”
ပုဆိုးတခြား လူတခြားဖြစ်နေသော ကိုတူးကို နှစ်ချက်ဆင့် ထုပစ်သော်လည်း ကိုတူးက မနိုးချေ၊ အီးခနဲအော်ကာ တစ်ဖက်သို့ လှိမ့်ဝင်သွားပြီး ဆက် ၍အိပ်နေသည်။
“ကောင်းတယ် သေးပန်းတာက မင်း၊ စိုတာကတော့ ငါ၊ ဟင်း.... ခွေးကောင်”
ကိုဦးက အိပ်ရာထဲမှ မြန်မြန်ထွက်ကာ အင်္ကျီ လဲရသည်။ တစ်ခုတော့ တော်ပါသေးသည်၊ သူ့ကိုခွကာ ပန်းလိုက်ခြင်းဖြစ်၍ ချက်ချင်းနိုးသည်။ မွေ့ရာတွေတော့ ရွှဲစိုမသွားချေ။
ဆက်လက်ဖော်ပြပါမည်
ဒို့ကျေးရွာဂျာနယ် အတွဲ(၂၂) အမှတ် (၁၈)