Recipe Diary ဟင်းချက်နည်း ၊ မုန့်လုပ်နည်းလေးတွေ အမြဲမျှဝေပေးနေတာမို့ follow လေးလုပ်ထားလိုက်တော့နော် 🥰

ငှက်ပျောအူကို လိုတဲ့အချိန်မရတက်လို့ ရတုန်းရခိုက်လေး ခပ်များများလေး ဝယ်လာပြီး သိမ်းထားဖြစ်တာမို့လို့ သိမ်းထားတဲ့ နည်းလေးက...
03/01/2025

ငှက်ပျောအူကို လိုတဲ့အချိန်မရတက်လို့ ရတုန်းရခိုက်လေး ခပ်များများလေး ဝယ်လာပြီး သိမ်းထားဖြစ်တာမို့လို့ သိမ်းထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်နော်။

{ ပါဝင်ပစ္စည်းများ }
~ငှက်ပျောအူ - နှစ်ပေခန့်
~နနွင်းမှုန့် - ထမင်းစားဇွန်း တစ်ဇွန်း
~ရေ - လိုသလောက် သုံးပေးပါ

{ ပြင်ဆင်ပြုလုပ်ပုံ }

~ ပထမဆုံးငှက်ပျောအူလေးတွေကို အပြင်ခွံ ရင့်နေတဲ့ အပိုင်းလေးတွေကို အရင်ဆုံး ခွာလိုက်ပါ
~ ထိုအပြင်ခွံလေးတွေက ငှက်ပျောပင်ရဲ့ ရင့်တဲ့အပိုင်း ဖြစ်တဲ့အတွက် အကြောတွေကို သေသေချာချာ သင်ပေးပါ
~ အကြောတွေ သင်ပြီးတာနဲ့ ရေစင်အောင် ဆေးပေးပါ
~ ဇလုံကြီးကြီး တစ်လုံးထဲမှာ ရေနှင့် နနွင်းမှုန့် လက်ဖက်ရည်ဇွန်း တစ်ဇွန်းကို ဖျော်ပြီး အဆင်သင့် ပြင်ထားပါ
~ အကြောသင်ထားတဲ့ ငှက်ပျောအူလေးတွေက ရင့်တဲ့အတွက် ဓါးပြတ်ပြတ်နဲ့ ခပ်ပါးပါးလေးတွေ လှီးပေးပါ
~ လှီးပြီးတာနဲ့ ငှက်ပျောအူလေးတွေကို နနွင်းရေထဲမှာ တစ်နာရီလောက် စိမ်ထားပေးပါ
~ နနွင်းရည် စိမ်ထားခြင်းကြောင့် ငှက်ပျောအူမှာ ကပ်နေတဲ့ အစေးတွေ ထွက်သွားသလို ဟင်းထဲထည့်ချက်တဲ့ အခါမှာလဲ အရောင် မည်းမည်းကြီး မဖြစ်တော့ပါဘူး
~ နနွင်းရည် စိမ်ပြီးတာနဲ့ အိုးထဲမှာ ငှက်ပျောအူကို ရေမြုပ်လောက်အောင် ထည့်ပြီး နာရီဝက်လောက် ပြုပ်ပေးပါ
~ အပြင်ခွံက မာကြောကြောလေး ဖြစ်နေတဲ့အတွက် နာရီဝက်ပြုပ်ပေးပါ
~ ပြုပ်နေစဉ် ရေများဝေကျတတ်တဲ့အတွက် အိုးအဖုံးဖွင့်ပြီး ပြုပ်ပေးပါ
~ ပြုပ်ပြီးတာနဲဲ့ ရေပူများ သွန်ပေးကာ ရေအေးထဲမှာ ဆယ့်ငါးမိနစ်လောက် စိမ်ပေးပြီး ရေများသွန်ကာ ရေစစ်ထားပါ
~ ရေစစ်သွားတာနဲ့ လေလုံတဲ့ အိတ်လေးတွေထဲ ထည့်ပေးကာ ရေခဲသေတ္တာ ခဲတဲ့အကန့်ထဲမှာ သိမ်းနိူင်ပါပြီ။

-> နောက်တစ်ခုကတော့ အပြင်ခွံခွာပြီး ကျန်နေတဲ့ အတွင်းပိုင်းလေးတွေကိုလဲ တစ်ဖတ်ခြင်းခွာကာ အကြောတွေ သင်ပေးပါ
~ အကြောတွေ သင်ပြီးတာနဲ့ ရေစင်အောင် ဆေးပေးပါ
~ ထိုအပိုင်းက ငှက်ပျောအူရဲ့ အနုပိုင်း ဖြစ်တဲ့အတွက် ခပ်ထူထူလေးတွေ လှီးပေးပါ
~ ဇလုံခပ်ကြီးကြီး တစ်လုံးထဲမှာ ရေနှင့် နနွင်းမှုန့် လက်ဖက်ရည်ဇွန်း တစ်ဇွန်းကိုထည့်ပြီး ဖျော်ထားပါ
~ နနွင်းရည်ထဲမှာ လှီးထားသော ငှက်ပျောအူများကို တစ်နာရီလောက် စိမ်ပေးပါ
~ နနွင်းရည် စိမ်ပြီးတာနဲ့ အိုးထဲမှာ ငှက်ပျောအူများကို ရေမြုပ်လောက်အောင်ထည့်ပြီး ပြုပ်ပေးပါ
~ ငှက်ပျောအူရဲ့ အနုပိုင်း ဖြစ်တဲ့အတွက် မိနစ်နှစ်ဆယ်လောက်ဘဲ ပြုပ်ပေးပါ
~ ငှက်ပျောအူ ပြုပ်နေစဉ် ရေများဝေကျတတ်တဲ့အတွက် အိုးအဖုံးဖွင့်ပြီး ပြုပ်ပေးပါ
~ ပြီးတာနဲ့ ပြုပ်ထားသောရေများ သွန်ပေးကာ ရေအေးထဲမှာ ဆယ့်ငါးမိနစ်လောက် စိမ်ပေးပြီး ထိုရေများသွန်ကာ ရေစစ်ထားပါ
~ ရေစစ်သွားတာနဲ့ လေလုံအိတ်လေးတွေမှာ ထည့်ပေးပြီး ရေခဲသေတ္တာ ခဲတဲ့အကန့်ထဲမှာ ထည့်ပေးပြီး သိမ်းထားနိူင်ပါပြီ။

``မိမိအသုံးပြုတော့မယ် ဆိုရင်တော့ ရေခဲသေတ္တာထဲမှ လေးနာရီလောက် ကြိုတင်ပြီး ထုတ်ထားပါ´´

{crd for org}

ဒီနေ့တော့ ဝက်သုံးထပ်သားကို ဒယ်အိုးနဲ့ ကင်ကြော်လေး ကြော်ဖြစ်ပါတယ်ထမင်းပူပူလေးနဲ့ဘဲစားစား ဒီအတိုင်းလေးဘဲစားစားအရမ်းကိုမှ စ...
06/11/2024

ဒီနေ့တော့ ဝက်သုံးထပ်သားကို ဒယ်အိုးနဲ့ ကင်ကြော်လေး ကြော်ဖြစ်ပါတယ်

ထမင်းပူပူလေးနဲ့ဘဲစားစား ဒီအတိုင်းလေးဘဲစားစား
အရမ်းကိုမှ စားလို့ကောင်းတာမို့ ကြော်နည်းလေးကို မျှဝေပေးလိုက်ပါတယ်။

{ ပါ၀င်ပစ္စည်းများ }
၁။ ဝက်သုံးထပ်သား - လေးခု
၂။ နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
၃။ အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်သာသာ
၄။ ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
၅။ ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ

{ ပြင်ဆင်ပြုလုပ်ပုံ }

~ ဝက်သားများကို ရေဆေးပေးကာ အသားများကို နနွင်းမှုန့် ဆား အရသာမှုန့် ငရုတ်ကောင်းမှုန့်တို့နဲ့အရသာ၀င်အောင် ဆုတ်ဆုတ်ပြီး နယ်ပေးပါ
~ အရသာ သမအောင် နယ်ပေးကာ တစ်နာရီလောက် နှပ်ထားပေးပါ
~ အောက်ချေ မကပ်သော ဒယ်အိုးတစ်လုံးထဲမှာ ဝက်သားကို ရေမြုပ်အောင်ထည့်ပြီး ပြုပ်ပေးပါ
~ ပြုပ်ထားသော ရေများခမ်းလာပါက အိုးကိုအဖုံးအုပ်ကာ မီးခပ်မျှင်းမျှင်းနဲ့ တည်ပေးပါ
~ ဝက်သားထဲမှ ဆီများထဲ ထွက်လာပြီး အောက်ဖက်အပိုင်းက ကျပ်လာပါက နောက်တစ်ဖက်ကို လှန်ပေးကာ ဆက်တည်ပေးထားပါ
~ နောက်တစ်ဖက် ရွှေဝါရောင် သန်းလာပါက နောပ်တစ်ဖက်ကို လှန်ပေးကာ မီးမျှင်းမျှင်းနဲ့ ဆက်တည်ပေးပါ
~ ထိုနည်းအတိုင်း သုံးလေးခါလောက် လုပ်ပေးပြီးပါက ဆယ်ပြီး ဆီစစ်ပေးပါ
~ ဆီစစ်သွားပါက ဝက်သုံးထပ်သား ကြွတ်ကြွတ်မွှေးမွှေးလေးကို သုံးဆောင်လို့ရပါပြီနော် 🥰

ဒီနေ့တော့ သာခွေယိုင်လေး လုပ်စားကြည့်ရအော်ဒီမုန့်လေးက ကောက်ညှင်းငချိတ်ကို အုန်းနို့နဲ့ စားရတာဆိုတော့ အရသာက အလွန်ကောင်းလွန...
03/11/2024

ဒီနေ့တော့ သာခွေယိုင်လေး လုပ်စားကြည့်ရအော်

ဒီမုန့်လေးက ကောက်ညှင်းငချိတ်ကို အုန်းနို့နဲ့ စားရတာဆိုတော့ အရသာက အလွန်ကောင်းလွန်းတာမို့သာခွေယိုင် လုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

