13/08/2025
မင်းမော်ကွန်းဖတ်ဖို့စာ
(သားကြီးကျော်ကျော်ကိုသရုပ်ဆောင်အဖြစ်စတင်ပွဲထုတ်တဲ့ မင်းမော်ကွန်းနိဒါန်း ဆိုတဲ့ပွဲနဲ့ပါတ်သက်လို့ ၁၉၉၇ ခုနှစ်မဟာမဂ္ဂဇင်းမှာကျနော်ရေးခဲ့တဲ့စာပါ
စာအနည်းငယ်ရှည်ပါတယ် ဖတ်စေချင်ပါတယ်ဗျာ)
သားရေ..။
ဦးကျော်ဟိန်းက ပြောသွားတယ်ကွ။
“ကျွန်တော်တို့ အဟောင်းတွေဟာ အရင်တုန်းက အသစ်တွေပါပဲ။ ဒါကြောင့် အသစ်တွေကို ကျွန်တော်ကြိုဆိုပါတယ်။ အသစ်တွေမှာ ကျွန်တော်တို့လို စိတ်မျိုးရှိဖို့ပဲ လိုပါတယ်” တဲ့။
ဟုတ်တယ်သား။ ဖေဖေတို့ အဟောင်းတွေအားလုံးဟာ ဦးကျော် ပြောသလို တချိန်တုန်းက သစ်ခဲ့ကြဖူးတာပေါ့။ သစ်ရာက ဟောင်းသွားတာ။ အသစ်အသစ်တွေ ပေါ်ထွက်လာတာ၊ ဒါ . . . နိယာမတရားပဲ မဟုတ်လား။ အသစ်ဘဝကနေ ဟောင်းလာရတာကို အဖေကျေနပ်တယ်။ အသစ်ဘဝကနေ မဟောင်းခင်မှာ ပျက်သွားလို့မဟောင်းလိုက်ရတဲ့ အသစ်တွေလည်း ရှိသေးတာကိုး။ Myanmar Job Seekers Page Fan တို့လည်းဘယ်တော့မှ အား မလျော့ ကြပါနဲ့
ပြီးတော့ ထပ်ပေါ်လာတဲ့အသစ်တွေထဲမှာ သားကိုတွေ့ရတော့ အဖေပိုကျေနပ်ရတယ်သား။ မင်းရဲ့ အနုပညာတာထွက်နိဒါန်းက လှလှပပ ရှိခဲ့တာကိုး။ ဒီနေရာမှာ “လှလှပပ” ဆိုတာထက် “နွေးထွေးလှိုက်လှဲမှု”အပြည့်ရှိခဲ့တယ်ဆိုရင် ပိုမှန်မယ်သား။ မင်းကတော့ ကလေးဆိုတော့ သိချင်မှသိမယ်။အဖေကတော့ သိနေခဲ့တယ်။ ရင်ထဲကကိုသိနေခဲ့တယ်သား။ မင်းရဲ့နိဒါန်းကို ရေးခြစ်ဖို့ ကြိုးစားကြတဲ့ သူတွေကို ဝိုင်းဝန်းအားပေးဖို့ ရောက်လာကြတဲ့ အနုပညာ ရွာသူရွာသားတွေ၊ စာပေသမားတွေအားလုံး အေးစက်မနေကြဘူး။ နွေးထွေးနေကြတယ်။ အားလုံးတက်ကြွနေကြတယ်။
အဖေ ကျေနပ်လိုက်တာ။
ပြီးတော့လေ …
“ငါဟာ ငွေကြေးရုပ်ဝတ္ထု
မချမ်းသာပေမယ့် မေတ္တာတရား ချမ်းသာတဲ့အနုပညာသမားကွ လူတွေ ငါ့ကိုချစ်ကြတယ်ဟေ့ဆိုပြီး”
