19/11/2023
ချင်းဟူသော အမည်နာမ : ချင်းဟူသော အမည်နာမကို အစဦးကတည်းက
ချင်းတို့ကိုယ်တိုင်နှင့် အနီးပတ်၀န်းကျင်ရှိ ကချင်လူ မျိုး၊ ရှမ်းလူမျိုး၊ ဗမာလူမျိုးများက ခေါ်ဆိုခဲ့ခြင်းဖြစ်သည်။
ချင်းလူမျိုးတို့၏ ချင်းလူမျိုးဆိုင်ရာ နှုတ်ရာဇ၀င်တွင်
ချင်းနှင့် ကချင်သည် မွေးချင်းညီအကိုများဖြစ်ကြပြီး
တရုတ်ပြည်မှတဆင့် ဟူကောင်းတောင်ကြားမှသည်
ဗမာပြည်ထဲသို့၀င်ရောက်လာခဲ့စဉ်က ညီဖြစ် သူ ကချင်သည်
အလေးသွားနေခိုက် အကိုဖြစ်သူ ချင်း သည် ညီကို မစောင့်ပဲ
ဆက်လက်ခရီးနှင်ပြီး လမ်းခရီးတွင် တောငှက်ပျောပင်ကို ခုတ်ဖြတ်ခဲ့သည်။
ညီဖြစ်သူ က အကို ဖြတ်ခဲ့သော ငှက်ပျောအူတိုင် အတော်အတန်
ထွက်လာသည်ကို ကြည့်ပြီး အကို့ကို မှီနိုင် တော့မှာ မဟုတ်ဟု ဆိုပြီး
ကချင်ပြည်တွင် နေရစ်သွားခဲ့သည်။
အကိုဖြစ်သူ၏ ခြေရာ ကိုကြည့်ပြီး Khang (ခြေရာ)ဟု ခေါ်ဆိုခဲ့သည်။
ကချင်တို့သည် အိမ်ဆောက်လျှင် အိမ်ရှေ့ခန်းတွင် အခန်းတခုသီးသန့်
ဖွဲ့စည်း ခဲ့ကြ သည်။ အဓိပ္ပါယ်မှာ အကိုဖြစ်သူ ပြန်လာလျှင် နေထိုင်ရန်
အတွက်ဖြစ်သည်။
စာရေးဆရာ (G.H luce)က ဗမာနှင့် သက်၊ ရှမ်းစသည်တို့ စစ်ဖြစ်စဉ်
ချင်းလူမျိုးများနှင့် မိတ်ဖွဲ့ ဆက်ဆံဘွယ်ရှိခဲ့ကြသည်။ ထို့ကြောင့် ချင်းဆို
သည်မှာ ကျနော် တို့ဗမာနှင့် အချင်းချင်း၊ သူငယ် ချင်းဖြစ်သည်ဟု ဆိုရာမှ
ချင်းဖြစ် လာသည်ဟု ဆိုသည်။
၁၅၅၄ ခုနှစ်၊ မဏိပူရ် မှတ်တမ်းတွင် ချင်းတို့ကို ကူကီးဟုရေးသားထားသည်ကို တွေ့ရသည်။ Carry & Tuck ၏ မှတ်တမ်းအရ ချင်းအမည်နာမသည်
တရုတ်ဘာ သာစာကား “လူ”ဟု အဓိပ္ပါယ်ရသည့် Jim or Jen ကို
ဗမာလူမျိုးများ က“ချင်း”ဟု အသံထွက် ခေါ်ဆိုခြင်း ဖြစ်သည်။
ချင်းတွင်းမြစ်သည် ချင်းတို့ နေထိုင် ရာဒေသ ဖြစ်သည့်အတွက်
ချင်းတွင်းဟု ခေါ်ဆိုခဲ့ခြင်းဖြစ် သည်။ ၁၁ ရာစုမတိုင်မှီ ဗမာ့ ကျောက်စာ
များတွင် ချင်းအမည် နာမကို ရှင်းလင်းစွာ အသုံးပြုခဲ့ သည့် အထောက်
အထားခိုင်မာစွာ တွေ့ရှိနိုင်သည်။
၁၈၉၆ ခုနှစ် ဗြိတိသျှက သိမ်းပိုက်အုပ်ချုပ်ခြင်းမပြုမှီ Chin-Kuki Lingustic People ဘာသာစကား လေ့လာသော သုသေသီများက ချင်း Chin သတ်ပုံအပြောင်းအလဲကို Khyeng, Khang, Khlang, Khyang, Khyan, Kiayn, Chiang, Chi’en, Chien ဟူ၍ ဆိုကြသည်။
အေဒီ ၁၇၈၃-၁၇၉၆ အတွင်း ဗမာပြည်တွင် ကာသိုလိပ် မစ်ရှင်အဖြစ် ရောက်ရှိလာသောFather Sangermomo က ချင်းကို Chien အဖြစ်ပေါင်းပြီး Chin Hill ကို Chien Mountain ဟု မှတ်တမ်းတင်ထားသည်ကို တွေ့ရသည်။ ၁၈၂၆ ခုနှစ်တွင် ရှိတ်စပီးယားကမူ ချင်းကို Kiayn ဟူ၍၎င်း၊ ၁၈၂၄-၁၈၂၆ ခုနှစ်ပထမအင်္ဂလိပ်မြန်မာစစ်အတွင်း Histroy of Burma ပြုစု သည့် စာရေးဆရာ Phayer က ချင်းတွင်းကို Khyendweng ဟူ၍၎င်း၊ ၁၈၉၁ တွင် Major Hughes က ၎င်း၏စစ်ရေးအစီရင်ခံစာတွင် Chin ဟူသော စကားလုံးကို ပထမဆုံးအသုံြးုပခဲ့ သည်။ ထို့နောက် A.G.E New Land ကလည်း ၎င်း၏စာ အုပ်တွင် “ချင်း”ဟူ၍ ရေးသားခဲ့သည်။