{ ပါဝင်ပစ္စည်းများ }

၁။ ကောက်ညှင်းငချိတ် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး နှစ်ဗူး
၂။ ရေ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး ခြောက်ဗူး (ကောက်ညှင်းချက်ရန်)
၃။ ဆား - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
၄။သကြားအညို - ထမင်းစားဇွန်း ဆယ်ဇွန်း
၅။ အုန်းနို့ - 400 ml
၆။ ရေ ထမင်းပေါင်းအိုး ဆန်ချင်ဗူး သုံးဗူး (အုန်းနို့ကျိုရန်)
၇။ ဆွမ်းမွှေးရွက် - သုံးရွက်
၈။ သကြား - ထမင်းစားဇွန်း လေးဇွန်း

{ ပြင်ဆင်ပြုလုပ်နည်း }

• ကောက်ညှင်းငချိတ်ဆန်ကို ရေဆေးပြီး ထမင်းပေါင်းအိုးထဲကို ထည့်ထားပါ
• ရေကို ထမင်းပေါင်းအိုး ဆန်ချင်ဗူး ခြောက်ဗူး သကြားနှင့်ဆားတို့ထည့်ကာ ကောက်ညှင်း မချက်ခင် ရှစ်နာရီလောက် ကြိုပြီး ရေစိမ်ထားပါ
• မနက်စောစော ချက်ချင်လို့ ညဘက်ထဲက ကောက်ညှင်းဆန်ကို ရေစိမ်ထားပါတယ်
• မနက်ပိုင်း ရောက်တာနဲ့ ထမင်းပေါင်းအိုး ခလုတ်ကိုနှိပ်ပြီး ချက်ပေးပါ
•ကောက်ညှင်း ချက်ထားတာ ကျက်သွားပါက ပေါင်းအိုးအနွေးဓါတ်လေးနဲ့ နှပ်ထားပေးပါ။
• အိုးတစ်လုံးထဲမှာ အုန်းနို့ ရေ ဆွမ်းမွှေးရွက်နှင့် သကြားတို့ထည့်ကာ မီးဖိုပေါ်တင်ပြီး သကြားများ အရည်ပျော်သွားတဲ့အထိ တည်ပေးပါ
• သာခွေယိုင်ကို စားကာနီးမှ ချက်ထားသော ကောက်ညှင်းငချိတ်ကို ပန်းကန်ထဲ ထည့်ပေးပါ
•ပြီးရင်တော့မှ ဆွမ်းမွှေးနံ့ မွှေးမွှေးလေးနဲ့ အုန်းနို့ကိုဆမ်းပြီး သုံးဆောင်နိုင်ပါပြီ။

"စပယ်ရှယ်ရွှေရင်အေး"လုပ်နည်းဒီနေ့တော့ စပါကလင်ကျောက်ကျော သာကူ ကန်စွန်းဥတို့နဲ့ အုန်းနို့ ချိုစိမ့်စိမ့်လေး လုပ်စားဖြစ်ပါတ...
31/10/2024

"စပယ်ရှယ်ရွှေရင်အေး"လုပ်နည်း

ဒီနေ့တော့ စပါကလင်ကျောက်ကျော သာကူ ကန်စွန်းဥတို့နဲ့ အုန်းနို့ ချိုစိမ့်စိမ့်လေး လုပ်စားဖြစ်ပါတယ် လုပ်နည်းလေးက အရမ်းကို လွယ်ပါတယ်။

{ ပါ၀င်ပစ္စည်းများ }
၁။ ကန်စွန်းဥ - အရောင် သုံးမျိုး
၂။ အုန်းနို့ - ၄၀၀ မီလီမီတာ (ready made အုန်းနို့ဗူးကို သုံးထားပါတယ် )
၃။ သကြား - ထမင်းစားဇွန်း ၆ဇွန်းမောက်မောက် (အချိုကြိုက်လျှင် ပိုထည့်ပါ)
၄။ စပါကလင်ကျောက်ကျော - မိမိနှစ်သက်သလောက်
၅။ သာကူကျိုပြီးသား - မိမိနှစ်သက်သလောက်
၆။ ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
ရေ - ၁၂၀၀ မီလီမီတာ (အုန်းနို့နှင့်ရောကျိုရန်)

{ ပြင်ဆင်ပြုလုပ်ပုံ }
~ ကန်စွန်းဥများကို အခွံခွာပြီး ရေဆေးထားပါ
ရေဆေးပြီးတာနဲ့ ပုံပါအတိုင်း အတုံးလေးတွေ တုံးပေးထားပါ
~ ပေါင်းခံဇကာထဲမှာ ကန်စွန်းဥများကိုထည့်ပြီး ပေါင်းအိုးထဲမှာ ထည့်ကာ နူးတဲ့အထိ ပေါင်းပေးထားပါ
~ သာကူကိုကျိုပြီး အအေးခံထားပါ
စပါကလင် ကျောက်ကျောကိုကျိုပြီး အအေးခံကာ လှီးထားပါ
~ ဇောက်နက်သော အိုးတစ်လုံးထဲမှာ အုန်းနို့ သကြား ဆားနှင့်ရေတို့ထည့်ပြီး ပွက်ပွက်ဆူအောင် ကျိုပေးပါ
~ အုန်းနို့များ ပွက်ပွက်ဆူလာတာနဲ့ မီးပိတ်ကာ အအေးခံထားပါ

"အားလုံးအဆင်သင့် ဖြစ်တာနဲ့ မိမိနှစ်သက်သလို ပြင်ပေးပြီးပါက ကန်စွန်းဥ အုန်းနို့ကျို ချိုချိုစိမ့်စိမ့်လေးကို သုံးဆောင်ရန် ပြင်ပေးနိူင်ပါပြီ"

#ဟင်းချက်နည်း #မုန့်လုပ်နည်း #ရွှေရင်အေး

အညာဒေသ ဘုရားပွဲတွေမှာရောင်းတဲ့ "ကရေကရာမှန့်"လေးတွေ လုပ်စားကြည့်ရအောင်ထန်းလျှက်အပျော့ မရှိပါက သကြားကို သုံးလို့ရသလို အုန်...
31/10/2024

အညာဒေသ ဘုရားပွဲတွေမှာရောင်းတဲ့ "ကရေကရာမှန့်"လေးတွေ လုပ်စားကြည့်ရအောင်

ထန်းလျှက်အပျော့ မရှိပါက သကြားကို သုံးလို့ရသလို အုန်းသီးအစို မရပါက အုန်းသီးခြစ်ပြီးသား အခြောက်ကိုလဲ သုံးလို့ရပါတယ်။

တစ်ချို့ကတော့ ထောပါတ်ထည့်ပြီး လုပ်ကြပါတယ်အချိုအရသာကိုလဲ အချိုကြိုက်ပါက ပိုထည့်ပေးနိူင်ပါတယ်နော်

{ ပါဝင်ပစ္စည်းများ }

၁။ ကောက်ညှင်းမှုန့် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး သုံးဗူး
၂။ အုန်းသီးခြစ်ပြီးသား - ထမင်းပေါင်းအိုး ဆန်ချင်ဗူး သုံးဗူး
၃။ ထန်းလျှက်အပျော့ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဝက်သာသာ (အချိုကြိုက်ပါက ပိုထည့်ပါ)
၄။ ဆား - လက်ဖက်ရည်ဇွန်း ငါးပုံတစ်ပုံ
၅။ ရေ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး သုံးဗူး (ထန်းလျှက်ရည်ကျိုရန်)

ရေနွေးကို လိုအပ်ရင် သုံးဖို့အတွက် သတ်သတ်တည်ထားပေးပါ

{ ပြင်ဆင်ပြုလုပ်ပုံ }
~ အရင်ဆုံး ဒယ်အိုးထဲမှာ ကောက်ညှင်းမှုန့်များကိုထည့်ပြီး မီးနွေးနွေးနဲ့ လှော်ပေးပါ
~ ကောက်ညှင်းမှုန့်များ အကျက်ညီစေရန် လှော်နေစဥ် အဆက်မပြတ် မွှေမွှေပေးပါ
~ ကောက်ညှင်းလှော်နံ့လေး သင်းလာတာနဲ့ မီးပိတ်ပြီး ပန်းကန်တစ်ခုထဲ ပြောင်းထည့်ပေးပါ
~ လှော်ပြီးသား ကောက်ညှင်းမှုန့်ကို ဆန်ချင်ဗူး တစ်ဝက်သာသာလောက်ကို အုန်းယိုနှင့် လူးပေးရန် ဖယ်ထားပါ
~ ရေနွေးကို ဆူအောင်တည်ပေးပြီး အဆင်သင့် ပြင်ထားပါ
~ အိုးတစ်လုံးထဲမှာ ရေ ဆားနှင့် ထန်းလျှက်တို့ကိုထည့်ပြီး ပွက်ပွက်ဆူအောင် တည်ပေးပါ
~ ထန်းလျှက်များ ပျော်လာတာနဲ့ ခြစ်ပြီးသား အုန်းသီးနှင့် ကောက်ညှင်းလှော်မှုန့်တို့ကိုထည့်ပြီး မွှေပေးပါ
~ မွှေနေစဥ် အုန်းယိုများ ခဲပျစ်လာပါက ရေနွေးကို နည်းနည်းချင်း ထည့်မွှေပေးပါ
~ ကောက်ညှင်းသား အဖြူရောင် အရောင်ပျောက်လာပြီး အုန်းယိုခပ်ပျစ်ပျစ်လေး ရလာရင် ရပါပြီ။
~ စောစောက ချန်ထားသော ကောက်ညှင်းလှော်မှုန့်ကို ပန်းကန်တစ်ခုထဲမှာ ထည့်ထားပေးပါ
~ ယိုထိုးထားသော အုန်းယိုကို ခပ်နွေးနွး အနေအထားမှာ အနေတော်လေးတွေ ယူပေးကာ ဆုတ်ဆုတ်ပေးပြီး ခပ်ပျံ့ပျံ့လေး လုပ်ပေးပါ
~ ပြီးတာနဲ့ ကောက်ညှင်းမှုန့်ထဲမှာ လူးပေးပါ
~ ထိုနည်းအတိုင်း အုန်းယိုများ ကုန်တဲ့အထိ လုပ်ပေးပြီးတာနဲ့ စားချင့်စဖွယ် ကရေကရာ မုန့်လေးကို ရပါပြီ။

