30/05/2026
ထိုက်တန်တဲ့ ၂ထပ်ကွမ်းချန်ပီယံ
ပီအက်စ်ဂျီကတော့ ချန်ပီယံလိဂ်ဖလား မရခင်ကလည်း မရလို့၊ ရတော့လည်း ၂နှစ်ဆက် ၂ထပ်ကွမ်းပါပဲ။ ပြီးခဲ့တဲ့ရာသီမှာရော ဒီရာသီမှာပါ သူတို့ဟာ ဥရောပရဲ့အကောင်းဆုံး အသင်း ဖြစ်ခဲ့တယ်ဆိုတာ သံသယ၀င်စရာမရှိခဲ့ဘူး။
ပွဲအစ၆မိနစ်မှာတင် ကိုင်ဟားဗက်ဇ်ရဲ့ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပြီးနောက် အာဆင်နယ်ဟာ သူတို့ရဲ့အဓိကအားသာချက်ဖြစ်တဲ့ ခံ စ စ် ပိတ်ဆော့ခြင်း အနုပညာကို အကောင်းဆုံးပြသနေခဲ့တယ်။ ပထမပိုင်းမှာ ပဲရစ်သားတွေဟာ ဘောလုံးပိုင်ဆိုင်မှု ၈၀ရာခိုင်နှုန်းလောက် ပိုင်ဆိုင်ထားပေမယ့် ဂိုးပေါက်တည့်မတ်မှု ၁ကြိမ်သာ ရှိခဲ့တယ်။
ကိုင်ဟားဗက်ဇ်ရဲ့ဂိုးက အတော်လေးလှပါတယ်။ ဂိုးဧရိယာထဲက ဆာကာကို ပြန်ချပေးလို့ ထင်ခဲ့ပေမယ့် ထောင့်ကျဉ်းအနေအထားမှာ အားပါတဲ့ အမြင့်ကန်ချက်နဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲရဲ့အဖွင့်ဂိုးကို သွင်းယူပေးခဲ့တယ်။
စောစောစီးစီး အာဆင်နယ်ဂိုးရသွားတဲ့နောက် ပီအက်စ်ဂျီအတွက် အတော်လေးကစားရခက်သွားတယ်။ လက်ရှိဥရောပရဲ့ ခံ စ စ် အကောင်းဆုံးအသင်းဆိုတဲ့ ဂုဏ်ပုဒ်ကို ပထမပိုင်းမှာ အာဆင်နယ်ဟာ အကောင်းဆုံး ပြသထားပါတယ်။ ဒါပေမယ့်...
ပွဲအဖြေကို ပြောင်းလဲပေးမယ့် တို က် စ စ် ကစားသမားတွေရှိနေတဲ့ အားသာချက်ကို ပီအက်စ်ဂျီဘက်က ပိုင်ဆိုင်ထားတာပါ။ ဒုတိယပိုင်းမှာ ခါဗရာခေးလီယာကို မော့စ်ကွဲယားတားဆီးရင်း ပင်နယ်တီပေးခဲ့ရတဲ့နောက် အာဆင်နယ်ဂိုးသမား ဒေးဗစ်ရာယာဟာ ဒမ်ဘီလီရဲ့ကန်သွင်းမှုကို မတားဆီးနိုင်ခဲ့ဘူး။
ဒီလိုနဲ့ ပွဲရလဒ် 1/1 ဖြစ်ခဲ့တဲ့နောက်ပိုင်း ပီအက်စ်ဂျီက သိသိသာသာ ပိုကောင်းတဲ့အသင်းဖြစ်ခဲ့ပြီး အာဆင်နယ်ကတော့ နောက်တန်းမှာ အကောင်းဆုံးကစားနိုင်ပေမယ့် ဂိုးသွင်းဖို့အတွက် လုံလောက်တဲ့ စွမ်းဆောင်ရည်နဲ့ အားထုတ်မှုကို မပြသနိုင်ခဲ့ဘူး။ တစ်ဖက်မှာ ပီအက်စ်ဂျီဟာလည်း အာဆင်နယ်ရဲ့ Set Piece တွေကို အကောင်းဆုံး တားဆီးပြခဲ့တယ်။
အချိန်ပိုမိနစ်၃၀မှာ နျူနိုမန်ဒက်စ်ဟာ မာဒူအက်ကေကို လွဲခဲ့ပေမယ့် ပင်နယ်တီအဖြစ် ခွင့်ပြုသင့်မပြုသင့်ဆိုတာ VAR ပြန်မကြည့်ခဲ့တာကတော့ မေးခွန်းထုတ်စရာ ဖြစ်ခဲ့တယ်။ ဒါပေမယ့် ပထမပိုင်းမှာလည်း ဆာကာရဲ့လက်ထိဘောကို ပင်နယ်တီမပေးခဲ့တဲ့ အငြင်းပွားစရာ ဖြစ်ရပ်လည်းရှိခဲ့ပါတယ်။
သာမန်ပွဲကစားချိန် မိနစ်၉၀အတွင်း သရေကျခဲ့တာကြောင့် အချိန်ပိုမိနစ်၃၀ ဆက်ကစားခဲ့ရာမှာလည်း အနိုင်အရှူံးမပေါ်ခဲ့တဲ့နောက် ပင်နယ်တီ အဆုံးအဖြတ်တွေထိ ရောက်ခဲ့တဲ့ ချန်ပီယံလိဂ်ဖိုင်နယ်မှာ ပီအက်စ်ဂျီဟာ အာဆင်နယ်ကို ၄ဂိုး၃ဂိုးဆိုတဲ့ရလဒ် နဲ့ အနိုင်ယူဗိုလ်စွဲခဲ့ပါပြီ။
ပီအက်စ်ဂျီဘက်က ပင်နယ်တီကန်သွင်းမှုတွေမှာ နျူနိုမန်ဒက်စ်ရဲ့ကန်ချက်ကို ရာယာကာကွယ်နိုင်ခဲ့ပေမယါ့ အာဆင်နယ်ဘက်မှာ အက်ဇေး၊ ဂါဘရီယယ်တို့ရဲ့ကန်ချက်တွေ လွဲချော်ခဲ့ပါတယ်။ ပီအက်စ်ဂျီကစားသမားတွေရဲ့ ကန်ချက်တွေက အတော်ကောင်းခဲ့ပြီး ရာယာ ကောင်းလွန်းလို့ ၁ကြိမ်ကာကွယ်နိုင်ခဲ့တာပါ။
တစ်ဖက်မှာတော့ အက်ဇေး၊ ဂါဘရီယယ်တို့ဟာ အရမ်းစိတ်လှုပ်ရှားနေတာကြောင့် ဂိုးပေါက်တည့်အောင် ကန်နိုင်ခြင်း မရှိခဲ့ဘူး။ ဒါ့ကြောင့် နောက်ဆုံးမှာတော့ ပီအက်စ်ဂျီဟာ ရီးရဲလ်မက်ဒရစ်ပြီးရင် ဥရောပဘုရင်ဘွဲ့ကို ကာကွယ်နိုင်တဲ့ ပထမဆုံးကလပ်ဖြစ်လာပြီး အာဆင်နယ်ကတော့ အသင်းရဲ့သမိုင်းမှာ ချန်ပီယံလိဂ်ဖိုင်နယ် ၂ကြိမ်ကစားကာ ၂ကြိမ်လုံး ရှူံးနိမ့်ခဲ့ပါပြီ။