21/08/2026
ဘာစီလိုနာသို့ ပြောင်းရန် ကြိုးပမ်းနေတဲ့ အယ်ဗာရက်ဇ်အား လေ့ကျင့်ရေးကွင်းသို့ လာရောက်ကာ အက်သလက်တီကိုပရိသတ်များ ဆန္ဒပြ
===================
ဒေါသထွက်နေတဲ့ အက်သလက်တီကိုပရိသတ်များဟာ ယခုနွေရာသီတွင် ပြိုင်ဘက် ဘာစီလိုနာသို့ ပြောင်းရန် ကြိုးပမ်းနေတဲ့ ဂျူလီယန်အယ်ဗာရက်ဇ်ကို ပစ်မှတ်ထားကာ ကလပ်ရဲ့လေ့ကျင့်ရေးကွင်းသို့ လာရောက် ဆန္ဒပြမှု ပြုလုပ်ခဲ့ကြပါတယ်။
အက်သလက်တီကိုပရိသတ်များဟာ မနေ့ညတုန်းက မာလာဂါအား အနိုင်ရတဲ့ လာလီဂါအဖွင့်ပွဲစဉ်တွင် နဖူးစည်းများ ကိုင်ဆောင်ခြင်း၊ သံပြိုင်အော်ဟစ်မှုများ ပြုလုပ်ကာ အသင်းမှ ထွက်ခွာရန် ကြိုးပမ်းနေတဲ့ အယ်ဗာရက်ဇ်ကို ဆန္ဒပြခဲ့ကြပြီး ဖြစ်ပါတယ်။
ယနေ့မှာတော့ အက်သလက်တီကိုပရိသတ်များဟာ ကလပ်ရဲ့လေ့ကျင့်ရေးကွင်းသို့ လာရောက်ကာ "Julian Out" လို့ ရေးသားထားတဲ့ နဖူးစည်း။ ကျောနံပါတ် ၁၉ အား ကြက်ခြေခပ်ထားတဲ့ နဖူးစည်းအား နံရံများ၊ ဓာတ်တိုင်များတွင် ကပ်ကာ ဆန္ဒပြလာကြပါတယ်။
အက်သလက်တီကိုပရိသတ်များဟာ ဘာစီလိုနာသို့ ပြောင်းလိုကြောင်း လူသိရှင်ကြား ဖွင့်ဟလာတဲ့ အယ်ဗာရက်ဇ်အပေါ် အကြီးအကျယ် ဒေါသထွက်နေကြတာလည်း ဖြစ်ပါတယ်။
အက်သလက်တီကိုဟာ ဂျူလီယန်အယ်ဗာရက်ဇ်အား လာလီဂါပြိုင်ဘက် ဘာစီလိုနာထံသို့ ရောင်းချလိုခြင်း မရှိဘဲ ပရီးမီးယားလိဂ်ချန်ပီယံ အာဆင်နယ်ထံသို့ ရောင်းချရေး ကလပ်နှစ်ခုအကြား သဘောတူညီမှု ရယူခဲ့ပေမယ့်လည်း ကစားသမားဘက်က လန်ဒန်ကလပ်သို့ ပြောင်းရန် ငြင်းဆိုခဲ့ပါတယ်။
လက်ရှိအချိန်တွင် အက်သလက်တီကိုဘက်က ဘာစီလိုနာဘက်က အယ်ဗာရက်ဇ်အတွက် ယူရိုသန်း ၁၀၀ ဖြင့် ကမ်းလှမ်းမှုအား ပယ်ချထားပေမယ့်လည်း ပြောင်းရွှေ့ကြေးတိုးမြှင့်ကမ်းလှမ်းမှု ပြုလုပ်လာပါက လက်ခံလာဖို့ ရှိပါတယ်။
အက်သလက်တီကိုဟာ အယ်ဗာရက်ဇ်အား မြို့ခံပြိုင်ဘက် ရီးရဲလ်မက်ဒရစ်ဘက်က ယူရိုသန်း ၁၅၀ ဖြင့် ကမ်းလှမ်းမှုကို ပယ်ချဖူးပြီးဖြစ်ရာ ဘာစီလိုနာအနေဖြင့် ယင်းထက် မြင့်မားတဲ့ ပြောင်းရွှေ့ကြေးပေးရန် လိုအပ်နေပါတယ်။
တဖက်တွင် အက်သလက်တီကိုက အယ်ဗာရက်ဇ်ရဲ့ စာချုပ်အတွင်းတွင် စာချုပ်ဖျက်သိမ်းကြေး ယူရိုသန်း ၅၀၀ ပေးရမယ်ဆိုတဲ့အချက်အား ထည့်သွင်းချုပ်ဆိုထားရာ ယင်းအချက်အား အပိုင်ကိုင်ကာ ကစားသမားအား ထိန်းချုပ်ပိုင်ခွင့် ရှိနေပါတယ်။