24/09/2025
ဆရာချစ်ဦးညို၏ အမှာစာ
နယ်ပယ်လောကတစ်ခုအကြောင်းကို ထိုနယ်ပယ်လောကသား တစ်ဦးက ပြန်ပြော(ရေးပြ) ပြသောအခါ အလွန်စိတ်ဝင်စားစရာဖြစ်လေ သည်။ ထိုနယ်ပယ်လောကသည် အနုပညာနယ်ပယ်လောကဖြစ်ရပ်က ကြားရသူ၊ မြင်ရသူအဖို့ ပို၍ စိတ်ဝင်စားစရာ ဖြစ်လေသည်။ ထပ်၍ အတွင်းနှိုက်ရဦးမည်ဆိုပါက အနုပညာနယ်ပယ်လောကသည် အပြင်လူ ပရိသတ် သိပ်မသိနိုင်သော လောကဖြစ်ပါက ပို၍ ပို၍ စိတ်ဝင်စားစရာ ဖြစ်လေသည်။
ထိုအနုပညာနယ်ပယ်လောကသားတစ်ဦးက သူတွေ့ကြုံရသမျှ၊ ခံစားရသမျှတို့ကို မကွယ်မထောင့် အဖြောင့်အမှန် ဖောက်သည်ချလိုက် သည်တွင် ထိုလောက၏ အတွင်းသရုပ်သဘောသဘာဝကို ထင်ထင်ရှားရှား သိသိသာသာကြီး မြင်တွေ့သိရှိလိုက်ရသည့်အခါ အံ့သြခြင်း၊ နှစ်သက်ခြင်း များ ဖြစ်ပေါ်လာရလေသည်။
ထိုအခါ ပြောပြသူ(ရေးပြသူ) ကြိုးစားအားထုတ်၍ ရသသဘော ပေါ်လာအောင် ခြယ်မှုန်းရေးဖွဲ့ရသည် မဟုတ်ပါဘဲ ပကတိအရှိအတိုင်း ဖော်ပြလိုက်ခြင်းကပင်လျှင် ဟာသ၊ သိင်္ဂါရ၊ ကရုဏာ၊ သန္တ၊ ရုဒ္ဓ၊ ဝိဘစ္ဆ၊ ဝီရ၊ အဗ္ဘုတ၊ ဘယာနက တည်းဟူသော ရသများက အလို အလျောက်ပင် ပြက်ပြက်ထင်ထင် ဖြစ်လာကြသည်။
ဤတွင် ရုပ်ရှင်၊ ဂီတ၊ စာပေ စသော အနုပညာနယ်ပယ်လောက များထက် ပို၍ ပြောစမှတ်ပြုရမည့် လောကတစ်ခု ရှိလေသည်။
သဘင်အနုပညာလောကပင် ဖြစ်ပါသည်။
***
သဘင်(အထူးသဖြင့် ဇာတ်သဘင်၊ အငြိမ့်သဘင်)လောကသည် အခြားသော လောကများနှင့်မတူ တစ်မူခြားနားလျက်ရှိသည်။ ယင်းကား ညကို နေ့ပြု၍ နေ့ကို ညပြုကာ ရှင်သန်လှုပ်ရှားရခြင်း ဖြစ်သည်။
ဆလိုက်၊ စပေါ့လိုက်၊ မီးအလင်းရောင်များနှင့်အတူ တောကား၊ တောင်ကား၊ ဖောက်ကား၊ နန်းကား၊ မြို့ရိုးကားများကို နောက်ခံပြုကာ ဆိုင်းတီးဝိုင်း၏ အပို့အထောက်ကို အမှီသဟဲပြုလျက် မိတ်ကပ်တွေလိမ်း၊ နှုတ်ခမ်းနီ ပါးနီတွေဆိုး၊ မျက်ခုံးမွေးခြယ်သ၊ ဘော်ကြယ်များ၊ ပိုးဖဲများအလယ် ဘယက်ဒွါဒရာတန်ဆာများကို တပ်ဆင်၊ နေ့စဉ်သုံး စကားမဟုတ်သော ဇာတ်စကားများကို ပြောကြဆိုကြ ကကြခုန်ကြ။ ထိုအနုပညာရှင်တို့သည် ဇာတ်ခုံအောက်မှနေ၍ ဖျာ၊ ကုလားထိုင်၊ မင်းစင် များတွင် နေရာယူကာ ငေးမောကြည့်ရှု နားဆင်နေကြသော ပွဲကြည့် ပရိသတ်ကို ဒိဋ္ဌဓမ္မ လောကမှ ကင်းကွာစေပြီး စိတ်ကူးလောကသို့ ခေါ်ဆောင်သွားသည်။
ညဉ့်ကာလကုန်ဆုံး၍ မနက် လင်းရောင်လေးပျို့လာပြီဆိုလျှင် ဇာတ်ပေါင်း(ဇာတ်သိမ်း)သည်။ ပွဲကြည့်ပရိသတ်များက နေ့ကာလသို့ ပုံမှန်ပြန်ရောက်သွားကြသည်။ တစ်ညလုံးလုံး သီဆိုတီးမှုတ် ကခုန်ခဲ့ကြသော သဘင်ပညာရှင်များအဖို့ နေ့ကို ညပြုလျက် အိပ်စက်နားနေကြတော့မည်။
သူတကာတွေ အိပ်စက်ချိန် သူတို့နိုးထ လှုပ်ရှား။ သူတို့က အိပ်စက်နားနေ သူတကာတွေက နိုးထလှုပ်ရှား။ ပွဲကသူနှင့် ပွဲကြည့်သူတို့ ၏ နေနှင့်လ၊ နေ့နှင့်ည ဤကဲ့သို့ ပြောင်းပြန်အချိန်းကျဖြစ်နေသော ပွဲကြည့် သူနှင့် ပွဲကသူတို့အကြားတွင် အိပ်မက်ဆန်သော တံတားတစ်စင်း ရှိလေ သည်။ ထိုတံတားကား ပွဲကသူတို့၏ ပွဲကချိန် မဟုတ်သော ကာလတွင် သူတို့ အဘယ်သို့ ရှင်သန်လှုပ်ရှားကြသနည်း။
ဇာတ်ခုံနောက်က ဇာတ်ရုံထဲက ဇာတ်သမား၊ သဘင်သမားတို့၏ ဘဝကြေးမုံ ဇာတ်လမ်းစုံကား အဘယ်သို့ ရှိလေသနည်း။ ပွဲကြည့်ပရိသတ် က သိချင်ကြသည်၊ မေးလိုကြသည်၊ စိတ်ဝင်စားကြသည်။ ထိုအကြောင်း များကို မည်သည့် နေရာမှ မည်သူက ပြောပြမည်နည်း။
အပြင်လူ မဟုတ်သော ကာယကံရှင် ဇာတ်သဘင်ပညာရှင်က ပြောပြသည်သာလျှင် အချက်အလက်အပြည့်စုံဆုံး အမှန်အကန်ဆုံး သဘင် လောကသရုပ်မှန်ကို အမြင်အပ်ဆုံး ဖြစ်လေသည်။
ယခု ဆေးတန်သား ပြုစုရေးလေသော ဤစာတွင် ' ကြုံရ ဆုံရ သဘင်သည်ဘဝ' က သိလိုသူများကို သဘင်သမားတို့၏ ဒိဋ္ဌဓမ္မလောက ဆီသို့ ခေါ်ဆောင်သွားပါလိမ့်မည်။ စာရေးသူသည် တစ်ဆင့်ကြား တစ်ဆင့်သိ မဟုတ်ဘဲ ကိုယ်တိုင် ကြုံရဆုံရသော လောကထဲမှ အဖြစ်သနစ် အခင်းအကျင်းများကို ပြောပြပါလိမ့်မည်။
