03/09/2025
ကျွန်မ အိမ်နားကကောင်လေးကို ရဲခေါ်အပ်ဖို့ လက်မတင်လေး ဖြစ်ခဲ့ပါတယ်။
မနက်စောစော အချိန်မှန် ၆:၁၅ မိနစ်ဆို၊ သူ့အခန်းကနေ တံခါး အဖွင့်အပိတ်လုပ်တဲ့ ကျယ်လောင်တဲ့ အသံတွေ၊ အော်ဟစ်နေတဲ့ ဆူညံသံတွေ၊ တစ်ခါတစ်လေ နံရံကိုတစ်ခုခုနဲ့ အားနဲ့ရိုက်လိုက်တဲ့ အသံလိုမျိုး၊ အသံတွေလည်း ကြားရပါတယ်။
ကျွန်မတို့ တိုက်ခန်းတွေရဲ့ နံရံတွေကလည်း ပါးလွှာကြပါတယ်။
သုံးလွှာမှာနေတဲ့ ကျွန်မရဲ့သူငယ်ချင်း မစ္စ ဂေဗယ်လ် (Mrs. Gable) ကတော့
" ဒါတွေဟာ “ လူငယ်တွေရဲ့ မရိုသေမှု” လို့ ပြောပါတယ်။ ''
မစ္စတာ အက်ဒ်ဝပ် (Mr. Edward) ကတော့ သူ့မနက်ခင်းမှာ၊ ဆီးသီးဖျော်ရည်ကို သောက်ရင်း
“ဒီခေတ်ကလေးတွေကတော့ဗျာ... ” လို့ ခပ်တိုးတိုး မကြေ မနပ်ရေရွတ်နေတယ်။
ကျွန်မလား။
ကျွန်မကတော့ အသံတွေမကြားရအောင် စောင်ကို ခေါင်းပေါ်ဆွဲတင်၊ ရင်တွေတဒုတ်ဒုတ်ခုန်ရင်း ၊ ဘယ်အချိန်မှာ၊ ဘယ်သူကတိုင်လို့ ရဲတွေက သူ့ကိုလာခေါ်သွားမလဲလို့ တွေးနေတတ်ပါတယ်။
ကျွန်မ အခုပြောနေတဲ့ ကောင်လေးရဲ့ နာမည်က ဒါရီယပ်စ် (Darius) ပါ။
အသက်ကတော့ ၁၇ လောက်ပဲ ရှိပါဦးမယ်။
အမြဲတမ်း ပင်ပန်းနွမ်းနယ်နေပုံရပြီး မျက်လုံးအောက် မှာလဲ ပေါက်ပြဲ ဒဏ်ရာတွေလိုမျိုး ရှိနေတတ်ပါတယ်။
ဘယ်တော့မှ သူမပြုံးပါဘူး။
ကျောပိုးအိတ်တစ်ဖက်ကို လွယ်ပြီး ကျောင်းတက်ဖို့ အိမ်ကနေ အမြဲအလျင်စလို ထွက်တတ်တယ်။
ပါးစပ်မှာလည်း ပေါင်မုန့်မီးကင်တစ်ခြမ်းကို ဝါးထားပြီး၊ တစ်ခါတစ်ရံ ဆေးရုံ၊ဆေးခန်းတွေမှာ ရတဲ့ ဆေးအနံ့တွေ သူ့ဆီက လွင့်နေတတ်ပါတယ်။
ကျွန်မတို့က သူနဲ့ပတ်သတ်ရင် အဆိုးဆုံးကိုပဲ မှတ်ချက်ချထားခဲ့တာပါ။
ဒီကောင်လေးက အလုပ်လုပ်ချင်စိတ်မရှိသူ။ ပျင်းရိသူ။
မကောင်းတာတွေ လုပ်ကိုင်နေမှာပဲ။ မဟုတ်ရင်လည်း နေမထွက်ခင် ဘာလို့ အဲဒီလောက် ဆူညံနေရတာလဲ။
ဒီလိုနဲ့ အင်္ဂါနေ့တစ်ရက်မှာ ကျွန်မရဲ့ ပစ္စည်း ပါတဲ့အိတ်ဟာ သူ့အခန်းတံခါးအပြင်ဘက်မှာ လွတ်ကျသွားပါတယ်။
အထဲက ပစ္စည်းတွေအားလုံး ပျံ့ကျဲကုန်တာပေါ့။
