21/10/2020
လွှတ်ချဖို့ ဝန်မလေးပါနဲ့
(၁)
တစ်ချို့အတိတ်တွေက လူတွေကို သေစေနိုင်တယ်ဆိုတာကို တစ်ချို့လူတွေက မသိကြဘူး။ အများအားဖြင့် အစွဲအလမ်း ကြီးလွန်းသွားတဲ့ သူတွေကို၊ ဆုပ်ကိုင်ထားတာ များလွန်းသွားတဲ့ သူတွေကို တစ်ချို့အတိတ်တွေက ပိုပြီးတော့ သေအောင်သတ်ချင်ကြတယ်။ စိတ်စိတ်မွှာမွှာ ဖြစ်သွားအောင် စုတ်ဖြဲချင်ကြတယ်။ ဒီသဘောကို သိနေပေမယ့် တစ်ချို့လူတွေအတွက် သူတို့ရဲ့ အစွဲအလမ်း ကြီးမားမှုတွေ၊ ဆုပ်ကိုင်ထားလွန်းမှုတွေကို ဖြေလျော့ဖို့ တော်တော်ခက်ခဲကြတယ်။
တအားကြီး တွယ်ကပ်မနေပါနဲ့။ လွှတ်ချပစ်ပါ။ ဆုပ်ကိုင်ထားလွန်းတာဟာ လူကို တကယ် ပင်ပန်းစေပါတယ်။ ဖက်တွယ်ထားတာများလွန်းရင် ခြေကုန်လက်ပန်းကျတဲ့တစ်နေ့ အကျနာတတ်ပါတယ်။ လူဆိုတာ သူ့ခံနိုင်ရည်က အတိုင်းအတာ တစ်ခုအထိပဲ ရှိပါတယ်။ အများကြီး ထမ်းပိုးထားလို့ မရပါဘူး။ မနိုင်ဝန်ထမ်းထားရတဲ့ မြင်းလို ကြာလာတာနှင့်အမျှ ဝန်ရဲ့ဖိခြင်းခံရပြီး မြေပြင်မှာ ပြားပြားဝပ်ဆင်းရတတ်ပါတယ်။ ဒါ့ကြောင့် ဘယ်အရာကိုမှ အတင်းအကြပ်ကြီး၊ တအားကြီး ဖက်တွယ်မထားမိဖို့ လေ့ကျင့်ထားပါ။
ဖက်တွယ်ခြင်း၊ ဆုပ်ကိုင်ထားခြင်းဆိုတာကလည်း ကိုယ့်ကိုယ်ကိုရော၊ သူများကိုပါ မလွတ်လပ်အောင် ချည်နှောင်ထားခြင်းပါပဲ။ ကြိုးတစ်ချောင်းရဲ့ တင်းကြပ်စွာ တုပ်နှောင်ခြင်းခံရတဲ့ လည်ပင်း (လည်မျို)လို ချည်နှောင်ခံရတဲ့သူအတွက် အသက်ရှူရခက်ခဲပါတယ်။ ချည်နှောင်ထားမှ စိတ်ချရမယ်လို့တွေးနေသမျှ လှောင်အိမ်ထဲမှာထည့်ထားရတဲ့ ငှက်တစ်ကောင်လိုပဲ လှောင်အိမ်တံခါး ဖွင့်ပေးလိုက်တာနဲ့ ကိုယ့်ဆီကို ဘယ်တော့မှ ပြန်မလာတော့တဲ့နည်းလမ်းနဲ့ ဟိုးအဝေးကြီးကို ပျံသန်းထွက်ခွာသွားမှာပါ။ စိတ်ချရဖို့အတွက် ချည်နှောင်စရာမလိုအပ်ပါဘူး။ ဒ့ါကြောင့် ကိုယ့်ကိုယ်ကိုလည်း မချည်နှောင်ပါနဲ့။ သူများကိုလည်း ချည်နှောင်ဖို့ မစဉ်းစားနဲ့။
(၂)
