AMIA-Doh Farmer Digital TV

AMIA-Doh Farmer Digital TV AMIA is the first and most trusted agribusiness news media for farmers and traders in Myanmar. We also provide market price and information to public.

ရွှေဈေးကျပြီး နိုင်ငံခြားငွေလဲနှုန်း အနည်းငယ်လှုပ် (AMIA)အရှေ့အလယ်ပိုင်း စစ်ရေးပဋိပက္ခ၏ အကျိုးဆက်ကြောင့် စွမ်းအင်ဈေးနှုန...
26/07/2026

ရွှေဈေးကျပြီး နိုင်ငံခြားငွေလဲနှုန်း အနည်းငယ်လှုပ်

(AMIA)

အရှေ့အလယ်ပိုင်း စစ်ရေးပဋိပက္ခ၏ အကျိုးဆက်ကြောင့် စွမ်းအင်ဈေးနှုန်း မြင့်တက်ပြီး နိုင်ငံတကာ ရွှေဈေးနှင့်အတူ ပြည်တွင်းရွှေတန်ဖိုး ကျဆင်းလာသည်။

ကမ္ဘာ့ရေနံဈေး တစ်စည်လျှင် ဒေါ်လာ ၁၀၀ ဝန်းကျင်သို့ ရောက်ရှိလာသဖြင့် ငွေကြေးဖောင်းပွမှု အပေါ် စိုးရိမ်မှု တိုးလာခြင်းက အမေရိကန် ဗဟိုဘဏ် အတိုးနှုန်းများ မြှင့်တင်နိုင်သည်ဆိုသည့် သုံးသပ်မှုများ ထွက်ပေါ်လာပြီး ရွှေဈေးအပေါ် ဖိအားများ ဖြစ်ပေါ်လာစေသည်ဟု ရိုက်တာ (Reuters) သတင်းဌာနက ဖော်ပြထားသည်။

ထို့ကြောင့် ဇူလိုင် ၂၂ ရက်နေ့တွင် ရွှေတစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၄,၁၁၆ ဝန်းကျင်မှ ဇူလိုင် ၂၅ ရက်နေ့တွင် ဒေါ်လာ ၄,၀၅၂ ဝန်းကျင်သို့ ကျဆင်းလာသည်။ နိုင်ငံတကာဈေးကွက်တွင် ရွှေတန်ဖိုး ၂ ရာခိုင်နှုန်း နီးပါး ဈေးကျဆင်းလာခြင်းဖြစ်သည်။

နိုင်ငံတကာဈေးကွက်အပေါ် လိုက်ပါပြောင်းလဲ ဈေးဖွင့်နေသည့် ပြည်တွင်းရွှေဈေးက ပြင်ပဈေးကွက်တွင် အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ် ၁၁၀,၀၀၀ ဝန်းကျင် ဈေးကျသွားသည်။ ဇူလိုင် ၂၂ ရက် ပြင်ပဈေးကွက်တွင် အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ် ၉,၇၆၀,၀၀၀ ဝန်းကျင်မှ ကျပ် ၉,၆၅၀,၀၀၀ ဝန်းကျင်သို့ ဈေးပြောင်းလဲသွားသည်။

"ပြည်တွင်းရွှေဈေးက အပြောင်းအလဲ များတယ်။ ဒါပေမဲ့ ငွေဈေးက မာတော့ အကျထိန်းတဲ့ သဘောတွေလည်း တွေ့ရတယ်။ အထည်ဈေးဖွင့်ရတာတော့ ခက်တာပေါ့" ဟု ရွှေဆိုင်ပိုင်ရှင်တစ်ဦးက ပြောကြားသည်။

ပြီးခဲ့သည့် ရက်သတ္တပတ်တွင် ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းမှ သတ်မှတ်သည့် ဓာတ်သတ္တု (ရွှေ) ရည်ညွှန်းဈေးက တစ်ကျပ်သားလျှင် ကျပ် ၆၉ သိန်းမှ ကျပ် ၆,၉၅၀,၀၀၀ သို့ ဈေးပြောင်းလဲသွားသည်။

နိုင်ငံတကာဈေးကွက်တွင် ရွှေဈေးကျသော်လည်း အမေရိကန်ဒေါ်လာတန်ဖိုး ၀ ဒသမ ၃ ရာခိုင်နှုန်း တက်လာကြောင်း ရိုက်တာသတင်းတွင် ဖော်ပြထားသည်။ ထို့ကြောင့် ပြည်တွင်း ငွေကြေးဈေးကွက်တွင် အမေရိကန်ဒေါ်လာတန်ဖိုးက အနည်းငယ် လှုပ်ခါလာသည်။ ပြီးခဲ့သည့် ရက်သတ္တပတ် ပြင်ပငွေလဲနှုန်းက အမေရိကန် တစ်ဒေါ်လာလျှင် ကျပ် ၄,၄၆၀ မှ ကျပ် ၄,၄၈၀ ဝန်းကျင်သို့ ပြောင်းလဲသွားသည်။ တရုတ်ယွမ်ငွေက တစ်ယွမ်လျှင် ကျပ် ၆၆၂ မှ ကျပ် ၆၆၄ ဝန်းကျင်၊ ထိုင်းဘတ်ငွေက ၁၃၃ ကျပ်ဝန်းကျင် သတ်မှတ်သည်။ ဗဟိုဘဏ်၏ ဈေးကွက်ပေါက်ဈေး ငွေလဲနှုန်းက အမေရိကန် တစ်ဒေါ်လာလျှင် ကျပ် ၃,၆၅၈ သတ်မှတ်ထားသည်။

AMIA

"တစ်ပတ်အတွင်း သီးနှံဈေးကွက်သုံးသပ်ချက်"(၆-၇-၂၀၂၆ မှ ၁၀-၇-၂၀၂၆ အထိ)လယ်ယာပို့ကုန်များ ဈေးနှုန်းမြင့်တက်လာမတ်ပဲအိန္ဒိယဈေးကွ...
14/07/2026

"တစ်ပတ်အတွင်း သီးနှံဈေးကွက်သုံးသပ်ချက်"

(၆-၇-၂၀၂၆ မှ ၁၀-၇-၂၀၂၆ အထိ)

လယ်ယာပို့ကုန်များ ဈေးနှုန်းမြင့်တက်လာ

မတ်ပဲ

အိန္ဒိယဈေးကွက်သို့ အဓိကတင်ပို့နေသည့် မတ်ပဲသည် ယခုရက်သတ္တပတ်တွင် ပြည်တွင်းဈေးနှုန်း သိသိသာသာ မြင့်တက်လာသကဲ့သို့ ပြည်ပဈေးနှုန်းလည်း မာလာသည်။ ရက်သတ္တပတ်အတွင်း ရန်ကုန်ဈေးကွက်၌ မတ်ပဲတစ်တန်လျှင် အနည်းဆုံး ကျပ် ၇၅,၀၀၀ ကျော် ဈေးမြင့်တက်သွားသည်။

ယခုရက်သတ္တပတ် အိန္ဒိယဈေးကွက်တွင် မတ်ပဲဈေး အနည်းငယ် တက်လာသည်။ အိန္ဒိယဈေးကွက်၌ မြန်မာမတ်ပဲ CNF ဈေးနှုန်းမှာ ပဲတစ်တန်လျှင် အနည်းဆုံး ၂၅ ဒေါ်လာခန့် ဈေးမြင့်တက်သွားသည်။ မတ်ပဲ FAQ တစ်တန်လျှင် ဒေါ်လာ ၈၆၀ မှ ၈၈၅ သို့လည်းကောင်း၊ မတ်ပဲ SQ တစ်တန်လျှင် ဒေါ်လာ ၉ ၅၀ မှ ၉၇၀ သို့လည်းကောင်း ဈေးပြောင်းလဲသွားသည်။

အိန္ဒိယနိုင်ငံတွင် မုတ်သုံမိုးရရှိမှု အခြေအနေ၊ စိုက်ဧက လျော့နည်းသည်ဆိုသည့် သတင်းများကြောင့် ရေတိုကာလအတွင်း မတ်ပဲဈေးကောင်းလာနိုင်သည်ဟူသော သုံးသပ်ချက်များလည်း ရှိနေသည်။ ထိုအရှိန်၏ သက်ရောက်မှုကြောင့် မြန်မာနိုင်ငံတွင်လည်း မတ်ပဲပြည်တွင်း၊ ပြည်ပဈေးနှုန်းများ မြင့်တက်လာခြင်းဖြစ်သည်။

ယခုရက်သတ္တပတ် မြန်မာနိုင်ငံဈေးကွက်တွင် မတ်ပဲပြည်ပရောင်းချသည့် FOB ဈေးနှုန်းမှာ ပဲတစ်တန်လျှင် ၁၅ ဒေါ်လာခန့် ဈေးမြင့်တက်သည်။ မတ်ပဲ FAQ တစ်တန်၏ FOB ဈေးနှုန်းမှာ ဒေါ်လာ ၇၉၅ / ၈၀၅ မှ ဒေါ်လာ ၈၁၀ / ၈၂၀ သို့လည်းကောင်း၊ မတ်ပဲ SQ တစ်တန်လျှင် ဒေါ်လာ ၈၈၅ / ၈၉၅ မှ ဒေါ်လာ ၉၀၀ / ၉၁၀ သို့လည်းကောင်း ဈေးပြောင်းလဲသွားသည်။

မတ်ပဲပြည်တွင်းဈေးနှုန်းမှာ မတ်ပဲ FAQ တစ်တန်လျှင် ကျပ် ၃,၂၈၀,၀၀၀ မှ ကျပ် ၃,၃၅၆,၀၀၀ သို့လည်းကောင်း၊ မတ်ပဲ SQ တစ်တန်လျှင် ကျပ် ၃,၆၂၀,၀၀၀ မှ ကျပ် ၃,၇၀၆,၀၀၀ သို့လည်းကောင်း ဈေးပြောင်းလဲသွားသည်။

ပဲကြီး

ပြည်တွင်းစိုက်ပျိုးထုတ်လုပ်နိုင်မှု လျော့နည်းခဲ့သည့် ပဲကြီးသည် ပြည်တွင်း၊ ပြည်ပဈေးနှုန်းများ ဆက်လက်မြင့်တက်နေသည်။ နယ်ဈေးကွက်များတွင် ပစ္စည်းပြတ်လပ်သဖြင့် အခြားဈေးကွက်များမှ ပြန်လည်မှာယူရသည့် အခြေအနေမျိုး ရှိလာသည်။