ဒေါက်တာ လျန်မှုန်းဆာ ခေါင်းသည် ချင်းတို့ ချင်းပြည်ကို အခြေချနေထိုင်ကြရာတွင် ကျင်နွေး(Ciim Nuai)ဒေသတွင် နေ ထိုင်ကြသူ များကို ဇိုမီးချင်း၊ Locom ဒေသတွင် နေ ထိုင်ကြသူများကို Lusei၊ Lailun ဒေသတွင် နေ ထိုင်ကြသူများကို Lai မျိုးနွယ်များ ဖြစ်လာကြ သည် ဟုရေးသားခဲ့သည်။ လက်ရှိ ချင်းလူမျိုး များအတွင် ဇိုမီး၊ လိုင်မီး၊ အရှို၊ ချိုး၊ ဇို စ သည့် အမည် နာမများ မပေါ်သေးမီ ချင်း အမည်သည် အမျိုးသား အမည်ဖြင့် ရပ်တည်ပြီးဖြစ်ကြောင်း Religion and Politics among the Chin People စာအုပ်တွင် အခိုင်အမာ ရေးသားခဲ့သည်။
ကုလသမဂ္ဂ၏ ဆုံးဖြတ်ချက်ဖြစ်သည့် DPI/1316-03025 November 1992-9M အရ ချင်းလူမျိုးသည် မြန်မာနိုင်ငံ၊ အိန္ဒိယနိုင်ငံနှင့် ဘင်္ဂလားဒေရှ့်နိုင်ငံများတွင် ပြန့်နှံ့နေထိုင်ကြပြီး ကမ္ဘာ့လူမျိုးများ အလယ်တွင် လူမျိုးတမျိုးအဖြစ် အသိအမှတ်ပြု ရပ်တည်နိုင်ခဲ့ပြီးဖြစ်သည်။ ထို့အပြင် ၂၀၀၁ ခုနှစ် Unrepresented Nations and People Organization (UNPO) တွင်လည်းအဖွဲ့၀င် ဖြစ်လာခဲ့သည်၊၊
သို့ ဖြစ်ပါ၍ယနေ့ ဇိုမီး၊ လိုင်မီး၊ ကူကီး၊ ထာဒို၊ ခေါင်ဆိုင်၊ ချိုး၊ အရှို၊ ခူမီး၊ မတူ၊ မရာ စသည်ဖြင့်ခေါ် ဝေါ်ကြ သော မျိုးနွယ်စုများ ၏ပင်ရင်း အမည် သည် “ချင်း” ပင် ဖြစ်သည်။ ယခုအခါ ဒေသတွင်း ၌ သာမက အပြည်ပြည် ဆိုင်ရာ လူ့အသိုင်းအဝိုင်း၌ အမျိုးသား အမည် နာမတခု တည်းအဖြစ် ရပ်တည်နေသော “ချင်း”ဟူ သော အမည်နာမ သည် ပို၍လူသိများ လာပြီဖြစ် သည်။
ချင်းတို့မူရင်းဒေသ၊
ချင်းတို့ စတင်ပေါက်ဖွားရာ မူရင်းဒေသနှင့် စပ်လျဉ်း၍ အယူအဆ အမျိုးမျိုးရှိခဲ့သည်။ တချို့က ချင်လုံမှ စတင် ပေါက်ဖွားဆင်း သက်လာခဲ့သည် ဟူ၍၎င်း၊ တချို့က တရုတ်ပြည် ချင်မင်းဆက်မှ ဆင်းသက်လာသည်ဟူ၍ ၎င်း ယူဆခဲ့ကြသည်။ သို့သော်လည်း သမိုင်းပါမောက္ခ လုစ် Groden Luce ဒေါက်တာသန်းထွန်း တို့ကမူ အရှေ့တောင်အာရှသားတို့သည် တိဗက်မြန်မာအုပ်စုမှ ဆင်းသက်လာကြပြီး တိဗက်မြန်မာတို့မှာ တရုတ်ပြည်ရှိ ချီယန် Chi-an အနွယ်၀င်ဖြစ်သည်ဟု ဆိုကြသည်။
ချင်းတို့မှာ တိဗက် မြန်မာအနွယ်ဖြစ်သောကြောင့် ချင်းတို့ မူရင်းဒေသမှာ ချီယန်တို့ နေထိုင်ရာ တရုတ်ပြည် ကန်စု Kansu ဒေသဖြစ်ခဲ့ သည်။ ဘီစီ (၂၀၀၀)ခန့်တွင် တရုတ် တို့က မကြာခဏ၀င်ရောက် ကျူးကျော် တိုက်ခိုက်သဖြင့် တောင်ဖက်သို့ တဖြည်းဖြည်း ရွေ့ပြောင်း လာခဲ့ ကြသည်။ တချို့သည် တိဗက်မှာ နေထိုင်ကြပြီး တချို့မှာ ရွှေလီ မြစ်၊ သံလွင်မြစ်၊ ယူနန်ပြည်နယ် များမှာ၎င်း၊ တချို့မှာဟူး ကောင်း တောင်ကြားမှ မြန်မာပြည်သို့ ဆင်းသက်လာကြ သည်ဟု ဆိုကြသည်။
ချင်းလူမျိုးများသည် မွန်ဂိုလွိုက်အနွယ်၀င်များ ဖြစ်ကြ ကြောင်းကို ရှေးဟောင်းပစ္စည်း အမွေအ နှစ်ရှာ ဖွေ ကြသူများနှင့် သမိုင်းသုတေသီများ အဆိုအရ တင်ပြမည်ဆိုပါက စီလူဝီစ် (Luwis)ရေး သားသော“The tribes of Burma” Burma research Journal No(4) စာအုပ်တွင် ချင်းလူမျိုးများသည် မွန်ဂိုလွိုက်အနွယ်၀င် များဖြစ်ကြောင်း C.A Soppitt ရေးသားသော A short History of Kuki-Lusha စာအုပ်၊ Lt.col.J.Shakespear ရေးသားသော The lushai-Kuki Clan. Carry & H.N Tuck ရေးသားသော The Chin Hill နှင့် F.K.Leman