***
ဖတ်ခဲ့ဖူးသမျှ အနုပညာလောက နောက်ခံဖြစ်ရပ်မှန်စာအုပ်များထဲ တွင် စိန်တင်ဟန်၏ ဆိုင်းလောကနောက်ခံ 'ဘိသိက်ပြိုင်' ဖော်ပြချက် များ၊ လူရွှင်တော်မန္တလေးချစ်စရာ၏စာအုပ်၊ လူရွှင်တော် ချစ်စရာ၊ ထင်ပေါ် တို့၏ အငြိမ့်လောက နောက်ခံဖြစ်ရပ်မှန်များသည် လောကသားတို့ ကိုယ်တိုင်က ရေးပြခြင်းဖြစ်သဖြင့် ထင်ရှားပေါ်လွင်လှပါသည်။ (ရုပ်ရှင်၊ ဂီတ၊ ပြဇာတ်လောကတွင် ဗိုလ်ကလေးတင့်အောင်၊ စန္ဒရားလှထွဋ်၊ စစ်ကိုင်းလှရွှေ၊ စောင်းဦးဘသန်း၊ ရွှေဒုံးဘီအောင်တို့၏ ရေးသားဖော်ပြမှု များသည်လည်း ထင်ရှားသော သာဓကများ ဖြစ်သည်။)
အတွေ့အကြုံကို သင်၍ မရ ဆိုသော်လည်း အရင်းအနှီးကား ကြီးလှပါသည်။ ကိုယ်တိုင်ကိုယ်ကျ တွေ့ကြုံခဲ့သူက ပြန်ပြောသောအခါ များမှာ နားထောင်ရသူ (ဖတ်ရသူ)အဖို့ ဆရာဦးအောင်သင်းစကားကို ငှားသုံးရပါလျှင် အရေပြားပေါ်မှာ အယားပြေမျှသာ ဖြစ်သော်လည်း ကာယကံရှင်များအဖို့ကား အသည်းနှလုံးမှာ ကျွဲပခုံးထခဲ့ရသည်သာ ဖြစ်သည်။
***
ကြုံရဆုံရသဘင်သည်ဘဝကို စာချစ်သူမိတ်ဆွေ ဖတ်တော့မည် ဖြစ်ပါသည်။ ချစ်၊ ရွှင်၊ သနား စသော ရသများကို ထိတွေ့ရတော့မည် ဖြစ်သည်။ ဤခံစားမှုများမှတစ်ဆင့် စာဖတ်သူ၏ ဟဒယနှလုံး၌ 'စာနာခြင်း' တည်းဟူသော ဝေဒနာတစ်မျိုး ကိန်းအောင်းပေါ်ပေါက်လာ လိမ့်မည်ဟု ယူဆပါသည်။
ဤအမှာစာကို နိဂုံးချုပ်ပြီး အမှာရေးသူ၏ အတ္တနောမတိတစ်ခု ကို ပြောပြချင်ပါသေးသည်။ အခြားမဟုတ်ပါ။
' ဖန်ချိုလေးတစ်ခွက်' အမည်ပေးထားသော ဆောင်းပါးနှင့် ပတ်သက်ပါသည်။ ဇာတ်သဘင် နောက်ခံဝတ္ထုရေး
သူ(ကျွန်တော်မှအပ)ကသာ ဖန်ချိုလေးတစ်ခွက်ကို ဝတ္ထု ရေးမည်ဆိုလျှင် လွန်စွာ ဆွတ်ပျံ့ဖွယ်ဝတ္ထုကောင်းတစ်ပုဒ် ဖြစ်လာ မည်ဟု ကျွန်တော် ယုံကြည်ပါကြောင်း။
#ချစ်ဦးညို
#ဆေးတန်သား(မန္တလေး)
#ကြုံရဆုံရသဘင်သည်ဘဝ
#အမြွှာညီနောင်စာပေ
#၉၀၀၀ကျပ်
#စာ၁၅၀
#စက္ကူဖြူချော