ပြည်တွင်းပဲကြော်၊ ပဲလှော်လုပ်ငန်းများ၏ ဝယ်လိုအားရှိနေသည့် ပဲကြီးသည် ယခုရက်သတ္တပတ် ပြည်ပရောင်းချသည့် FOB ဈေးနှုန်းမှာ ပဲတစ်တန်လျှင် ဒေါ်လာ ၂၀ ခန့် ဈေးမြင့်သွားသည်။ ပဲကြီးတစ်တန်လျှင် ဒေါ်လာ ၁,၆၀၅ / ၁,၆၁၅ မှ ဒေါ်လာ ၁,၆၂၅ / ၁,၆၃၅ သို့ ဈေးပြောင်းလဲသွားသည်။

ရန်ကုန်ဈေးကွက်တွင် ပဲကြီးပြည်တွင်းဈေးနှုန်းမှာ ပဲကြီး (ကုန်း) ၂၀၂၆Crop တစ်ပိဿာလျှင် ကျပ် ၁၃,၀၄၀ / ၁၃,၂၂၀ မှ ကျပ် ၁၄,၀၈၅ / ၁၄,၂၆၅ သို့လည်းကောင်း၊ ပဲကြီး (ရွှေကျွန်း) တစ်ပိဿာလျှင် ကျပ် ၁၃,၀၅ / ၁၄,၁၄၀ မှ ကျပ် ၁၅,၀၄၀ / ၁၅,၄၃၀ သို့လည်းကောင်း ဈေးပြောင်းလဲသွားသည်။

ယခုရက်သတ္တပတ် မန္တလေးဈေးကွက်တွင် ပဲကြီးပြည်တွင်းဈေးနှုန်းမှာ ပဲကြီး (ကြီး) တစ်တန်လျှင် ကျပ် ၈,၆၄၀,၀၀၀ ကျော်၊ ပဲကြီး (လတ်) တစ်တန်လျှင် ကျပ် ၈,၃၁၀,၀၀၀ ကျော်၊ ပဲကြီး (သေး) တစ်တန်လျှင် ကျပ် ၇,၇၅၀,၀၀၀ ကျော် ဈေးဖွင့်ထားသည်။

နှမ်း

ဆီထွက်သီးနှံတစ်မျိုးဖြစ်သည့် နှမ်းသည် အမျိုးအစားအလိုက် ပြည်တွင်း၊ ပြည်ပဈေးနှုန်းများ အပြောင်းအလဲ ရှိနေသည်။

ရန်ကုန်ဈေးကွက်တွင် ပြည်ပဝယ်လိုအား မျှော်လင့်ချက်ဖြင့် နှမ်းအမျိုးအစားအချို့ ဈေးမာလာသည်။ ပြည်ပရောင်းချသည့် FOB ဈေးနှုန်းမှာ နှမ်းတစ်တန်လျှင် ဒေါ်လာ ၂၀ ခန့် ဈေးမြင့်တက်လာသည်။ နှမ်းဖြူ (ဂျပန်) တစ်တန်၏ FOB ဈေးနှုန်းမှာ ဒေါ်လာ ၁,၃၃၅ / ၁,၃၄၅ မှ ဒေါ်လာ ၁,၃၅၅ / ၁,၃၆၅ သို့လည်းကောင်း၊ နှမ်းညိုတစ်တန်လျှင် ဒေါ်လာ ၁,၂၉၀ / ၁,၃၀၀ မှ ဒေါ်လာ ၁,၃၁၀ / ၁,၃၂၀ သို့လည်းကောင်း ဈေးမြင့်သွားသည်။ သို့သော် နှမ်းနက် (စမုံ) မှာမူ တစ်တန်လျှင် ဒေါ်လာ ၂,၂၄၀ / ၂,၂၅၀ မှ ဒေါ်လာ ၂,၂၁၅ / ၂,၂၂၅ သို့ ဈေးကျဆင်းသွားသည်။

ပြည်တွင်းဈေးကွက်တွင် နှမ်းဈေးနှုန်းမှာ အမျိုးအစားအားလုံး ဈေးမြင့်တက်လာသည်။ မန္တလေးဈေးကွက်တွင် နှမ်းဖြူ (ဂျပန်) တစ်တန်လျှင် ကျပ် ၅,၁၀၀,၀၀၀ ကျော်မှ ကျပ် ၅,၂၃၀,၀၀၀ ကျော်သို့လည်းကောင်း၊ နှမ်းညို (သစ်) တစ်တန်လျှင် ကျပ် ၄,၉၆၀,၀၀၀ ကျော်မှ ကျပ် ၅,၁၀၀,၀၀၀ ကျော်သို့လည်းကောင်း၊ နှမ်းနက် (စမုံ) တစ်တန်လျှင် ကျပ် ၇,၆၈၀,၀၀၀ ကျော်မှ ကျပ် ၇,၈၂၀,၀၀၀ ကျော်သို့လည်းကောင်း ဈေးပြောင်းလဲသွားသည်။

ကြက်သွန်နီ

စားဖိုဆောင်သီးနှံဖြစ်သည့် ကြက်သွန်နီသည် ပြည်တွင်းဈေးသာမက ပြည်ပဈေးပါ မြင့်တက်နေသည်။ လက်ရှိတွင် ပြည်တွင်းကြက်သွန်လက်ကျန် လျော့နည်းပြီး ရန်ကုန်သို့ ကားအဝင်လျော့ကျနေသဖြင့် ကြက်သွန်နီဈေးနှုန်းမှာ ရက်သတ္တပတ်တစ်ခုပြီးတစ်ခု ဈေးမြင့်တက်လာနေသည်။

မြန်မာနိုင်ငံတွင် ကြက်သွန်နီကို မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးဟူသော တိုင်းဒေသကြီး သုံးခုတွင် အဓိကစိုက်ပျိုးသည်။ လက်ရှိတွင် မကွေးတိုင်းဒေသကြီး၌ ကြက်သွန်နီလက်ကျန် များစွာလျော့နည်းလာပြီး မန္တလေးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့တွင်သာ လက်ကျန်များ ကျန်ရှိတော့သည်။

ထို့ကြောင့် ရန်ကုန်ဈေးကွက်သို့ ကြက်သွန်အဝင်မှာ သိသိသာသာ လျော့နည်းနေသည်။ လက်ရှိ ရန်ကုန်ဈေးကွက်တွင် ကြက်သွန်နီ (ဆိတ်ဖြူ) ရှယ်တစ်ပိဿာလျှင် ကျပ် ၄,၃၀၀ မှ ၄,၈၀၀ သို့လည်းကောင်း၊ မုံရွာရှယ် တစ်ပိဿာလျှင် ကျပ် ၄,၄၀၀ မှ ၅,၀၀၀ သို့လည်းကောင်း ဈေးပြောင်းလဲသွားသည်။

ကြက်သွန်နီ ပြည်ပရောင်းချသည့် FOB ဈေးနှုန်းမှာလည်း ကြက်သွန် ၂၀၂၆ Crop တစ်တန်လျှင် ဒေါ်လာ ၅၇၅ / ၇၉၅ ဈေးဖွင့်ထားသည်။

AMIA

ဈေးကွက်သုံးသပ်ချက်(၂၂-၆-၂၀၂၆ မှ ၂၇-၆-၂၀၂၆ အထိ)အိန္ဒိယဈေးကွက်တွင် မြန်မာပို့ကုန်ပဲ ဈေးအားပျော့လာAMIAအိန္ဒိယနိုင်ငံ၏ မုတ်သ...
02/07/2026

ဈေးကွက်သုံးသပ်ချက်(၂၂-၆-၂၀၂၆ မှ ၂၇-၆-၂၀၂၆ အထိ)

အိန္ဒိယဈေးကွက်တွင် မြန်မာပို့ကုန်ပဲ ဈေးအားပျော့လာ

AMIA

အိန္ဒိယနိုင်ငံ၏ မုတ်သုံမိုးများက စိုက်ပျိုးရေးလုပ်ငန်းများအတွက် မျှော်လင့်ချက်ကောင်းများ ဖြစ်လာချိန်တွင် မြန်မာ့ပို့ကုန်ပဲများ ဈေးနှုန်းအားပျော့လာသည်။ သို့သော် အဆိုပါပဲများသည် ပြည်တွင်းဈေးကွက်တွင် ဈေးအနည်းငယ် ဆက်လက်မာနေသည်။ ထို့ပြင် ပြည်တွင်း၊ ပြည်ပဈေးကွက်တွင် ဆီထွက်သီးနှံများမှာ ဈေးနှုန်းအတက်ဘက်၌ ရှိနေသည်။

မတ်ပဲနှင့် ပဲစင်းငုံ ပြည်တွင်းဈေးအပြောင်းအလဲ

အိန္ဒိယပြည်တွင်းဈေးကွက်တွင် မြန်မာ့မတ်ပဲသည် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၁၀ မှ ဒေါ်လာ ၂၅ အကြား ဈေးကျဆင်းသွားသည်။ အိန္ဒိယဈေးကွက်တွင် မြန်မာမတ်ပဲ CNF ဈေးနှုန်းမှာ မတ်ပဲ FAQ တစ်တန်လျှင် ဒေါ်လာ ၈၆၀ မှ ဒေါ်လာ ၈၄၅၊ မတ်ပဲ SQ တစ်တန်လျှင် ဒေါ်လာ ၉၄၅ မှ ဒေါ်လာ ၉၃၅ သို့ ဈေးပြောင်းလဲသွားသည်။

ယခုရက်သတ္တပတ် မြန်မာနိုင်ငံဈေးကွက်တွင် မတ်ပဲ FOB ဈေးနှုန်းမှာမူ တစ်တန်လျှင် အနည်းဆုံး ၃၅ ဒေါ်လာခန့် ဈေးမြင့်တက်နေသည်။ ရန်ကုန်ဈေးကွက်တွင် မတ်ပဲပြည်ပရောင်းချသည့် FOB ဈေးနှုန်းမှာ မတ်ပဲ FAQ တစ်တန်လျှင် ဒေါ်လာ ၇၇၀ / ၇၈၀ မှ ဒေါ်လာ ၈၀၅ / ၈၁၅ သို့လည်းကောင်း၊ မတ်ပဲ SQ တစ်တန်လျှင် ဒေါ်လာ ၈၅၀ / ၈၆၀ မှ ဒေါ်လာ ၈၉၀ / ၉၀၀ သို့လည်းကောင်း ဈေးပြောင်းလဲသွားသည်။ ထိုနည်းတူ မတ်ပဲပြည်တွင်းဈေးနှုန်းမှာ မတ်ပဲ FAQ တစ်တန်လျှင် ကျပ် ၃,၂၂၂,၀၀၀ မှ ကျပ် ၃,၂၄၂,၀၀၀ သို့လည်းကောင်း၊ မတ်ပဲ SQ တစ်တန်လျှင် ကျပ် ၃,၅၅၂,၀၀၀ မှ ကျပ် ၃,၅၆၇,၀၀၀ သို့လည်းကောင်း ဈေးပြောင်းလဲသွားသည်။