လူကြားထဲမှာတောင် အော်ဟစ်ပစ်လိုက်ချင်တယ်သား။ အဖေ့ယုံကြည်ချက်တွေလည်း ပိုမိုခိုင်မာလာတယ်။ ဟုတ်တယ်၊ သားစဉ်းစားကြည့်လေ။
မင်းမော်ကွန်းနိဒါန်းတဲ့။
မင်းရဲ့ နိဒါန်းကို ဝိုင်းဝန်းရေးခြစ်မယ့် သူတွေက မီးပွား၊ မိုက်တီး၊ မောင်မျိုးမင်း၊ ဇာဂနာ။ မင်းကို လက်တွဲခေါ်ယူမယ့် အနုပညာသည်တွေက ကျော်ဟိန်း၊ ထက်ထက်မိုးဦး၊ နန္ဒာလှိုင်၊ ပန်းဖြူ။ ဒီလူတွေအားလုံးဟာ ဒီကနေ့ အနုပညာလောကမှာ ဒေါင်ဒေါင်မြည် ရပ်တည်နေတဲ့ သူတွေချည်းပဲ။ ဒီလိုလူတွေရဲ့ ဝိုင်းဝန်းမှု၊ လက်ကမ်းမှုကို ခံရတာ မင်းသိပ်ကံကောင်းတယ်သား။ ပြီးတော့ မင်းရဲ့နိဒါန်းကို အသိအမှတ်ပြုပေးဖို့ ဒီလူတွေ လာစုတဲ့နေရာက “မြရိပ်ညိုရွိုင်ရယ်” ဟော်တယ်မှာ။
ဒီလို “နေရာဌာန” ဆိုတာတွေအပေါ် အဖေမသာယာတတ်ဘူးဆိုတာ သားအသိနော်။ ဒါပေမဲ့ အခုအဖေ သာယာနေတယ်၊ ကြည်နူးနေတယ်သား။သားလည်း အသိပဲလေ။ အဖေရဲ့ကြွယ်ဝမှု (ဒီနေရာမှာ ကြွယ်ဝမှုဆိုတာထက်ချို့တဲ့မှုဆိုရင် ပိုမှန်မယ်နော်သား) နဲ့ မင်းကိုဒီလိုနေရာမှာ ဒီလိုလူတွေနဲ့ ဒီလိုပွဲမျိုးဖြစ်လာအောင် အဖေဖန်တီးဖို့ မတတ်နိုင်ဘူးဆိုတာသားအသိပါ။ ဒါ ပေမဲ့ ခုတော့ဖြစ်လာပြီနော်။အဲဒါ မေတ္တာလို့ခေါ်တယ်သား။ စေတနာလို့ခေါ်တယ်။ အဖေ့ကို ချစ်လို့၊ မင်းကို ချစ်လို့ဝိုင်းကြတာ၊ ဝန်းကြတာ၊ အားလုံး လက်ကမ်းကြတာ။ ဒါကို မင်းဂုဏ်ယူစမ်းသား။ ပြီးတော့ အစွမ်းကုန်ကြိုးစား။
ဒီနေရာမှာ တိုက်ဆိုင်လို့ သားကိုအဖြစ်
အပျက်လေးတစ်ခု ပြောပြချင်တယ်။သားသေချာ နားထောင်နော်။ ဟိုးလွန်ခဲ့တဲ့အနှစ်နှစ်ဆယ်ကျော် ကာလကပေါ့ ။ မိုးတွေသဲသဲမည်းမည်းရွာနေတဲ့ ညတစ်ညမှာအသက် ၁၆နှစ် သာသာလောက် ရှိသေးတဲ့(သားထက်တောင် ၂နှစ်လောက် ငယ်တယ်နော်) ဌေးလွင်ဆိုတဲ့ ချာတိတ်တစ်ကောင်ဟာရန်ကုန်မြို့၊ ဗိုလ်အောင်ကျော်လမ်းကနေ သူ့အိမ်ရှိရာ တရုတ်တန်းကို မိုးရေထဲမှာ တစ်ယောက်တည်း လမ်းလျှောက် ပြန်လာခဲ့တယ်။ ညကလည်းညကြီး။ သူ့ကိုယ်ပေါ်ကစီးဆင်းကျနေတဲ့ မိုးရေစက်တွေနဲ့အတူမျှော်လင့်ချက်တွေ၊ ယုံကြည်မှုတွေ၊ ဖြစ်ချင်မှုတွေ အားလုံးအားလုံး တစ်စစီ မျောကျ ပျောက်ဆုံးကုန်နေကြတယ်။ ဟုတ်တယ်သား။ အဲဒီဌေးလွင်ဆိုတဲ့ ချာတိတ်ဟာရန်ကုန်မြို့ရဲ့ အဓိကရ ရုပ်ရှင်ကုမ္ပဏီ (ဧရာဝတီတိုင်းရဲ့ မြို့တော်ကြီး နာမည်နဲ့ပေါ့)ကြီးတစ်ခုက မင်းသားသစ် ရွေးပွဲမှာ ဝင်ပြိုင်တယ်။ အဆင့်ဆင့်တွေကို ဖြတ်ကျော်ပြီး နောက်ဆုံးမှာ သူပထမရတယ်။ ဘယ်လောက် ပျော်စရာ ကောင်းလဲနော်သား။ သူ့ရဲ့ အနုပညာရှေ့ခရီးဟာ ဖြူးနေပြီပေါ့။
မထင်နဲ့သားရေ။
ကုမ္ပဏီက သူ့ကို ငွေတောင်းတယ်သား။ ပဏာမအဆင့်တည်းက ပြုတ်သွားတဲ့ လူတစ်ယောက်က ငွေတစ်သိန်းထည့်ဖို့ ကမ်းလှမ်းလာတယ်တဲ့။ မင်းကတော့ ပထမရထားတဲ့သူမို့ ငါးသောင်းတော့ထည့်ပါတဲ့။ မထည့်နိုင်ရင်တော့ ဝမ်းနည်းပါတယ်ပေါ့ကွာ။ ကမ္ဘာပျက်တာပဲသား။ဌေးလွင်အတွက် ကမ္ဘာပျက်တာပေါ့။ အဲဒီခေတ်အခါ က အဲလောက်အတိုင်းအတာရှိတဲ့ငွေကြေးကို သူရှာဖို့ဆိုတာ လက်တွေ့ထားလို့စိတ်ကူးထဲမှာတောင် မတတ်နိုင်ခဲ့တာကိုး။
အဲဒီ ဌေးလွင်ဆိုတဲ့ ချာတိတ်ဟာ အဖေပဲသား။
အနုပညာလောကမှာ မိဘဆွေမျိုးအသိုင်းအဝိုင်းထားလို့ အသိအကျွမ်းတောင်မရှိဘဲ၊ ငွေကြေးအင်အား မရှိဘဲ ဒီရုပ်ရှင်လောကကြီးထဲကို တိုးဝင်ဖို့ စိတ်ကူးယဉ်စွာ ကြိုးစားခဲ့တဲ့ ဌေးလွင်ဆိုတဲ့ ချာတိတ်ဟာ အဖေပဲသားရေ။
အဲဒီညက အိမ်အပြန် မိုးရေထဲမှာအဖေ မျက်ရည်ကျခဲ့တယ်။ ၁၆နှစ်သားလူငယ်တစ်ယောက်ရဲ့ ကြေကွဲမှု၊ လက်လွတ်ဆုံးရှုံးမှု၊ ကူကယ်ရာမဲ့တွေကြောင့် ကျခဲ့ရတဲ့ မျက်ရည်တွေပေါ့။ အဲဒီအချိန်က အဖေ့စိတ်၊ အဖေ့ခွန်အား တွေဟာလေ အဖေ့ခြေဖဝါးအောက်မှာ ရောက်နေတယ်။ နောက်လှည့်ကြည့်ရင်လည်း အဖေ့အရိပ်ပဲ ရှိတယ်။ အဖေ့နားမှာ ဘယ်သူမှ မရှိခဲ့ကြဘူးလေ။