ကြက်ဥတွေ၊ နို့ပုလင်းတွေ၊ ကျွန်မရဲ့မြေးတွေဝယ်ပေးထားတဲ့ ဆန်မှုန့်တွေ... အိတ်ထဲက ပစ္စည်းတွေက ဟိုတစ်စ ဒီတစ်စပေါ့။
လက်တွေတုန်တုန်နဲ့ ကောက်နေတုန်း ကောင်လေးကို တွေ့တော့ ၊ သူက ပုံမုန်လိုပဲ ဖြတ်သွားမယ်လို့ ကျွန်မထင်ခဲ့တယ်။
ဒါပေမဲ့ သူရပ်သွားတယ်။
တကယ်ကို ရပ်လိုက်တာ။ သူ့မျက်လုံးတွေက ဒေါသထွက်နေတာမျိုး မဟုတ်ဘူး။ ကြောက်နေသလိုပါ။ ပြီးတော့... အင်မတန် ပင်ပန်းနွမ်းလျနေသလိုပေါ့။
“အိုး မစ္စ အီဗန်၊ ကျွန်တော် ကူညီပါရစေ” လို့ သူ့အသံက ကြမ်းပေမဲ့ နူးညံ့စွာ ပြောလာတယ်။ သူဒူးထောက်လိုက်ပြီး လျင်မြန်စွာ၊ ဂရုတစိုက်နဲ့ ပျံ့ကျဲနေတဲ့ပစ္စည်းတွေကို သိမ်းပေးပါတယ်။
သူ့လက်တွေက ပိန်လှီပြီး အနည်းငယ် တုန်နေတယ်။
နောက်ဆုံးကြက်ဥကို ကျွန်မလက်ထဲ ထည့်ပေးလိုက်တဲ့အချိန်မှာ ကျွန်မ တစ်စုံတစ်ခုကို မြင်လိုက်ရတယ်။
သူ့လက်မောင်းအောက်ကနေ ထွက်နေတဲ့ သေးငယ်ဟောင်းနွမ်းနေတဲ့ ဆေးရုံကဒ်ပြားသေးသေးလေးတစ်ခု။ သူ့ဟာတော့မဟုတ်ဘူး။ အရမ်းသေးလွန်းတယ်။ ''ကလေးများ ကင်ဆာကုဌာန ''လို့ ရေးထားတယ်။
ကျွန်မရဲ့ လည်ချောင်းတွေ ခြောက်သွားတယ်။
“မင်းရဲ့... မင်းရဲ့ညီမလား” လို့ ကျွန်မ တီးတိုးမေးလိုက်မိတယ်။
သူ့မျက်နှာကို ငုံ့ပြီး လက်တွေကို ဂျင်းဘောင်းဘီပေါ် ပွတ်သုတ်လိုက်ရင်း...
“အမေပါ” လို့ သူပြောလိုက်တာက တော်တော်လေး တိုးလွန်းလို့ ကျွန်မ၊ မကြားလိုက်ရသလို ဖြစ်သွားတယ်။
“သွေးကင်ဆာလေ။ အဆင့်သုံး... ဆေးသွင်းနေရတာ။ ကျွန်တော် အမေ့ကို ဂရုစိုက်ရတယ်၊ ဆေးတွေတိုက်၊ မနက်စာကျွေး၊တတီတီမြည်တဲ့ ဆေးသွင်းတဲ့စက်ကို ချိန်ညှိပေးရတယ်၊ ဒါတွေအားလုံး ပြီးမှ စားသောက်ဆိုင်မှာ အလုပ်လုပ်ဖို့ ဘတ်စ်ကားစီးရတယ်။ ကျောင်းမတတ်ခင် ကျွန်တော်က အလုပ်လုပ်ရတယ်...''
" တစ်ခါတစ်လေ အမေက အိပ်ပျော်နေရင်း မှားပြီး လှုပ်လိုက်မိရင် ဆေးသွင်းစက်က အချက်ပေးသံမြည်တယ်။ ဒါမှမဟုတ် သူ့အတွက် အထိုင်အထ အကူအညီလိုတာမျိုး၊ အဲဒါတွေက...ကျွန်တော်တို့အခန်းက မြည်နေတဲ့အသံတွေပါ..''