"အုန်းယိုထိုးတဲ့အခါ မိမိတို့ အသုံးပြုတဲ့ ကောက်ညှင်းမှုန့် အပျော့ အမာပေါ် မူတည်ပြီး ရေကိုတစ်ခါထဲ အများကြီး မထည့်ဘဲ နည်းနည်းချင်းထည့်ပေးကာ လိုတိုး ပိုလျော့ လုပ်ပေးပါ"

#မုန့်လုပ်နည်း #ဟင်းချက်နည်း

ပုန်းရည်ကြီး လုပ်နည်း   အိမ်မှာလုပ်တဲ့အတွက် လတ်လတ်ဆတ်ဆတ် သန့်သန့်ရှင်းရှင်းလေးစားရတာပေါ့နော်    အားလပ်တဲ့အခါ လိုက်လုပ်နိ...
25/10/2024

ပုန်းရည်ကြီး လုပ်နည်း

အိမ်မှာလုပ်တဲ့အတွက် လတ်လတ်ဆတ်ဆတ် သန့်သန့်ရှင်းရှင်းလေးစားရတာပေါ့နော်
အားလပ်တဲ့အခါ လိုက်လုပ်နိူင်အောင်လို့ မျှဝေပေးလိုက်ပါတယ်ရှင်။

{ပါဝင်ပစ္စည်းများ}

ပဲပိစပ် - တစ်ကီလို(Horse - gram)
ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
ရေ - လိုသလောက် သုံးပေးပါ

{ပြင်ဆင်ပြုလုပ်ပုံ}

~ပဲများကို ရေခပ်များများနဲ့ ရေစင်အောင်ဆေးပေးပါ
~ရေဆေးပြီးတာနဲ့ ဇလုံထဲမှာထည့်ပြီး ရေခပ်များများထည့်ကာ တစ်ညသိပ် စိမ်ထားပေးပါ
~ရေစိမ်ချိန် ပြည့်တာနဲ့ စိမ်ထားသော ရေများသွန်ကာ ဇောက်နက်သော အိုးထဲကို ထည့်ပေးပါ
~ပဲများမြုပ်အောင် ရေထည့်ပြီး ပြုပ်ပေးပါ
~ပဲများ အကျက်ညီစေရန် မကြာမကြာ မွှေမွှေပေးပါ
~ပဲပြုပ်နေစဉ် ပဲများ နူးမနူး စမ်းစမ်းကြည့်ပေးပါ
ပဲမနူးသေးပါက ရေထပ်ထပ်ထည့်ပြီး ပဲနူးတဲ့အထိ ပြုပ်ပေးပါ
~ပဲများနူးလာတာနဲ့ ဆားထည့်ပြီး မွှေပေးပါ
ပြီးတာနဲ့ ပဲပြုပ်နဲ့ ပဲပြုပ်ရည်တွေကို ဇကာခံပြီး စစ်ပေးပါ
~ပဲအနှစ်ရအောင် ဇကာစိတ်စိတ်လေးထဲမှာထည့်ပြီး တိုက်ယူပါတယ်
~ပဲပြုပ်ရည်နဲ့ ပဲအနှစ်တိုက်ထားတာကို ဇလုံထဲမှာထည့်ပြီး လေလုံအောင်ပိတ်ကာ အခန်းအပူချိန်အတိုင်း သုံးရက်နီးပါး အချဉ်ဖောက်ပေးပါ
~ပဲအနှစ်များ အချဉ်ဖောက်လာတာနဲ့ ပုန်းရည်ကြီးကျိုဖို့ ပြင်ဆင်ပေးပါ
~အိုးထဲမှာ ပဲအနှစ်များထည့်ပြီး မီးအနေတော်နှင့် ကျိုပေးပါ
~စိတ်ရှည်လက်ရှည် မွှေ​ပေးနေရင်းက ပဲများ ပြစ်ခဲလာတဲ့အိ ကျိုပေးပါ

``ပဲရည်များ ရေခမ်းပြီး ပြစ်ခဲလာပါက ချဉ်ဖြုံ့ဖြုံ့ ခပ်စိမ့်စိမ့် အရသာ ပုန်းရည်ကြီးကို ရပါပြီ´´

"ထမင်းဆီပူထိုး မွှေးမွှေးလေး"လုပ်စားကြည့်ရအောင်ဒီနေ့တော့ အိမ်မှာကျန်နေတဲ့ ထမင်းကြမ်းကို ပြစ်လိုက်ရမှာ သမျှောတဲ့အတွက် ထမင...
10/10/2024

"ထမင်းဆီပူထိုး မွှေးမွှေးလေး"လုပ်စားကြည့်ရအောင်

ဒီနေ့တော့ အိမ်မှာကျန်နေတဲ့ ထမင်းကြမ်းကို ပြစ်လိုက်ရမှာ သမျှောတဲ့အတွက် ထမင်းဆီပူထိုးလေး လုပ်စားဖြစ်ပါတယ်။

မုန့်ပဲသရည်စာအဖြစ် စားသုံးနိူင်သလို ထမင်းအနေနဲ့ စားလို့ရတဲ့အတွက် ထမင်းဆီပူထိုး လုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ
၁။ ပိုနေသော ထမင်းကြမ်း
၂။ ဆား
၃။ အရသာမှုန့်
၄။ ဆီ
၅။ နှမ်းလှော်ပြီးသား
၆။ မကပ်သော ဒယ်အိုး

{ ပြင်ဆင်ပြုလုပ်ပုံ }

* ဇလုံတစ်လုံးထဲမှာ မိမိတို့ အသုံးပြုမည့် ထမင်းကြမ်း အနည်းအများ အပေါ်မှ မူတည်ပြီး ဆား ဆီနှင့် အရသာမှုန့်တို့ကို သင့်ရုံထည့်ပြီး ထမင်းများကို ခပ်စေးစေးလေး ရလာတဲ့အထိ နယ်ပေးပါ
* ပြီးတာနဲ့ မိမိနှစ်သက်တဲ့ ပုံစံခွက်လေးထဲမှာ ဖိသိပ်ထည့်ပေးပါ
* ဒယ်အိုးထဲမှာ ဆီထမင်းစားဇွန်း တစ်ဇွန်းထည့်ကာ အိုးကိုအပူပေးပါ
* ဆီပူလာတာနဲ့ မီးကိုအနေတော်သို့ လျှော့ချပေးပြီးမှ ပုံဖော်ထားတဲ့ ထမင်းကို ထည့်ပေးပါ
* အောက်ဖက်က ထမင်းချိုးနံ့လေး သင်းလာကာ ကြွတ်လာတာနဲ့ နောက်တစ်ဖက်ကို လှန်ပေးပါ
* ထမင်းချိုးနံ့လေး သင်းပြီးကြွတ်လာနဲ့ အိုးထဲမှ ဖယ်ပေးကာ ကျန်နေသော ထမင်းများ ကုန်တဲ့အထိ ဆီထမင်းစားဇွန်းထည့်လိုက် ပုံဖော်ထားတဲ့ ထမင်းခဲလေးထည့်လိုက် ကုန်တဲ့အထိ ဆီပူထိုးပေးပါ

"အားလုံးလုပ်ပေးပြီးတာနဲ့ ထမင်းဆီပူထိုး အပေါ်မှာ နှမ်းလှော်မွှေးမွှေးလေး ဖြူးကာ စားသုံးဖို့ ပြင်ပေး နိူင်ပါပြီ။"

ဒီနေ့တော့ မုံလာချဉ်လေး လုပ်ပါတယ် အရမ်းလွယ်ကူတဲ့ လုပ်နည်းဖြစ်ပြီး အချဉ်လဲ မြန်ပါတယ် ရာသီဥတု ပူရင်တော့ သုံးရက်လောက်ဆို ကော...
10/10/2024

ဒီနေ့တော့ မုံလာချဉ်လေး လုပ်ပါတယ် အရမ်းလွယ်ကူတဲ့ လုပ်နည်းဖြစ်ပြီး အချဉ်လဲ မြန်ပါတယ် ရာသီဥတု ပူရင်တော့ သုံးရက်လောက်ဆို ကောင်းကောင်းချဉ်ပြီး ရာသီဥတု အေးရင်တော့ လေးရက်မှ ငါးရက်လောက် ထားပြီးမှ ရပါမယ်။

* မုံလာချဉ် ရတဲ့အခါ ထမင်းလုံးလေးတွေ ပါတာကို မကြိုက်တဲ့သူက မုံလာချဉ်ကို အနည်းငယ် ခါပြီးမှ ယူပေးပါ။
* ဆန်ဆေးရေနဲ့ ရေမပါဘဲ ထမင်းနဲ့ဆားဘဲ ပါတဲ့အတွက် အချဉ်တည်တာ ရသွားချိန်မှာ ထမင်းစေ့လေးတွေကတော့ ပါပါမယ်။
* ငရုတ်သီးနဲ့ ပြန်ကြော်စားရင်တော့ ထမင်းစေ့လေးတွေ မဖယ်ဘဲ ချဉ်ချဉ်ငံငံ စပ်စပ်လေး ကြော်စားလို့ ရပါတယ်။

{ ပါဝင်ပစ္စည်းများ }

၁။ လှီးပြီးသား မုံလာဥ - ဇကာအလတ် တစ်လုံးစာ
၂။ ဆား - ထမင်းစားဇွန်း သုံးဇွန်း
၃။ ထမင်ကြမ်း - ဟင်းပြင်ပန်းကန်အလတ် တစ်လုံးစာ
၄။ ဗူး သို့မဟုတ် ပုလင်းသန့်သန့်