ရေးသားသော The strucrute of Chin society စာအုပ်များတွင် ချင်းလူမျိုးများသည တရုတ်ပြည်မှ ဆင်းသက် လာကြပြီး တိဗက်မြန်မာ အနွယ်ဝင်များဖြစ် ကြောင်း ထို့ပြင် ချင်းအမျိုးသား ထဲမှလည်း Pu sing Khaw Khai ရေးသားသော “The Chin Their Name and Tradition စာအုပ်၊ (Central-CLCC Annual Magazine) စာအုပ်မှ ပါမောက္ခဒေါက်တာ အေးအေးငွန် ရေးသားသော ချင်းတို့၏ မှုလဇာတိ နှင့် မှုရင်းဒေသဆောင်းပါး၊ Dr. Vum Son ရေးသားသော Zo History စာအုပ် နှင့် အခြားချင်းအမျိုးသားတော်တော်များများမှလည်း ချင်းလူမျိုးတို့သည် တရုတ်ပြည်တိဗက်ဒေသမှ ဆင်းသက်လာကြပြီး မွန်ဂိုလွိုက် အနွယ်ဝင်များဖြစ်ကြောင်း တညီတညွတ်တည်း လက်ခံကြသည်။
ဗြိတိသျှစွယ်စုံကျမ်းဖော်ပြချက်အရ တရုတ်ပြည်မှ ဆင်းသက်လာကြသူများသည် အုပ်စုလေးစုခွဲရာ အာလ်တိုက် (Altaic) အော်óတိ-အာရှတစ် (Austro-Asiatic)၊ အင်-ယူရိုပီယန် (Indo-Europe) နှင့် ဆိုင်နို တိဗက်တန် (Sino-Tibetan)များဖြစ်ကြသည်။ ဆိုင်နိုတိဗက်တန် အုပ်စုတွင်း၌ ဟန်-ချိုင်းနစ် (Han-Chinese)၊ ဟွီ-ချိုင်းနစ် (Hui-Chinese)၊ မယို-ရန် (Miao-Yan)၊ ထိုင်း (Tai)၊ တိဗက်-မြန်မာ (Tibet-Burma) ဟူ၍ ပြန်လည် စိတ်ဖြာဆင်းသက်လာ ကြသည်။
မြန်မာ့သမိုင်းအဆိုအရ Tibeto-Burma အုပ်စု တွင် ရခိုင်၊ ဗမာ၊ ချင်း၊ ကချင်၊ လားဟူ၊ လီဆူး၊ လိုလို မိုဆို၊ နာဂတို့ပါ၀င်ကြသည်။ ၁၉၅၅ ခုနှစ် အင်းဝြမို့သို့ အင်္ဂလိပ် သံတမန်ကြီး၏ အတွင်း၀န်အဖြစ် လိုက်ပါလာ သော ကပ္ပတိန် ယူလီကမူ ချင်းနှင့်လူရှိုင်းလူမျိုးများသည် အင်ဒိုချိုင်းနား အနွယ်၀င် များဖြစ်ကြပြီး ကူကီး၊ နာဂ၊ ချင်းအနွယ်၀င် များဖြစ် ကြကြောင်း သိရှိရသည်ဟု ရေးသားထားပါသည်။ Dr. Vum Son. Zo History ဖော်ပြချက်အရ ချင်းစကားပြောအုပ်စု တွင် အရှို၊ ချိုး၊ ခူမီး၊ ကူကီး၊ လိုင်မီး၊ မီဇို၊ နာဂနှင့် ဇိုမီး စသည်တို့ ပါ၀င်ကြ သည်။
အခြေချ နေထိုင်လာပုံ၊
ချင်းလူမျိုးတို့သည် တိဗက်တရုတ်နှင့် မြန်မာပြည်ဆုံရာ ဟူးကောင်းချိုင့်ဝှမ်းသို့ အေဒီ (၄၀၀)တွင် ရောက်ရှိအ ခြေချပြီး ဖြစ်သည်။ ၁၁ရာစုတွင်ရေးသားသော ပုဂံကျောက်စာတွင် ချင်း တို့နေထိုင်ရာ ချင်းတွင်းမြစ်ဝှမ်းကို ဖေါ်ပြ ထားသည်။ ချင်းတို့ သည် အေဒီ (၁၄)ရာစုမှ(၁၉)ရာစုအ တွင်းရှမ်း၊ မဏိပူနှင့် မြန်မာတို့ ကျူးကျော် တိုက်ခိုက်မှု ကြောင့် ဘေးကင်းရာ ချင်းတောင် တန်းသို့ တ ဖြည်းဖြည်းရွေ့ပြောင်းနေထိုင်ခဲ့ရသည်။
အေဒီ (၇၀၀)ခန့်တွင် မုံရွာမြို့၊ စစ်ကိုင်းမြို့၊ ချင်းတွင်းမြစ်နှင့် ဧရာ၀တီမြစ်ဆုံရာဒေသသို့ ရောက်ရှိနေထိုင် လာကြသည်ကို ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ရှာဖွေသူများက ၁၉၇၂ ခုနှစ်တွင် မုံရွာမြို့အနီး၌ တူးဖော် ရရှိသော ချင်းအမျိုးသားများ အသုံးအဆောင်ဖြစ်သည့် ပြောင်ခိုင်ဖြင့် ပြုလုပ်ထားသည် ယမ်းဗူးနှင့် မြေအိုး အပိုင်းအစများအား ကြည့်ခြင်းအားဖြင့်၎င်း၊ အေဒီ(၇၅၀)ခန့်က ပုဂံခေတ်ကျောက်စာများတွင် “ချင်း” ဟူ သော အသုံးအနှုန်း သုံးစွဲခဲ့ခြင်း ကို ထောက်ရှု၍၎င်း၊ ချင်းတွင်းမြစ်ဟူသော အခေါ်အဝေါ်သည်ပင်လျှင် မြစ်ရိုးတ လျှောက် ချင်းအမျိုးသားများ နေထိုင်ကြခြင်းကြောင့်သာ ချင်းတွင်းမြစ်ဟု အမည်တွင် ခဲ့ခြင်းဖြစ်နိုင်သည်။ ချင်းတွင်းချိုင့်ဝှမ်းတွင် ချင်းဘုရား၊ ချင်းရွာ၊ ချင်းစု (ယနေ့စစ်ကိုင်း)စသဖြင့် ယနေ့တိုင် တွေ့ရှိနိုင် သေးသည်။
