03/04/2022
စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှုများကြောင့် ဖားကန့် မှော်ရှန်ချောင်းအနီးနေထိုင်သူများ အခက်တွေ့
ဖားကန့် - ဧပြီ ၃၊ ၂၀၂၂။
စည်းကမ်းမဲ့ စွန့်ပစ်ထားသောအမှိုက်များကြောင့် ဖားကန့်မြို့နယ်၊ ဆိပ်မူ(ဆိုင်းတောင်) ကျေးရွာရှိ ဒေသအခေါ် မှော်ရှန်ချောင်းအနီးနေထိုင်သည့် ပြည်သူများ အခက်ကြုံနေရကြောင်းသိရသည်။
အမှိုက်ပုံမှထွက်ရှိလာသော အနံ့ဆိုးများကြောင့် မနေနိုင်မထိုင်နိုင် ဖြစ်နေရကြောင်း အမှိုက်ပုံအနီးတွင်နေထိုင်သူ ဒေသခံတစ်ဦးက The 74 Media ကို ပြောသည်။
“အနံ့အသက်တွေကနံနေပြီလေ၊ နံနေတော့ယင်ကောင်ကများတယ်။ ဘေးနားကပ်ရပ်ကလူတွေကြတော့ မခံနိုင်ဘူးပေါ့၊ ချောင်းတောင်မှ တံတားတောင်ကျော်တော့မယ်ပစ်ထားတဲ့ဟာတွေ ပုံတဲ့ဟာတွေက” ဟုပြောသည်။
ကျေးရွာအတွင်း အမှိုက်ပုံးများ သို့မဟုတ် အမှိုက်ကန်ကဲ့သို့ ကျင်းကျယ်များ တူးပေးပြီး အမှိုက်လာရောက် သိမ်းဆည်းသည့်နည်းဖြင့်ဖြေရှင်းပေးစေလိုကြောင်းသူကဆက်ပြောသည်။
ဆိပ်မူ(ဆိုင်းတောင်) ကျေးရွာသည် လူနေအိမ်ထူထပ်ပြီး အမှိုက်စွန့်ပစ်ရာနေရာလည်း ဝေးလံသည့်အတွက် နီးစပ်ရာ ချောင်းနှင့်မြောင်းတွင်သာ စွန့်ပစ်လာကြခြင်းဖြစ်ကြောင်း ပရဟိတအဖွဲ့ဝင်တစ်ဦးက The 74 Media ကိုပြောသည်။
“ကျွန်တော်တို့ ဒီနေ့ချောင်းရှင်းတယ်၊ သန့်ရှင်းရေးလုပ်တယ်၊ ညကြတော့အမှိုက်ကပြန်လာပုံသွားတယ်။ ဂရုမစိုက်တဲ့ပုံပေါ့၊ စည်းမဲ့ကမ်းမဲ့နဲ့ကို ဖြစ်နေကြတယ်။ ဒေသခံတွေကလည်းခဏခဏ လာတိုင်တယ်၊ သူတို့ကလည်းတားတယ်၊ တားတော့လည်း မရဘူး၊ သူတို့ကိုပါ ခဏခဏရန်လုပ်ကြတယ်ပေါ့၊ အမှိုက်လာပစ်တဲ့သူတွေက ခဏခဏ ဖြစ်နေကြတယ်” ဟုဆိုသည်။
အမှိုက်စုပုံမှုကြောင့် ခြင်ပေါများလာနိုင်ပြီး မိုးကြီးလာပါက ရေကြီးမှုလည်းဖြစ်လာနိုင်ကြောင်း အခြား ဒေသခံတစ်ဦးက ပြောသည်။
“ချောင်းကနှစ်မိုင်ကျော်မယ်၊ အဲ့ချောင်းမှာဘယ်နေရာက ဓာတ်ပုံရိုက်ရိုက်အမှိုက်တွေပဲရှိတယ်။ နည်းတာနဲ့ များတာပဲကွာတာ” ဟုပြောသည်။
ဒေသခံများအနေဖြင့် အမှိုက်စွန့်ပစ်ရန် သတ်မှတ်ထားသောနေရာမရှိသည့်အတွက် ထိုသို့စွန့်ပစ်ရခြင်း ဖြစ်ကြောင်းသူကဆက်ပြောသည်။
အမှိုက်ပုံကို ရှင်းလင်းရန် လူအင်အားဖြင့် မလုံလောက်သဖြင့် ဘက်ဟိုးဖြင့် ဖြေရှင်းရမည်ဖြစ်ကြောင်းသိရသည်။
အမှိုက်စုပုံနေသောချောင်းသည် ဒေသအခေါ် မှော်ရှန်ချောင်းဖြစ်ပြီး ဆိပ်မှု(ဆိုင်းတောင်) ကျေးရွာအတွင်း ဖြတ်သန်းစီးဆင်းကာ ဥရုချောင်းအတွင်းသို့ စီးဝင်သွားကြောင်းသိရသည်။
ဆိပ်မူ(ဆိုင်းတောင်)ကျေးရွာအတွင်း အမှိုက်များပြားလာသည်မှာ တစ်နှစ်ကျော်ကြာမြှင့်လာပြီဖြစ်ပြီး ယခုအချိန်အထိတိုင် သိမ်းဆည်းနေရဆဲဖြစ်ကြောင်းသိရသည်။
Photo - CJ