ဒါတွေ သားကို ပြောပြနေတာ သားသိစေချင်လို့သား။ အဖေ့ရဲ့ (ဇင်ဝိုင်းရဲ့) အနုပညာနိဒါန်းနဲ့ သားရဲ့ (မင်းမော်ကွန်းရဲ့) အနုပညာနိဒါန်းဟာ ဆီနဲ့ ရေလို၊ အဲဒါကမှ တော်သေးတယ်ကွာ။ မနှိုင်းယှဉ်သာအောင် ကွာခြားတယ်ဆိုတာ သားသိစေချင်လို့ပဲ သား။ အဖေ့ရဲ့ အနုပညာဘဝအစမှာ အဖေလိုက်ခေါက်တဲ့ တံခါးမှန်သမျှကို ရုပ်ရှင်လောကကြီးက ပိတ်ထားခဲ့တယ်။ အဖေ့ရဲ့အစမှာ ကြုံခဲ့ရတဲ့ ခြောက်သွေ့မှု၊ အေးစက်မှု၊ အထီးကျန်မှု ခက်ခဲကြမ်းတမ်းမှုတွေကို မင်းအခု ခံစားနေရတဲ့ နွေးထွေးမှု၊ လှိုက်လှဲမှု၊ အားပေးမှုတွေ မေတ္တာ စေတနာတွေနဲ့ နှိုင်းယှဉ်ကြည့်စေချင်လို့ပဲသား။
သားနှိုင်းယှဉ်ကြည့်ပါ သားခံစားကြည့်ပါ။ပြီးတော့ မင်းခုရတဲ့မေတ္တာစေတနာတွေကိုမင်းတန်ဘိုးထားပါ။
ခုလိုမင်းပေါ်ထားကြတဲ့မေတ္တာစေတနာတွေကိုတုန့်ပြန်နိုင်အောင် အစွမ်းကုန်ကြိုးစားပါသား။အဲဒါ မင်းလုပ်ရမဲ့အလုပ်ပဲ။
မင်းကိုဒီအလုပ်တွေလုပ်စေချင်လို့ အဖေအကြာကြီးမျှော်လင့်ခဲ့ရတာ။သားကိုမွေးကတည်းကဆိုပါတော့။သားကိုမွေးတဲ့နေ့ အဲ.ညအကြောင်းပြောရအုန်းမယ်။
၁၉၇၉ ခုနှစ်
ဖေဖေါ်ဝါရီလ (၂၅)ရက်နေ့အချိန်ကည(၁၀)နာရီကျော်နေပြီ။တံခါးဝမှာစောင့်နေတဲ့ဆေးရုံဝန်ထမ်းကိုတောင်းပန်ပြီး ဗဟိုအမျိုးသမီးဆေးရုံကြီးပေါ်ကိုအဖေတက်ခဲ့တယ်။
သားအမေကိုတွေ့တော့ သားကိုလူ့လောကကြီးထဲကိုပို့ပေးဖို့ သူ့ခါးကိုလက်နှစ်ဖက်နဲ့ကိုင်ရင်း မိန်းမသားတို့ရဲ့ဒုက္ခဆင်းရဲခြင်းဝေဒနာကိုခံစားနေရတယ်သား။
အဖေအဲ့ဒီညကိုသေချာမှတ်မိတယ်။မင်းအမေရပ်နေတဲ့ဘေးမှာရှိတဲ့ ဘီရိုလေးပေါ်ကဓါပ်ဘူးထဲ အောက်ထပ်လဘက်ရည်ဆိုင်ကဝယ်လာတဲ့ ဟောလစ်သုံးခွက်ကိုပြောင်းထည့်လိုက်တယ်။သားယုံမလားတော့မသိဘူး အဲဒီတုန်းကဟောလစ်တခွက် နှစ်ကျပ်ခွဲကွ။
သားကိုမွေးဖို့ဗိုက်နာနေတဲ့မင်းအမေက