အေဒီ(၈၀၀) သရေခေတ္တရာမြို့ ပျက်သုန်းပြီးသည့်နောက် အေဒီ (၉၀၀)၌ လက်ရှိမြန်မာပြည်အတွင်း တန်ခိုး သြဇာကြီးသော လူမျိုးသုံးမျိုးတို့မှာ ဗမာပြည်အထက်ပိုင်းတွင် ချင်းလူမျိုး၊ အလယ်ပိုင်းတွင် ပျူလူမျို့နှင့် အောက်ပိုင်း ပဲခူးဒေသတွင် မွန်လူမျိုးတို့ဖြစ်ကြသည်။ ထို့ပြင် အေဒီ (၈၀၀-၈၅၀)ခန့်တွင် ချင်းလူမျိုးတချို့သည် ကဘော်ဒေသသို့ ပြောင်းရွေ့ခဲ့ကြသည်။ အေဒီ(၁၃)ရာစုတွင် ရှမ်းလူမျိုးများ ၀င်ရောက်ကျူကျော် လာ သဖြင့် အနောက်ဖက် တောင်တန်းဒေသသို့ တက်ပြီး ပြောင်းရွေ့အခြေချခဲ့သည်။
ချင်းတို့သည် ရှမ်းတို့က ၁၃၉၅ ခုနှစ်တွင် ကလေးမြို့ကို တည်ထောင်ပြီးနောက်ပိုင်း မှသာ ချင်းတောင်သို့ အခြေချနေထိုင်လာသည် ချင်းပညာရှင်များ၏ အဆိုအရ ချင်းတို့ ချင်းပြည်ကို အခြေချနေထိုင်ကြရာတွင် ကျင်နွေး(Ciin Nuai)ဒေသတွင် နေထိုင်ကြသူများ ကို ဇိုမီး၊ လိုင်လွန် နေထိုင်ကြသူများကို လိုင်မီး၊ လိုကျွမ်း (Lo Com) ဒေသတွင် နေထိုင်သူများမှာ မီဇိုမျိုးနွယ်စု များ ဖြစ်လာကြ သည်။ ဖလမ်းမြို့နယ်ထဲမှ Khualsim မျိုးနွယ်စုသည် အေဒီ ၁၅၇၀-၁၅၈၀ အတွင်း၊ Zahau မျိုးနွယ်စုသည် အေဒီ ၁၆၁၅-၁၆၄၀ အတွင်း အခြေချခဲ့ကြပြီး လိုင်မျိုး နွယ်စုများသည် လိုင်လွန်ဂူကို စွန့်ခွါသွားကြပြီး အေဒီ ၁၆၇၅-၁၇၀၀ အတွင်း ဟားခါးနယ်သို့၎င်း၊ ၎င်းမှတဆင့် အေဒီ ၁၇၂၅-၁၇၆၀ အတွင်း ထန်တလန်နယ်သို့၎င်း အခြေချနေ ထိုင်ကြသည်ဟု S.Za Peng က ရေးသားထားသည်။ တချို့မှာမူ တောင်ဖက်နှင့် အနောက်တောင်ဖက်သို့ ဆက်လက် ပြောင်းရွေ့အခြေချ နေထိုင်ခဲ့ကြ သည်။
ယခုချင်းပြည်နယ်တွင် အဦးဆုံး အခြေချနေ ထိုင်ကြသူများမှာ ခူမီး (သို့) မရူ (Masho) မျိုးနွယ်စုများ ဖြစ်ကြရာ လိုင်မီးမျိုးနွယ်စုများ ရောက်ရှိ လာသောအခါ တောင်ဖက်သို့ ပြောင်းရွေ့ လာခဲ့ကြ သည်ဟု ဒေါက်တာ ဝုန်ဆွန် (Dr. Vum Son) က (Zo History) စာအုပ်တွင် ရေးသား ထားသည်။ ပါမောက္ခ လုစ် မှတ်တမ်းအရ (၁၆)ရာစုအတွင်း ခူမီးမျိုးနွယ်စု သည် ယခုလက်ရှိ အခြေချနေ ထိုင်သည့် အရပ် ဒေသ၏ အရှေ့မြောက်ဖက် တောင်တန်းဒေသများတွင် အခြေချ နေ ထိုင်ခဲ့သည်။ မြို့ (Mara) မျိုးနွယ်စုသည် (၁၄) ရာစုအတွင် ရခိုင်မင်းအရိုက်အရာ ၌”မြို”မင်းတပါး တင်မြောက် ခဲ့ဘူး သည်ဟု ရခိုင်ရာဇာ၀င်ကျမ်းမှာ ရှိခဲ့ဘူး သည်။ ၎င်းတို့သည် ရခိုင်ပြည်နယ်အနှံ့အပြား စစ်တကောင်း တောင် တန်း ဒေသ (ဘင်္ဂလာ ဒေရှ့်) များတွင် အခြေချနေထိုင်ခဲ့ကြသည်။