ဇွန်လ တတိယရက်သတ္တပတ်မှ စတင်ပြီး အိန္ဒိယနိုင်ငံတွင်း ပဲစင်းငုံဈေးကျဆင်းလာသည်။ အိန္ဒိယအစိုးရထံတွင် အရန်ပဲစင်းငုံ လုံလောက်စွာ သိုလှောင်ထားချိန်၌ မိုးပုံမှန်ရွာသွန်းပါက ပဲစင်းငုံဈေးနှုန်း မြင့်တက်ရေးကို နှောင့်နှေးစေနိုင်သည်ဟူသော သုံးသပ်ချက်များလည်း ရှိနေသည်။

မြန်မာဈေးကွက်တွင် ပဲစင်းငုံ ပြည်ပရောင်းချသည့် FOB ဈေးနှုန်းမှာ ပဲစင်းငုံ (နီ) 2024-2025 Crop တစ်တန်လျှင် ဒေါ်လာ ၇၄၀ / ၇၅၀၊ ပဲစင်းငုံ (နီ) 2025-26 Crop တစ်တန်လျှင် ဒေါ်လာ ၇၀ / ၇၉၀ ဖြင့် ဈေးငြိမ်နေသည်။ ပြည်တွင်းပဲစင်းငုံဈေးနှုန်းမှာ ရန်ကုန်ဈေးကွက်တွင် ပဲစင်းငုံ (နီ) တစ်တန်လျှင် ကျပ် ၃,၁၄၀,၀၀၀ မှ ကျပ် ၃,၁၁၃,၀၀၀ သို့ ဈေးကျဆင်းသွားသည်။ မန္တလေးဈေးကွက်တွင် ပဲစင်းငုံ (နီ) သစ်တစ်တန်လျှင် ကျပ် ၂,၉၅၀,၀၀၀ ကျော်ဖြင့် ဈေးငြိမ်နေသည်။

ဈေးအပြောင်းအလဲမတူသည့် ကုလားပဲနှင့် ပဲပုပ်

ပြည်တွင်း၌ အဓိကစားသုံးပြီး ပြည်ပသို့ အမျိုးအစားအချို့သာ တင်ပို့နေသည့် ကုလားပဲသည် ယခုရက်သတ္တပတ်တွင် ပြည်တွင်းဈေးနှုန်း (မန္တလေးဈေးကွက်) ၌ ဈေးအနည်းငယ် လှုပ်ခတ်လာသည်။

ရန်ကုန်ဈေးကွက်တွင် ကုလားပဲသည် ပြည်တွင်းဈေးသာမက ပြည်ပဈေးပါ ငြိမ်သက်နေသည်။ ကုလားပဲဖြူလုံးကြီး (V2) FAQ အမျိုးအစား၏ FOB ဈေးနှုန်းမှာ တစ်တန်လျှင် ဒေါ်လာ ၆၆၀ / ၆၇၀ ဈေးဖွင့်ထားသည်။ ပြည်တွင်းဈေးကွက်တွင် ကုလားပဲဖြူလုံး တစ်ပိဿာလျှင် ကျပ် ၃,၈၆၀၊ ကုလားပဲဖြူလုံးကြီး တစ်ပိဿာလျှင် ကျပ် ၄,၁၂၀ / ၄,၃၀၀ ဈေးဖွင့်ထားသည်။

မန္တလေးဈေးကွက်တွင် ကုလားပဲ (ထိုင်ဝမ်) သစ်တစ်တန်လျှင် ကျပ် ၂,၂၀၀,၀၀၀ ကျော်မှ ကျပ် ၂,၂၈၆,၀၀၀ ကျော်သို့လည်းကောင်း၊ ကုလားပဲ (၉၂၉) သစ်တစ်တန်လျှင် ကျပ် ၂,၃၉၀,၀၀၀ ကျော်မှ ကျပ် ၂,၄၂၇,၀၀၀ ကျော်သို့လည်းကောင်း ဈေးပြောင်းလဲသွားသည်။ ကုလားပဲဖြူလုံးကြီး ဗွီတူး (V2) မှာလည်း တစ်တန်လျှင် ကျပ် ၂,၃၂၀,၀၀၀ ကျော်၊ ကုလားပဲဖြူလုံးကြီး ဗွီဆဲဗင်း (V7) တစ်တန်လျှင် ကျပ် ၂,၃၅၀,၀၀၀ ကျော်ဖြင့် ဈေးငြိမ်နေသည်။

ဆီထွက်သီးနှံတစ်မျိုးဖြစ်သည့် ပဲပုပ်သည် ရန်ကုန်တွင် ဈေးငြိမ်နေသော်လည်း မန္တလေးဈေးကွက်တွင် အမျိုးအစားအချို့ ဈေးနှုန်းအနည်းငယ် အပြောင်းအလဲ ရှိနေသည်။ ရန်ကုန်ဈေးကွက်တွင် ပဲပုပ် (မြစ်ဝကျွန်းပေါ်) ဆီတိုး တစ်ပိဿာလျှင် ကျပ် ၇,၄၁၅ / ၇,၅၀၀၊ ပဲပုပ် (မြစ်ဝကျွန်းပေါ်) ထွက်တိုး တစ်ပိဿာလျှင် ကျပ် ၇,၁၆၅ / ၇,၃၃၅ ဈေးဖွင့်ထားသည်။

မန္တလေးဈေးကွက်တွင် လုပ်ငန်းသမားများနှင့် ဆီစက်များမှ ဝယ်လိုအားကြောင့် ပဲပုပ်အမျိုးအစားအချို့ ဈေးနှုန်းအနည်းငယ် လှုပ်ခတ်လာသည်။ မန္တလေးဈေးကွက်တွင် ပဲပုပ် (ဗမာ) တစ်တန်လျှင် ကျပ် ၄,၅၄၀,၀၀၀ ကျော်ဖြင့် ဈေးငြိမ်နေပြီး ပဲပုပ် (ရှမ်း) တစ်တန်လျှင် ကျပ် ၄,၄၂၀,၀၀၀ ကျော်မှ ကျပ် ၄,၄၈၀,၀၀၀ ကျော်သို့ ဈေးပြောင်းလဲသွားသည်။

ဆီထွက်သီးနှံဈေးအပြောင်းအလဲ

ဆီထွက်သီးနှံမြေပဲသည် ပြည်ပဈေးနှုန်း မြင့်တက်လာသကဲ့သို့ ပြည်တွင်းဈေးကွက်တွင်လည်း အမျိုးအစားအချို့ ဈေးနှုန်းလှုပ်ခတ်နေသည်။ ယခုရက်သတ္တပတ် ရန်ကုန်ဈေးကွက်တွင် မြေပဲပြည်ပရောင်းချသည့် FOB ဈေးနှုန်းမှာ မြေပဲတစ်တန်လျှင် ဒေါ်လာ ၂၀ ခန့် ဈေးမြင့်တက်သွားသည်။ မြေပဲ (လုံးဆန်) တစ်တန်လျှင် ဒေါ်လာ ၁,၇၁၅ / ၁,၇၂၅ မှ ဒေါ်လာ ၁,၇၅ / ၁,၇၄၅ သို့ ဈေးပြောင်းလဲသွားသည်။

သို့သော် မန္တလေးဈေးကွက်တွင် မြေပဲပြည်တွင်းဈေးနှုန်းမှာ လက်ကျန်နည်းပါးသော်လည်း လုပ်ငန်းသမားများသာ အဝယ်ရှိခြင်းကြောင့် လုံးဆန်အမျိုးအစားအချို့ ဈေးနှုန်းအပြောင်းအလဲ ရှိနေသည်။ မြေပဲ (S1) လုံးဆန်တစ်တန်လျှင် ကျပ် ၇,၃၄၀,၀၀၀ ကျော်မှ ကျပ် ၇,၁၆၀,၀၀၀ ကျော်သို့ ဈေးကျဆင်းပြီး၊ အနီလုံးဆန်မှာ တစ်တန်လျှင် ကျပ် ၆,၈၅၀,၀၀၀ ကျော်မှ ကျပ် ၆,၉၂၀,၀၀၀ ကျော်သို့ ဈေးပြောင်းလဲသွားသည်။ (M) တွဲလုံးဆန် တစ်တန်လျှင် ကျပ် ၇,၁၀၀,၀၀၀ ကျော်ဖြင့် ဈေးငြိမ်နေသည်။ ဆီစက်သမားများ၏ အဝယ်သာရှိနေသော မြေပဲ S1) (ဆီဆန်) တစ်တန်လျှင် ကျပ် ၆,၈၅၀,၀၀၀ ကျော်နှင့် အနီ (ဆီဆန်) တစ်တန်လျှင် ကျပ် ၆,၄၉၀,၀၀၀ ကျော်ဖြင့် ဈေးငြိမ်နေသည်။

တရုတ်ဈေးကွက်မှ ဝယ်လိုအား ပျော့နေခြင်းကြောင့် ဆီထွက်သီးနှံဖြစ်သည့် နှမ်းသည် အမျိုးအစားအလိုက် ဈေးကျဆင်းလာသည်။ ရန်ကုန်ဈေးကွက်တွင် ပြည်ပသို့ရောင်းချသည့် နှမ်း FOB ဈေးနှုန်းမှာ နှမ်းနက် (စမုံ) တစ်မျိုးသာ ဈေးကျပြီး ကျန်နှမ်းအမျိုးအစားများ ဈေးငြိမ်နေသည်။ နှမ်းနက် (စမုံ) က တစ်တန်လျှင် ဒေါ်လာ ၄၀ ခန့် ဈေးကျသွားသည်။ နှမ်းနက် (စမုံ) FOB ဈေးနှုန်းမှာ တစ်တန်လျှင် ဒေါ်လာ ၂,၂၈၀ / ၂,၂၉၀ မှ ဒေါ်လာ ၂,၂၄၀ / ၂,၂၅၀ သို့ ဈေးပြောင်းလဲသွားသည်။ နှမ်းဖြူမှာ တစ်တန်လျှင် ဒေါ်လာ ၁,၃၃၅ / ၁,၃၄၅ နှင့် နှမ်းညိုတစ်တန်လျှင် ဒေါ်လာ ၁,၂၉၀ / ၁,၃၀၀ ဈေးဖွင့်ထားသည်။