ဝေဒနာကြားကမေးတယ်။
“အာလူးကျော်ဖိုးတွေ သွားသိမ်းပြီပြီလား”…တဲ့
သားနားရှုပ်သွားလားမသိဘူး။အဲ့ဒီတုန်းကအဖေအလုပ်သုံးခုလုပ်တယ်။
တစ်ခုက အောက်တန်းစာရေး။ ဗဟိုဥပဒေရုံးမှာ လုပ်တာ။ လခက (၁၃ဝ) ရတယ်။ တစ်ခုက အဖေနဲ့ မင်းမေမေတို့ အာလူးကြော်ကြော်တယ်။ အာလူးတွေ ဝယ်ကြော်ပြီး အိတ်လေးတွေနဲ့ထည့်။ ပြီးတော့ ရုပ်ရှင်ရုံအောက် ဆိုင်လေးတွေမှာ မနက်စောစောအဖေက လိုက်အပ်ရတယ်။ ညဘက် ရုပ်ရှင်ပြီးချိန်လောက်မှာ လိုက်ပြီး ပိုက်ဆံတောင်းရတယ်။ အဲဒါကို မင်းအမေက မေးတာ။ အရမ်းပင်ပန်းတယ်သား။ ညဖက်ညဖက်အာလူးအခွံသင်ရတာ၊ ခြစ်ရတာ၊ ကြော်ရတာပြီးလို့ ထရင်ခါးမဆန့်နိုင်ဘူး။ ပြီးတော့ မီးနဲ့လုပ်ရတဲ့အလုပ်ဆိုတော့ အပူဒဏ်ကို သားစဉ်းစားကြည့်ပေါ့။ အဲဒီတုန်းက အဖေ့အသက် ရှိလှ(၁၈၊ ၁၉) ပေါ့ ။ သားအခု အရွယ်ပေါ့ သား။အဖေတို့ အမေတို့ ပင်ပန်းပေမယ့် ပျော်ခဲ့ကြတယ်။ မျှော်လင့်ချက် ရှိတာကိုး။ အဲဒီမျှော်လင့်ချက်က “သား” ပဲသား။ မင်းအတွက်ဆိုပြီး အဖေတို့ ကြိုးစားခဲ့ကြတာသား။
အဲ... အဖေ့ရဲ့ နောက်အလုပ်တစ်ခုကတော့ ရုပ်ရှင်ပဲသား။ သားကို မွေးခါနီးတော့ အဖေဒီရုပ်ရှင်လောကထဲ ရောက်နေခဲ့ပြီ။ အဖြစ်က ဒီလိုသားရဲ့။ အောင်တေဇရုပ်ရှင်ကနေ ဒါရိုက်တာ မောင်တင်ဦးရိုက်မယ့် “ပလက်ဖောင်းမင်းသား” ဇာတ်ကားအတွက် မင်းသား၊ မင်းသမီးတွေ ခေါ်တယ်။အဖေ့သွေးထဲမှာ ရှိနေတဲ့ ရုပ်ရှင်ပိုးကိုအဖေ ဒီတစ်ခါ လည်း မထိန်းနိုင်ခဲ့ဘူးသား။ တစ်ခါသေဖူးလို့ ပျဉ်ဖိုးတင်မက၊ သံဖိုးရော၊မြေဖိုးရောပါ နားလည်နေပေမယ့် နောက်ဆုံးတော့ အဖေ သွားပြိုင်ခဲ့ဖြစ်တာပါပဲ။ လူတစ်ထောင်လောက် အဆင့်ဆင့် ပြိုင်ပြီးနောက်ဆုံးအဖေနဲ့ အဆိုတော်(မ) နော်လီဇာကို ပထမရတယ်ဆိုပြီး တရားဝင်ကြေညာပြီး ရွေးလိုက်တယ်။ ဘဘဦးသုခလို ဆရာဦတင်ယုတို့လိုဆရာကြီးတွေကိုယ်တိုင် ကြီးကြပ်ပြီး