ချင်လဲန်သည် ဧရာ၀တီမြစ် နှင့် ချင်းတွင်းမြစ်အကြားရှိမြေပြန့် နှင့် ကုန်းမြင့်များ အပါအ၀င် ပတ်ကွိုင် (Patkai) တောင်တန်းမှ၊ ဘင်္ဂလားပင်လယ်အော် နိုက်ဂရိုက်ရေလက်ကြား အထိ သွယ် တန်းနေ သောတောင်များ ပါ၀င်လျက် ပြည်ထောင်စု မြန်မာ နိုင်ငံ၏ အနောက်ဖက်တွင် တည်ရှိသည်။ တိုင်းနှင့် ပြည်နယ် များအားဖြင့် ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာ၀တီတိုင်းနှင့် ရခိုင်ပြည်နယ်များတွင် အခြေချနေ ထိုင်ကြ သည်။ အိန္ဒိယနိုင်ငံတွင် မီဇိုးရမ်ပြည်နယ်၊ မဏိပူရပြည်နယ်၊ ထရိပူရပြည်နယ်၊ မက်ကလာ ယာပြည် နယ်၊ အာသံပြည် နယ်များတွင် ပျံ့နှံ့နေထိုင်ကြသည်။ ဘင်္ဂလာဒေရှ့်နိုင်ငံရှိ စစ်ကောင်းတောင် တန်းဒေသတွင် နေထိုင်ကြသည်။ လူဦးရေ အားဖြင့် နှစ်သန်းကျော်ရှိ လိမ့်မည်ဟု ခန့်မှန်းသည်။
ကလေးကဘော်ဒေသနှင့် ယောဒေသ၊
ကလေးကဘော်၊ ချင်းတွင်းချိုင့်ဝှမ်း၊ ယောဒေသသည် မြန်မာနိုင်ငံ အတွင်းရှိ ချင်းတို့၏ မူလဌာနေတိုင်း ပြည်ဖြစ် သည်။ အေဒီ(၁၂ )ရာစုကာလ ရှမ်းလူမျိုးတို့ကဗမာကို ကျူးကျော်တိုက်ခိုက်ပြီး နောက်ပိုင်း အနောက ဖက်တောင် တန်းဒေသ၊ အနောက် တောင်ဖက်ဒေသ၊ တောင်ဖက်ဒေသများသို့ ပြန့်ကျဲနေထိုင်ခဲ့ကြ သည်။ နယ်ချဲ့အင်္ဂလိပ်တို့ က ၁၈၈၅ ခုနှစ် ဗမာပြည် သိမ်းပိုက်လိုက်သည့်အခါ ယခင်က ကလေးလွင်ပြင်ကို အုပ်ချုပ် သော ကလေးစော်ဘွါး သည်လည်း အင်္ဂလိပ်လက်ထဲသို့ ကျရောက်သွားပြီး အခွန်အတုတ်ကို အင်္ဂလိပ်အစိုးရ သို့ တိုက်ရိုက်ပေးသွင်းခဲ့ သည်။
ဗမာဘုရင်ခံချုပ်က ထိုအချိန်က ကလေးချိုင့်ဝှမ်းကို “The Little Shan State of Kale” ဟု တင်စား သမုတ်ခဲ့သည်။ စော်ဘွားမောင်ရစ်နှင့် ၎င်း၏တူတော် အရင်း မောင်ပါကြီးအကြား အာဏလူပွဲဖြစ်ကာ ဗြိတိသျှ အစိုးရ က ၁၈၈၆ ခုနှစ်၌ စော်ဘွားမောင်ရစ်အား နန်းချပြီး ၎င်းတူတော် အရင်း မောင်ပါကြီးကို ၁၈၈၇ ခုနှစ်၊ ဇနဝါရီလ (၁)ရက်နေ့၌ အစားထိုးနန်းတင်ပေးခဲ့သည်။
ဗြိတိသျှအစိုးရသည် သိမ်း ပိုက် နယ်မြေသစ်များ ဖြစ်ကြသော
(၁) ကဘော်ချိုင့်ဝှမ်းကို အထက်ချင်းတွင်း ခရိုင် အုပ်ချုပ်ရေးအောက်၌၎င်း၊
(၂) ကလေးပြည် (Kalay State)ကိုမူ ခရိုင်အရေးပိုင် ၀န်ထောက်လက်အောက်တွင်၎င်း၊
(၃) ယောဒေသကို အစဦးပိုင်း၌ ပုဂံခရိုင်အုပ်ချုပ်မှု အောက်၊ နောက်ပိုင်းတွင် ပခုက္ကူ-ချင်းတောင်တန်း ခရိုင် အတွင်းသို့၎င်း ထည့်သွင်းအုပ်ချုပ်ခဲ့သည်။ ၁၈၈၆ ခုနှစ်၌ ချင်းပြည်သည် ဗြိတိသျှကိုလိုနီ နယ်မြေသစ် များက ဝိုင်းရံထားပြီး ဖြစ် သည်။ အစပိုင်းတွင် ဗြိတိသျှအစိုးရအနေဖြင့် ချင်းပြည်ကို သိမ်းပိုက်အုပ်ချုပ်ရန် ဆန္ဒမပြင်းပြခဲ့ ပေ။ “Despite the advocacy of a “ forward policy” or complete military occupation of the territory by the frontier officer, the existing policy of “looses control and conciliation” was reaffirmed in the belief that the expedition had convince the Chin of the inadvisability of further raids on british subjects…” ကြောင်းမှာ ချင်းပြည်သည် တောင် တန်းများဖြင့် ပြည့်နှက်နေပြီး ခေါင်းခိုက် (Unprofitable, barren hill)သောကြောင့် ၎င်းတို့အတွက် အကျိုးအမြတ် မရှိလှဟု ယူဆသော ကြောင့်ပင် ဖြစ်သည်။ ၎င်းတို့ အနေဖြင့် နယ်မြေသစ် အကာအကွယ်ပေးရေး ပေါ်လစီအရ အကောင်အထည် ဖော်ခြင်း မျှသာ ဖြစ်သည်။
