10/08/2026
လက်နက်ကိုင်ဆောင်မှုတင်းကျပ်မည့် ထိုင်းတွင်ပစ်ခတ်မှုထပ်ဖြစ်၊ တစ်ဦးသေဆုံး
ထိုင်းနိုင်ငံအတွင်း လက်နက်ကိုင်ဆောင်မှုကို ထိန်းချုပ်မယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောဆိုအပြီး ရက်ပိုင်းအကြာ ဒီကနေ့ ဩဂုတ်လ ၁၀ ရက်နေ့ မနက်ပိုင်းမှာ ထိုင်းလွှတ်တော်အမတ်ဟောင်းတစ်ဦးက ဒေသန္တရ အစိုးရအရာရှိတစ်ဦးနဲ့ ယာဉ်မောင်းဖြစ်သူတို့ကို ပစ်ခတ်မှု ပေါ်ပေါက်ခဲ့ပါတယ်။
ပစ်ခတ်မှုဟာ ပြီးခဲ့တဲ့ သောကြာနေ့က စာသင်ကျောင်းတစ်ခုအတွင်း ပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့ ဘန်ကောက်မြို့ မြောက်ဘက်ရှိ နွန်သဘူရီခရိုင်က ခရိုင်အုပ်ချုပ်ရေးမှူးရုံးမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး သေနတ်နဲ့ ပစ်ခတ်သူဟာ လွှတ်တော်အမတ်ဟောင်း ချက်လောင် ရီယော်ရန် ဆိုသူ ဖြစ်ပါတယ်။ အခုအခါမှာတော့ နွန်သဘူရီ ခရိုင်ရဲတပ်ဖွဲ့က သူ့ကို ထိန်းသိမ်းထားပါတယ်။
ဒီပစ်ခတ်မှုကြောင့် နွန်သဘူရီ ခရိုင်အုပ်ချုပ်ရေးမှူးဟာ သေဆုံးသွားခဲ့တယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။ အခြားတစ်ဦးရဲ့ အခြေအနေကိုတော့ မသိရသေးပါဘူး။
ထိုင်းနိုင်ငံဟာ ဒေသတွင်း သေနတ်ကိုင်ဆောင်မှု အမြင့်မားဆုံး စာရင်းတွင် ပါဝင်တဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပြီးတော့ ပြည်သူ ခုနစ်ဦးမှာ သေနတ်တစ်လက်နှုန်းနီးပါး ရှိနေပြီး ပျံ့နှံ့နေသည့် သေနတ်အရေအတွက် ၁၀ သန်းခန့် ရှိမယ်လို့ ခန့်မှန်းရတဲ့အကြောင်း AFP သတင်းမှာ ဖော်ပြထားပါတယ်။