{ ပြင်ဆင်ပြုလုပ်ပုံ }

* မုံလာရွက်များကို အနေတော် ပိုင်းဖြတ်ကာ ရေဆင်အောင်ဆေးပြီး ရေစစ်ထားပါ
* မုံလာဥကို အခွံခွာပြီး မိမိစိတ်ကြိုက် ပုံစံလေးတွေ လှီးပေးကာ ရေဆေးပြီး ရေစစ်ထားပါ
* မုံလာဥနှင့် မုံလာရွက်များ ရေစစ်သွားပါက ဇလုံတစ်လုံးထဲမှာ ပါဝင်ပစ္စည်း အားလုံးကို ထည့်ပေးပါ
* ပြီးတာနဲ့ သမသွားအောင် ခပ်နာနာလေး နယ်ပေးကာ အငံအရသာကို လျှာလေးနဲ့ တို့ကြည့်ပါ
* အငံအရသာ ပေါ့နေရင် အချဉ်တည်ရတာ အူလည်လည်ဖြစ်ပြီး ပျက်သွားတတ်ပါတယ်
* အငံအရသာ ခပ်လေးလေး လေးရရင် အချဥ်တည်လို့ ရပါပြီ
* မိမိ အသုံးပြုမဲ့ ပုလင်းထဲ (သို့) ဗူးထဲကို မုံလာဥများ ဖိသိပ်ပြီး ထည့်ပေးကာ အဖုံးလုံအောင် ပိတ်ပေးပါ
* အခန်းအပူချိန် အတွင်းမှာ ရာသီဥတု ပူပါက သုံးရက်လောက် ထားပေးပါ

"ရာသီဥတု အေးရင်တော့ အခန်းအပူချိန်အတိုင်း လေးရက်မှ ငါးရက်လောက် ထားပေးပြီးပါက မုံလာချဥ်ဖတ် ရပါပြီ"

"ပဲပြုပ်နည်း နှင့် ပဲအညှောင့်ဖောက်နည်း"ဒီနေ့တော့ စားတော်ပဲကို နောက်ထပ်တစ်မျိုး စမ်းသပ်ပြီး ပြုပ်ပါတယ်* ပဲကိုအပင်ဖောက်ပြီ...
08/10/2024

"ပဲပြုပ်နည်း နှင့် ပဲအညှောင့်ဖောက်နည်း"

ဒီနေ့တော့ စားတော်ပဲကို နောက်ထပ်တစ်မျိုး စမ်းသပ်ပြီး ပြုပ်ပါတယ်

* ပဲကိုအပင်ဖောက်ပြီး ပြုပ်တဲ့အခါ ပဲပြုပ်ကပိုပြီးချိုပါတယ် ဒါကြောင့်မို့လို့ ဒီတခါတော့ စားတော်ပဲ စစ်စစ်လေး ရလာတာနဲ့ အပင်ဖောက်ပြီး ပြုပ်ထားပါတယ်။
* အလျှင်စလို အမြန်စားချင်တယ် ဆိုရင်တော့ ၁၀နာရီလောက် ရေစိမ်ပြီး အပင်မဖောက်ဘဲ တစ်ခါထဲ ပြုပ်ပေးနိူင်ပါတယ်
* တစ်ချို့က ပြုပ်နေရင်း အခွံတွေ ကျွတ်ထွက်ကုန်တယ်တဲ့ အခွံကျွတ်တာအတွက် အဖြေက ပြုပ်မဲ့ပဲ ပမာဏနဲ့ ပဲထည့်ပြုပ်မဲ့အိုးက သိပ်ကြီးနေရင်လဲ ပဲတွေက အိုးထဲမှာ ချောင်ပြီး အခွံတွေ ကျွတ်ထွက်တတ်သလို ပြုပ်နေစဉ် ပဲအိုးကို ဖွင့်ပြီး ခနခန မွှေပေးရင်လဲ အခွံတွေ ကျွတ်ထွက်တတ်ပါတယ်။
* ဒါကြောင့်မို့လို့ ပဲပြုပ်မယ်ဆိုရင် အိုးအသားထူပြီး ပြုပ်မဲ့ပဲ ပမာဏကို အိုးထဲမှာ ထည့်ပြီးတာနဲ့ ပဲအပေါ်မှာ လက်လေးလုံးလောက်ဘဲ အမြင့်ရှိတဲ့ အိုးနဲ့ပြုပ်ပေးပါ။
* ဒီပဲပြုပ်တဲ့နည်းလေးက ပဲပြုပ်ချိန် အချိန်ကုန် သက်သာအောင် ရေအနည်းငယ် လျှော့ထည့်ပြီး ဆိုဒါအနည်းငယ် ထည့်ပြုပ်ပါတယ်။
* ဆိုဒါ ထည့်ပြီးပြုပ်တဲ့အတွက် ပဲပြုပ်ချိန်မှာ သတိတော့ထားရပါတယ် ပဲပြုပ်ရည်များ ဝေကျတတ်တဲ့အတွက် အိုးအဖုံးကို ခပ်ဟဟလေး ဖုန်းထားရပါတယ်။
* ရေလျှော့ထည့်ထားတဲ့အတွက် ပဲအိုးမကပ်အောင်တော့ သတိထားပြီး ကြည့်ကြည့်ပေးရပါတယ် ပဲအိုးရေခမ်းတာနဲ့ မီးပိတ်ပေးပြီး လက်ကျန်မီးအပူရှိန်လေးနဲ့ ပဲအိုးကို နှပ်ပေးလိုက်ရင် အိအိထွေးထွေးလေးနဲ့ ပဲပြုပ်ကို ရလာပါလိမ့်မယ်။

{ ပါ၀င်ပစ္စည်းများ }

၁။ စားတော်ပဲ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး သုံးဗူး
၂။ ထန်းလျှက်ခဲ ကွမ်းသီးလုံးလောက် - နှစ်ခဲ
၃။ ရေ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး သုံးဗူး
၄။ ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
၅။ ဆိုဒါ - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
၆။ ပဲပြုပ်ရန်အိုး - အိုး (အိုးအသားထူပြီး ပြုပ်မည့်ပဲနှင့် ပမာဏ သိပ်မကွာတဲ့ အိုးအနေတော် တစ်လုံး)

{ ပြင်ဆင်ပုံ }

* ဇလုံတစ်လုံးထဲမှာ ပဲများကိုထည့်ပြီး နှစ်ထပ်လောက် ဆေးပေးပါ
* ပြီးတာနဲ့ ပဲများရေမြုပ်အောင် ခပ်များများလေး ထည့်ပေးကာ ၁၀နာရီလောက် ရေဝအောင် စိမ်ထားပေးပါ
* ပဲများရေဝလာကာ ပဲများပွလာပြီ ဆိုတာနဲ့ အပေါက်ခပ်စိတ်စိတ်ပါသော ဇကာတစ်ခုထဲကို သွန်ချပေးပြီး အစို့ဖောက်ဖို့ ပြင်ပါမယ်
* အစို့ဖောက်ရာမှာ ပဲတွေကို အဝတ်စနဲ့ ထုတ်ပြီး အစို့မဖောက်မိစေဖို့ သတိထားပေးပါ
* အဝတ်စနဲ့ထုတ်ပြီး အစို့ဖောက်တဲ့ ပဲကိုပြုပ်တဲ့အခါ ရေစော်နံတတ်သလို ရာသီဥတု ပူလွန်းရင်လဲ ပဲများအချဉ်ဖောက်ကုန်တတ်ပါတယ်ပဲ
* ဇကာထဲမှာထည့်ပြီး ပဲများ အစို့ဖောက်ထားစဉ် အ၀က်စ သန့်သန့်တစ်ခုကို ရေစွတ်ပြီး ပဲအပေါ်မှာ အုပ်ထားပေးပါ
* အစို့လေးတွေ မြန်မြန်ထွက်လာအောင် အ၀တ်စကို တစ်နေ့ရေ၃ခါလောက် စွတ်ပြီးမှ ပြန်ပြန်အုပ်ပေးပါ
* ဒုတိယရက်မှာဘဲ ပဲအစို့လေးများ စပြီးထွက်လာပါလိမ့်မယ်အ
* တတိယရက်မှာလဲ အ၀တ်စကို ရေစွတ်ပြီး တစ်နေ့၃ခါ အရင် ရက်ကလိုဘဲ အုပ်ပေးပါ
* တတိယရက်မှာ ပဲအစို့လေးတွေ တော်တော်လေး ရှည်လာပါပြီ
* ပဲအစို့ ဖောက်ထားစဉ် ပဲများကို မဖွမိဖို့ သတိထားပေးရသလို ပဲထည့်ထားသော ဇကာရဲ့ အောက်ချေမှာလဲ ရေများအိုင်မနေအောင် သတိထားပါ
* တတိယနေ့ ညနေပိုင်း ၃နာရီလောက်ဆို ပဲပြုပ်ဖို့ ပြင်နိူင်ပါပြီ​
* အစို့ဖောက်ထားသော ပဲများကို ရေတစ်ထပ် ဆေးပေးပါ
* ပြီးတာနဲ့ အိုးအသား ထူသော အိုးထဲသို့ ပဲများကို ပြောင်းပြီး ထည့်ပေးပါ
* ပဲအိုးထဲကို ထန်းလျက်ခဲ ရေ ဆားနှင့် ဆိုဒါတို့ထည့်ပြီး အိုးအဖုံးအုပ်ကာ ပြုပ်ပေးပါ
* ဆိုဒါပါတဲ့အတွက် ပဲအိုး ရေပွက်ပွက် ဆူလာပြီ ဆိုတာနဲ့ အိုးအဖုံးကို ဟပေးပါ
* ထိုပုံစံ အတိုင်းလေးဘဲ ပဲအိုးရေခမ်းတဲ့အထိ ဆက်ပြုပ်ပါ
* ရေခမ်းကာနီးပါက မီးကိုပိတ်လိုက်ပြီး ပဲအိုးကို လက်ကျန်မီးအပူရှိန်နှင့်နှပ်ပေးပါ
* နှပ်ထားသော ပဲများနပ်လောက်ချိန်မှာ အိုးကိုအဖုံး ဖုံးထားပြီး လက်နှစ်ဖက်နှင့် အ၀တ်ခံပြီးကိုင်ကာ အထက်အောက် သမအောင် ၂ချက်လောက် ခလောက်ပြီး ပဲကိုအထက်အောက် လှန်ပေးပါ
* ပြီးတာနဲ့ မီးပိတ်ပြီး မီးဖိုပေါ်မှာ လက်ကျန်မီးအပူရှိန်နဲ့ ဆက်နှပ်ထားပေးပါ