ရွေးတာနော်။ ဒုတိယအဆင့်ထဲမှာ ဦးနေအောင်တို့၊ ကိုဟိန်းစိုးတို့၊ကိုမဲဇာတို့လည်း အရွေးခံရတယ်။ ဒါပေမဲ့အဲဒီကား အဖေ မရိုက်လိုက်ရဘူး။ ကိုတာလို့အဖေတို့ကခေါ်တဲ့ ဦးဇော်ဝမ်းက သူကိုယ်တိုင် သရုပ်ဆောင်၊ ဒါရိုက်တာလုပ်မယ်ဆိုပြီး ယူသွားတော့ အဖေတို့မှာ ထီပေါက်ပြီးလက်မှတ်ပျောက်တဲ့ သူလိုပဲ သားရေ။
Myanmar Job Seekers Page Fan တို့လည်း
ကြုံ လာနိုင်ပါတယ် စိတ်တင်း ထားပါ။
ဒါပေမဲ့ ဆရာဦးတင်ဦးဆီမှာ ပညာသင်ခွင့်တော့ ရခဲ့တယ်။ အဖေ့အတွက်လမ်းစတစ်ခုပေါ့။ ကင်မရာ နားလည်အောင်ဆိုပြီး ကိုအေးသိန်း (ချစ်မင်းလူ) ဆီအပ်လို့စက်အဖွဲ့မှာ မီးထိုးမှန်ထိုး ဘဝနဲ့ အောက်ခြေကစ ပညာသင်ရတယ်။ ရုံးကနေ လစ်တန်လစ်၊ ခွင့်ယူတန် ယူပေါ့ ။ အဲဒီကမှ ကလက်ရိုက်၊ မှတ်တမ်းရေး၊ အဆင့်ဆင့်ပေါ့ လေ။အဲဒီအချိန်မှာ အခွင့်အရေးတစ်ခုပေါ်လာတယ်။ “မီလာရှီကာ စိုင်းဗေဒါ”ဆိုတဲ့ ဇာတ်ကို ဆရာဦးတင်ဦးက ရိုက်မယ် တဲ့။ အဲဒီမှာ စိုင်းဗေဒါနေရာမှာ အဖေနေရမယ်။ အစ်ကိုဖြစ်တဲ့ “ကျော်ဇေယျ”(ဦးနေအောင် အကယ်ဒမီရတဲ့ နေရာမှာ)ဦးညွန့်ဝင်းတဲ့။ ဘယ်လောက် အားရစရာကောင်းလဲသား။ အဲဒီ စိုင်းဗေဒါ ဇာတ်ကောင်အတွက် ဆင်တွေနဲ့ ယဉ်ပါးအောင်မတ္တရာ ကြိုးဝိုင်းကို အဖေထွက်သွားတော့မင်းအမေမှာ သားကိုယ်ဝန် အရင့်အမာကြီးနဲ့ ကျန်ခဲ့ရှာတာ။ ဟိုရောက်ပြီး ဆင်တွေနဲ့နှစ်ပတ်လောက်နေတော့ ရန်ကုန်ပြန်ခဲ့ဖို့သံကြိုးရောက်လာတယ်။ အဖေ့ စိတ်ထဲထင်တာ သားမွေးပြီလားပေါ့။ မဟုတ်ဘူး သားရေ။အဲဒီဇာတ်ကို ဦးညွန့်ဝင်းကသေချာဖတ်ကြည့်ပြီး နေရာမကြိုက်လို့ ငြင်းတယ်တဲ့။ ဒါ ကြောင့် ဦးတင်ဦးက စိုင်းဗေဒါနေရာမှာ အဖေ့ကိုထား၊ ကျော်ဇေယျ နေရာမှာကိုတင်ထွန်းအောင် (ဦးနေအောင်) ကို ထားပြီးအသစ်တင်ရိုက်မယ်လို့ ဆုံးဖြတ်တယ်။ဒါလည်း ဘာဖြစ်သေးလဲ။ အသစ်တွေချည်းဆိုတော့ ပျော်စရာတောင်ကောင်းသေး။ဒါပေ