ထိုအချိန်၌ ဗမာမင်းနန်းချခံပြီးဖြစ်ရာ ကလေးရှမ်းစော်ဘွားကို အကာအကွယ်ပေးနိုင်တော့မည် မဟုတ်ကြောင်း ချင်းခေါင်း ဆောင်များအနေဖြင့် သိရှိလာသည့်အခါ ၎င်းနယ်မြေအား ပြန်လည်သိမ်းပိုက်ရန် အခွင့်အခါ ကောင်းဟု ထင်မြင် ယူဆ လာကြသည်။ ဤသို့ဖြင့် ချင်းခေါင်းဆောင်များက ကလေးက ဘော်ဒေသနှင့် ယောဒေ သကို အကြိမ် ကြိမ် ထိုးစစ်ဆင်နွဲခဲ့ကြသည်။
သို့ဖြစ်၍ Captain Raike က Deputy commissioner of upper Chindwin အားစေလွတ်ပြီး ဇိုမီးအကြီး အကဲများ ထဲမှ သြဇာအရှိဆုံး စီယန်းအကြီးအကဲ ခိုင်ကမ်း (Khai Kam) အား တွေ့ဆုံဆွေးနွေး စေခဲ့သည်။ စီယန်းအကြီး အကဲသည် ၎င်းကိုယ်တိုင်မသွားပဲ သူရဲကောင်း(၄)ဦး စေလွတ်၍ တွေ့ဆုံစေခဲ့ သည်။ ၁၈၈၇ ခုနှစ်၊ ဒီဇင်ဘာလ (၁၇)ရက်နေ့၌ ကလေး ဘုန်းကြီးကျောင်း၌ နှစ်ဦးနှစ်ဖက်ဆွေးနွေးခဲ့ကြသည်။
DC အနေဖြင့် စော်ဘွားမော်ငပါကြီးအား ကလေးအုပ်ချုပ်ရေးမှုး (Governor of Kale)အဖြစ် အသိအမှတ်ြုပကြောင်း ၎င်း သည် ဗြိတိသျှအစိုးရအား သစ္စာခံသူဖြစ်ရာ Kam Hau, Sizaang ကိုယ်စားလှယ်များက နောက်နောင်တွင် ဆက်လက် မတိုက်ခိုက်ရန် အကယ်၍ တိုက်ခိုက်ပါက ဗြိတိသျှအစိုးရအား ရန်ြုပသည်ဟု သဘောထားမည် ဖြစ်ကြောင်း၊ ဖမ်းဆီးထားသော စစ်သုံ့ပန်းများကို ဒီစီထံ မအပ်နှင်းပါက အကြီးအကဲများ၏ တာ၀န် သာ ဖြစ်ကြောင်း၊ လွတ်ပေးလျှင်လည်း လျော်ကြေးပေးရ မည်ဖြစ်ကြောင်း၊ အချုပ်အားဖြင့်ဆိုလျှင် ကလေးနယ်ကို ဆက်လက်မတိုက် တော့ရန်နှင့် ကျွန်များမဖမ်းဆီး တော့ရန် သတိပေးပြီး အခုလက်၀ယ်ပိုင်ဆိုင်ထားသော ကျွန်များကိုမူ စော်ဘွားအား တရား၀င်အသိအမှတ်မြုပမှီ ဖမ်းဆီးထား သူများ ဖြစ်သဖြင့် ဆက်လက်ထား ရှိနိုင်ကြောင်း၊ စစ်တကောင်း နှင့် ကလေးကြား ကုန်သွယ်ရေးလမ်းကြောင်း ဖွင့်ထားလိုကြောင်း နှင့် လေသာ တောင်ကြောကို စူးစမ်းလေ့လာလို ကြောင်း တင်ပြခဲ့ သည်။ ချင်းပိုင်နက်အတွင်း လှုပ်ရှားသွားလာ သည့်အခါ အနှောင့်အယှက် မပေးရန်နှင့် လမ်းပြနှင့် ကူလီများပေးရန် တောင်းဆိုသည်။
ချင်းကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် Tun Suang က ပြန် လည်တုံ့ပြန်ပြောကြားရာတွင် ကျနော်တို့အနေဖြင့် ကလေး အုပ်ချုပ်ရေးမှူးနှင့် မိတ်ဖက်ဆက်ဆံသွားမည်ဖြစ်ကြောင်း၊ စစ်တ ကောင်းလမ်းကြောင်းသည် Zomi ပိုင်နက်မဖြတ်သန်းပဲ Laimi ပိုင်နက်သာ ဖြတ်သန်းမည်ဖြစ်သဖြင့် Laimi အကြီးအကဲများနှင့်သာ ဆွေးနွေး သင့်ကြောင်း၊ ၎င်းအနေဖြင့် Sizaang နယ်မြေအား ဗြိတိသျှအစိုးရက လာရောက်စူးစမ်းခြင်းကို ကန့်ကွက် ကြောင်း၊ လေသာတောင်ကြောကိုမူ သွားရောက်ခွင့်ပြုနိုင်ကြောင်း၊ အကယ်၍ လာရောက်ခဲ့လျှင် Sizaang အကြီးအကဲ များကို ကြိုတင်အသိပေးသင့်ကြောင်း၊ အကြောင်းမှာ ကလေးသူငယ်များနှင့် မိန်းမများ လန့်ဖြန့်နိုင် သောကြောင့် ဖြစ်သည် ဟုပြန်လည် တင်ပြခဲ့သည်။ ဆွေးနွေးပွဲ ထမြောက်အောင်မြင်ခဲ့ သည်။
