
20/01/2025
" သစ်သီးခူး " (၁ )
ကျွန်တော်---
ဘယ်တော့မှပြန်မလာနိုင်တော့ဘူးဆိုတာ
သူ့ကိုမပြောပြကြပါနဲ့
မျက်ရည်အဝဲသားနဲ့
သူမေးလာခဲ့လျှင်သာ
အဝေးတစ်နေရာမှာ
ရွှေဝါရောင်သစ်သီးတွေ
သွားခူးနေတယ်လို့ပြောပေးပါ
ကန္တာရသီးပင်တွေ
ရင့်မည့်တဲ့ရာသီချိန်ရောက်လျှင်
သူရယ်
ကျွန်တော်ရယ်
ပျော်ရွှင်စွာ ရိတ်သိမ်းဘို့ ပြန်လာပါ့မယ် လို့
ချစ်သူရေ----
နွေးထွေးသော ကမ်းလက်များနှင့်အတူ
အေးချမ်းစွာကျန်ရစ်ပါ
ဝေးကွာခြင်းဆိုတဲ့ ကာလတစ်ခုဟာ
အကန့်အသတ် ရှိချင်မှရှိမယ်
ဒါပေမဲ့------
အဆုံးမရှိတာမှမဟုတ်ပဲကွယ်
စိတ်တူ ကိုယ်မျှ
ပြုဖူးခဲ့တဲ့ရေစက်ပေါင်းများစွာ
နောင် သံသရာမှာ
မိုးဖြိုင်ဖြိုင်ရွာပြီဆိုမှဖြင့်
သူရယ်
ကျွန်တော်ရယ်
" ပျော်ရွှင်ဘွယ် သစ်သီးခူးကြရဦးမှာပါ "
ရွှေမိုးရွာ