မန္တလေးဈေးကွက်တွင် ပြည်တွင်းနှမ်းဈေးနှုန်းမှာ အမျိုးအစားအလိုက် ဈေးနှုန်းအတက်အကျ အပြောင်းအလဲများ ရှိနေသည်။ နှမ်းဖြူ (ဂျပန်) မှာ ပြည်တွင်းလုပ်ငန်းသုံးရန် အဝယ်နည်းခြင်းကြောင့် တစ်တန်လျှင် ကျပ် ၄,၉၆၀,၀၀၀ ကျော်မှ ကျပ် ၄,၈၉၀,၀၀၀ ကျော်သို့ ဈေးကျဆင်းသွားသည်။ ပြည်တွင်းဆီစက် ဝယ်လိုအားရှိနေသဖြင့် နှမ်းညို (သစ်) မှာ တစ်တန်လျှင် ကျပ် ၄,၆၂၀,၀၀၀ ကျော်မှ ကျပ် ၄,၇၆၀,၀၀၀ ကျော်သို့လည်းကောင်း၊ နှမ်းနက် (စမုံ) မှာ လုပ်ငန်းသမား အရောင်းအဝယ် အနည်းငယ်ရှိနေသဖြင့် တစ်တန်လျှင် ကျပ် ၈၁ သိန်းကျော်မှ ကျပ် ၈၃ သိန်းကျော်သို့လည်းကောင်း ဈေးပြောင်းလဲသွားသည်။



"တစ်ပတ်အတွင်း သီးနှံဈေးကွက်သုံးသပ်ချက်"(၈-၆-၂၀၂၆ မှ ၁၂-၆-၂၀၂၆ အထိ)ပြည်တွင်းစားသုံးမှုများသည့် လယ်ယာထွက်ကုန်အချို့ ဈေးမာလ...
18/06/2026

"တစ်ပတ်အတွင်း သီးနှံဈေးကွက်သုံးသပ်ချက်"

(၈-၆-၂၀၂၆ မှ ၁၂-၆-၂၀၂၆ အထိ)

ပြည်တွင်းစားသုံးမှုများသည့် လယ်ယာထွက်ကုန်အချို့ ဈေးမာလာ

မတ်ပဲ

ပြီးခဲ့သည့် ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံမှ မတ်ပဲတန်ချိန် ၈ သိန်းနီးပါး တင်သွင်းခဲ့သည့် အိန္ဒိယနိုင်ငံသည် လက်ရှိအချိန်တွင် မတ်ပဲဝယ်လိုအား ပျော့နေသည်။ နွေရာသီစိုက်ပျိုးသည့် မတ်ပဲများ ဈေးကွက်အတွင်း ဝင်ရောက်နေသည်ဟူသော သတင်းများက မြန်မာ့မတ်ပဲအပေါ် ဝယ်လိုအားကို ထိန်းချုပ်လာစေသည်။ ထို့ကြောင့် အိန္ဒိယနိုင်ငံအတွင်း မြန်မာ့မတ်ပဲဈေးနှုန်း တည်ငြိမ်နေသည်။

ယခုရက်သတ္တပတ် အိန္ဒိယဈေးကွက်တွင် မြန်မာမတ်ပဲ CNF (Cost and Freight) ဈေးနှုန်းမှာ မတ်ပဲ FAQ တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၈၀၅၊ မတ်ပဲ SQ တစ်တန်လျှင် ဒေါ်လာ ၈၈၅ ဖြင့် ဈေးဖွင့်ထားသည်။

မြန်မာနိုင်ငံဈေးကွက်တွင်လည်း မတ်ပဲဈေးနှုန်းသည် ပြည်ပသို့ ရောင်းချသည့် FOB ဈေးနှုန်း တည်ငြိမ်လုနီးပါး ဖြစ်နေပြီး ပြည်တွင်းဈေးမှာ အနည်းငယ် လှုပ်ခတ်မှု ရှိလာသည်။

မတ်ပဲပြည်ပရောင်းချသည့် FOB ဈေးနှုန်းမှာ မတ်ပဲ FAQ တစ်တန်လျှင် ဒေါ်လာ ၇၆၀ / ၇၇၀ ဈေးဖွင့်ထားပြီး မတ်ပဲ SQ တစ်တန်လျှင် ဒေါ်လာ ၈၄၅ / ၈၅၅ မှ ဒေါ်လာ ၈၄၀ / ၈၅၀ သို့ ဈေးနှုန်းအနည်းငယ် ပြောင်းလဲသွားသည်။

ပြည်တွင်းဈေးကွက်တွင် မတ်ပဲဈေးနှုန်းမှာ မတ်ပဲ FAQ တစ်တန်လျှင် ကျပ် ၃,၀၆၅,၀၀၀ မှ ကျပ် ၃,၀၅၃,၀၀၀ သို့ ဈေးကျပြီး ကျပ် ၃,၀၇၁,၀၀၀ သို့ ဈေးပြောင်းလဲသွားသည်။ ထို့အတူ မတ်ပဲ SQ ဈေးနှုန်းမှာလည်း ကျပ် ၃,၃၆၂,၀၀၀ မှ ကျပ် ၃,၃၄၈,၀၀၀ သို့ ဈေးကျဆင်းကာ ကျပ် ၃,၃၇၀,၀၀၀ သို့ ဈေးပြောင်းလဲသွားသည်။

ပဲစင်းငုံ

အယ်လ်နီညိုရာသီဥတုကြောင့် မုတ်သုံရာသီတွင် မိုးနည်းပါးမည်ကို စိုးရိမ်မှုများ ရှိနေချိန်၌ အိန္ဒိယအစိုးရက ပဲစင်းငုံကို လုံလောက်စွာ သိုလှောင်ထားသည်ဟူသော သတင်းများက မျက်မှောက်ပဲစင်းငုံဈေးကွက်အပေါ် သက်ရောက်မှုများ ရှိနေသည်။ ထို့ကြောင့် အိန္ဒိယဈေးကွက်တွင် မြန်မာ့ပဲစင်းငုံဈေးနှုန်းမှာ အကျဘက်သို့ ပြောင်းလဲနေသည်။

ယခုရက်သတ္တပတ် အိန္ဒိယဈေးကွက်တွင် မြန်မာ့ပဲစင်းငုံ CNF ဈေးနှုန်း၌ ပဲစင်းငုံအဟောင်းများ ဈေးကျဆင်းနေသည်။ အိန္ဒိယဈေးကွက်တွင် မြန်မာပဲစင်းငုံ 2025 Crop တစ်တန်လျှင် ဒေါ်လာ ၈၀၅ မှ ၈၀၀ သို့လည်းကောင်း၊ ပဲစင်းငုံ 2026 Crop တစ်တန်လျှင် ဒေါ်လာ ၈၈၅ ဖြင့်လည်းကောင်း ဈေးငြိမ်နေသည်။

မြန်မာနိုင်ငံဈေးကွက်တွင် ပဲစင်းငုံ ပြည်ပရောင်းချသည့် FOB ဈေးနှုန်း ငြိမ်နေပြီး ပြည်တွင်းဈေးမှာမူ အကျဘက်သို့ ပြောင်းလဲနေသည်။ ရန်ကုန်ဈေးကွက်တွင် ပဲစင်းငုံ (နီ) 2024-25 Crop တစ်တန်လျှင် ဒေါ်လာ ၇၄၀ / ၇၅၀၊ ပဲစင်းငုံ (နီ) 2025-26 Crop တစ်တန်လျှင် ဒေါ်လာ ၇၇၀ / ၇၈၀ ဖြင့် ဈေးဖွင့်ထားသည်။

ပြည်တွင်းဈေးကွက်၌ ပဲစင်းငုံ (နီ) ဈေးနှုန်းမှာ တစ်တန်လျှင် ကျပ် ၃,၁၁၅,၀၀၀ မှ ကျပ် ၃,၁၁၁,၀၀၀ သို့ ဈေးပြောင်းလဲသွားသည်။ မန္တလေးဈေးကွက်တွင် ပဲစင်းငုံ (နီ) သစ်ဈေးနှုန်းမှာ တစ်တန်လျှင် ကျပ် ၂,၉၄၀,၀၀၀ ကျော်မှ ကျပ် ၂,၉၂၉,၀၀၀ ကျော်သို့ ဈေးပြောင်းလဲသွားသည်။

ပဲကြီး

ပြည်တွင်းစိုက်ပျိုးထုတ်လုပ်နိုင်မှု အားနည်းသော ပဲကြီးသည် ပြည်တွင်း၊ ပြည်ပ ဝယ်လိုအားကြောင့် ဈေးနှုန်းများ ဆက်လက်မြင့်တက်လာသည်။

ယခုရက်သတ္တပတ် ရန်ကုန်ဈေးကွက်တွင် ပဲကြီးပြည်ပရောင်းချသည့် FOB ဈေးနှုန်းမှာ တစ်တန်လျှင် ဒေါ်လာ ၃၀ ခန့် ဈေးမြင့်တက်လာသည်။ ပဲကြီးတစ်တန်လျှင် ဒေါ်လာ ၁,၄၈၅ / ၁,၄၉၅ မှ ဒေါ်လာ ၁,၅၁၅ / ၁,၅၂၅ သို့ ဈေးပြောင်းလဲသွားသည်။

သို့သော် ပဲကြီးပြည်တွင်းဈေးနှုန်းမှာ ပဲကြီး (ကုန်း) 2026 Crop တစ်ပိဿာလျှင် ကျပ် ၉,၃၉၀ / ၉,၅၇၀ ၊ ပဲကြီး (ရွှေကျွန်း) တစ်ပိဿာလျှင် ကျပ် ၁၀,၁၆၅ / ၁၀,၆၂၀ ဖြင့် ဈေးဖွင့်ထားသည်။

မန္တလေးဈေးကွက်တွင် ပဲကြီးသည် ပဲကြော်၊ ပဲလှော်လုပ်ငန်းရှင်များ၏ ဝယ်လိုအားကြောင့် ဈေးနှုန်းအနည်းငယ် မြင့်တက်လာသည်။ မန္တလေးဈေးကွက်တွင် ပဲကြီး (ကြီး) တစ်တန်လျှင် ကျပ် ၆,၅၉၀,၀၀၀ ကျော်မှ ကျပ် ၆,၆၅၀,၀၀၀ ကျော်သို့လည်းကောင်း၊ ပဲကြီး (လတ်) တစ်တန်လျှင် ကျပ် ၆,၂၀၀,၀၀၀ ကျော်မှ ကျပ် ၆,၃၁၀,၀၀၀ ကျော်သို့လည်းကောင်း ဈေးပြောင်းလဲသွားသည်။ သို့သော် ပဲကြီး (သေး) မှာမူ တစ်တန်လျှင် ကျပ် ၅,၈၇၀,၀၀၀ ကျော်ဖြင့် ဈေးငြိမ်နေသည်။