မြတ်ဗုဒ္ဓ အမြဲတမ်း မိန့်ကြားထားတာ ရှိတယ်။ ချစ်မိသူဟာ အရှုံးပဲ၊ မုန်းတဲ့သူဟာ အရှုံးပဲတဲ့။ ဟုတ်တယ်။ တစ်စုံတစ်ခု၊ တစ်စုံတစ်ယောက်ကို ချည်နှောင်တာ၊ ချစ်တာ၊ မုန်းတာ၊ လွမ်းတာ၊ ဆွေးတာဟာ ဆုံးရှုံးမှုတွေချည်းပါ။ ကိုယ့်ရဲ့ပျော်ရွှင်မှုတွေ၊ လွတ်လပ်မှုတွေ၊ အေးချမ်းမှုတွေကို လက်လွှတ်ဆုံးရှုံးရတာပါ။ ဒါ့ကြောင့် ဝိသာခါသုတ်မှာ “ချစ်စရာ (၁၀၀)ရှိရင် (၁၀၀)လောက် ဆင်းရဲပင်ပန်းရတယ်။ ချစ်စရာ ကိုးဆယ်ရှိရင် ကိုးဆယ် ဆင်းရဲပင်ပန်းရတယ်။ ချစ်စရာတစ်ခု ရှိရင်တောင် တစ်ခုစာလောက် စိုးရိမ်ပူပန်ရတယ်”တဲ့။ ပိယဇာတိကသုတ်မှာလည်း “စိုးရိမ်ရခြင်း၊ ပူဆွေးရခြင်း၊ ငိုကြွေးရခြင်း၊ စိတ်ဆင်းရဲရခြင်း၊ ကိုယ်ဆင်းရဲရခြင်းတွေဟာ ချစ်ခြင်းလို့ခေါ်တဲ့ နှောင်ကြိုးရဲ့ တုပ်နှောင်ခြင်း ခံရတဲ့အတွက်ကြောင့်ဖြစ်ပါတယ်”တဲ့။
အချစ်နှောင်ကြိုးကသာ ဆုံးရှုံးမှုတွေ ပေးတာမဟုတ်ပါဘူး။ အမုန်းနှောင်ကြိုး ဆောင်ထားရင်လည်း ပူလောင်မှုလို့ခေါ်တဲ့ အရှုံးတွေကို တိုးပွားစေတာပါပဲ။ တစ်ချို့အငြှိုးအာဃာတကြီးလွန်းတဲ့သူတွေ၊ မနာလိုဝန်တိုမှုကြီးလွန်းတဲ့သူတွေမှာ အေးချမ်းမှုတွေ၊ ပျော်ရွှင်မှုတွေ ပျောက်ကွယ်နေတတ်ပါတယ်။ တစ်ချို့ဆို အမုန်းနှောင်ကြိုးကြောင့် အိပ်မနိုင် စားမဝင်လောက်အောင်အထိကို ဖြစ်တတ်ကြပါတယ်။ ဒါ့ကြောင့် မြတ်ဗုဒ္ဓက ဓမ္မပဒ (၂၂၁)မှာ “ပူလောင်မှု ဆင်းရဲဒုက္ခတွေကို မလိုချင်လျှင် ရန်ငြှိုးအာဃာတ ဝန်ထုပ်ဝန်ပိုးတွေကို လွှတ်ချလိုက်ပါ။ မောက်မောက်မာမာ ပြုမူပြောဆိုတတ်တဲ့ စိတ်နေစိတ်ထားကို ပြောင်းလဲလိုက်ပါ။ အသည်းအသန် ဖက်တွယ်ချည်နှောင်ထားတတ်တဲ့ သံယောဇဉ်တွေကို ဖြတ်တောက်ပစ်ပါ”တဲ့။
(၃)
လူတွေရဲ့ စိတ်နဲ့ ရုပ်ခန္ဓာက အပြန်အလှန်မှီတည်နေတာလို့ မြတ်ဗုဒ္ဓက ဖော်ထုတ်ခဲ့ပြီးသားပါ။ အတွေးအခေါ်ပညာရှင်တွေက “Interaction Theory”ဖြင့် စိတ်နှင့်ရုပ်တို့ရဲ့ အပြန်အလှန် ဆက်နွယ်မှု၊ အကျိုးပြုမှုကို ထောက်ခံထားပါတယ်။ စိတ်ကုသရေးသမားတွေ၊ စိတ်ပညာရှင်တွေ ကလည်းပဲ ဒီအယူအဆကို “Psychophysiology”နှင့် သက်သေပြထားပါတယ်။ သူတို့အလိုအရ စိတ်ဟာ ခန္ဓာကိုယ်ကြီးအပေါ်မှာ အတော်လွမ်းမိုးမှု ရှိပါတယ်။ တစ်ချို့ခန္ဓာကိုယ်မှာဖြစ်တဲ့ ရောဂါတွေဟာ စိတ်ကြောင့်ဖြစ်တာပါ။ စိတ်ထောင်းလို့ ကိုယ်ကြေသွားတာပါ။ ဒီလို စိတ်ဖိစီးလို့၊ ပူပင်သောကရောက်ရလို့စတဲ့ စိတ်ကြောင့်ဖြစ်တဲ့ ရောဂါတွေကို “Psychophysiologic Disorders or Psychosomatic Disorders”လို့ စိတ်ပညာရှင်တွေက ခေါ်ဝေါ်ပါတယ်။