အပြုံးကို အတင်းဖန်တီးလိုက်သော်လည်း ဝမ်းနည်မှုကြောင့် အသံတိုးသွားပြီး...
“ အသံတွေကျယ်သွားတဲ့အတွက် တောင်းပန်ပါတယ် ခင်ဗျာ။ ကျွန်တော် တတ်နိုင်သမျှ တိတ်တိတ်လေး လုပ်ဖို့ ကြိုးစားပါတယ်။ ဒါပေမဲ့... ဒုက္ခရောက်နေချိန်မှာ အရာရာဟာ တည်ငြိမ်ဖို့ ခက်ခဲပါတယ်”
သူ တံခါးတွေကို တမင်ဆူညံအောင် လုပ်တာ မဟုတ်ပါခဲ့ဘူး။ သူ့ဘဝအတွက် ၊ သူ့အမေအသက်အတွက် ပြေးလွှားနေခဲ့တာပါ။
ကျွန်မ ကုန်စုံအိတ်ကိုကိုင်ပြီး၊ အဲဒီနေရာမှာ ရပ်နေခဲ့ပါတယ်။
ကျွန်မကိုယ်ကျွန်မ ကမ္ဘာပေါ်မှာ တော်တော်မိုက်မဲသော လူမိုက်တစ်ယောက်လို့ ခံစားခဲ့ရပါတယ်။
အကြောင်းစုံ သေချာ မသိဘဲ ကောင်လေးအပေါ်မှားယွင်းစွာ ထားခဲ့တဲ့ ဆုံးဖြတ်မှုတွေ ၊ဒေါသတွေအားလုံး အတွက်ပါ။
ဝန်ထုပ် ဝန်ပိုးကြီးကို သူ့ရဲ့ပိန်လှီတဲ့ ပခုံးနှစ်ဘက်မှာ သယ်ထားရတဲ့ ကောင်လေးတစ်ယောက်အတွက်ပါ။
သူ့အမေကို အသက်ရှင်အောင် ထားဖို့ ကြိုးစားနေတဲ့ ကောင်လေးတစ်ယောက်အတွက်ပါ။
နောက်တစ်နေ့ ကျွန်မ တံခါးခေါက်လိုက်တယ်။
ကျွန်မအခန်းတံခါး မဟုတ်ဘူး။ သူ့အခန်းတံခါးကိုပါ။
ကျွန်မရဲ့မိတ်ဆွေ ဖြစ်သူ.. ဘာ့တ် (Bert) အမြဲသောက်နေကျ လက်ဖက်ရည်ပြင်းပြင်းတစ်ခွက်နဲ့ အနည်းငယ် မီးများသွားတဲ့၊ သစ်ကြံပိုးခေါက် ပေါင်မုန့်တစ်ပန်းကန်ကို ယူလာခဲ့ပါတယ်။
“လမ်းမှာ စားပါ” လို့ ကျွန်မ အားနာစွာပြောလိုက်တယ်။
သူ့မျက်လုံးတွေ ပြူးသွားတယ်။ သူအများကြီး မပြောခဲ့ပါဘူး။
“ကျေးဇူးတင်ပါတယ် မစ္စအီဗန်၊ တကယ်တင်တာပါ” လို့ ခပ်တိုးတိုးပဲ ပြောခဲ့တယ်။
ဒါပေမဲ့ သူ့မျက်လုံးထဲက အကြည့်မှာ... ကျေးဇူးတင်ရုံသက်သက် မဟုတ်ပါဘူး။ စိတ်သက်သာရာရသွားတာပါ။ နောက်ဆုံးတော့ တစ်စုံတစ်ယောက်က သူ့ကို မြင်လိုက်ရသလိုပေါ့။
နောက်တစ်ကြိမ် လူကြီးတွေအစည်းအဝေးမှာ မစ္စဂေဗယ်လ်က...