မြေပဲ

ဆီထွက်သီးနှံအမျိုးအစားဖြစ်သော မြေပဲသည် ယခုရက်သတ္တပတ်တွင် ပြည်ပသို့ ရောင်းချသည့် FOB ဈေးနှုန်း ငြိမ်နေသော်လည်း ပြည်တွင်းဈေးနှုန်း မြင့်တက်လာသည်။ ရန်ကုန်ဈေးကွက်တွင် မြေပဲ FOB ဈေးနှုန်းမှာ လုံးဆန်တစ်တန်လျှင် ဒေါ်လာ ၁,၇၁၅ / ၁,၇၂၅ ဖြင့် ဈေးငြိမ်နေသည်။

သို့သော် မန္တလေးဈေးကွက်တွင် မြေပဲအဝင်နည်းပါးပြီး ပြည်တွင်းလုပ်ငန်းသုံး ဝယ်လိုအားနှင့် ဆီစက်များ၏ ဝယ်ယူမှုများ ရှိနေခြင်းကြောင့် မြေပဲပြည်တွင်းဈေးမှာ တစ်တန်လျှင် ကျပ် ၂ သိန်းဝန်းကျင်ခန့် ဈေးမြင့်တက်လာသည်။

မြေပဲပြည်တွင်းဈေးနှုန်းမှာ မြေပဲ S1 (လုံးဆန်) တစ်တန်လျှင် ကျပ် ၆,၈၅၀,၀၀၀ ကျော်မှ ကျပ် ၇,၀၄၀,၀၀၀ ကျော် သို့လည်းကောင်း၊ မြေပဲအနီလုံးဆန် တစ်တန်လျှင် ကျပ် ၆,၆၇၀,၀၀၀ ကျော်မှ ကျပ် ၆,၇၃၀,၀၀၀ ကျော်သို့လည်းကောင်း ဈေးပြောင်းလဲသွားသည်။

ထို့ပြင် မြေပဲဆီဆန်ကလည်း ဈေးနှုန်းမြင့်တက်လာသည်။ မြေပဲ S1 ဆီဆန် တစ်တန်လျှင် ကျပ် ၆,၅၅၀,၀၀၀ ကျော်မှ ကျပ် ၆,၇၀၀,၀၀၀ ကျော်သို့လည်းကောင်း၊ အနီဆီဆန် တစ်တန်လျှင် ကျပ် ၆,၁၀၀,၀၀၀ ကျော်မှ ကျပ် ၆,၃၀၀,၀၀၀ ကျော်သို့လည်းကောင်း ဈေးပြောင်းလဲသွားသည်။

ကြက်သွန်နီ

စားဖိုဆောင်သီးနှံဖြစ်သည့် ကြက်သွန်နီသည် ယခုရက်သတ္တပတ်တွင် ပြည်တွင်းဈေးသာမက ပြည်ပဈေးပါ မြင့်တက်လာသည်။ မုတ်သုံရာသီတွင် ရန်ကုန်ဈေးကွက်သို့ ကြက်သွန်နီတင်ပို့မှု လျော့ကျခြင်းက ဈေးနှုန်းမြင့်တက်ရန် တွန်းအားတစ်ခု ဖြစ်လာစေသည်။

ယခုရက်သတ္တပတ် ကြက်သွန်နီ ပြည်ပရောင်းဈေး (FOB) က အနည်းဆုံး တစ်တန်လျှင် ဒေါ်လာ ၃၅ ဝန်းကျင်ခန့် ဈေးမြင့်တက်လာသည်။ ပြီးခဲ့သည့် ရက်သတ္တပတ်တွင် ကြက်သွန်နီ 2026 Crop တစ်တန်လျှင် ဒေါ်လာ ၃၅၅ / ၅၀၅ ဈေးဖွင့်ခဲ့ရာမှ ယခုရက်သတ္တပတ်တွင် ဒေါ်လာ ၃၉၀ / ၅၇၅ သို့ ဈေးပြောင်းလဲသွားသည်။

ရန်ကုန်ဈေးကွက်တွင် ကြက်သွန်နီသည် ပြပြည်ပရောင်းချသည့် FOB ဈေးသာမက ပြည်တွင်းဈေးကလည်း တစ်ပိဿာလျှင် ကျပ် ၄၀၀ ဝန်းကျင်ခန့် ဈေးမြင့်တက်လာသည်။ ရန်ကုန်ဈေးကွက်တွင် ကြက်သွန်နီ လက္ကားဈေးနှုန်းမှာ ဆိတ်ဖြူ (ရှယ်) တစ်ပိဿာလျှင် ကျပ် ၃,၃၀၀ မှ ၃,၇၀၀ သို့လည်းကောင်း၊ မုံရွာ (ရှယ်) တစ်ပိဿာလျှင် ကျပ် ၃,၃၀၀ မှ ၃,၇၀၀ သို့လည်းကောင်း ဈေးပြောင်းလဲသွားသည်။ ထို့ပြင် လက်လီဈေးကွက်တွင်လည်း ကြက်သွန်နီကို ပျမ်းမျှတစ်ပိဿာလျှင် ကျပ် ၅,၀၀၀ ဝန်းကျင်အထိ ဈေးတိုးမြှင့်ရောင်းချနေကြောင်း သိရသည်။

AMIA

ရွှေဈေးမတည်ငြိမ်မှုက လက်ဝတ်အထည်ပစ္စည်း အရောင်းအဝယ်ပေါ် ရိုက်ခတ်လာAMIAနိုင်ငံတကာဈေးကွက်တွင် ရွှေဈေးနှုန်း အတက်အကျ မြန်ဆန်...
15/06/2026

ရွှေဈေးမတည်ငြိမ်မှုက လက်ဝတ်အထည်ပစ္စည်း အရောင်းအဝယ်ပေါ် ရိုက်ခတ်လာ

AMIA

နိုင်ငံတကာဈေးကွက်တွင် ရွှေဈေးနှုန်း အတက်အကျ မြန်ဆန်မှုက ပြည်တွင်းရွှေလက်ဝတ်ရတနာ အထည်ပစ္စည်း အရောင်းအဝယ်အပေါ် ရိုက်ခတ်မှုများ ရှိလာသည်ဟု ရွှေဆိုင်ပိုင်ရှင်အချို့က ပြောသည်။

ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း နိုင်ငံတကာဈေးကွက်တွင် ရွှေတစ်အောင်စ တန်ဖိုးသည် ၅ ရာခိုင်နှုန်းနီးပါး ဈေးနှုန်းကျဆင်းခဲ့ပြီးနောက် ၂ ရာခိုင်နှုန်းကျော် ဈေးပြန်တက်ခဲ့သည်။

နိုင်ငံတကာဈေးကွက်တွင် ဇွန်လ ၉ ရက်၌ ရွှေတစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၄,၃၃၂ အထိ ဈေးမြင့်တက်ခဲ့ပြီး ဇွန်လ ၁၁ ရက်တွင် ရွှေတစ်အောင်စလျှင် ဒေါ်လာ ၄,၀၉၃ သို့ ဈေးပြောင်းလဲသွားသည်။ ထို့နောက် ဇွန်လ ၁၃ ရက် မွန်းလွဲပိုင်းတွင် ရွှေတစ်အောင်စလျှင် ဒေါ်လာ ၄,၂၁၀ ဝန်းကျင်သို့ ပြန်လည်မြင့်တက်လာသည်။

ပြည်တွင်းရွှေဈေးကွက်တွင်လည်း ဇွန်လ ၉ ရက် ပြင်ပဈေးကွက်၌ အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ် ၉,၉၇၀,၀၀၀ မှ ကျပ် ၉,၄၅၀,၀၀၀ ဝန်းကျင်သို့ ဈေးပြောင်းလဲခဲ့ပြီးနောက် ကျပ် ၉,၇၈၀,၀၀၀ ဝန်းကျင်သို့ ပြန်လည်မြင့်တက်လာသည်။

ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းမှ သတ်မှတ်သည့် ဓာတ်သတ္တု (ရွှေ) ရည်ညွှန်းဈေးနှုန်းမှာ ရက်သတ္တပတ်အတွင်း တစ်ကျပ်သားလျှင် ကျပ်တစ်သိန်းခန့် ဈေးကျဆင်းသွားသည်။ ဇွန်လ ၈ ရက်တွင် ရွှေတစ်ကျပ်သားလျှင် ကျပ် ၇,၀၅၀,၀၀၀ မှ ဇွန်လ ၉ ရက်တွင် ကျပ် ၇,၀၀၀,၀၀၀ သို့ ဈေးပြောင်းလဲခဲ့ပြီးဇွန်လ ၁၁ ရက်တွင် ကျပ် ၆,၉၅၀,၀၀၀ သို့ ဈေးနှုန်းထပ်မံကျဆင်းခဲ့သည်။

ပြင်ပဈေးကွက်သည် နိုင်ငံတကာရွှေဈေး အပြောင်းအလဲပေါ် လိုက်ပါဈေးဖွင့်ခြင်းကြောင့် ဈေးနှုန်းအပြောင်းအလဲများ လျင်မြန်သဖြင့် လက်ဝတ်ရတနာအထည် အရောင်းအဝယ်လုပ်ငန်းများတွင် အခက်ကြုံတွေ့စေသည်။ ဈေးနှုန်းအတက်အကျနှင့် အပြောင်းအလဲများပြားမှုကြောင့် အရောင်းအဝယ်လည်း အေးနေကြောင်း ရွှေဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။

လက်ရှိ နိုင်ငံတကာဈေးကွက်တွင် ရွှေဈေးနှုန်းနှင့် ပတ်သက်၍ ကာလတိုအတွင်း ဈေးအေးနိုင်သည်ဟူသော ခန့်မှန်းချက်များလည်း ရှိနေသည်။

အမေရိကန်နှင့် အီရန် ငြိမ်းချမ်းရေးနားလည်မှုစာချွန်လွှာ ဂျီနီဗာတွင် လက်မှတ်ရေးထိုးရန် အလားအလာကောင်းများ ရှိနေချိန်၌ ရေနံဈေးနှုန်းများ ပြန်လည်ကျဆင်းလာသည်။ သို့သော် ငွေကြေးဖောင်းပွမှုက အချိန်အတန်ကြာသည်အထိ ဆက်ရှိနိုင်ခြင်းကြောင့် အမေရိကန်ဗဟိုဘဏ်မှ ဘဏ်အတိုးနှုန်းများ တိုးမြှင့်မည့် မျှော်မှန်းချက်ကို ပိုမိုခိုင်မာလာစေသည်။ ဘဏ်အတိုးနှုန်း တိုးမြှင့်လျှင် ရွှေဈေးနှုန်း အကျဘက်သို့ ဦးတည်လာနိုင်သည်ဟူသော ဈေးကွက်ကျွမ်းကျင်သူများ၏ သုံးသပ်ချက်ကို နိုင်ငံတကာမီဒီယာအချို့တွင် ဖော်ပြနေကြသည်။