"ပဲနပ်သွားပြီ ဆိုပါက ချိုပြီးအိနေသော ပဲပြုပ်အိအိ မွှေးမွှေးလေးကို မိမိနှစ်သက်သလို စားသုံးနိုင်ရန် ပြင်ပေးနိူင်ပါပြီ"

''ရှောက်သီးဆေးပြား''လုပ်နည်း   ငယ်ငယ်က ကျောင်းမှာ ဝယ်စားကြတဲ့ မြေအိုးလေးတွေထဲမှာ ထည့်ထားတဲ့ ရှောက်သီးဆေးပြားတို့ စက္ကူလေ...
07/10/2024

''ရှောက်သီးဆေးပြား''လုပ်နည်း

ငယ်ငယ်က ကျောင်းမှာ ဝယ်စားကြတဲ့ မြေအိုးလေးတွေထဲမှာ ထည့်ထားတဲ့ ရှောက်သီးဆေးပြားတို့ စက္ကူလေးတွေနဲ့ ထုတ်ထားတဲ့ ရှောက်သီးဆေးပြားလေးတွေကို တောဘက်ကျောင်းတွေမှာ ကျောင်းတက်တဲ့ကြ အများစုကတော့ စားဖူးကြမယ် ထင်ပါတယ်။

ရှောက်သီးမရှိတဲ့အတွက် သံပုယိုသီးနဲ့ လုပ်ထားပေမဲ့ ရှောက်သီးဆေးပြား အရသာအတိုင်း ရပါတယ်

{ ပါဝင်ပစ္စည်းများ }
၁။ သံပုယိုသီး - အလုံးနှစ်ဆယ်
၂။ ဆား - လိုသလောက် သုံးပါ
၃။ ဖန်ပုလင်းသန့်သန့် - လိုသလောက်သုံးပါ
၄။ Baking paper - လိုသလောက် သုံးပါ

{ ပြင်ဆင်ပြုလုပ်ပုံ }

* ဖန်ပုလင်းများကို သန့်စင်နေအောင် ဆေးပေးပြီး ရေခြောက်အောင် နေလှန်းပေးထားပါ
* သံပုယိုသီးများကို ရေစင်အောင်ဆေးပြီး ရေ​ခြောက်အောင် သုတ်ပေးထားပါ
* ပြီးတာနဲ့ အောက်ချေအထိ မပြတ်အောင် လေးစိတ်စိတ်ပေးပါ
* လေးစိတ် စိတ်ထားသော ကြားထဲကို ဆားဆန့်သလောက် ဖိသိပ်ထည့်ပေးပါ
* အားလုံးထည့်ပြီးတာနဲ့ အခြောက်ခံထားသော ပုလင်းတွေမှာ သံပုယိုသီးများကို ထောင်ရက်လေးတွေ ဖိသိပ်ထည့်ပေးပါ
* ပြီးတာနဲ့ လေလုံအောင်ပိတ်ပြီး တစ်ပါတ်ခန့် နေလှန်းပေးပြီး အိမ်ထဲမှာ ဆက်ထားပေးပါ
* နေရောင်မရပါက အခန်းအပူချိန် အများဆုံး ရှိတဲ့နေရာမှာ ထားပေးပါ
* ဆားရည်များ ပျော်လာပြီး သံပုယိုသီးများ အိလာပါက သံပုယိုသီး ဆေးပြားလေးတွေ လုပ်လို့ရပါပြီ။

{ သံပုယိုသီး ဆေးပြားလုပ်ပုံ }

* ဆားစိမ်ထားသော သံပုယိုသီးများကို ရေများစစ်ပြီး အပြင်ကို ထုတ်ပေးပါ
* ရေစစ်သွားတာနဲ့ ကြိတ်စက်ထဲကို ကြိတ်စက်နိူင်သလောက် ထည့်ပေးပြီး ညက်နေအောင် ကြိတ်ပေးပါ
* အချိုအရသာလေးနဲ့ စားချင်ပါက သကြားထည့်ကြိတ်ပေးပါ
* အားလုံးကုန်အောင် ကြိတ်ပြီးတာနဲ့ နေလှန်းဖို့ ပြင်ဆင်ပေးပါ
* နေလှန်းမည့် ဗန်းတွေထဲမှာ baking paper တွေကို ခင်းပေးပါ
* ပြီးတာနဲ့ ထိုစက္ကူအပေါ်မှာ ကြိတ်ထားသော သံပုယိုသီးများကို ထည့်ပေးပြီး ပြန့်နေအောင် ဖိဖိပြီး ဖြန့်ပေးပါ
* အားလုံးဖြန့်ပြီးတာနဲ့ နေပူပူမှာ လှန်းပေးပါ
* နေလှန်းတဲ့ အခါမှာလဲ ပိုးကောင်လေးတွေ မနားအောင် အုပ်ဆောင်းအုပ်ပြီး လှန်းပေးပါ
* အပေါ်ယံဘက်က နေလှန်းထားတာ ခြောက်သွေ့လာပါက နောက်တစ်ဖက်ကို လှန်ပြီးလှန်းပေးပါ

''တစ်ချပ်လုံး ခြောက်သွေ့လာတဲ့အထိ နေလှန်းပြီးပါက သံပုယိုသီး ဆေးပြားလေးတွေကို ဖန်ပုလင်းလေးထဲထည့်ကာ အစာကျေ ရင်ချောင်အောင် စားသုံးနိူင်ပါပြီ။''

ထမင်းစားလို့ မြိန်စေတဲ့ "ငါးကြီးချဉ်"လုပ်နည်း ပါ၀င်ပစ္စည်းများ }၁။ က ကတစ်ငါး - တစ်ကောင်၂။ ဆန် - ထမင်းပေါင်းအိုး ဆန်ချင်ဗ...
07/10/2024

ထမင်းစားလို့ မြိန်စေတဲ့ "ငါးကြီးချဉ်"လုပ်နည်း

ပါ၀င်ပစ္စည်းများ }
၁။ က ကတစ်ငါး - တစ်ကောင်
၂။ ဆန် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး နှစ်ဗူး (ခပ်မာမာလေး ချက်ထားပါ)
၃။ ဆား - ထမင်းစားဇွန်း နှစ်ဇွန်းခွဲခန့်
၄။ ဇလုံ - တစ်လုံး

{ ပြင်ဆင်ပြုလုပ်ပုံ }
* ငါးကို မလိုတာတွေ အကုန်ဖယ်ပြီး အနေတော် အတုံးလေးတွေ တုံးပေးပါ
* ရေဆေးပြီး ရေစစ်သွားအောင် ငါးများ အပေါ်မှ အလေးတစ်ခုခုနှင့် ဖိပေးကာ ရေစစ်ထားပါ
* ဆန်ကိုရေဆေးပြီး ခပ်မာမာလေး ရအောင်ချက်ကာ အအေးခံထားပါ
* ဆားကြမ်းကို ပြင်ထားပါ
* ငါးများ ရေစစ်သွားပြီ ဆိုတာနဲ့ ဇလုံတစ်လုံးထဲမှာ ပါဝင်သော အရာအားလုံးကို ထည့်ပေးပါ
* ပြီးတာနဲ့ ငါးများကို ဆားအရသာ ဝင်စေရန် ဆုတ်ဆုတ်ပြီး နယ်ပေးပါ
* အနည်းဆုံး ငါးမိနစ်ခန့်ကြာအောင် ဆုတ်ဆုတ်ပြီး နယ်ပေးပါ
* ပြီးတာနဲ့ သန့်ပြန့်နေသာ ဇလုံ သို့မဟုတ် ဖန်ပုလင်းထဲမှာ ဖိသိပ်ထည့်ပေးပါ
* ပုလင်းထဲမှာ ထည့်ပါက ပုလင်းကို အဖုံးလုံအောင်ပိတ်ပြီး အခန်းအပူချိန်များသော မီးဖိုခန်းမှာ အနည်းဆုံး ၃ရက်လောက် ထားပေးပါ
* ဇလုံထဲမှာ ထည့်ထားပါက ဇလုံကို ပလပ်စတစ်အိတ်နှင် လေလုံအောင် ပိတ်ပေးပါ
* ပထမ တစ်ရက်မြောက်နေ့မှာ အရောင်အနည်းငယ် စပြောင်းလာပါပြီး အရည်အနည်းငယ် ထွက်လာပါလိမ့်မည်
* ဒုတိယနေ့မှာလဲ အထက်ပါအတိုင်း အရောင်လေး အနည်းငယ် ထပ်ပြောင်းလာပါလိမ့်မည်
* ထွက်လာသော အရည်များကို ပုလင်း သို့မဟုတ် ဇလုံကိုစောင်းပြီး သွန်သွန်ပေးပါ
* တတိယ နေ့မှာတော့ ငါးကြီးချဉ်နံ့ အနည်းငယ် ရလာပါလိမ့်မည်စ
* တုထ္ထနေ့မှာတော့ ငါးကြီးချဉ်ထဲမှ ထွက်လာသော အရည်များကို ထပ်ပြီးသွန်ပြစ်ပေးပါ

{ ငါးရက်မြောက် နေ့မှာတော့ မိမိ ကြိုက်နှစ်သက်သလို သုံးဆောင်နိူင်ရန် ငါးကြီးချဉ် ရပါပြီ }