မဲ့ မပျော်ရဘူးသားရေ။ထုတ်လုပ်ကစျေးကွက်အရအသစ်တွေနဲ့ချည်း မဖြစ်နိုင်ဘူးဆိုလို့ ဦးကျော်ဟိန်းကို ဇာတ်သွားပြရတယ်။ ဦးကျော်လုပ်ချင်တဲ့ နေရာက ဖယ်ပေးရမယ်ပေါ့။ သားအမေရှိတဲ့ ဆေးရုံကိုအဖေလာမဲ့ ညနေမှာပဲ အဖြေကို သိခဲ့ရတယ်။ ဦးကျော်က “စိုင်းဗေဒါ” တဲ့။ အဖေ ပြုတ်သွားတယ်။ ဒီတစ်ခါလည်း မျှော်လင့်ချက်တောင်ကြီး ပြိုပြန်ပြီ။
ဆေးရုံပေါ်မှာ သားအမေကို အားပေးပြီး အောက်ကို အဖေပြန်ဆင်းလာခဲ့တယ်။ တစ်ညတာ ငှားထားတဲ့ ပက်လက်ကုလားထိုင်လေးပေါ် အဖေထိုင်ချလိုက်တယ်။ အဖေ့ စိတ်ဓာတ်ရော ခန္ဓာကိုယ်ပါနွမ်းကြေနေပြီသား။ အချိန်က ည ၁၂နာရီကျော်လို့ နောက်နေ့သစ် တစ်နေ့ကိုတောင်အစပျိုးနေပြီ။ အဲဒီအချိန်မှာ ဝန်ထမ်းတစ်ဦးက “ကိုဌေးလွင်၊ ကိုဌေးလွင်” နဲ့ အော်တယ်။အဖေလည်း ပြေးသွားလို့ အနားရောက်တော့ခင်ဗျားမိန်းမ ယောင်္ကျားလေး မွေးတယ်တဲ့။ မြန်လိုက်တာ သားရယ်။ အဖေ အခုပဲအပေါ်က ဆင်းလာတာ မိနစ် နှစ်ဆယ်လောက်ရှိသေးတယ်။ သားက လောကကြီးထဲကို အဖေတို့ဆီကို အရမ်းရောက်ချင်နေပြီထင်တယ်။ခဏလောက် အကြာ၊ ဆေးရုံပေါ်ကို အဖေတိတ်တိတ်ကလေး တက်သွားတော့မင်းမေမေ ရင်ခွင်ထဲမှာ ချီထားတဲ့ သားကိုတွေ့ရတယ်။ သားကို အဖေ စတွေ့ဖူးတာပေါ့။ နီနီရဲရဲ ပေါက်စနကလေးရယ်။ သားကိုအဖေ စိုက်ကြည့်နေမိတယ်။ အဖေ့ရင်ထဲမှာအင်အားတွေ ပြည့်လာတယ်။
အကြိမ်ပေါင်းများစွာ အရှုံးနဲ့ ရင်ဆိုင်ရလို့ မျက်ရည်ကျခဲ့ရတဲ့ အဖေ၊ဒီတစ်ခါ မျက်ရည်မကျတဲ့အပြင် သားကိုကြည့်ပြီး အဖေ့ယုံကြည်ချက်တွေ ပိုခိုင်မာလာသလိုပဲ။အဲဒီညက သားမျက်နှာကို တစိမ့်စိမ့်ကြည့်ရင်း အဖေ့ရင်ထဲမှာ အရမ်းခိုင်မာတဲ့ဆုံးဖြတ်ချက်တစ်ခုကို အဖေချခဲ့တယ်။ ဒီအနုပညာလောကကြီးထဲမှာ နေရာတစ်ခု မရရအောင် ငါကြိုးစားမယ်။ ဒါ့အပြင် ငါ့မျိုးဆက်သွေးသားတွေကိုပါ အနုပညာ အမွေပေးခဲ့မယ်ဆိုတဲ့ ဆုံးဖြတ်ချက်ပဲသား။ လက်တွေ့ဘဝနဲ့ သိပ်ကိုအလှမ်းကွာတဲ့ စိတ်ကူးယဉ် မျှော်လင့်ချက် တစ်ခုလိုပဲနော်သား။ ဒါပေမဲ့ အဖေရဲ့ စိတ်ကူးယဉ်မှုတွေ ဒီနေ့လက်တွေ့ ဖြစ်လာခဲ့ပြီသား။