နောက်တဖန် ကလေးမြို့မှ အင်းဒင်သို့ သွားရောက်ပြီး Tlaisun Democritic Council အဖွဲ့၀င်က Pu Con Bikု အား ဖိတ်ခေါ်ခဲ့သည်။ ၁၈၈၈ ခုနှစ်၊ ဇနဝါရီလ (၃)ရက်နေ့၌ Con Bik သည် အင်းဒင်ရွာသို့ မသွားပဲ နယ်စပ်ရွာ Sihaun အထိ သွားရောက်တွေ့ဆုံသည်။ ဆွေးနွေးသည့် အကြောင်းအရာ များမှာ Governor of Kale အသိအမှတ်ြုပခြင်း၊ ကလေး ဒေသအား Sizaang တို့က တိုက်ခိုက်ခြင်း၊ စစ်တကောင်း- ကလေးကုန်သွယ်ရေး လမ်းကြောင်းသည် ချင်းပြည်အရှေ့ဖက် (Shan) Kale နှင့် ချင်းပြည်အနောက်ဖက်ခြမ်း စစ်တကောင်း အကြား ကုန်သွယ်ရေးလမ်းမဖွင့်ရန်နှင့် ပဏာမအဆင့်အနေဖြင့် Tlaisun တောင်တန်းဒေသကို စူး စမ်းလေ့လာခွင့်ပြု ရေးတို့ ပါ၀င်သည်။
Con Bik အနေဖြင့် ဗြိတိသျှအစိုးရက ၎င်းနယ်မြေသိမ်းပိုက် မည်ကို သတိမထားခဲ့ပေ။ ထို့ကြောင့် ၎င်းကိစ္စအား အခြား ကောင်စီ၀င်များနှင့် ဆွေးနွေးညှိနှိုင်းချိန်ပေးရန် တောင်းဆိုခဲ့ သည်။ အစည်းအဝေးပြီးဆုံး သည့်အခါ Major Macgregor (အစည်းအဝေးတက်ရောက်သူ)က ၎င်းတို့ကို လိုက်ပို့ပေးသော Gurkha လုံခြုံရေးတပ် များကို သေနတ်ဖောက်ခြိမ်းခြောက် စေခဲ့သည်။ Tlaisun တို့အနေဖြင့် ဗြိတသျှအစိုးရလက်သို့ မအပ်နှံလျှင် ဤသို့ကြုံရဖွယ်ရှိကြေင်း ပြသလိုက်ခြင်းပင်ဖြစ် သည်။ ဤကိစ္စသည် Con Bik အား အလွန်စိတ် ပျက်စေခဲ့ သည်။ ဗြိတိသျှတို့ကမူ ချင်းတော်လှန်ရေးအဖွဲ့အား မြူဆွယ်နိုင် လိမ့်မည်ဟု ယုံကြည် ယူဆကြသည်။
ဤအစည်းအဝေးအပြီး Captain Raike သည် Gan Kaw Valley သို့ ခရီးဆက်သည်။ Haka နှင့် Zokhua (Lai Tribes) အကြီးအကဲနှင့်တွေ့ဆုံရန် ရည်ရွယ်ခဲ့သော်လည်း Captain Egre နှင့် တွေ့ဆုံပြီး ကြောင်း သိရှိသဖြင့် စစ်ကြောင်းပြန်ခေါက်သွားသည်။ Captain Egre သည် Haka, Zokhua အကြီးအကဲ များနှင့် တွေ့ဆုံဆွေးနွေးရန် ဆက်သား(၃)ဦး စေလွတ်ခဲ့သော်လည်း ၎င်းတို့အနက် (၂)ဦး အသတ်ခံပြီး Zokhua အကြီးအကဲ အမြှောင်မယား (ဗမာမ)၏ သား Shwe Hlaing သည် သူ့မိခင်၏ ကူညီဖေးမမှုဖြင့် လွတ်မြောက်ပြီး ရခိုင်တောင်တန်းဒေသ သို့ ထွက်ပြေးလွတ် မြောက်စေခဲ့သည်။ ဤအဖြစ်အပျက်သည် Haka & Zokhua ၊ အင်္ဂလိပ် ဆက်ဆံရေးကို မည်သို့မျှ မထိခိုက်ခဲ့ပေ။
Lai tribes တွင် တန်ခိုးသြဇာကြီးမားသော Hakha Bawi က ယောနယ်ကို တိုက်ခိုက်ပြီး (၈)ဦး ကို သတ်ဖြတ်ကာ (၄၈)ဦးအား ကျွန်အဖြစ် ဖမ်းဆီးခဲ့သည်။ ဗိုလ်ကြီး Raikes နှင့် Sizaang အကြီးအကဲ Khai Kam တို့အကြား စေ့စပ်ဆွေးနွေးခဲ့သော်လည်း Khai Kam က ကလေးရှိ Shan လူမျိုးကို တိုက်ခိုက် ခဲ့ပြန်သည်။ တဦးကိုသတ်ပြီး (၄)ဦးကို ကျွန်အဖြစ် ဖမ်းဆီးခဲ့သည်။
၁၈၈၈ ခုနှစ် အစောပိုင်းကာလက Tlaisun တို့အနေဖြင့် ကလေးလွင်ပြင်ကို နှစ်ကြိမ်ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့သည်။ အောက်တိုဘာလအတွင်း Tlaisun က တကြိမ်၊ Sizaang ကငါးကြိမ်၊ Kam Hau ကတကြိမ် တိုက် ခိုက်ပြီး (၁၂)ရက်အတွင်း ချင်းလူမျိုးက ရှမ်းလူမျိုး(၁၁၂)ဦးကို ကျွန်အဖြစ် ဖမ်းဆီးပြီး (၁၂)ဦး သတ်ဖြတ်သည်။ (၁၄)ဦး ဒဏ်ရာရစေခဲ့သည်။ ဤသို့ဖြင့် ခမ်းပတ်မြို့ကို တိုက် ခိုက်ဖျက် ဆီးနိုင်ခဲ့ပြီး ကလေးမြို့ရှိ လူနေအိမ် (၃၇)အိမ် မီးလောင်ပြာကျ စေခဲ့သည်။