“အဲဒီကောင်လေးရဲ့ ဆူညံသံ” အကြောင်း ထပ်ပြောလာတဲ့အခါ ကျွန်မ တိတ်တိတ်လေး မနေတော့ပါဘူး။
ကျွန်မရဲ့အသံက တုန်ခါနေတယ်၊ ဒါပေမဲ့ ကျွန်မ ပြောလိုက်ပါတယ်။
“ဒါရီယပ်စ်က ကျွန်မတို့ကို တမင် ဆူညံအောင် လုပ်တာ မဟုတ်ပါဘူး။ သူ့အမေအတွက် ဆူညံနေရတာပါ။ သူ့အမေက ကင်ဆာ ရောဂါ သည်ပါ။ သူ ကျောင်းမတက်ခင် သူ့အမေကိုကူညီဖို့ အလုပ်လုပ်နေတာ” ပါ။
အစီးအဝေးအခန်းဟာ အပ်တစ်ချောင်း ပြုတ်ကျသံတောင် ကြားရလောက်အောင် တိတ်ဆိတ်သွားတယ်။
မစ္စဂေဗယ်လ်ရဲ့မျက်နှာက နီရဲပြီး ဖြူဖျော့သွားတယ်။ မစ္စတာအက်ဒ်ဝပ်က သူ့လက်တွေကိုပဲ ကြည့်နေတယ်။
ဒီအပြောင်းအလဲက မီးရှူးမီးပန်းတွေလို ချက်ချင်းတောက်၊ ချက်ခြင်းပျောက် မဟုတ်ခဲ့ပါဘူး။
တိတ်ဆိတ်ပေမယ့် ရေက လမ်းကြောင်းအသစ်ရှာနေသလိုမျိုးပါ။
တံခါးရိုက်ပိတ်သံတွေ မရပ်ခဲ့ဘူး၊ လိုအပ်ချက်က ရှိနေသေးပေမဲ့ ဒီအခန်းပေါ် စီရင်ဆုံးဖြတ်မှုတွေကတော့ ရပ်တန့်သွားခဲ့ပါတယ်။
တစ်ယောက်ယောက်က သူ့အမေအတွက် နွေးထွေးတဲ့ စောင်တစ်ထည်ကို သူ့အခန်းတံခါးနားမှာ ထားခဲ့တယ်။
စားသောက်ဆိုင်မန်နေဂျာက ဖုန်းခေါ်လာခဲ့တယ်။ ဒါရီယပ်စ်က အလုပ်ချိန်အတွင်း မတ်တပ်ရပ်ရင်း အိပ်ပျော်နေတာကို တွေ့တော့ သူ့ရဲ့ အလုပ်ဆင်းချိန်ကို ကျောင်းချိန်ပြီးမှ လုပ်ရတဲ့ အချိန်ကို ပြောင်းပေးပါတယ်။
လေးလွှာမှာနေတဲ့ အငြိမ်းစားသူနာပြုတစ်ယောက်က နေ့ဘက်တွေမှာ သူ့အမေဆီသွားပြီး ကြည့်ရှု့ပေးပါတယ်။
သိပ်ကြီးကြီးကျယ်ကျယ် မဟုတ်ပါဘူး။ ရိုးရိုးလေး... သိမြင်လိုက်ရုံပါပဲ။ အခုတော့ ကျွန်မတို့လည်း သိနေပြီဖြစ်လို့ အသေးအမွှားလေးတွေကို ဝိုင်းလုပ်ပေးကြတယ်။ ဒါပါပဲ။
ဒါရီယပ်စ်ရဲ့အမေကတော့ တိုက်ပွဲဝင်နေဆဲပါ။ ခက်ခဲပါတယ်။ ဒါပေမဲ့ ဒါရီယပ်စ်က အခု နည်းနည်းပိုပြီး ခေါင်းမော့နေနိုင်ပါပြီ။
သူ ကျွန်မကို ဖြတ်သွားတဲ့အခါ တစ်ခါတစ်ရံ ပြုံးပြတတ်တယ်။ တကယ့်အပြုံးပါ။
တိုက်ထဲက ကျွန်မတို့ သက်ကြီးရွယ်အိုတွေလည်း အဆစ်အမြစ်ရောင်ရောဂါထက်၊ ပိုခက်ခဲတဲ့အရာတစ်ခုကို သင်ယူလိုက်ရတယ်။
" ကျယ်လောင်တဲ့ အသံက အမြဲတန်း ပြဿနာမဟုတ်တတ်ဘူး။
တစ်ခါတစ်ရံ၊ အဲဒါက တခြားတစ်ယောက်ရဲ့ တိတ်ဆိတ်တဲ့ ရုန်းကန်မှုအသံဖြစ်နေနိုင်တယ်ဆိုတာပါ။ ''
U Khin Zaw ( ဘာသာပြန် )