AMIA

အခေါက်ရွှေ တစ်ကျပ်သား ကျပ်သိန်း၁၀၀ အောက် ကျလာအခေါက်ရွှေဈေး  ကျပ်သိန်း၁၀၀ အောက်ရုတ်တရပ်ကျဆင်းလာသဖြင့်ဈေးကွက်အတွင်းအရောင်း...
06/06/2026

အခေါက်ရွှေ တစ်ကျပ်သား ကျပ်သိန်း၁၀၀ အောက် ကျလာ

အခေါက်ရွှေဈေး ကျပ်သိန်း၁၀၀ အောက်ရုတ်တရပ်ကျဆင်းလာသဖြင့်ဈေးကွက်အတွင်းအရောင်းအ၀ယ် ပြုလုပ်ရန်ခက်ခဲကြောင်း ရွှေဆိုင်ပိုင်ရှင်အချို့ကပြော သည်။

နိုင်ငံတကာရွှေဈေးကျဆင်းမှုကြောင့် ဇွန် ၆ရက် ပြင်ပဈေးကွက်တွင် အခေါက်ရွှေ‌ဈေးက တစ်ကျပ်သားလျှင် အမြင့်ဆုံးကျပ် ၉၈သိန်း၀န်းကျင်သာဈေးဖွင့် သည်။
ဇွန် ၅ရက် ပြင်ပဈေးကွက်၌ အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ်၁၀,၁၃၀,၀၀၀ကျော်ဈေးဖွင့်ခဲ့ခြင်းကြောင့်တစ်ရက်အတွင်ရွှေတစ်ကျပ်လျှင် ကျပ်၂၀၀,၀၀၀ ကျော်ဈေးကျဆင်းလာသည်။

"ကမ္ဘာရွှေအကျများတော့ ပြည်တွင်းရွှေက အကျမြန်တယ်။ ဈေးကွက်မှာတော့ အရောင်းအ၀ယ်လုပ်ရတာခက်တယ်"ဟု ရွှေဆိုင်ဖွင့်လှစ်သူတစ်ဦးကပြောသည်။

အမေရိကန်၏အလုပ်အကိုင်အစီရင်ခံစာ ကောင်းမွန်လာခြင်း၊ ငွေကြေးဖာင်းပွမှုဆိုင်ရာစိုးရိမ်မှုများက မြင့်မားသည့်အတိုးနှုန်းကို ဆက်ထိန်းနိုင်သည်ဆိုသည့် မှန်းဆချက်များနှင့် အတူ နိုင်ငံတကာဈေးကွက်တွင် ရွှေဈေးက ၃ရာခိုင်နှုန်း၀န်းကျင်ကျဆင်းကြောင်း Reuter သတင်းမီဒီယာကဖေါ်ပြထားသည်။

နိုင်ငံတကာဈေးကွက်တွင်ရွှေဈေးက တစ်အောင်စလျှင် ၄၄၇၁၀န်းကျင်မှ ၄၃၂၆၀န်းကျင်သို့ ဈေးကျသွားသည်။ထိုကြောင့် နိုင်ငံတကာဈေးအပေါ် လိုင်ပါဈေးဖွင့်သည့် ပြင်ပဈေးကွက်အခေါက်ရွှေဈေးကလည်း ကျဆင်းလာခြင်းဖြစ်သည်။

ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းမှသတ်မှတ်သည့် ဓာတ်သတ္ထု(ရွှေ )ရည်ညွှန်းဈေးက တစ်ကျပ်သားလျှင် ကျပ်၇,၀၅၀,၀၀၀ ဈေးဖွင့်သည်။


"တစ်ပတ်အတွင်း သီးနှံဈေးကွက်သုံးသပ်ချက်"(၂၅-၅-၂၀၂၆ မှ ၂၉-၅-၂၀၂၆ အထိ)မတ်ပဲအိန္ဒိယနိုင်ငံအတွင်း စားသုံးမှုများသည့် မတ်ပဲသည်...
04/06/2026

"တစ်ပတ်အတွင်း သီးနှံဈေးကွက်သုံးသပ်ချက်"

(၂၅-၅-၂၀၂၆ မှ ၂၉-၅-၂၀၂၆ အထိ)

မတ်ပဲ

အိန္ဒိယနိုင်ငံအတွင်း စားသုံးမှုများသည့် မတ်ပဲသည် ယခုရက်သတ္တပတ် မြန်မာနိုင်ငံဈေးကွက်တွင် ဈေးကျသော်လည်း အိန္ဒိယဈေးကွက်တွင် ဈေးတက်ရန် အားယူနေသည်။ ယခုရက်သတ္တပတ် (မေလ ၂၅ ရက်မှ ၂၇ ရက်အတွင်း) IPGA (India Pulses and Grains Association) ၏ ဈေးနှုန်းဖော်ပြချက်အရ အိန္ဒိယဈေးကွက်တွင် မြန်မာမတ်ပဲ CNF ဈေးက မတ်ပဲ FAQ အမျိုးအစား တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၈၀၀ မှ ၈၁၀ သို့ ဈေးပြောင်းသွားသည်။ မတ်ပဲ SQ မှာ တစ်တန်လျှင် ဒေါ်လာ ၈၉၀ ဖြင့် ဈေးငြိမ်နေပြီး ဘရာဇီးမတ်ပဲက တစ်တန်လျှင် ဒေါ်လာ ၈၆၀ ဈေးဖွင့်သည်။

မြန်မာနိုင်ငံဈေးကွက်တွင် မတ်ပဲ FOB ဈေးနှင့် ပြည်တွင်းဈေးက အကျဘက်သို့ ဦးတည်နေသည်။ မတ်ပဲ ပြည်ပရောင်းချသည့် FOB (Freight on Board) ဈေးက မတ်ပဲ FAQ တစ်တန်လျှင် ဒေါ်လာ ၇၆၅ / ၇၇၅ မှ ၇၆၀ / ၇၇၀ သို့လည်းကောင်း၊ မတ်ပဲ SQ တစ်တန်လျှင် ဒေါ်လာ ၈၅၀ / ၈၆၀ မှ ၈၄၅ / ၈၅၅ သို့လည်းကောင်း ဈေးပြောင်းသွားသည်။

မတ်ပဲ ပြည်တွင်းဈေးကလည်း မတ်ပဲ FAQ တစ်တန်လျှင် ကျပ် ၃,၀၆၀,၀၀၀ မှ ၃,၀၅၆,၀၀၀ သို့ ဈေးပြောင်းပြီး မတ်ပဲ SQ တစ်တန်လျှင် ကျပ် ၃,၃၈၀,၀၀၀ မှ ၃,၃၆၀,၀၀၀ သို့ ဈေးပြောင်းသွားသည်။

ပဲစင်းငုံ

အိန္ဒိယအစိုးရက ပြည်တွင်းစားနပ်ရိက္ခာအတွက် ပဲစင်းငုံ လုံလောက်စွာ စုဆောင်းထားသည်ဆိုသည့် သတင်းစကားနှင့်အတူ အိန္ဒိယပြည်တွင်းဈေးကွက်တွင် မြန်မာ့ပဲစင်းငုံဈေး ငြိမ်နေသည်။ သို့သော် မြန်မာနိုင်ငံဈေးကွက်တွင် ပဲစင်းငုံဈေးက အနည်းငယ် လှုပ်ခတ်နေသည်။

အိန္ဒိယဈေးကွက်တွင် ပဲစင်းငုံ CNF (Cost and Freight) ဈေးက မြန်မာ့ပဲစင်းငုံတစ်တန်လျှင် ဒေါ်လာ ၈၃၀ / ၈၃၅ မှ ၈၄၀ အတွင်း ဈေးဖွင့်ထားသည်။ မိုဇမ်ဘစ်ပဲစင်းငုံက တစ်တန်လျှင် ဒေါ်လာ ၆၂၀ / ၆၃၀၊ ဆူဒန်ပဲစင်းငုံက တစ်တန်လျှင် ဒေါ်လာ ၈၂၆ ဈေးဖွင့်သည်။

မြန်မာနိုင်ငံတွင် ပဲစင်းငုံ FOB ဈေးက တစ်တန်လျှင် ၁၀ ဒေါ်လာခန့် ဈေးမြင့်တက်သော်လည်း ပြည်တွင်းပဲစင်းငုံဈေးက အတက်အကျနှင့် အပြောင်းအလဲ အနည်းငယ်ရှိနေသည်။

ယခုရက်သတ္တပတ် ရန်ကုန်ဈေးကွက်တွင် ပဲစင်းငုံ FOB ဈေးက ပဲစင်းငုံ (နီ) 2024-25 Crop တစ်တန်လျှင် ဒေါ်လာ ၇၃၀ / ၇၄၀ မှ ၇၄၀ / ၇၅၀ သို့လည်းကောင်း၊ ပဲစင်းငုံ (နီ) 2025-26 တစ်တန်လျှင် ဒေါ်လာ ၇၆၀ / ၇၇၀ မှ ၇၇၀ / ၇၈၀ သို့လည်းကောင်း ဈေးပြောင်းလာသည်။

ပဲစင်းငုံ (နီ) ပြည်တွင်းဈေးက တစ်တန်လျှင် ကျပ် ၃,၁၄၀,၀၀၀ မှ ၃,၁၂၂,၀၀၀ သို့ ဈေးကျပြီး ကျပ် ၃,၁၄၀,၀၀၀ သို့ ဈေးပြန်မြင့်တက်လာသည်။ မန္တလေးဈေးကွက်တွင် ပဲစင်းငုံ (နီ) တစ်တန်လျှင် ကျပ် ၂,၉၅၀,၀၀၀ ကျော်ဖြင့် ဈေးဖွင့်ထားသည်။

ပဲကြီး

ပြည်တွင်း၌ အဓိကစားသုံးပြီး ပြည်ပဈေးကွက်သို့လည်း တင်ပို့နေသည့် ပဲကြီးသည် FOB ဈေးမြင့်တက်သော်လည်း ပြည်တွင်းဈေး အနည်းငယ် ကျဆင်းလာသည်။

ရန်ကုန်ဈေးကွက်တွင် ပဲကြီးပြည်ပရောင်းချသည့် FOB ဈေးက ပဲကြီးတစ်တန်လျှင် ဒေါ်လာ ၂၀ ခန့် ဈေးတက်သွားသည်။ ပဲကြီးတစ်တန်လျှင် ဒေါ်လာ ၁,၄၃၅ / ၁,၄၄၅ မှ ၁,၄၅၅ / ၁,၄၆၅ သို့ ဈေးပြောင်းသွားသည်။