စိတ်ထောင်းလို့ ကိုယ်ကြေဖြစ်သွားတဲ့ ဖြစ်ရပ်တွေ၊ ဇာတ်လမ်းတွေဟာ ဗုဒ္ဓစာပေတွေထဲမှာ မရေမတွက်နိုင်အောင်ကို တွေ့ရပါတယ်။ ဥပမာအားဖြင့် ပဋာစာရီတို့ ကိသာဂေါတမီတို့ ဖြစ်ရပ်တွေမှာ တစ်စုံတစ်ယောက်ကို ဆုံးရှုံးရလို့ မချိတင်ကဲဝေဒနာ စတင်ခံစားရာကနေ သွက်သွက်ခါအောင် ရူးသွမ်းသွားကြရတာပါပဲ။ အများသိကြတဲ့ ဒေဝဒတ်လောင်း ရွဲကုန်သည်လည်းပဲ မနာလိုမှု၊ ရလိုဇောကြီးမှုကြောင့် သွေးအန်ပြီးအသက်ဆုံးရှုံးသွားရလောက်အောင်ကို ဖြစ်တာပါ။ သူတို့တွေရဲ့ဖြစ်ရပ်တွေက တစ်စုံတစ်ခုကို၊ တစ်စုံယောက်ကို ဆုပ်ကိုင်ထားလွန်းအားကြီးလို့၊ ဖက်တွယ်ထားလွန်း အားကြီးလို့၊ ချည်နှောင်ထားလွန်းအားကြီးလို့ ဆိုတာ သိသာထင်ရှားနေပါတယ်။ ဒါ့ကြောင့် ချစ်ရင်လည်း တအားကြီး မစွဲလန်းနဲ့၊ မချည်နှောင်နဲ့။ မုန်းရင်လည်း တအားကြီး မစွဲလန်းနဲ့၊ မချည်နှောင်နဲ့။ အချစ်နဲ့ချည်နှောင်တာပဲဖြစ်ဖြစ် အမုန်းနဲ့ချည်နှောင်တာပဲဖြစ်ဖြစ် ချည်နှောင်တာ မှန်သမျှက အရမ်းနာကျင်ရပါတယ်။ ခံစားရပါတယ်။ ကြေကွဲရပါတယ်။
စိတ်ပျိုလို့ ကိုယ်နုသွားတဲ့ ဖြစ်ရပ်တွေလည်း အများကြီးရှိပါတယ်။ ကျန်းမာရေးရှုထောင့်ကကြည့်ရင် ပူပင်သောကမရှိတဲ့သူတွေ၊ နည်းတဲ့သူတွေဟာ အသားအရည်စိုပြေ ကြည်လင် ဝင်းလက်တောက်ပ ကြပါတယ်တဲ့။ ဒီလို စိတ်ပျိုလို့ ကိုယ်နုတာနှင့်ပတ်သက်ပြီးတော့ နတ်သားတစ်ပါးက မြတ်ဗုဒ္ဓကို မေးလျှောက်ဖူးပါတယ်။ “အရှင်ဘုရား.....တပည့်တော်တွေ့ရတဲ့ ရဟန်းတွေဟာ တောကြီးထဲမှာလည်း နေထိုင်ကြတယ်။ တစ်နေ့မှာ ဆွမ်းတစ်ထပ်တည်းကိုပဲ ဘုဥ်းပေးကြတယ်။ ပြင်းပြင်းထန်ထန်လည်း တရားအားထုတ်ကြတယ်။ ဒါတောင် သူတို့တွေရဲ့ အသားအရည်တွေက စိုပြေဝင်းပနေကြတာ ဘာ့ကြောင့်ပါလဲဘုရား”တဲ့။ အဲ့ဒီ့မှာ မြတ်ဗုဒ္ဓ ဖြေကြားထားတာလေးက မှတ်သားစရာပါ။ “သူတို့တွေက အတိတ်မှာ ဖြစ်ပျက်ခဲ့တာတွေကို ပြန်တွေးပြီး စိုးရိမ်နေတာ၊ ပူပင်နေတာတွေလည်း မရှိဘူး။ မရောက်လာသေးတဲ့ အနာဂတ်ကို ကြိုတွေးပြီးတော့လည်း မစိုးရိမ် မပူပင်ကြဘူး။ လက်ရှိ ပစ္စုပ္ပန်အခိုက်အတန်းလေးကိုပဲ အကောင်းဆုံးဖြစ်အောင် ကြိုးစားနေကြလို့ သူတို့တွေရဲ့ အသားအရည်တွေဟာ ကြည်လင်နေကြတာပါ”တဲ့။ (အရညသုတ်၊ သံ၊၁။နှာ- ၅)