အခြေအနေပိုမိုဆိုးရွားစေသော အချက်တချက်မှာ ချင်းတွင်း၊ မြင်းခြံ၊ ပုဂံခရိုင်များတွင် ဗြိတိသျှအစိုးရ ကို ၁၈၈၇ ခုနှစ်အတွင်း ပုန်ကန်ထကြွသူ ရွေချိုးဖြူမင်းသားအား Tlaisun အကြီးအကဲ များထံ ခိုလှုံခွင့်ပေးခြင်းပင် ဖြစ်သည်။ သို့ဖြစ်၍ ဗြိတိသျှအစိုး ရက Tlaisun အကြီးအကဲထံ ရွေချိုးဖြူမင်းသားနှင့် အပေါင်းပါ တို့ကို အပ်နှံရန်နှင့် Sizaang အကြီးအကဲ Khai Kam ထံ ၎င်းဖမ်းဆီးထားသေား စစ်သုံ့ပန်းများ ပြန်လည်လွတ် ပေးရန် ရာဇသံပေးခဲ့သည်။
၎င်းရာဇသံကို ချင်းခေါင်းဆောင်များအနေဖြင့် ပြတ်ပြတ်သား သား ငြင်းဆန်ခဲ့ကြသည်။ ကလေး-က ဘော်နှင့် ဂန့်ဂေါနယ်ကို ထပ်မံသိမ်းပိုက်ရန် ပြင်ဆင်ကြသည်။ ၎င်းတို့သတိမမူမိသည့် အချက်တခုမှာ အင်အား ကြီးမားသော ဗြိတိသျှတပ်တွေ ဝိုင်းရံထားပြီး မကြာမီကာလအတွင်း လာရောက်ကျူးကျော် တိုက်ခိုက်လာ မည့် အရေးဖြစ်သည်။ ၎င်းတို့အခေါ် White Chief များအား လွယ်လင့်တကူ တွန်းလှန်နိုင်မည်ဟု ယူဆကြ သည်။
ထို့အပြင် ဗမာမင်းများ နန်းစွန့်သည့် အချိန်ကစပြီး ဗမာမင်း သားတပါး ၎င်းတို့လက်အောက်၌ ခိုလှုံနေ သည်က တကြောင်း၊ ချင်းလူမျိုးများအနေဖြင့် ထိုအချိန်ကာလသည် လက်နက် အင်အားအတော်အတန် ပိုင်ဆိုင် လာကြပြီး ဖြစ်သဖြင့် ၁၃ ရာစုအစောပိုင်းကာလက ရှမ်းတို့သိမ်းပိုက်ခဲ့သော ကလေး ကဘော်နှင့် ဂန့်ဂေါဒေသ တခုလုံးကို ရှမ်းလူမျိုးများလက်မှ ပြန်လည်ရယူနိုင်မည့်အချိန်အခါကောင်းဟု ယူဆခဲ့ကြသည်က တကြောင်းတို့ကြောင့် ချင်း လူမျိုးများအနေဖြင့် နိုင်ငံရေး အံတုယှဉ်ပြိုင်နိုင်ပြီ ဖြစ်သည်။ ထို့ကြောင့် ကလေးက ဘော်ဒေသမှ ရှမ်းလူမျိုးများ အတွက် မြေပြန့်ဗမာလူမျိုး၏ အကာအကွယ်ရယူသည့် အခြေအနေထိ ဆိုက် ရောက် စေခဲ့ သည်။
အစမူလက ဗြိတိသျှအစိုးရသည် နယ်မြေသစ်အကာအကွယ် ပေးရေးပေါ်လစီချမှတ်ပြီး ကလေး-ကဘော်နှင့် ယောဒေသများ ကို အကာအကွယ်ပေးရုံသာ အကောင်ထည်ဖော် ဆောင်ရွက်ခဲ့ သည်။ Carry ၏ မှတ်ချက်အရ Unprofitable, barren hills ကို ဗြိတိသျှအစိုးရက သိမ်းပိုက်ရန် စိတ်မကူးခဲ့ပေ။ သို့သော် Sizaang ချင်းတွေက မြေပြန့်မှ မီးရှို့ဖျက်ဆီးခြင်း၊ သတ်ဖြတ်ခြင်း၊ အကြိမ်ကြိမ်ပြုလုပ်ခဲ့သည်။ ထိုနည်းတူ Sukte တွေကလည်း ကဘော်လွင်ပြင်ကို တိုက်ခိုက်ခြင်း၊ Tlaisun တွေက ကလေးလွင်ပြင်တိုက်ခိုက်ခြင်း၊ Hakha နှင့် Zokhua တို့က ဂန့်ဂေါလွင်ပြင် တိုက်ခိုက်ခြင်းတို့သည် ဗြိတိသျှအစိုးရအား ချင်းပြည်ကို သိမ်းပိုက် ရန် အကြောင်းဖန် လာစေခဲ့ သည်။
ဗြိတိသျှ – ချင်း ကျူးကျော်စစ်
အင်္ဂလိပ်တို့သည် ချင်းလဲန်ကို တတိယအကြိမ် ကျူးကျော်စစ်ဆင်နွဲပြီးမှ သိမ်းပိုက်နိုင်ခဲ့သည်။ ပထမ ကျူး ကျော်စစ်ကို ၁၈၇၁ ခုနှစ်မှ စတင်ခဲ့ပြီးဒုတိယကျူးကျော်စစ်ကို ၁၈၈၈ ခုနှစ်မှ စတင်ဆင်နွဲခဲ့ပြန်သည်။ တတိယ ကျူးကျော်စစ်ကို ၁၈၈၉ ခုနှစ်မှ စတင်ဆင်နွဲခဲ့ပြန်ရာ ၁၈၉၆ ခုနှစ်တွင် ချင်းတောင်အများစုကို သိမ်းပိုက်ပြီး ၎င်းဒေသကို ချင်းတောင်တန်းအက်ဥပဒေဖြင့် ပြဌာန်းအုပ်ချုပ်ခဲ့သည်။ ၁၈၉၄ က ၀င်ရောက်မ စွက်ဖက်ရေး မူဖြင့် ချမှတ်ချန်လှပ်ထား သော ဒေသများကို ၁၉၂၀၊ မေမြို့ဗြိတိသျှအုပ် ချုပ်ရေးမှူးများ အစည်း အဝေးက ဖျက်သိမ်းပြီး ၎င်းချန်လှပ်ထား သော ဒေသများအား ၁၉၂၇ ခုနှစ်တွင် အပြီးအပိုင် သိမ်းပိုက်ခဲ့ သည်။