ပြည်တွင်းဈေးကွက်တွင် ပဲကြီးဈေးက အနည်းငယ် ကျရိပ်သန်းနေသည်။ ပဲကြီး (ကုန်း) 2026 Crop တစ်ပိဿာလျှင် ကျပ် ၉,၃၉၀ / ၉,၄၈၀ မှ ၉,၃၀၀ / ၉,၃၉၅ သို့ ဈေးပြောင်းပြီး ပဲကြီး (ရွှေကျွန်း) တစ်ပိဿာလျှင် ကျပ် ၁၀,၂၆၅ / ၁၀,၆၂၀ ဖြင့် ဈေးငြိမ်နေသည်။

မန္တလေးဈေးကွက်တွင် လုပ်ငန်းသုံးသမားများသာ ဝယ်လိုအားရှိခြင်းကြောင့် ပဲကြီးဈေးက ကျဆင်းလာသည်။ ပဲကြီး (ကြီး) တစ်တန်လျှင် ကျပ် ၆,၅၃၀,၀၀၀ ကျော်မှ ၆,၄၈၀,၀၀၀ ကျော်၊ ပဲကြီး (လတ်) တစ်တန်လျှင် ကျပ် ၆,၃၁၀,၀၀၀ ကျော်မှ ကျပ်သိန်း ၆၂ ကျော်သို့ ဈေးပြောင်းပြီး ပဲကြီး (သေး) တစ်တန်လျှင် ကျပ် ၅,၉၂၀,၀၀၀ ကျော်မှ ၅,၈၁၀,၀၀၀ ကျော်သို့ ဈေးကျဆင်းလာသည်။

နှမ်း

ဆီထွက်သီးနှံဖြစ်သည့် နှမ်းသည် တရုတ်ကုန်သည်များ၏ ဝယ်လိုအား ပျော့နေပြီး ပြည်တွင်းလုပ်ငန်းသုံးအတွက်သာ ဝယ်လိုအားရှိနေသည်။ ထို့ကြောင့် နှမ်း FOB ဈေးငြိမ်နေပြီး အမျိုးအစားအလိုက် ပြည်တွင်းဈေး ကျဆင်းနေသည်။

ရန်ကုန်ဈေးကွက်၏ နှမ်း FOB ဈေးက အမျိုးအစားအားလုံးနီးပါး ဈေးငြိမ်နေသည်။ နှမ်းနက် (စမုံ) က တစ်တန်လျှင် ဒေါ်လာ ဒေါ်လာ ၂,၃၈၀ / ၂,၃၉၀၊ နှမ်းဖြူက တစ်တန်လျှင် ဒေါ်လာ ၁,၃၇၅ / ၁,၃၈၅၊ နှမ်းညိုက တစ်တန်လျှင် ဒေါ်လာ ၁,၃၃၀ / ၁,၃၄၀ ဈေးဖွင့်သည်။

ပြည်တွင်းနှမ်းဈေးက အမျိုးအစားအလိုက် ဈေးနှုန်းအပြောင်းအလဲ အနည်းငယ်ရှိနေသည်။ ယခုရက်သတ္တပတ် မန္တလေးဈေးကွက်တွင် နှမ်းနက် (စမုံ) က ဈေးအနည်းငယ် မြင့်တက်နေသည်။ နှမ်းနက် (စမုံ) တစ်တန်လျှင် ကျပ် ၈,၄၃၀,၀၀၀ ကျော်မှ ၈,၅၇၀,၀၀၀ ကျော်သို့ ဈေးမြင့်တက်လာသည်။

သို့သော် နှမ်းဖြူ (ဗမာ) တစ်တန်လျှင် ကျပ်သိန်း ၅၀ ကျော်မှ ၄,၈၉၀,၀၀၀ ကျော်၊ နှမ်းဖြူ (ဂျပန်) တစ်တန်လျှင် ကျပ် ၅၁ သိန်းကျော်မှ ကျပ်သိန်း ၅၀ ကျော်၊ နှမ်းညို (သစ်) တစ်တန်လျှင် ကျပ်သိန်း ၅၀ ကျော်မှ ၄,၉၆၀,၀၀၀ ကျော်သို့ ဈေးပြောင်းသွားသည်။

ပြောင်း

ထိုင်းနိုင်ငံ၏ အခွန်ကင်းလွတ်ခွင့်ဖြင့် ပြောင်းဝယ်ယူမည့် သတ်မှတ်ချိန် ကုန်ဆုံးရန် နီးကပ်လာသဖြင့် ဝယ်လိုအားကောင်းနေပြီး ပြည်တွင်းပြည်ပဈေးလည်း ထပ်မံမြင့်တက်လာသည်။

ယခုရက်သတ္တပတ် ရန်ကုန်ဈေးကွက်တွင် ပြောင်း FOB ဈေးက ထပ်မံမြင့်တက်လာသည်။ ပြောင်းတစ်တန်လျှင် ဒေါ်လာ ၂၇၅ / ၂၈၅ မှ ၂၈၀ / ၂၉၀ သို့ ဈေးပြောင်းသွားသည်။ ပြည်တွင်းပြောင်းဈေးကလည်း ဆက်လက်မြင့်တက်နေပြီး ပြောင်းတစ်ပိဿာလျှင် ၁,၈၃၀ / ၁,၈၅၀ ကျပ်မှ ၁,၈၈၀ / ၁,၉၀၀ ကျပ်သို့ ဈေးပြောင်းသွားသည်။

ယခုရက်သတ္တပတ် မန္တလေးဈေးကွက်တွင်လည်း ပြောင်းအမျိုးအစားအချို့ ဈေးတက်လာသည်။ ပြောင်းတစ်တန်လျှင် ကျပ် ၁၀,၀၀၀ ကျော် ဈေးမြင့်တက်သွားသည်။ မန္တလေးဈေးကွက်တွင် ရှမ်းပြောင်းတစ်တန်လျှင် ကျပ် ၉၅၀,၀၀၀ ကျော်မှ ၉၆၃,၀၀၀ ကျော်သို့ ဈေးပြောင်းသွားသည်။ သို့သော် CP ပြောင်းသစ်တစ်တန်လျှင် ကျပ် ၉၈၆,၀၀၀ ကျော်၊ အထွက်တိုးပြောင်းနီတစ်တန်လျှင် ကျပ် ၁,၉၆၀,၀၀၀ ကျော်ဖြင့် ဈေးငြိမ်နေသည်။





တစ်ပတ်အတွင်း သီးနှံဈေးကွက်သုံးသပ်ချက်(၁၈-၅-၂၀၂၆ မှ ၂၂-၅-၂၀၂၆ အထိ)မတ်ပဲပြီးခဲ့သည့် ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာနှစ်တွင် အိန္ဒိယက မြန...
26/05/2026

တစ်ပတ်အတွင်း သီးနှံဈေးကွက်သုံးသပ်ချက်

(၁၈-၅-၂၀၂၆ မှ ၂၂-၅-၂၀၂၆ အထိ)

မတ်ပဲ

ပြီးခဲ့သည့် ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာနှစ်တွင် အိန္ဒိယက မြန်မာနိုင်ငံမှ မတ်ပဲတန်ချိန် ၁၀ သိန်းကျော် တင်သွင်းထားသည်ဟု IPGA (India Pulses and Grains Association) က စာရင်းများတွင် ဖော်ပြထားသည်။ ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာနှစ်ထက် တန်ချိန် ၂ သိန်းကျော် ပိုများသဖြင့် ယခုဘဏ္ဍာနှစ် ၂၀၂၆ - ၂၀၂၇ အစပိုင်းလများတွင် မတ်ပဲ ဝယ်လိုအား အနည်းငယ် အားပျော့လာသည်။

သို့သော် အိန္ဒိယနိုင်ငံအတွင်း နွေရာသီစိုက်ပျိုးသည့် မတ်ပဲများ ဈေးကွက်ဝင်နေချိန် မြန်မာမတ်ပဲ CNF ဈေးက မတ်ပဲ FAQ တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၈၀၅ မှ ၈၁၅၊ မတ်ပဲ SQ တစ်တန်လျှင် ဒေါ်လာ ၈၉၅ မှ ၉၀၅ သို့ ဈေးပြောင်းသွားသည်။ အိန္ဒိယပြည်တွင်း၌ မြန်မာမတ်ပဲဈေး အနည်းငယ် ပြန်မာလာသည့် အခြေအနေမျိုးဖြစ်သည်။ ထို့ပြင် ဘရာဇီးမတ်ပဲက တစ်တန်လျှင် ဒေါ်လာ ၈၈၀ ဈေးဖွင့်သည်။

အိန္ဒိယပြည်တွင်းဈေး အတက်ဘက်သို့ ပြောင်းလဲနေသော်လည်း မြန်မာဈေးကွက်တွင် မတ်ပဲ SQ က ဈေးအနည်းငယ် ကျဆင်းနေသည်။ မြန်မာနိုင်ငံ ဈေးကွက်တွင် မတ်ပဲ ပြည်ပသို့ ရောင်းချသည့် (FOB) ဈေးက မတ်ပဲ FAQ တစ်တန်လျှင် ဒေါ်လာ ၇၆၅ / ၇၇၅ ဖြင့် ဈေးငြိမ်နေသော်လည်း မတ်ပဲ SQ တစ်တန်လျှင် ဒေါ်လာ ၈၅၅ / ၈၆၅ မှ ၈၅၀ / ၈၆၀ သို့ ဈေးပြောင်းသွားသည်။

ယခုရက်သတ္တပတ် ရန်ကုန်ဈေးကွက်တွင် မတ်ပဲ ပြည်တွင်းဈေးက မတ်ပဲ FAQ တစ်တန်လျှင် ကျပ် ၃,၀၅၉,၀၀၀ မှ ၃,၀၇၆,၀၀၀ ထိ ဈေးတက်ပြီးနောက် ၃,၀၆၂,၀၀၀ ကျပ်သို့ ဈေးပြောင်းလာသည်။ မတ်ပဲ SQ ကလည်း တစ်တန်လျှင် ကျပ် ၃,၃၇၉,၀၀၀ မှ ၃,၃၉၆,၀၀၀ သို့ ဈေးတက်ပြီး ၃,၃၈၂,၀၀၀ ကျပ်သို့ ဈေးပြန်ပြောင်းသွားသည်။