ဒါတွေသားကို ပြောပြနေတာဟာ ဒီနေ့ သားရဲ့အနုပညာခရီးအစမှာ သားရတဲ့ အခွင့်အရေးတွေ၊ နွေးထွေးမှုတွေ၊ ကြည်ဖြူစွာနဲ့ ကြိုဆိုမှုတွေကို အလွယ်တကူ ရတယ်ဆိုပြီး သားတန်ဖိုးမထားတတ်မှာ စိုးလို့ပဲသား။သားရဲ့ နိဒါန်းနဲ့၊ အဖေ့ရဲ့ နိဒါန်းကွာခြားပုံကို သားသိစေချင်လို့ပဲသား။
အဖေ့ထက် မြင့်အောင် သားကြိုးစားစမ်း။ သားကို အဖေ မော့ကြည့်ပါရစေ။ ကြော်ငြာတွေ၊ ရုပ်ရှင်တွေမှာ အဖေ့နာမည်ရှေ့မှာ သားနာမည်ကို မြင်ပါရစေ။ အဖေ့ကိုမြင်တဲ့ လူတစ်ယောက်က အဲဒါ “ဇင်ဝိုင်းလေ ဆိုတာထက်၊ အဲဒါ “မင်းမော်ကွန်း”အဖေလေလို့ ပြောရလောက်အောင် သားကြိုးစားပါသား။ အဲလို အပြောခံရရင် အဖေအရမ်းဂုဏ်ယူမိမှာပဲသား။
ဒီလိုပြောလို့သားကိုရုပ်ရှင်လောကထဲမှာလူသားစင်စစ်က “ငွေလုပ်တဲ့စက်” တစ်ခုဘဝမျိုး အဖေဖြစ်စေချင်တာ မဟုတ်ဘူး။
အောင်မြင်ကျော်ကြားမှု ဆိုတာ ခဏတာပါသားရယ်။ ဆင်းရဲခြင်း၊ ချမ်းသာခြင်းဆိုတာလည်း အဖေတို့ အလုပ်မဟုတ်ပါဘူးသား။
မင်းကိုအဖေဖြစ်စေချင်တာက-
ကိုယ့်အနုပညာအပေါ်မှာလိပ်ပြာသန့်တဲ့
ကိုယ့်ထမင်းရှင်ပရိတ်သတ်ပြည်သူအပေါ် (ဘယ်လိုအချိန်မျိုးမဆိုနော်) သစ္စာစောင့်သိတဲ့၊ ရပ်တည်ရဲတဲ့၊ နောက်ဆုံးထွက်သက်ထိ အနုပညာကိုဖက်တွယ်ထားရဲတဲ့ အနုပညာသမား စစ်စစ်တစ်ယောက် ဖြစ်စေချင်တာပါသား။
ဒီလိုဖြစ်အောင်မင်းကြိုးစားပါ။
သားကို ထပ်ပြောလိုက်မယ်။
“မင်းကို ဖေဖေမော့ကြည့်ပါရစေ”
ဇင်ဝိုင်း
၁၉၉၇ -ဇူလိုင်လ
မဟာမဂ္ဂဇင်း
Credit
*ယခုစာမူကိုရှာဖွေပေးပို့ခဲ့တဲ့
-င်းပွင့်ဖြူ ကိုအထူးကျေးဇူးတင်ရှိပါ။ တယ်ဗျာ။