*ရာသီဥတု အပူအအေးပေါ် မူတည်ပြီး ငါးကြီးချဉ် ချဉ်သည့်ချိန်လဲ အနည်းငယ် ကွာခြားတတ်ပါတယ်
*အသုံးပြုသော ငါးတုံးရဲ့ အကြီးအသေးပေါ်မှာ မူတည်ပြီးတော့လဲ ချဉ်သည့်ချိန် ကွာခြားတတ်ပါတယ်
*ငါးတုံး သေးငယ်ပါက ချဉ်သည့်ချိန် မြန်တတ်ကာ ငါးတုံးကြီးပါက ချဉ်သည့်ချိန် အနည်းငယ် ကြာနိူင်ပါတယ်
*ငါးကြီးချဉ် ချဉ်သွားပြီ ဆိုပါက ချက်ချင်းကြီး ချက်မစားဖြစ်သေးပါက ငါးကြီးချဉ်မှ ထွက်နေသော အရည်များ စစ်ပြစ်လိုက်ပြီး ဇလုံကို အဖုံး ဖုံးကာ ရေခဲသေတ္တာ မခဲသော အကန့်ထဲမှာ လေးရက်မှ ငါးရက်ခန့်အထိ သိမ်းထားနိူင်ပါတယ်
*ချက်ချင်း ချက်စားမည် ဆိုပါက ထမင်းများကိုဖယ်ပြီး ကြက်သွန်ဖြူ ကြက်သွန်နီ ငရုတ်သီး လုံးခြမ်းကွဲတို့ကို ညက်နေအောင်ထောင်းကာ ဆီသတ်ပေးပြီး ချက်ပေးနိူင်ပါတယ်။

"ငါးရံ့ငပိရည်ကျို"ကို "ငပိချက်လေး"ချက်ဖြစ်ပါတယ်ထမင်းမြိန်စေတဲ့ ငပိချက်တစ်မျိုးဖြစ်လို့ ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်...
06/10/2024

"ငါးရံ့ငပိရည်ကျို"ကို "ငပိချက်လေး"ချက်ဖြစ်ပါတယ်

ထမင်းမြိန်စေတဲ့ ငပိချက်တစ်မျိုးဖြစ်လို့ ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်။

{ ပါဝင်ပစ္စည်းများ }
၁။ ငါးရံ့ ငပိရည်ကျို - အနေတော် နှစ်တုံးခွဲ
၂။ ကြက်သွန်နီ - အနေတော် ငါးဥ
၃။ ကြက်သွန်ဖြူ - အမွှာကြီးကြီး ခြောက်မွှာ
၄။ ငရုတ်သီးစိမ်း - ရှစ်တောင့်ခန့်
၅။ ငရုတ်သီး လုံးခြမ်းခွဲ - ထမင်းစားဇွန်း လေးဇွန်းမောက်မောက်
၆။ နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
၇။ အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
၈။ ဆီ - လိုသလောက် သုံးပေးပါ

{ ပြင်ဆင်ပြုလုပ်ပုံ }

* ငါးရံ့ငပိက ငပိရည်ကျိုဖို့ လုပ်ထားတဲ့အတွက် အငံလေးပါတယ်
* ဒါကြောင့်မို့လို့ ရေနဲ့ ငါးထပ် ခြောက်ထပ်လောက် ဆေးပေးပါ
* ရေဆေးပြီးတဲ့ ငပိကို စဉ့်နီတုန်းပေါ်တင်ပြီး ညက်နေအောင် စဉ်းပေးပါ
* ကြက်သွန်နီကို အခွံခွါပြီး ရေဆေးကာ မထူမပါးလေးတွေ လှီးပေးပါ
* ကြက်သွန်ဖြူကို အခွံခွါပြီး ရေဆေးထားပါ
* ငရုတ်သီးစိမ်းကို အညှာခြွေပြီး ရေဆေးထားပါ
* အားလုံးအဆင်သင့် ဖြစ်တာနဲ့ အိုးထဲမှာ ဆီနှင့် နနွင်းမှုန့်ထည့်ပြီး အပူပေးပါ
* ဆီပူလာတာနဲ့ ကြက်သွန်နီကို နွမ်းတဲ့အထိ ထည့်ကြော်ပါ
* ကြက်သွန်နီ နွမ်းတာနဲ့ ငရုတ်သီး လုံးခြမ်းခွဲကို မွှေးလာတဲ့အထိ ကြော်ပေးပါ
* ပြီးတာနဲ့ စင်းထားသော ငပိကို ထည့်မွှေပေးပါ
* ငပိနံ့ သင်းလာတာနဲ့ အရသာမှုန့်နှင့် ငပိမြုပ်အောင် ရေထည့်ပြီး ဆီပြန်တဲ့အထိ တည်ပေးပါ

{ ငပိချက်အိုး ဆီပြန်လာပါက ငရုတ်သီးစိမ်းနှင့် ကြက်သွန်ဖြူကို ထည့်မွှေပေးပြီး မီးပိတ်ကာ သုံးဆောင်နိူင်ပါပြီ။ }

ထမင်းမိန်စေမဲ့ "ငါးခြောက်အစပ်ကြော်"   သုံးထားတဲ့ ငါးခြောက်က ဆားအရမ်းပေါ့တဲ့အတွက် ရေစိမ်ပြီးတဲ့ အခါမှာ ငါးငံပြာရည်နဲ့ အရသ...
06/10/2024

ထမင်းမိန်စေမဲ့ "ငါးခြောက်အစပ်ကြော်"

သုံးထားတဲ့ ငါးခြောက်က ဆားအရမ်းပေါ့တဲ့အတွက် ရေစိမ်ပြီးတဲ့ အခါမှာ ငါးငံပြာရည်နဲ့ အရသာမှုန့်လေးရယ် ပြန်နယ်ပြီး ကြော်ပါမှ အဆင်ပြေပါတယ်။

•ထမင်းပူပူလေးနဲ့ အရမ်းကို လိုက်ဖက်သလိုထမင်းကြမ်းလေးနဲ့လဲ လိုက်ဖက်ပါတယ်။

{ ပါ၀င်ပစ္စည်းများ }

၁။ ငါးခြောက် - 400 g
၂။ ကြက်သွန်နီ - ခပ်ကြီးကြီး တစ်ဥ
၃။ ကြက်သွန်ဖြူ - အမွှာကြီးကြီး ၁၀မွှာ
၄။ ချင်း - လက်တဆစ် သာသာ
၅။ ငရုတ်သီး လုံးခြမ်းကွဲ - ထမင်းစားဇွန်း ၂ဇွန်းခွဲ
၆။ အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်သာသာ
၇။ ငါးငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
၈။ ဆီ - လက်ဖက်ရည် အကြမ်းပန်းကန် တစ်လုံးသာသာ
၉။ နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တ၀စ်က်

• ငါးခြောက်ကို အကောင်လိုက်ရေ နာရီ၀က်လောက် စိမ်ထားပြီး လက်နှစ်ဆစ်အရွယ်လေးများ တုံးထားပါ

• ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက်ရေဆေးကာ ခပ်ပါးပါး လှီးထားပါ

• ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ မညက်တညက် ထောင်းထားပါ

• ချင်းကို အခွံခွာပြီး ညက်နေအောင် ထောင်းထားပါ

• ဆီကို အပူပေးပြီး နနွင်းမှုန့်ထည့်ပါ

• ငါးခြောက်ကို အရင်ဆုံး ကြွတ်သွားအောင် ကြော်ပြီး ဆယ်ထားပါ

• ငါးခြောက်ကြော်ထားသော ဆီထဲမှာဘဲ ကြက်သွန်နီကိုအရင် နွမ်းအောင်ကြော်ပေးပါ

• ကြက်သွန်နီ နွမ်းမှ ကြက်သွန်ဖြူနှင့် ချင်းကို ထည့်ကြော်ပါ

• ကြက်သွန်များ အရမ်းမကြွတ်ခင် ငရုတ်သီးမှုန့် အချိုမှုန့်နှင့် ငံပြာရည်တို့ကို ထည့်မွှေပါ

• ကြက်သွန်များ ကြွတ်လာပြီဆိုတာနဲ့ ကြော်ပြီးဆီစစ်ထားသော ငါးခြောက်ကြော်ကို ရောမွှေပေးပါ

• ငါးခြောက်ကြော် အေးသွားပါက ကြွတ်ပြီး မွှေးနေသော ငါးခြောက်ကြော် စပ်စပ်လေး ရပါပြီ။

"ချဥ်ငံစပ် ခရမ်းသီးထောင်း "      အရင်ရက်က ခရမ်းသီး အကျားလေးတွေ ဝယ်လာခဲ့ပြီး ခရမ်းသီးထောင်း ထောင်းဖြစ်ပါတယ် စားလို့ကောင်း...
03/10/2024

"ချဥ်ငံစပ် ခရမ်းသီးထောင်း "

အရင်ရက်က ခရမ်းသီး အကျားလေးတွေ ဝယ်လာခဲ့ပြီး ခရမ်းသီးထောင်း ထောင်းဖြစ်ပါတယ် စားလို့ကောင်းတဲ့အတွက် ထောင်းနည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။
{ ပါဝင်ပစ္စည်းများ }
၁။ ခရမ်းသီး - ရှစ်လုံး
၂။ ငါးကြော် - တစ်ကောင်
၃။ ငရုတ်သီးစိမ်း -မိမိစားနိူင်သလောက်
၄။ နံနံပင် -အနေတော် လေးပင်
၅။ သံပုရာသီး - တစ်ခြမ်း
၆။ ငါးငံပြာရည် - လိုသလောပ် သုံးပေးပါ
၇။ အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း

{ ပြင်ဆင်ပြုလုပ်ပုံ }

• ငါးကြော်တစ်ကောင်ကို အရိုးများ ထွင်ထားပါ
• ခရမ်းသီးများကို ရေဆေးပြီး ရေများများထည့် ကာ ခရမ်းသီးများ နူးတဲ့အထိ ပြုပ်ပေးပါ
• ငရုတ်သီးစိမ်းနှင့် နံနံပင်တို့ကို ရေဆေးထားပါ
• အားလုံးအဆင်သင့် ဖြစ်တာနဲ့ ငရုတ်ဆုံထဲမှာ ငရုတ်သီးစိမ်းများကို ညက်အောင် ထောင်းပေးပါ
• ငရုတ်သီးစိမ်း ညက်တာနဲ့ အရိုးထွင်ထားသော ငါးကြော်ကို ထည့်ထောင်းပေးပါ

