
13/05/2024
တော်လှန်ရေး (၃)နှစ်အတွင်း CDF - ကန်ပက်လက်မှ ရဲဘော် ၂၈ဦးကျဆုံးခဲ့ရ
ရန်ကုန် ၊ မေ ၁၃
ချင်းဒေသကာကွယ်ရေးတပ်(CDF)-ကန် ပက်လက် ၏ တော်လှန်ရေး (၃)နှစ်အတွင်း စစ်သည်တော် ၂၈ဦး ကျဆုံးခဲ့ကြောင်း CDF-ကန်ပက်လက်က ယနေ့ ထုတ်ပြန်သည်။
မေလ ၁၃ရက်တွင် ကျရောက်သည့် CDF - ကန် ပက်လက် တော်လှန်ရေး (၃)နှစ်ပြည့် အထိမ်းအမှတ် ကြေညာချက်၌ ယခုကဲ့သို့ အသိပေးခဲ့ခြင်းဖြစ်သည်။
CDF-ကန်ပက်လက်ကို ဧပြီ ၅ရက်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ကန်ပက်လက်မြို့တွင်းရှိ စစ်ကောင်စီတပ်များကို စတင်တိုက်ခိုက်ခဲ့သည့် မေလ ၁၃ရက်ကို တော်လှန်ရေးနေ့အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။
သုံးနှစ်တာအတွင်း စစ်ကောင်စီကို ခုခံတိုက်ခိုက် မှုများစွာ ပြုလုပ်ခဲ့ရာ စစ်ကောင်စီနှင့် တိုက်ပွဲ ၂၀၀ ကျော်ဖြစ်ခဲ့ပြီးတိုက်ပွဲများအတွင်း ရဲဘော် ၂၈ဦး မြင့်မြတ်စွာ အသက်ပေးခဲ့ဟု ထုတ်ပြန်သည်။
တိုက်ပွဲများတွင် အသက်နှင့် ကိုယ်လက်အင်္ဂါ ပေးဆပ်သွားကြသည့် စစ်သည်တော်များ၏ စွန့်လွှတ် အနစ်နာခံမှုများကို လေးနက်စွာ အသိအမှတ်ပြုကြောင်း အသိပေးသည်။
CDF ကန်ပက်လက်အနေဖြင့် ချင်းညီနောင် မဟာမိတ်များနှင့် ပူးပေါင်း၍ စစ်ကောင်စီတပ်စခန်းတစ်ခုကို သိမ်းပိုက်နိုင်ခဲ့ကြောင်း ဖော်ပြထားသည်။ CDF ကန်ပက်လက်သည် ကန်ပက်လက်မြို့နယ် ကျင်ဒွေးမြို့သိမ်းတိုက်ပွဲတွင် ၎င်း၏ မဟာမိတ် CDF၊ PDF ၊AA တို့နှင့်အတူ ပူးပေါင်း တိုက်ပွဲဝင်ခဲ့ခြင်းဖြစ်ကြောင်း အသိပေးထားသည်။
ထို့ပြင် ချင်းညီနောင်နှင့်တကွ နိုင်ငံရေးရည်မှန်းချက်တူညီသည့် အဖွဲ့များနှင့် တော်လှန်ရေး အောင်ပွဲရသည်အထိ ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်းလည်း CDF ကန်ပက်လက်က ထုတ်ပြန်သည်။
တော်လှန်ရေးသုံးနှစ်အတွင်း တစိုက်မတ်မတ် ထောက်ပို့ပေးကြသည့် ပြည်တွင်း ပြည်ပရှိ ထောက်ပို့အလှူရှင်ပြည်သူများကို အထူးကျေးဇူးတင်ကြောင်းလည်း ဖော်ပြထားသည်။