ပဲကြီး

ဈေးဆက်တိုက် မြင့်တက်ခဲ့သော ပဲကြီးက ယခုရက်သတ္တပတ်တွင် ပြည်တွင်းဈေး ကျရိပ်သန်းသော်လည်း ပြည်ပသို့ ရောင်းချသည့် FOB ဈေး ထပ်မံမြင့်တက်လာသည်။ ရန်ကုန်ဈေးကွက်တွင် ပဲကြီး FOB ဈေးက တစ်တန်လျှင် ဒေါ်လာ ၅၀ ခန့် ဈေးတက်လာပြီး ပဲကြီးတစ်တန်လျှင် ဒေါ်လာ ၁,၃၈၅ / ၁,၃၉၅ မှ ၁,၄၃၅ / ၁,၄၄၅ သို့ ဈေးပြောင်းသွားသည်။

ပဲကြီးပြည်ပဈေး မြင့်တက်လာသော်လည်း လုပ်ငန်းသမားနှင့် လှောင်သမား ဝယ်လိုအား ပျော့ခြင်းကြောင့် ရန်ကုန်နှင့် မန္တလေးဈေးကွက်များတွင် ပဲကြီးပြည်တွင်းဈေးက အနည်းငယ် ကျဆင်းလာသည်။ ယခုရက်သတ္တပတ် ရန်ကုန်ဈေးကွက်တွင် ပဲကြီးပြည်တွင်းဈေးက ပဲကြီး (ကုန်း) ၂၀၂၆ Crop တစ်ပိဿာလျှင် ကျပ် ၉,၄၇၅ / ၉,၅၇၀ မှ ၉,၃၇၀ / ၉,၄၈၀ သို့ ဈေးပြောင်းသွားသည်။ ပဲကြီး (ရွှေကျွန်း) ကမူ တစ်ပိဿာလျှင် ကျပ် ၁၁,၂၆၅ / ၁၀,၆၂၀ ဖြင့် ဈေးငြိမ်နေသည်။

မန္တလေးဈေးကွက်တွင် ပဲကြီးဈေးက အမျိုးအစားအလိုက် ကျဆင်းမှု မတူညီပေ။ ပဲကြီး (ကြီး) တစ်တန်လျှင် ကျပ် ၆,၄၈၀,၀၀၀ ကျော်မှ ၆,၃၁၀,၀၀၀ ကျော်သို့ ဈေးကျပြီး ပဲကြီး (လတ်) တစ်တန်လျှင် ကျပ် ၆,၂၆၀,၀၀၀ ကျော်မှ ကျပ်သိန်း ၆၀ ကျော်သို့ ဈေးကျလာသည်။ ပဲကြီး (သေး) တစ်တန်လျှင် ကျပ် ၅,၉၂၀,၀၀၀ ကျော်ဖြင့် ဈေးငြိမ်နေသည်။

ပဲတီစိမ်း

ပြီးခဲ့သည့် ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ တန်ချိန် သုံးသိန်းခွဲကျော် တင်ပို့ထားသော ပဲတီစိမ်းက လက်ရှိအချိန်တွင် ပြည်တွင်း၊ ပြည်ပဈေး ကျဆင်းလာသည်။ မုတ်သုန်ရာသီအစပိုင်းတွင် တရုတ်ကုန်သည်များ၏ ဝယ်လိုအား အေးလာခြင်းက ပဲတီစိမ်းဈေး ကျဆင်းမှုကို တွန်းအားဖြစ်လာစေသည်။

ယခုရက်သတ္တပတ်တွင် ပဲတီစိမ်းက ပြည်တွင်းဈေးသာမက ပြည်ပဈေးလည်း ကျဆင်းနေသည်။ ပဲတီစိမ်း ပြည်ပရောင်းချသည့် FOB ဈေးက တစ်တန်လျှင် ဒေါ်လာ ၃၀ ခန့် ဈေးကျဆင်းလာသည်။ ရန်ကုန်ဈေးကွက်တွင် ပဲတီစိမ်း (အညာ) FOB တစ်တန်လျှင် ဒေါ်လာ ၉၂၀ / ၉၃၀ မှ ၈၉၀ / ၉၀၀ သို့ ဈေးပြောင်းပြီး၊ ပဲတီစိမ်း (ရွှေဝါ) FAQ တစ်တန်လျှင် ဒေါ်လာ ၁,၀၂၀ / ၁,၀၃၀ မှ ၉၉၀ / ၁,၀၀၀ သို့ ဈေးပြောင်းသွားသည်။

ထို့ပြင် ပဲတီစိမ်း ပြည်တွင်းဈေးက ပဲတီစိမ်း (အညာ) တစ်ပိဿာလျှင် ကျပ် ၅,၈၃၀ / ၅,၈၃၅ မှ ၅,၅၀၀ / ၅,၅၂၀ သို့ ဈေးပြောင်းပြီး ပဲတီစိမ်း (ခရမ်းနှင့် ပဲခူး) ရွှေဝါတစ်ပိဿာလျှင် ကျပ် ၆,၄၁၅ မှ ၆,၁၆၅ ကျပ်၊ ပဲတီစိမ်း (ဝါးခယ်မ) FAQ တစ်တန်လျှင် ကျပ် ၅,၅၀၀ / ၅,၅၅0 မှ ၅,၃၃၀ / ၅,၃၅၀ သို့ ဈေးပြောင်းသွားသည်။ မန္တလေးဈေးကွက်တွင် ပဲတီစိမ်း (အညာ) သစ်က တစ်တန်လျှင် ကျပ် ၃,၅၉၀,၀၀၀ ကျော်မှ ၃,၃၇၀,၀၀၀ ကျော်သို့ ဈေးပြောင်းသွားသည်။

နှမ်း

ဆီထွက်သီးနှံတစ်မျိုး ဖြစ်သည့် နှမ်းက ပြည်ပဈေးကျသော်လည်း ပြည်တွင်းဈေးက အတက်၊ အကျ အပြောင်းအလဲ ရှိနေသည်။ ရန်ကုန်ဈေးကွက်တွင် နှမ်းပြည်ပရောင်းချသည့် FOB ဈေးက နှမ်းနက် (စမုံ) တစ်တန်လျှင် ၇၅ ဒေါ်လာ၊ နှမ်းညိုတစ်တန်လျှင် ဒေါ်လာ ၃၀ ခန့် ဈေးကျလာသည်။

နှမ်းနက် (စမုံ) တစ်တန်လျှင် ဒေါ်လာ ၂,၄၅၅ / ၂,၄၆၅ မှ ၂,၃၈၀ / ၂,၃၉၀ သို့လည်းကောင်း၊ နှမ်းညိုကလည်း တစ်တန်လျှင် ဒေါ်လာ ၁,၃၆၀ / ၁,၃၇၀ မှ ၁,၃၃၀ / ၁,၃၄၀ သို့လည်းကောင်း ဈေးပြောင်းသွားသည်။ နှမ်းဖြူကမူ တစ်တန်လျှင် ဒေါ်လာ ၁,၃၇၅ / ၁,၃၈၅ ဖြင့် ဈေးငြိမ်နေသည်။

မန္တလေးဈေးကွက်တွင် ပြည်တွင်းနှမ်းဈေးက နှမ်းဖြူ (ဗမာ) တစ်တန်လျှင် ကျပ်သိန်း ၅၀ ကျော်ဖြင့် ဈေးငြိမ်နေပြီး နှမ်းဖြူ (ဂျပန်) တစ်တန်လျှင် ကျပ် ၅၁ သိန်းကျော်မှ သိန်း ၅၀ ကျော်သို့ ဈေးကျသွားသည်။ သို့သော် နှမ်းနက် (စမုံ) ကမူ တစ်တန်လျှင် ကျပ် ၆၀၀,၀၀၀ ကျော် ဈေးပြန်တက်လာပြီး တစ်တန်လျှင် ကျပ် ၇,၇၅၀,၀၀၀ ကျော်မှ ၈,၄၃၀,၀၀၀ ကျော်သို့ ဈေးပြောင်းသွားသည်။ နှမ်းညို (သစ်) ကမူ တစ်တန်လျှင် ကျပ်သိန်း ၅၀ ကျော်ဖြင့် ဈေးဖွင့်ထားသည်။

ပြောင်း

ပြီးခဲ့သည့် ရက်သတ္တပတ်တွင် ဈေးအနည်းငယ် အေးသွားသည့် ပြောင်းက ယခုရက်သတ္တပတ်တွင် ပြည်တွင်းဈေးသာမက ပြည်ပဈေးလည်း ပြန်မာလာသည်။ ထိုင်းနိုင်ငံ၏ အခွန်ကင်းလွတ်ခွင့်ဖြင့် ပြောင်းဝယ်ယူနေသည့် သတ်မှတ်ကာလ ကုန်ဆုံးရန် တစ်လကျော်သာ အချိန်ကျန်ရှိချိန်တွင် ပြည်တွင်းပြောင်းဈေး မာနေခြင်းဖြစ်သည်။

ယခုရက်သတ္တပတ်တွင် ပြောင်းပြည်ပရောင်းချသည့် FOB ဈေးက ပြောင်းတစ်တန်လျှင် ဒေါ်လာ ၂၇၀ / ၂၈၀ မှ ၂၇၅ / ၂၈၅ သို့ ဈေးပြောင်းလာသည်။ ထို့ပြင် ရန်ကုန်ဈေးကွက်တွင် ပြည်တွင်းပြောင်းဈေးက တစ်ပိဿာလျှင် ကျပ် ၁,၇၈၀ / ၁,၈၀၀ မှ ၁,၈၃၀ / ၁,၈၅၀ သို့ ဈေးပြောင်းသွားသည်။

ယခုရက်သတ္တပတ် မန္တလေးဈေးကွက်တွင် ပြောင်းက အမျိုးအစားအလိုက် ဈေးမြင့်တက်လာသည်။ ရှမ်းပြောင်းနှင့် CP ပြောင်းသစ်က ဈေးငြိမ်နေသော်လည်း အထွက်တိုးပြောင်းနီက တစ်တန်လျှင် ကျပ် ၁၀၀,၀၀၀ ကျော် ဈေးတက်လာသည်။ မန္တလေးဈေးကွက်တွင် ရှမ်းပြောင်းတစ်တန်လျှင် ကျပ် ၉၅၂,၀၀၀ ကျော်၊ CP ပြောင်းသစ်တစ်တန်လျှင် ကျပ် ၉၈၆,၀၀၀ ကျော်ဖြင့် ဈေးငြိမ်နေပြီး အထွက်တိုးပြောင်းနီက တစ်တန်လျှင် ကျပ် ၁,၈၄၀,၀၀၀ ကျော်မှ ၁,၉၆၀,၀၀၀ ကျော်သို့ ဈေးပြောင်းသွားသည်။



Address

Yangon

Alerts

Be the first to know and let us send you an email when AMIA-Doh Farmer Digital TV posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to AMIA-Doh Farmer Digital TV:

Shortcuts

Share