• ပြီးတာနဲ့ ခရမ်းသီးများကို အညှာဖြုတ်ပြီး ရောထောင်းပေးပါ
• အရသာအတွက် သံပုရာရည် နံနံပင် ငါးငံပြာရည်နှင့် အရသာမှုန့်တို့ထည့်ကာ ဇွန်းနဲ့ မွှေပေးပါ
• အရသာ သမသွားတာနဲ့ အရသာမြည်းကာ မိမိစိတ်ကြိုက် အရသာ ရလာအောင် ပြင်ပေးပါ
• စိတ်ကြိုက် အရသာ ရလာတာနဲ့ ခရမ်းသီးထောင်း ချဉ်ငံစပ်လေးကို ထမင်းပူပူလေးနဲ့ စားသုံးနိူင်ပါပြီ။

"အုန်းနို့ခေါက်ဆွဲ (ပွဲ ၁၀ဝ စာ)"ချက်နည်း တပိုင်တနိူင် အလှူအတွက် အုန်းနို့ခေါက်ဆွဲ ချက်နည်းကို လာလာမေးကြတဲ့အတွက် အုန်းနို...
02/10/2024

"အုန်းနို့ခေါက်ဆွဲ (ပွဲ ၁၀ဝ စာ)"ချက်နည်း

တပိုင်တနိူင် အလှူအတွက် အုန်းနို့ခေါက်ဆွဲ ချက်နည်းကို လာလာမေးကြတဲ့အတွက် အုန်းနို့ခေါက်ဆွဲ (ပွဲ ၁၀ဝ စာ) ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်နော် 🥰

{ ပါဝင်ပစ္စည်းများ }
၁။ ခေါက်ဆွဲဖတ် - ၈ ပိဿာ
၂။ ကြက်သား - ၂ ပိဿာ
၃။ ငါးဖယ် - ၁ ပိဿာ
၄။ ဘဲဥ - အလုံး ၅၀
၅။ ပဲစိမ်းမှုန့် - ၈၀ ကျပ်သား
၆။ ငရုတ်သီးအရောင်တင်မှုန့် - ၂၀ ကျပ်သား
၇။ ဆီ - ၃၀ ကျပ်သား
၈။ အုန်းသီး (သို့) နို့စိမ်း - ၈ လုံး (သို့) ၈ ဘူး
၉။ သကြား - စားပွဲဇွန်း ၁၆ ဇွန်း (မောက်မောက်)
၁၀။ ဆား - စားပွဲဇွန်း ၁၀ ဇွန်း (မောက်မောက်)
၁၁။ အရသာမှုန့် - စားပွဲဇွန်း ၅ ဇွန်း (မောက်မောက်)
၁၂။ ကြက်သွန်နီဥသေး - ၂ ပိဿာ (ထည့်ရန်)
၁၃။ နနွင်းမှုန့် - စားပွဲဇွန်း ၁ ဇွန်း
၁၄။ မုန့်ကြွတ်ကြော် - ၅၀ ကျပ်သား
၁၅။ ကြက်သွန်နီဥကြီး - ၁ ၁/၂ ပိဿာ (အစိမ်းထည့်စားရန် ပါးပါးလှီး)
၁၆။ ရှောက်သီး - ၁၅ လုံး (အရည်ရွှမ်းရွှမ်း)
၁၇။ ငရုတ်သီးလှော်မှုန့် - ၃၀ ကျပ်သား
၁၈။ ယိုးဒယားငံပြာရည် - ၁ လုံး (အလယ်တည်ရန်)
၁၉။ ကြက်သွန်ဖြူဗမာဥ - ၅ ဥ
၂၀။ ပဲကြော် - အချပ် ၁၀၀
၂၁။ ရေ - (ဆန် ၁ ပြည်ချက် အိုးတစ်ဝက်ပါ) ၈ လုံး

(အပျစ်အကျဲအတွက် ထပ်လိုက်နိုင်ပါတယ်။ ပဲစိမ်းဖျော်ရာမှာလည်း ရေပါဝင်မှာ ဖြစ်တဲ့အတွက် ပျစ်လျှင် ရေနွေးလိုက်လို့ ရပါတယ်။ မကျဲအောင် ဂရုစိုက်ပါ။)

{ ပြင်ဆင်ပြုလုပ်နည်း }

• ဘဲဥကို ပြုတ်ထားလိုက်ပါ။
• ပဲစိမ်းမှုန့်ကို အလုံးအခဲမကျန်အောင် ရေဖျော် ထားပါမယ်
• ကြက်သားကို အခြမ်းလိုက် ရေဆေးပြီး ရေစစ်ထားမယ်
• ရေနွေးအိုး တည်ပြီး ဆူလာလျှင် ကြက်သွန်ဖြူဥအတိုင်း အပေါ်ခွံချွတ်ပြီး ရေဆေး၍ ၂ ဥ ထည့်လိုက်ပါ
• ဆား စားပွဲဇွန်း ၁ ဇွန်း ထည့်ပြီး ကြက်သားထည့်ပြုတ်ပါ
• အစိမ်း မကျန်ဘဲ ခပ်တင်းတင်းလေး နူးလာလျှင် ဆယ်ယူပြီး အအေးခံ၍ အဖတ် ကြီးကြီးတွေ လွှာထားပါ
• ကြက်ပြုတ်ရည်ထဲ ချင်း၊ ကြက်သွန်ဖြူရည်၊ ဆား၊ အရသာမှုန့်နယ်၍ စေးအောင် ပေါက်ထားသော ငါးဖယ်များကို ခပ်ကြီးကြီး ပြားပြီး ထည့်ပြုတ်ပါ
• အပေါ်ပေါ်လာပါက ခဏထား၍ ဆယ်ထုတ်ပြီး အနေတော်လေးတွေ လှီးထားပါ
• ဆီပူအိုးတည်ပြီး ပူလာလျှင် မုန့်ကြွတ် ကြော်ပြီး ဆယ်ယူ ထားပါ
• အေးလျှင် လေလုံသောဘူး (သို့) အိတ်ထဲထည့်ပြီး လေလုံအောင် သိမ်းပါ
• ကျန်ဆီထဲ ကြက်သွန်ဖြူ ၃ ဥကို မညက်တညက် ထောင်းပြီး ဆီသတ်ပါ
• နနွင်းမှုန့်ထည့်ပါ
• ကြက်သွန်ဖြူရနံ့မွှေးလာလျှင် ငရုတ်သီးအရောင်တင်မှုန့်ထည့်ပြီး လွှာထားသော ကြက်သားများထည့်ပါ။ ဆား စားပွဲဇွန်း ၁ ဇွန်း၊ သကြား ၁ ဇွန်း ထည့်ပါ
• မွှေးလာလျှင် ဆယ်ယူလို့ရ ပါပြီ
• ရေချိန်ကို ကြက်ပြုတ်ရည်အပါ အပေါ်မှာပြထားသည့်အတိုင်း ထည့်ပါ
• ဆူလာလျှင် ဖျော်ထားတဲ့ ပဲစိမ်းမှုန့်ထည့်ပြီး နာနာမွှေ၍ မီးမှန်မှန်နဲ့တည်ပါ
• ပဲစိမ်းက အိုးကပ်ပြီး တူးတတ်ပါတယ်
• ပဲစိမ်းနံ့ပျောက်လျှင် အုန်းနို့ရည် လောင်းပါ
• ကြက်သား၊ ငါးဖယ်၊ ပြုတ်ထားတဲ့ဘဲဥကို ပါးပါးလှီးထည့်ပြီး ကြက်သွန်ဥထည့်ပါ
• အရသာမှုန့်၊ ဆား၊ သကြားထည့်ပြီး အပျစ်အကျဲ မှန်းဆပါ
• အရသာမြည်းပါ
• ပွက်ပွက်ဆူလာလျှင် ရပါပြီ
• ပွဲပြင်ရန်မှာ ခေါက်ဆွဲဖတ် အနေတော် ဖြတ်ထားပါမယ်
• ကြက်သွန်နီဥကြီးကို ပါးပါးရိပ်ရိပ် လှီးပြီး ရေဆေး ထားမယ်
• ရှောက်သီးလှီးထားပြီး ငံပြာရည်၊ ငရုတ်သီးလှော်မှုန့် နှင့် မုန့်ကြွပ်ကြော်ကို လှလှလေးပြင်ထားပါ။
• စားမည်ဆိုမှ ပဲကြော်ထည့်ပါ။

သုံးဆောင်လို့ ရပါပြီနော် 🥰

အရမ်းကြိုက်တဲ့အတွက် မကြာခန ချက်ဖြစ်တဲ့ ပုဇွန်ခြောက် ကြက်ဥနှပ်လေး ချက်ဖြစ်ပါတယ်။ထမင်းစားလို့ မြိန်စေတဲ့ ဟင်းတစ်မယ် ဖြစ်တဲ...
01/10/2024

အရမ်းကြိုက်တဲ့အတွက် မကြာခန ချက်ဖြစ်တဲ့ ပုဇွန်ခြောက် ကြက်ဥနှပ်လေး ချက်ဖြစ်ပါတယ်။

ထမင်းစားလို့ မြိန်စေတဲ့ ဟင်းတစ်မယ် ဖြစ်တဲ့အတွက် ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
၁။ ကြက်ဥ - ခွန်နှစ်လုံး
၂။ ပုဇွန်ခြောက်မှုန့် - ထမင်းစားဇွန်း လေးဇွန်းစာ
၃။ ကြက်သွန်နီ - အလုံးကြီးကြီး နှစ်လုံး
၄။ ချင်း - လက်တစ်ဆစ်သာသာ
၅။ နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
၆။ ငါးငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်းခွဲသာသာ
၇။ ပဲငံပြာရည်အနောက် - ထမင်းစားဇွန်း တစ်ဇွန်း
၈။ အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်
၉။ ဆီ - ထမင်းစားဇွန်း ကိုးဇွန်း
၁၀။ နှမ်းဆီမွှေး - လက်ဖက်ရည်ဇွန်း တစ်ဝက်

