09/09/2022
မြန်မာနိုင်ငံမှာ ကြီးမားတဲ့ ဓာတ်ငွေ့သိုက်တွေ တွေ့ရှိထားလို့လာရောက်ရင်းနှီးမြှုပ်နှံကြဖို့ စစ်ခေါင်းဆောင်ဖိတ်ခေါ်
မြန်မာနိုင်ငံမှာ ကုဗေပ ၂ ထရီလီယံကျော်ထွက်ရှိမယ့် ဓာတ်ငွေ့သိုက်တစ်ခု တွေ့ထားသလို မကြာခင်စီးပွားဖြစ်တူးဖော်ထုတ်ယူနိုင်တော့မှာဖြစ်သလို နောက်ထပ် ပိုမို ကြီးမားတဲ့ ဓါတ်ငွေ့သိုက်တစ်ခုကိုလည်းတူးဖော်နိုင်မယ့် အလားအလာရှိနေလို့ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုတွေလာလုပ်ကြဖို့ စစ်ကောင်စီဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ရုရှားနိုင်ငံမှာကျင်းပတဲ့လုပ်တဲ့အရှေ့ဖျားစီးပွားရေးဖိုရမ်မှာ မနေ့ စက်တင်ဘာ ၈ ရက္က မိန့်ခွန်းပြောကြားစဉ် ထည့်သွင်းဖိတ်ခေါ်ခဲ့ပါတယ်။
လက်ရှိမှာလည်း ဘင်္ဂလားပင်လယ်အော်မှာ သဘာဝဓါတ်ငွေ့ ၂ ထရီလီယံကုဗပေကျော်တွေ့ထားပြီး ကြီးမားတဲ့ ဓါတ်ငွေ့သိုက်တွေလည်း တူးဖော်နိုင်မယ့်အလားအလာရှိနေလို့ လာမယ့်သုံးနှစ်အတွင်း သဘာဝဓါတ်ငွေ့ကိုအခြေခံတဲ့ စက်မှုလုပ်ငန်းတွေဖြစ်တော့မှာလို့ သူ့မိန့်ခွန်းမှာထည့်ပြောနေပါတယ်။
ဒါ့အပြင် နိုင်ငံခြားရင်းနှီးမြှုပ်နှံလိုသူတွေအဆင်ပြေဖို့ လိုအပ်တဲ့ ဥပဒေတွေပြဋ္ဌာန်းနေလို့ ပြည်ပရင်းနှီးမြှုပ်နှံလိုသူတွေ မြန်မာနိုင်ငံကိုလာရောက်ရင်းနှီးမြှုပ်နှံမယ်ဆိုရင် အကျိုးအမြတ်များမယ်လို့ သူ့မိန့်ခွန်းကဆိုပါတယ်။
ပြည်တွင်းမှာ ရေနံနဲ့ သဘာဝဓါတ်ငွေ့ ကဏ္႑ နဲ့ပတ်သက်ပြီး ဓါတ်ငွေ့ရေနံလုပ်ကွက် ၅၁ ကွက်သတ်မှတ်ထားပြီး လုပ်ကွက် ၈ကွက်မှာ ဘသာဝဓါတ်ငွေ့တွေ့ရှိပြီးပြည်တွင်းပြည်ပကိုတင်ပို့ရောင်းချနေတယ်လို့လည်း စစ်ကောင်စီဥက္ကဋ္ဌရဲ့မိန့်ခွန်းအရသိရပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံမှာ ရှာဖွေဖော်ထုတ်တာမလုပ်ရသေးတဲ့ ရေနံသိုက်တွေအများကြီးကျန်နေသလို ကြေးနီ၊သံ၊ ခဲမဖြူ တွေဟာလည်း ကမ်ဘာဈေးကွက်ကိုတင်ပို့နိုင်တဲ့ထုတ်လုပ်မှုလုပ်ငန်းတွေဖြစ်တယ်လို့ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုတွေလာဖို့ဆွဲဆောင်ပြောဆိုသွားတာတွေ့ရပါတယ်။
ဒါပေမဲ့တစ်ဖက်မှာလည်း ရေနံနဲ့စွမ်းအင်တူးဖော်ထုတ်လုပ်ရေးကုမ္ပဏီကြီးတွေဖြစ်တဲ့ တိုတယ်၊ ရှယ်ဗရွန်၊ ၀ုဒ်ဆိုက် စတဲ့ ကုမ္ပဏီကြီးတွေ မြန်မာနိုင်ငံကနေ ထွက်ခွာသွားပြီဖြစ်ပြီး လက်ရှိမှာ မြန်မာရဲ့ ရေနံနဲ့သဘာဝဓာတ်ငွေ့တူးဖော်ရေးလုပ်ငန်းတွေမှာ ထိုင်းနိုင်ငံအခြေစိုက် PTTEP ကုမ္ပဏီနဲ့ ပြည်တွင်းကုမ္ပဏီတချို့ တို့ ဆက်လက်လုပ်ကိုင်ဖို့ရှိနေတာဖြစ်ပါတယ်။
ဒီလိုရေနံနဲ့သဘာ၀ဓာတ်ငွေ့တူးဖော်ထုတ်လုပ်တဲ့လုပ်ငန်းတွေဟာ အခြေခံအဆောက်အဦအပါအ၀င် ကုန်ကျစရိတ်ကြီးမားတဲ့ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေဖြစ်သလို စစ်ကောင်စီအတွက်လည်း ကြီးမားတဲ့ဝင်ငွေရလမ်းလည်း ဖြစ်နေပါတယ်။
Khit Media7 freelance journalist