(၄)
အထက်ပါစကားတွေကို အနှစ်ချုပ်ရလျှင် တစ်ချို့အတိတ်တွေက လူကို သေအောင်သတ်နိုင်ပါတယ်။ အထူးသဖြင့် အစွဲလန်းကြီးတဲ့၊ ဆုပ်ကိုင်လွန်းတဲ့၊ ချည်နှောင်လွန်းတဲ့၊ ဖက်တွယ်လွန်းတဲ့ သူတွေကို နားလံမထူနိုင်အောင် တစ်စစီစုတ်ဖြဲပစ်နိုင်ပါတယ်။ ဒါ့ကြောင့် ဘာကိုမှ အရမ်းကြီး မစွဲလန်းပါနဲ့။ မဆုပ်ကိုင်ပါနဲ့။ ချည်နှောင်မထားပါနဲ့။ ထမ်းမထားပါနဲ့။ ရွက်မထားပါနဲ့။ အရမ်းပင်ပန်းပါတယ်။ လွတ်လွတ်လပ်လပ် စွန့်လွှတ်လိုက်ပါ။ ဖြေလျော့ပစ်ပါ။ လွှတ်ချပစ်ပါ။ အတိတ်ကို အတိတ်မှာပဲ ထားခဲ့ပါ။ အတိတ်မှာဖြစ်ပျက်ခဲ့တဲ့အရာတွေကို ပြန်တွေးပြီး သောကရောက်မနေပါနဲ့။ အတိတ်က ကိုယ်မပိုင်ဆိုင်လိုက်ရတဲ့ အရာတစ်ခုခုကို တွေးပြီးတော့လည်း သောကရောက်မနေပါနဲ့။ ကိုယ်နဲ့ထိုက်တန်တဲ့အရာက ကိုယ့်ဆီကို ဧကန်မုချ ဆိုက်ရောက်လာအုံးမှာပါ။ အတိတ်က ကိုယ်ဖြစ်ချင်တာတွေ မဖြစ်ခဲ့ရလို့လည်း တွေးပြီး ဒေါသမပွားနေပါနဲ့။ ပူလောင်ပါတယ်။
တကယ်တော့ စိုးရိမ်ခြင်း၊ ပူပန်ခြင်းတွေဟာ စိတ်ရဲ့ စွမ်းအင် တော်တော်များများကို ကုန်ခမ်းစေပြီး၊ အနှေးနဲ့အမြန်ဆိုသလို စိတ်ရဲ့ အတွင်းပိုင်းကိုပါ ထိခိုက်ဒဏ်ရာ ရစေပါတယ်။ အဆိုးမြင်အတွေး တွေးပါများလာတဲ့လူမှာလည်း တဖြည်းဖြည်း ပျော်ရွှင်မှုတွေဆိတ်သုဉ်းပြီး စိတ်ဆင်းရဲတွေ ပိုများလာပါတယ်။ ဒါ့ကြောင့် ကိုယ့်ရဲ့ စိတ်ဥယျာဥ်ထဲကို အဆိုးမြင်အတွေးတွေကို အဝင်မခံပါနဲ့။ မကောင်းတဲ့ အတိတ်တွေအတွက် စိတ်တံခါးပိတ်ထားပါ။ စိတ်ကောင်းထားပါ။ အာဃာတတွေကို ဘေးဖယ်ထားပါ။ ပျော်ပျော်နေပါ။ ကောင်းကောင်းအိပ်ပါ။ ကျန်းကျန်းမာမာနေပါ။ သန့်သန့်ရှင်းရှင်းနေပါ။ မိသားစုကို ပျော်ရွှင်အောင်ထားပါ။ သူငယ်ချင်းတွေနဲ့ အချိန်တွေကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းပါ။ သူများကို ကူညီပါ။ မေတ္တာထားပါ။ ကမ္ဘာကြီးကို ချစ်ပါ။
ပျော်ရွှင်ချမ်းမြေ့ပါစေ။
အရှင်သိရီသုမင်္ဂလသာမိ
14/10/2020 (Wednesday)
Kandy, Sri Lanka