{ ဟင်းချက်နည်း }

• ကြက်ဥများကို ကျက်အောင်ပြုပ်ပြီး အခွံခွာထားပါ
• ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါးလေးတွေ လှီးထားပါ
• ချင်းကိုအခွံခွာပြီး ရေဆေးကာ ပါးပါးရှည်ရှည်လေးတွေ လှီးထားပါ
• ဟင်းချက်ရာမှာ ပါဝင်မည့် ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ
• ဒယ်အိုးထဲမှာ ဆီနှင့်နနွင်းမှုန့်ထည့်ပြီး အပူပေးပါ
• ဆီပူလာတာနဲ့ လှီးထားသော ချင်းနှင့် ကြက်သွန်နီကို နွမ်းသွားအောင် ကြော်လိုက်ပါ
• ကြက်သွန်နှင့် ချင်းတို့ နွမ်းတာနဲ့ ကြက်ဥ အချိုမှုန့် ငါးငံပြာရည် နှမ်းဆီနှင့် ပဲငံပြာရည်တို့ကို ထည့်မွှေပေးပါ
• တစ်မိနစ်လောက် မွှေပြီးတာနဲ့ ပုဇွန်ခြောက်မှုန့်ထည့်ပြီး မွှေပေးပါ
• အရသာ သမအောင် မွှေပေးပြီးတာနဲ့ အရသာမြည်းကာ မိမိစိတ်ကြိုက် အရသာ ရလာအောင် ပြင်ပေးပါ
• ပြီးတာနဲ့ ကြက်ဥပုဇွန်ခြောက်နှပ် ချိုချိုမွှေးမွှေးလေးကို စားသုံးရန် ပြင်ဆင်နိူင်ပါပြီ။

ဒီနေ့တော့ ကြက်ဥနဲ့ အသီးအရွက် လေးတွေကို ကြော်စားဖြစ်တဲ့အတွက် ကြော်နည်းလေးကို မျှဝေပေးလိုက်ပါတယ်။{ ပါဝင်ပစ္စည်းများ }၁။ ကြ...
01/10/2024

ဒီနေ့တော့ ကြက်ဥနဲ့ အသီးအရွက် လေးတွေကို ကြော်စားဖြစ်တဲ့အတွက် ကြော်နည်းလေးကို မျှဝေပေးလိုက်ပါတယ်။

{ ပါဝင်ပစ္စည်းများ }
၁။ ကြက်ဥ - နှစ်လုံး
၂။ မုံလာဥနီ - အနေတော် တစ်ဥ
၃။ ဂေါ်ဖီ - အနေတော် တစ်စိတ်
၄။ အကြော်မှုန့် - ထမင်းစားဇွန်း တစ်ဇွန်းမောက်မောက်
၅။ ကြက်သွန်နီ - အနေတော် တစ်လုံး
၆။ ကြက်သွန်မိတ် - သုံးပင်
၇။ ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
၈။ အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
၉။ နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
၁၀။ ဆီ - ထမင်းစားဇွန်း ငါးဇွန်း
၁၁။ မကပ်သောဒယ်အိုး - တစ်အိုး

{ ပြင်ဆင်ပြုလုပ်နည်း }

- ဂေါ်ဖီကို ရေဆေးပြီး ခပ်ပါးပါးလေးတွေ လှီးထားပါ
- ကြက်သွန်မိတ်ကို ရေဆေးပြီး မထူမပါးလေးတွေ လှီးထားပါ
- ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါးလေးတွေ လှီးထားပါ
- မုံလာဥနီကို အခွံခွာပြီး ခြစ်နှင့်ခြစ်ထားပါ
- ဇလုံတစ်လုံးထဲမှာ ကြက်ဥများကို ဖောက်ထည့်ပေးပြီး ပါဝင်ပစ္စည်းများ နှင့်အတူ ဆား အရသာမှုန့်တို့ကိုထည့်ကာ အရသာ သမအောင် ခလောက်ပေးပါ
- အားလုံး အဆင်သင့် ဖြစ်တာနဲ့ ဒယ်အိုးထဲကို ဆီထမင်းစားဇွန်း ငါးဇွန်းထည့်ကာ အပူပေးပါ
- ဆီပူလာတာနဲ့ ကြက်ဥတို့ကို အထက်အောက် သမအောင် မွှေပြီး ဆီအိုးထဲမှာ ဖြန့်ပြီး ထည့်ပေးပါ
- ပြီးတာတဲ့ မီးကိုအနေတော် လျှော့ပေးပြီး အိုးကို အဖုံးအုပ်ပေးပါ
- တစ်မိနစ်ခွဲလောက် ရတာနဲ့ ကြက်ဥကြော်ကို အထက်အောက် အချပ်လိုက်လေး ရလာအောင် လှန်ပေးပါ
- ပြီးတာနဲ့ အိုးအဖုံးကို ပြန်ဖုံးပေးပြီး နောက်ထပ် တစ်မိနစ်ခွဲလောက် ထပ်ကြော်ပေးကာ ဆယ်ပေးပါ

{ ကြော်ပြီးတာနဲ့ စိမ့်စိမ့်လေးနဲ့ အရသာရှိသော ကြက်ဥကြော်ကို စားသုံးရန် ပြင်ပေးနိူင်ပါပြီ }

ဒီနေ့တော့ အိမ်မှာစိုက်ထားတဲ့ ဂျူးမြှစ်လေးတွေ တူးကာ ငါးထမင်းနယ်လေး လုပ်စားပါတယ် စားလို့အရမ်းကောင်းတဲ့အတွက် ငါးထမင်းနယ် ပြ...
30/09/2024

ဒီနေ့တော့ အိမ်မှာစိုက်ထားတဲ့ ဂျူးမြှစ်လေးတွေ တူးကာ ငါးထမင်းနယ်လေး လုပ်စားပါတယ် စားလို့အရမ်းကောင်းတဲ့အတွက် ငါးထမင်းနယ် ပြုလုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

{ပါဝင်ပစ္စည်းများ}

၁။ ရှမ်းဆန် - နှစ်ဗူး (ရှမ်းဆန်မရှိပါက ဆူရှီဆန်ကို သုံးလို့ရပါတယ်)
၂။ ငါးခူ - နှစ်ဆယ့်ငါးကျပ်သား
၃။ ခရမ်းချဉ်သီး - နှစ်ဆယ့်ငါးကျပ်သား
၄။ အာလူး - နှစ်ဆယ်ကျပ်သား
၅။ ရှမ်းပဲပုတ်ပြား - ရှစ်ချပ်
၆။ ဆား - လိုသလောက်
၇။ အရသာမှုန့် - လိုသလောက်
၈။ နနွင်းမှုန့် - အနည်းငယ်

{တွဲဖက်စားရန်}
-နံနံပင် (ရေဆေးထားပါ)
-ငရုတ်သီး အခြောက်တောင့်ကြော်
-မြေပဲကြော်
-ဂျူးမြှစ် (ရေဆေးထားပါ)

{ပြုလုပ်ပုံ}
-ပထမဦးဆုံး ထမင်းကို မပျော့ မမာစေဘဲ အနေတော် ချက်ထားပေးပါ
-ငါးကို မလိုတာတွေ ဖယ်ပေးပြီး ရေစင်အောင်ဆေးကာ နနွင်းမှုန့် ဆားနှင့် အရသာမှုန့်တို့ သင့်သလိုထည့်ကာ အရသာဝင်အောင် နယ်ပေးပါ
-ပြီးတာနဲ့ ရေအနည်းငယ်ထည့်ပြီး ရေခမ်းအောင် ပြုပ်ပေးပါ
-ငါးပြုပ်ကို အအေးခံပြီး အရိုးမပါအောင် နွှင်ထားပါ
-အာလူးကို နူးအောင်ပြုပ် အခွံခွာကာ ပါးပါးလှီးပြီး ညက်နေအောင် ထောင်းထားပေးပါ
-ရမ်းချဉ်သီးကို ‌နနွင်းမှုန့် အနည်းငယ်ထည့်ကာ ရေအနည်းငယ်ဖြင့် ပြုပ်ပေးပြီး အနှစ်ဖြစ်အောင် ဇကာဖြင့် တိုက်ထားပါ
-ရှမ်းပဲပုတ်ပြားကို မီးအေးအေးဖြင့် မီးကင်ပြီး ကြေနေအောင် ထောင်းထားပါ
-အားလုံးပြီးပြီ ဆိုတာနဲ့ ဇလုံတစ်ခုထဲမှာ ပြင်ဆင်ထားတဲ့ ပါဝင်ပစ္စည်တွေကို အကုန်ရောထည့်ကာ ဆားနှင့် အရသာမှုန့်တို့ထည့်ပြီး သမအောင် နယ်ပေးပါ
-အရသာ နယ်ပြီးတာနဲ့ အပေါ့အငန်ကိုတော့ မြည်းပေးကာ မိမိစိတ်ကြိုက် အရသာ ရလာအောင် ပြင်ပေးပါ
-အရသာ ပြင်ပြီးတာနဲ့ အရသာ အရမ်းကောင်းတဲ့ ငါးထမင်းနယ်ကို ရပါပြီ

//ငါးထမင်းနယ်ကို ပန်းကန်ပြားထဲမှာ ထည့်ပေးပြီး မြေပဲကြော် ငရုတ်သီးကြော် နံနံပင်နဲ့ ဂျူးမြှစ်တို့ထည့်ပြီး စားသုံးလို့ ရပါပြီ//

ที่อยู่

Bangkok

เบอร์โทรศัพท์

+919733062847

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Recipe Diaryผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง Recipe Diary:

แชร์