24/06/2026
🌹 မြတ်စွာဘုရားရှင်၏ နောက်ဆုံးနှုတ်ကပါတ်တော် ဘဝအတွက် အသိသတိ🙏🙏🙏
🌹ဘုရားရှင်သက်တော်ထင်ရှားရှိစဉ် ၄၅ ဝါပတ်လုံး ဟောကြားခဲ့သမျှသော တရားတော်အဆူဆူကို တစ်လုံးတည်းသော စကားလုံးနဲ့ အနှစ်ချုပ်ပါဆိုလျှင် "အပ္ပမာဒ"ဆိုတဲ့ မမေ့မလျော့သော သတိတရား ပဲ ဖြစ်ပါတယ်
မြတ်စွာဘုရားရှင် သာကီဝင်မင်းတို့ရဲ့ ကပိလဝတ်ပြည်ကနေ မလ္လာမင်းတို့ရဲ့ ကုသိနာရုံပြည် အင်ကြင်းတော စင်္ကြံအနီးမှာ ပရိနိဗ္ဗာန်စံခါနီး နောက်ဆုံးအချိန်… နှလုံးသားရှိတဲ့ ဗုဒ္ဓဘာသာဝင်တိုင်း ရင်ထဲတုန်လှုပ် မျက်ရည်ဝဲခဲ့ရတဲ့ ထိုညဉ့်ယံမှာ သံဃာတော်အရှင်သူမြတ်တွေကို ငဲ့ညှာသောအားဖြင့် နောက်ဆုံးကရုဏာတော်သက်ပြီး မိန့်ကြားခဲ့တဲ့ တရားစကားတော် ဖြစ်ပါတယ်
🌹ပါဠိတော်လို
"ဟန္ဒဒါနိ ဘိက္ခဝေ အာမန္တယာမိ ဝေါ
ဝယဓမ္မာ သင်္ခါရာ အပ္ပမာဒေန သမ္ပာဒေထ
မြန်မာပြန် အနှစ်ချုပ်ကတော့
🌹ချစ်သားရဟန်းတို့… ငါဘုရားသည် သင်တို့အား နောက်ဆုံးအကြိမ် နှုတ်ဆက်မိန့်ကြားအံ့ ပြုပြင်စီရင်အပ်သော သင်္ခါရတရားတို့သည် ပျက်စီးခြင်းသဘောရှိကုန်၏။ ထို့ကြောင့် မမေ့မလျော့သော သတိတရားဖြင့် မိမိအကျိုး သူတစ်ပါးအကျိုးကို ပြည့်စုံအောင် ဆောင်ရွက်ကြလော့
🌹စဉ်းစားဆင်ခြင်စရာ သံဝေဂအချက်များနော်
ဤနောက်ဆုံးစကားတော်တွင် ဘုရားရှင်သည် ဘဝရဲ့ အဓိကအမှန်တရား (၂) ချက်ကို မှာတမ်းခြွေခဲ့တာ ဖြစ်ပါတယ်
🌹၁။ သင်္ခါရတရားတို့၏ အနိစ္စသဘော (ဝယဓမ္မာ သင်္ခါရာ)
လောကမှာ အကြောင်းတရားကြောင့် ဖြစ်ပေါ်လာရတဲ့ အရာရာတိုင်းဟာ တည်မြဲခြင်းမရှိပါဘူး ရုပ်ဝတ္ထုတွေတင်မကဘူး ငါတို့ပိုင်ဆိုင်ပါတယ်ဆိုတဲ့ ရုပ်ခန္ဓာ စည်းစိမ်ဥစ္စာ အခြံအရံနဲ့ ချစ်ခင်ရသူတွေအားလုံးဟာ အချိန်တန်ရင် ပျက်စီးခြင်း လမ်းခွဲခြင်းဆိုတဲ့ လမ်းဆုံးကို ရောက်သွားကြရမှာပါ ဘုရားရှင်ကိုယ်တော်တိုင်တောင် ခန္ဓာကိုယ်ကို စွန့်ပယ်ပြီး ပရိနိဗ္ဗာန်စံပြခြင်းဖြင့် လောကရဲ့ အနိစ္စသဘောကို သက်သေပြသွားခဲ့ပါတယ်
🌹၂, သတိတရား လက်မလွတ်ရန် အပ္ပမာဒေန သမ္ပာဒေထ
အရာရာဟာ ပျက်စီးတတ်တဲ့ သဘောရှိနေလို့ပဲ ကျွနု်တို့မှာ အချိန်ဖြုန်းနေဖို့ အချိန်မရှိပါဘူး မနက်ဖြန်နဲ့ နောက်ဘဝ ဘယ်ဟာက အရင်လာမလဲ မသိနိုင်ဘူး ဆိုသလိုပါပဲ ဒါကြောင့် အသက်ရှင်နေခွင့်ရတဲ့ စက္ကန့်တိုင်းမှာ မမေ့မလျော့တဲ့ သတိတရားကို လက်ကိုင်ထားပြီး ကောင်းမှုကုသိုလ်တွေ ပြုလုပ်ကြဖို့ မိမိရဲ့ စိတ်ကို ဖြူစင်အောင် ထားကြဖို့နဲ့ မဂ်၊ ဖိုလ်၊ နိဗ္ဗာန်အထိ ရည်မှန်းပြီး တရားဘာဝနာတွေကို အချိန်မီ အားထုတ်ကြဖို့ နှိုးဆော်ခဲ့ခြင်း ဖြစ်ပါတယ်
ဘုရားရှင် လောကကနေ ခွဲခွာသွားခဲ့တာ ကြာမြင့်ခဲ့ပြီဖြစ်ပေမယ့် ထိုနောက်ဆုံးစကားတော်ကတော့ ဒီနေ့ထက်ထိ ကျွန်ုပ်တို့ နှလုံးသားထဲမှာ လတ်ဆတ်နေဆဲပါ
လူ့ဘဝဆိုတာ တိုတောင်းလွန်းပါတယ် အမုန်းတရားတွေ အတ္တတွေ လောဘ ဒေါသတွေနဲ့ အချိန်ကုန်နေမယ့်အစား… ဘုရားရှင်မှာကြားခဲ့တဲ့ "အပ္ပမာဒ" သတိတရားကို ရင်ဝယ်ပိုက်ပြီး နေ့ရက်တိုင်းကို တန်ဖိုးရှိရှိ ဖြတ်သန်းသွားကြပါစို့🙏
#ဗုဒ္ဓဘာသာ
#တရားတော်
#နှုတ်ကပါတ်တော်
#အပ္ပမာဒ
#သတိတရား